News @ M-Media

Tag: featured

  • စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်းလိုက်သော သံတစ်ချောင်း

    စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်းလိုက်သော သံတစ်ချောင်း

    မေ- ၂-၂၀၁၃
    ရေးသူ- အောင်တင်

    စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း (သို့မဟုတ်) ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ

    ဘင်္ဂါလီလူမျိုးများမှာ ရခိုင်လူမျိုးများထံတွင် အစေခံ၊ အလုပ်သမား၊ အခစားသမားအဖြစ်သာ နေခဲ့ကြရသည်မှာ အစဉ်အလာတစ်ရပ်ကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ထိုအချိန်အထိ လူမျိုးစုအလိုက် ကြီးမားသော မည်သည့်ပဋိပက္ခမှ ဖြစ်ပွါးခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ (၂.၃)

    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ စာမျက်နှာ(၇)မှာရှိတဲ့ အထက်ပါစာကြောင်းကို ဖတ်မိလိုက်တာနဲ့ မျက်လုံးက ရှေ့ဆက်ဖတ်ဖို့ မရွေ့တော့ဘူးဖြစ်သွားတယ်။ ရင်ထဲမှာ နာကြင်မှုတစ်ရပ်ကိုလည်း စူးစူးနစ်နစ် ခံစားမိတယ်။ သြော် ဘယ်လို အသဲနှလုံးမျိုး၊

    ဘယ်လိုပညာတတ် ဆင်ခြင်တုန်တရားနဲ့ အခုလို ရေးရက်လိုက်သလဲ။ မကြောက်တတ်ပါဘူး ဆိုရင်တောင် မရှက်တတ်ကြဘူးလားဗျာ။

    အာဖရိကလူမဲတွေက ဥရောပတိုက်သား လူဖြူတွေကို အလုပ်အကျွေးပြုဖို့ ကျေးကျွန်အဖြစ် ဘုရားသခင် ဖန်ဆင်းထားတဲ့အတွက် ဒါဟာ လူသားတိုင်းလိုက်နာရမဲ့ လောကပါလ တရားဖြစ်တယ်လို့  ဘိုင်ဘယ်ကျမ်းကို ကိုးကားပြီး လူလူချင်း ကျွန်လုပ်နေခဲ့တာကို သတိရမိတယ်။

    ဘုရားသခင်က ချမှတ်ထားတဲ့ ဒီသဘာဝတရားကြီးဟာ ကျေးကျွန်တွေရဲ့ အကျိုးစီးပွါးအတွက်လည်းဖြစ်တာမို့ ဆန့်ကျင်ရင် သဘာဝလောကကြီး ဖေါက်လွှဲဖေါက်ပြန်ဖြစ်ပြီး ကပ်ဆိုးတွေ ကျနိုင်တယ်လို့လည်း ဆိုခဲ့ကြတယ်။ ဟိန္ဒူတွေရဲ့ လူတွေကို အမျိုးအနွယ် ဇာတ်အရ အလုပ်အကိုင်၊ နေရာထိုင်ခင်း၊ အဆင့်အတန်း ခွဲခြားထားခြင်းစနစ်နဲ့လည်း ထပ်တူဖြစ်ပါတယ်။

    “Slaves, obey your earthly masters with fear and trembling” (Ephesians 6:5). “Tell slaves to be submissive to their masters and to give satisfaction in every respect” (Titus 2:9).

    According to Robert Dabney (1820-1898), it was part of God’s natural order in a fallen world that ‘superior’ races should enslave ‘inferior’ races for their own spiritual, moral and material good, and for the social stability of everybody else.

    ကျွန်ဟာ ကျွန်နေရာမှာနေရင် လောကကြီးက တည်ငြိမ်မယ်။ ပဋိပက္ခတွေကို ရှောင်ကြဉ်နိုင်မယ်ဆိုတာကို တိုက်ရိုက်ဘဲဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ဘဲဖြစ်ဖြစ် ယနေ့ ကမ္ဘာပေါ်မှာ ယဉ်ကျေးတဲ့ မည်သည့်လူသားကမှ မပြောကြတော့ပါဘူး။ သို့သော် ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က ရိုဟင်ဂျာတွေက ကိုယ့်နေရာမှန် အခစား၊ အစေခံ၊ ကျွန်က ကျွန်နေရာမှာ မနေလို့ အခုလို သတ်ပွဲ၊ သေပွဲတွေဖြစ်ရတယ်လို့ အဓိပ္ပါယ်ကောက်ယူရင် ကောက်ယူလို့ရနိုင်တဲ့ စကားမျိုးကို ဘာဖြစ်လို့ ရေးသားလိုက်ရသလဲဆိုတာကို ကော်မရှင်အဖွဲ့ဝင်များ အဖြေပေးဖို့လိုပါမယ်။ ဒီအချက်ကို ဘာရည်ရွယ်ချက်နဲ့ ထည့်သွင်းရေးသားခဲ့ရတာလဲ။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာရဲ့ ဘယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ထင်လို့ ဒီအချက်ကို ဖေါ်ပြခဲ့ရတာလဲ။ ဒီလိုရေးသားမှုမျိုးဟာ ပဋိပက္ခတွေဖြစ်နေတဲ့ လူမျိုးနွယ်နှစ်စု ပြန်လည်သဟဇာတဖြစ်ရေးကို ဘယ်လိုအထောက်အကူပြုနိုင်တယ်လို့ မဟာညာဏ်ကြီးရှင် ကော်မရှင်အဖွဲ့ဝင်လူကြီးများက ယုံကြည်ပြီး ထည့်သွင်းခဲ့ရတာလဲ။

    ဒေါက်တာမျိုးမြင့်၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးကိုကိုကြီးအပါအဝင် ကော်မရှင်လူကြီးမင်းများကို “လူကို လူအဖြစ် မမြင်နိုင်ဘူးဆိုရင် လူအဖြစ်ကို တစ်ကယ် ဆုံးရှုံးသွားတာက ဘယ်သူလဲ”လို့ မေးမြန်းချင်လှပါတယ်။ ကိုယ်ဖေါ်တဲ့ဆေး၊ ကိုယ်မစားရဲဘူးဆိုရင် သမိုင်းဆိုတဲ့ တရားသူကြီးက ဘက်မလိုက်ဘူး၊ လာဘ်ထိုး လို့ မရဘူး၊ မညှာတတ်ဘူး ဆိုတာကိုတော့ သတိပေးလိုက်ချင်ပါတယ်။

    စစ်အစိုးရအဆက်ဆက်တွေက ရိုဟင်ဂျာတွေကို အဖိုးအဖွား၊ အဖေအမေနဲ့ သားသမီး၊ မြေးမြစ်တိုင်အေင် အိမ်ထောင်စုစာရင်း တမင်ခွဲမပေးဘဲ တစ်ခုတည်းထားပြီး လူဦးရေပေါက်ဖွားနှုံးများတယ်လို့ လည်ဆယ် စွပ်စွဲခဲ့ကြတယ်။ မြန်မာပြည်မှာ ကြိုက်တဲ့လူမျိုးကို အခုရိုဟင်ဂျာတွေလို မိသားစုလေးဆက်လောက် အိမ်ထောင်စုစာရင်း တစ်ခုတည်းထားပေးရင် ဒီလိုဖြစ်နေမှာဘဲဆိုတာကို စာနာတရားထားပြီး စဉ်းစားနိုင်တဲ့ စွမ်းရည်လည်း ကော်မရှင်မှာ ရှိဟန်မတူဘူး။ ဒါကြောင့်လည်း ပညာတတ်တွေရဲ့ ရခိုင်ကော်မရှင်က အစီရင်ခံစာထဲမှာ မြေနိမ့်ရာ လှံစိုက်ပြီး ရိုဟင်ဂျာတွေဟာ လူဦးရေပေါက်ဖွားနှုံးများလွန်းတယ်လို့ စစ်အစိုးရလေအတိုင်း သံယောင်လိုက် အပြစ်တင်စွပ်စွဲလိုက်ခြင်း ဖြစ်ဟန်တူပါတယ်။ မိသားစု စီမံကိန်း သဘောမျိုးနဲ့ ပညာပေးတာမျိုးကို ကျနော်တို့ လက်ခံပါတယ်။ သို့သော် လူကို လူအဖြစ်မြင်ဖို့လိုပါတယ်။

    နှိမ့်ချအထင်သေးတဲ့အမြင်(Stereotype)နဲ့ မချဉ်းကပ်သင့်ဘူး။ ရိုဟင်ဂျာတွေကို လူ့မျိုးဆက်တစ်ဆက် (One Generation)ကျော် အသက်၁၈နှစ်ပြည့် တာတောင် လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် မရှိ။ လက်ထပ်လိုရင် လျှောက်လွှာတင်ရတာ၊ လာဘ်ထိုးရတာ၊ လက်ထပ်ခွင့် မရှိဘဲ လက်ထပ်သူတွေကို ထောင်ချပစ်တာ၊ မိသားစုတစ်ခုကို ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတာတွေနဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြားက ရိုဟင်ဂျာတွေဟာ လူဦးရေပေါက်ဖွားနှုန်း များတယ်လို့ ပြောချင်သေးရင် မူလက လူဦးရေ ဘယ်လောက်ရှိခဲ့တယ်။ အခု ဘယ်လောက်ရှိပြီမို့ လူဦးရေ တိုးပွါးနှုန်း ဘယ်လောက်ဖြစ်နေတယ် ဆိုတာကို ကိန်းဂဏန်းတွေနှင့် ဖေါ်ပြဖို့ လိုအပ်တယ်ဆိုတာလောက်တောင် မသိဆိုးရွားနိုင်လှတဲ့ သနားစရာ အသုံးချခံ ခပ်ချာချာ ပညာတတ် ရခိုင်ကော်မရှင်ဟာ အရပ်ထဲ ရွာရိုးလျှောက် ထင်ရာမြင်ရာ အတင်းလိုက်တုတ်တဲ့ အမယ်အိုကြီးအဆင့်ဘဲရှိနေတာကို မြင်ရတာ စိတ်မကောင်းစရာပါ။

    လူရာချီ အသတ်ခံရ၊ သိန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ရိုဟင်ဂျာတွေကို မျိုးရိုးနဲ့ချီ၊ သမိုင်းနဲ့ချီပြီး ခိုးဝင်လာသူတွေ၊ အောက်တန်းစားတွေ၊ အကြမ်းဖက်လို သူတွေ၊ ကော်မရှင်ကို လိမ်သူတွေအဖြစ် အခွင့်ရတိုင်း မညှာမတာ အတုံးလိုက် အတစ်လိုက် ထိုးနှက်ထားတာက အစီရင်ခံစာတစ်ခုလုံးမှာ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ဗလပွ ပွစာကြဲနေပါတယ်။ ရခိုင်တွေဘက်ကျတော့ အစွန်းရောက်အုပ်စု ကွက်ကွက်ကလေးကိုတောင် ယောက္ခမနို့ သမက် မစို့ဝန့်သလို ရွှေဖေါ့ရိုးနဲ့ မဝံ့မရဲ ရွယ်ထားတာလောက်ကိုပင် သန်းရှာသလို အတော်လေး ဖြဲရဲရှာယူရတယ်။ ဒါတောင် ကော်မရှင်က မျှမျှတတဝေ ဖန်ထားပါတယ်ဆိုတာကို သက်သေပြနိုင်အောင် မကောင်းတတ်လွန်းလို့ ဘုရားစူးလွတ်၊ မိုးကြိုးပစ်လွတ် ထည့်ပေးလိုက်ရဟန်တူပါတယ်။

    ဦးကိုကိုကြီးက ကျနော်တို့ မျှမျှတတ ဘက်ပေါင်းစုံက ထည့်သွင်းထားပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ၁၈၆၁မှာ ဖြစ်ခဲ့တဲ့ ကျွန်တွေ လွတ်မြောက်ရေး အမေရိကန်ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Abraham Lincoln က My concern is not whether God is on our side. My greatest concern is to be on God’s side. ပြောခဲ့တယ်။ ဦးကိုကိုကြီးတို့ ကော်မရှင်အဖွဲ့ဝင် လူကြီးမင်းများအနေနှင့် အမေရိကန်သမ္မတကြီး အဗရာဟင်လင်ကွန်းနဲ့ ပြောင်းပြန်ဖြစ်တဲ့ မှန်တဲ့ဘက်မှာ မှန်တဲ့အတိုင်း ရပ်တည်ရဲဖို့ထက် ကိုယ်လုပ်ခဲ့တာကို မှန်ကြောင်းသက်သေပြဖို့ ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်း ကြိုးစားနေတာကို တွေ့နေရတဲ့အတွက် သနားစရာတောင် ကောင်းနေပြန်ပါတယ်။ ဘယ်သူမပြု မိမိမှုပါ ဦးကိုကိုကြီး။ ကိုယ်စိုက်တဲ့အပင်ပဲ ကိုယ်ရိပ်ရမှာပါ။ လူတိုင်းဟာ ကိုယ့်သမိုင်း ကိုယ်ရေးရပါတယ်။

    အတ္တာဟိ အတ္တနော နာထော။

    မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ခလေးငယ်တွေအပါအဝင်၊ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုတွေမှာ အစိုးရ အုပ်ချုပ်ရေးအဆင့်ဆင့်တွေ၊ နစက၊ လုံထိန်းတွေရဲ့ ပါဝင် ကျူးလွန်မှုတွေကို ဗီဒီယိုကင်မရာ အထောက်အထားတွေ အရကော၊ မျက်မြင်သက်သေများအရပါ အထင်အရှားရှိနေခဲ့တာကို ကော်မရှင်က စုံစမ်းဖေါ်ထုတ်ခဲ့ပါသလား။ အထိကရုန်းဖြစ်စဉ်မှာ တာဝန်ရှိတဲ့ စစ်ဖက်၊ နယ်ဖက်အရာရှိတွေကို စုံစမ်းရေးကော်မရှင်က မစစ်ဆေးနိုင်အောင် ဦးသိန်းစိန်အစိုးရက နယ်ပြောင်းပစ်တာကိုကော ကန့်ကွက်ဘူးပါသလား။ RNDP အပါအဝင် ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက လူမျိုးရေး မုန်းတီးမှုတွေ ပြန့်ပွါးအောင် လူသိရှင်ကြား မိန့်ခွန်းတွေပြော၊ စာရွက်စာတန်းတွေထုတ် လှုံ့ဆော်ခဲ့ကြတာကိုကော  ထိထိရောက်ရောက် အရေးယူပေးဖို့လိုအပ်တယ်လို့ အစိုးရကို ထောက်ခံတင်ပြခဲ့ပါသလား။ နိုင်ငံတကာ သတင်းထောက်တွေက အထောက်အထားနဲ့ ထောက်ပြထားတဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ပြီး မြှုပ်နှံထားတဲ့ကျင်းတွေကို ပြန်လည်တူးဖေါ်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ဘူးပါသလား။   ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အုပ်ချုပ်ရေးစတဲ့ မြန်မာ့လူ့အဖွဲ့အစည်းက ရှိရှိသမျှ ကဏ္ဍအသီးသီးမှာ ရာစုနှစ်တစ်ဝက်ကျော်လောက် ရက်ရက်စက်စက် အချိုးနှိမ်၊ အပစ်ပယ်ခံထားရလို့ အဖက်ဖက်က အောက်ကျနောက်ကျဖြစ်နေရတဲ့  လူ့မျက်နှာမွဲ ရိုဟင်ဂျာတွေကို လူလိမ်၊ လူညစ်၊ အကြမ်းဖက်သမား၊ လူရိုင်းတွေအဖြစ် မညှာမတာ ရက်ရက်ရောရော ပုံဖေါ်နေခဲ့တဲ့ ခြင်္သေ့အတုကော်မရှင်က ခြင်္သေ့ အစစ်နဲ့တွေ့တဲ့အခါ ယုန်ကလေးဖြစ်သွားပြီး နှာစေး သွားဟန်တူပါတယ်။ စုံစမ်းရေးကော်မရှင် တစ်ရပ်ရဲ့ အင်္ဂါရပ်နှင့် ညီညွတ်အောင် မလုပ်ဆောင်နိုင်ဘဲ ငြိမ်းချမ်းရေးစင်တာမှာ ခပ်တည်တည် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဝင် လူကြီးတွေဟာ ပြည်တွင်းမှာ အစိုးရအားကိုးနဲ့ အိမ်ကျယ်လုပ်နိုင်ပေမဲ့ နိုင်ငံတကာ မျက်နှာစာမှာ နတ်ဝတ်ပုဆိုး တိမ်မီးခိုး ဆင်မြန်းထားတဲ့ ပြည့်ရှင်မင်းလို လဇင်းကျွတ်ကြီး ငေါင်းတောင်းတောင်း ဖြစ်နေတာကိုလည်း သတိထားမိကြဟန် မတူဘူး။

    မည်သို့ပင်ဖြစ်စေကာမူ စစ်အစိုးရအဆက်ဆက်ဟာ သူတို့ကို အလုပ်အကျွေးပြုမဲ့ ပညာတတ်အုပ်စုဆိုတာကို အရင်ကလည်း အမြဲတမ်း လွယ်လွယ်ကူကူ ရှာဖွေ အသုံးချနိုင်ခဲ့သလို အခုလည်း အရင်အတိုင်း အလျှံပယ်ရနေတာပါဘဲဆိုတာကို ရခိုင်ကော်မရှင်က သက်သေပြလိုက်တာပါဘဲ။

    ကော်မရှင်ရဲ့ ယေဘုယျ တင်ပြချက်တွေ၊ အကြံပြုချက်တွေမှာ ကောင်းမွန်တာတွေရှိပေမဲ့ အစီရင်ခံစာတစ်ခုလုံးက (၁) ဦးသိန်းစိန်အစိုးရကို အကာအကွယ်ပေးရန်
    (၂) ရခိုင်အစွန်းရောက်အုပ်စုကို မထိခိုက်စေရန်
    (၃) ရိုဟင်ဂျာများကို နိုင်ငံမဲ့ ခိုးဝင်သူ လူဆိုးများအဖြစ် ပုံဖေါ်ရန် ဆိုတဲ့

    ဒို့တာဝန်အရေးသုံးပါးကိုတော့ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့တာကို အထင်အရှား တွေ့ရတယ်။

    တစ်ကယ်တော့ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဦးသိန်းစိန်ဖွဲ့ခဲ့တဲ့ ကော်မရှင်တွေအားလုံးအတွက် မသာခေါင်းကို နောက်ဆုံးရိုက်သွင်းလိုက်တဲ့ သံတစ်ချောင်းနဲ့လည်း အလားသဏ္ဍန်တူပါတယ်။ ဒီလိုပုံမျိုးနဲ့ဆို ဦးသိန်းစိန်အစိုးရက နောင်အနာဂတ်မှာ ကော်မရှင်ဆိုတာများဖွဲ့ရင် မျက်နှာပြောင်တိုက် ပါဝင်ရဲသူများဟာ အာဂယောင်္ကျားများသာ ဖြစ်ပေလိမ့်မယ်။

    သို့သော် ဒို့နိုင်ငံမှာက အာဂယောင်္ကျားတွေ ရိုက်သတ်လို့ မကုန်အောင် ပေါများလှတာမို့ – ကိုလွှမ်းမိုးရေ – ကျနော်တို့တွေ အမျိုးအတွက် ငိုနေရတာတွေက တာရှည်အုံးမှာပါဗျာ။

    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • ရာဇ၀တ် ကျူးလွန်သူတွေ သေမှာကို ထောက်ထား စရာ မလိုဘူး၊ (ရှေ့နေဦးကိုနီ)

    ရာဇ၀တ် ကျူးလွန်သူတွေ သေမှာကို ထောက်ထား စရာ မလိုဘူး၊ (ရှေ့နေဦးကိုနီ)

    ဧပြီလ ၃၀၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး တရားဥပေဒ ရှုထောင့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ် ဆောင်ရွက်နေမှုများအား ဥပေဒေပညာရှင် တဦးဖြစ်တဲ့ ဦးကိုနီနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    “ ဒီလို အကြမ်းဖက်မူတွေ၊ ဆူပူသောင်းကျန်းမူတွေ ဖြစ်တာ အဓိက ကတော့ တရားဥပဒေ စိုးမိုးမူ မရှိလို့ တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ဘက်က အားနည်းလို့ ချို့ယွင်းမူတွေ၊ ပျက်ကွက်မူတွေ ရှိလို့ ဒီအကြောင်းတွေကြောင့် အခုလို ဆူပူမူတွေ သောင်းကျန်းမူတွေ ဖြစ်တယ်လို့ ကျွန်တော် ကတော့ သုံးသပ်တယ်။ အခြား အကြောင်းတွေ အမျိုးမျိုး ရှိပါလိမ့်မယ်။ တချို့ကပြောမယ် လှုံဆော်လို့ တစ်ဖက်ကလည်း ပြောမယ် သွေးထိုးလို့ မဟုတ်ရင်လည်း နောက်တစ်မျိုးပြောမယ် တစ်ဖက်နဲ့ တစ်ဖက် အထင်လွဲအောင် လုပ်လို့ ပြောကြ ဆိုကြလို့ ဒီလို အကြောင်းတွေကြောင့် ဆိုပြီးတော့ အမျိုးမျိုး ပြောနိုင်ပါတယ်။ သွေးထိုးလို့ ပြောတာပဲ ဖြစ်ဖြစ်၊ မမှန်မကန် လုပ်ဆောင်မူတွေ ကောလဟာလတွေကို အကြောင်းခံလို့ ဖြစ်တယ်ပဲဆိုဆို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ပြဿနာ တစ်ခု ဖြစ်တယ် ပေါ်ပေါက်တယ်ဆိုရင် ဒီပြဿနာ မပေါ်ပေါက်အောင် တာဆီး ကာကွယ်ဖို့ တာဝန်က နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေမှာ အဓိက တာဝန်ရှိပါတယ်။

    နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အပိုင်းက နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့ တာဝန်ရှိတယ်ဆိုတော့ ဒီတာဝန်ကို မိမိရရ ဆောင်ရွက်နိုင်ရင် အခုလို မလိုလား အပ်တဲ့ ဆူပူသောင်းကျန်းမူတွေကြောင့် အသက်ဆုံးရူံးရတာတွေ၊ နေအိမ် အဆောက်အအုံတွေ ပျက်ဆီးကြတာတွေ၊ အထူးသဖြင့် ဘာသာရေးနှင့် ပတ်သပ်တဲ့ ၀တ်ပြုကိုးကွယ်ရာ ဘုရား၊ ကျောင်းကန်၊ ဗလီ အစရှိသည့် ပျက်ဆီးရတာတွေ ဒါတွေဖြစ်လာဖို့ အကြောင်း မရှိဘူး။အခုလို တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်ရင် ဆူပူသောင်းကျန်းမူတွေ ဖြစ်ရင် တိုင်းပြည်ရဲ့ ပုံရိပ်က မကောင်းဘူး။ မြန်မာနိုင်ငံသားတွေဟာ အရိုင်းအစိုင်းတွေ လို့ပြောကုန်ပြီ။  မြန်မာနိုင်ငံသားတွေ ဗမာလူမျိုးတွေဟာ အင်မတန်မှ ဖော်ရွေတဲ့ သဘောကောင်းတဲ့ သူတွေလို့ နိုင်ငံတကာက အသိအမှတ် ပြုထားတာပါ။ အခုတော့ ပြီးခဲ့တဲ့ ပွဲတွေမှာ သံသယ ဖြစ်စရာ အများကြီး ဖြစ်လာတယ်၊ ဒါတွေ ဟုတ်မှ ဟုတ်ပါ့မလား၊ တကယ်ပဲ သဘောကောင်းတယ် ဆိုတာ ဟုတ်ရဲ့လား ဆိုပြီးတော့ ဆူပူသောင်းကျန်းလိုသူတစ်စု တကယ့်ကို လူနည်းစုလေးပါ၊ ဒီအကြမ်းဖက်သမား တစ်စုကြောင့် တကယ့် တစ်နိုင်ငံလုံးရဲ့ ပုံရိပ်က တော်တော်လေးကို ထိခိုက်ပျက်ဆီးသွားတယ်။ နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် သိပ်အောက်ကျသွားတယ်၊ အရိုင်းအစိုင်းတွေလို့ သတ်မှတ်လိုက်တယ် ဆိုကတည်းက ဒီထက် နာတာ ဘာမှမရှိတော့ဘူး။ ဒီထက် ဆိုးတာ ဘာမှ မရှိတော့ဘူး၊ အခြား လူမူရေး၊ စီးပွားရေးတောင် ပြောစရာ မလိုတော့ပါဘူး၊ အခုလို သူများ အကျိုး ဖျက်ဆီးတယ်၊ သောင်းကျန်းတယ်ဆိုရင် နိုင်ငံခြားက လာပြီး ရင်းနှီးမြှပ်နှံမယ့် သူတွေလည်း လက်တွန့်သွားမှာပေါ့၊ အများကြီး စဉ်းစား ကုန်မှာပေါ့။ ဒါကတော့ စီးပွားရေး အရ ဆုံးရူံးတာ။ ကျွန်တော်အနေနဲ့ စီးပွားရေးနှင့် ပတ်သက်ပြီးတော့ သိပ်မပြောချင်ပါဘူး။ နိုင်ငံရဲ့ ပုံရိပ်ကျ သွားတာကိုပဲ ကျွန်တော် တော်တော်လေး စိတ်မကောင်းတာပါ။

    အဲဒီတော့ စစခြင်း ခုနက  မေးတဲ့ မေးခွန်းပေါ့ ဘယ်လိုလုပ်မှာလဲ ဒါတွေကို တရားဥပဒေ စိုးမိုးမူ ရှိအောင် တနည်းအားဖြင့် ဒီလိုမျိုး မငြိမ်မသက်မူတွေ၊ ဆူပူ သောင်းကျန်းမူတွေ အများပြည်သူ အကျိုး ပျက်ဆီးစေတဲ့ ပြုလုပ်မူတွေ နောက်နောင် မဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းက အခုချိန်မှာတော့ ဒါက ပိုအရေးကြီးသွားပြီ၊ အဲဒီတော့ မဖြစ်ခင်မှာတော့ မဖြစ်အောင် ကာကွယ်ဖို့ ဒါပထမပေါ့။ ဖြစ်ပြီး သွားပြီ ဆိုရင်တော့ နောင်မဖြစ်အောင် ဘယ်လို ဆက်ပြီးတော့ ဆောင်ရွက်ရမလဲ ဆိုတဲ့ အပိုင်း နှစ်ပိုင်းပေါ့၊ ဆွေးနွေး စရာရှိတဲ့ အပိုင်းက ဒီနှစ်ပိုင်းပဲ ရှိပါတယ်။

    ပထမပိုင်း မဖြစ်အောင် လုပ်ဖို့ ဆိုတဲ့ ကိစ္စမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေက မဖြစ်စေချင်ရင် မဖြစ်အောင် လုပ်လို့ရတာပဲ။ ဆရာ VOA နဲ့ အင်တာဗျူးလုပ်တော့လည်း ဒီကိစ္စဆွေးနွေးခဲ့တယ်။ ဒီလို ဆူပူ သောင်းကျန်းမူတွေ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ ပြုလုပ်မူတွေ မဖြစ်စေချင်ရင် ဆူပူသောင်းကျန်းနေတဲ့ သူတွေကို ထိထိရောက်ရောက် တာဆီး ကာကွယ်ဖို့ ဟန့်တားဖို့ လိုပါတယ်။ အဲဒီ အလုပ်ကို လုပ်ရမှာက ပြည်ထဲရေး ၀န်ကြီးဌါနက လုပ်ရတာ။ အစိုးရ အဖွဲ့ တစ်ဖွဲ့လုံးမှာ တာဝန်ရှိတာတော့ မဟုတ်ပါဘူး၊ အဓိက ကတော့ ပြည်ထဲရေး ကတာဝန်အရှိဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော် တည်ငြိမ် အေးချမ်း သာယာရေး နှင့် နိုင်ငံသားတွေ အာလုံး အေးအေးချမ်းချမ်း နဲ့ တိုင်းပြည်မှာ ကြောင့်ကျမူ ကင်းမဲ့စွာ နေထိုင်နိုင်ရေး အတွက် မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် လုံလုံခြုံခြုံ နေထိုင်နိုင်ရေး အတွက် တာဝန်အရှိဆုံး အဖွဲ့က ပြည်ထဲရေး ၀န်ကြီး ဌါနပါ။ ဒီအလုပ်ကို လုပ်ဖို့အတွက် ၀န်ထမ်းတွေ အများကြီး ခန့်ထားတယ်၊ အုပ်ချုပ်ရေး ဆိုင်ရာ ၀န်ထမ်းတွေ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌါန ဆိုပြီး အဖွဲ့ကြီး တစ်ဖွဲ့ ဖွဲ့ထားတယ် ပြည်ထဲရေး ၀န်ကြီး အောက်မှာ၊ ဒါက တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ဖို့ အတွက်ပါ။ အဲဒီလို တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်နိုင်ဖို့ အင်အားသုံးဖို့ ဆိုပြီး နောက်ထပ် ဒုတိယ အင်မတန် အရေးကြီးတဲ့ အဖွဲ့ ဖွဲ့ထားတယ်၊

    အဲဒါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ အေးချမ်း သာယာအောင် တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အတွက် လက်နက် အင်အားလည်း တပ်ဆင်ပေးထားတယ်။ ဆိုလိုတာက အများပြည်သူ အေးချမ်းသာယာရေး၊ ငြိမ်းချမ်းသာယာရေး အတွက် လိုအပ်လျှင် လက်နက် အင်အားကို သုံးစွဲပြီး တည်ငြိမ်အေးချမ်းရေးကို လုပ်နိုင်ဖို့ ဆိုပြီး လက်နက် တပ်ဆင်ပေးထားတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အဓိက လက်နက်ကိုင် အဖွဲ့အစည်းကြီး နှစ်ရပ် ရှိတယ်။ တစ်ရပ်က တပ်မတော် အဓိက တော့ ဒါက  ပြည်ပ ရန်နှင့် အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ နောက်ဒုတိယ အင်အား အကြီးဆုံး အဖွဲ့ကတော့ ရဲတပ်ဖွဲ့ ဒါကတော့ ပြည်တွင်း တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်ဖို့၊ အဲဒီတော့ နိုင်ငံအတွင်းမှာ ဆူပူသောင်းကျန်းသူတွေက လူတွေ သတ်တာ၊တရားမဲ့ လူတွေကို  သတ်တာ၊ ဘာမှ အပြစ်မရှိတဲ့ သူတွေကို သတ်တာ၊ မသေသေးဘူး မီးရှို့ သတ်တာ၊ အိမ်တွေ ဖျက်ဆီးတယ်၊ မီးရှို့တယ်၊ ပစ္စည်းတွေ လုယက်ပြီး ယူသွားတယ်၊ ဒီလို လုပ်ရပ်တွေဟာ အင်မတန်မှ ကြီးလေးတဲ့ ရာဇ၀တ်ပြစ်မူတွေကို ကျူးလွန်ရာ ရောက်တယ်၊ လူသတ်မူ ကျူးလွန်တယ် ဆိုရင် ဒီအမှုက အမှုကြီးတယ်၊ သေဒဏ်အထိ အပြစ် ပေးလို့ရတယ်။ အလားတူ မီးရို့ ဖျက်ဆီးတဲ့ သူတွေကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ အပြစ် ပေးလို့ရတယ်။ ဒီလောက် ကြီးလေးတဲ့ ပြစ်မူကြီးတွေကို ကျူးလွန်လာပြီ ဆိုရင် လုပ်စရာ နည်းလမ်းရှိတယ်။ ခုနက မြန်မာနိုင်ငံ လက်နက်ကိုင် ရဲတပ်ဖွဲ့က အဲဒီလက်နက် အင်အားကို သုံးပြီးတော့ လူသတ်နေတဲ့ သူတွေကို လူမသတ်နိုင်အောင် အများ အသက်ကို ကာကွယ်တဲ့ အနေနဲ့ အဲဒီ့ လူသတ်သမားတွေကို ပစ်ခတ်နှိမ်နင်း အရေးယူရမယ်။

    အလားတူ မြို့ပျက် သွားလောက်အောင် မီးရှို့တယ်၊ အကြမ်းဖက်သူတွေ ရာဇ၀တ်မူ ကျူးလွန်သူတွေကိုလည်းပဲ ပစ်ခတ် နှိမ်နင်းရမယ်။ နောက်ဆုံး သေသွားရင် သေသွားပါစေ၊ အဲဒီလို ရာဇ၀တ် ကျူးလွန်သူတွေ သေမှာကို ထောက်ထား စရာ မလိုဘူး၊ ပစ်ခတ်နှိမ်နင်းဖို့ တာဝန်ရှိတယ်၊ ဘာကြောင့်လည်း ဆိုရင် ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၀ မှာ လူ့ရဲ့အသက်ကို သေအောင် လုပ်နေတဲ့ သူတွေကို ကာကွယ်ခုခံတဲ့ အနေနဲ့ အသေသတ်ပစ်လို့ရပါတယ်၊ အလားတူ ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၃ မှာ မီးဖြင့် ဖျက်ဆီးပြီး ရာဇ၀တ်ကျူးလွန်သူတွေကိုလည်း ကာကွယ်ခုခံတဲ့ အနေနဲ့ အသေပစ်သတ်လို့ ရပါတယ်။ ဒီဥပဒေတွေက အကြောင်းမဲ့ရေးထားတာ မဟုတ်ပါဘူး။ အခုလို သူတစ်ပါးရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်လာလျှင် ဒီလူတွေကို ကာကွယ်နိုင်ဖို့နဲ့ ကာကွယ်တဲ့ သူတွေကို အရေး မယူနိုင်အောင် ဥပဒေက ပြဌါန်းထားပါတယ်၊ ဒါကြောင့် မဖြစ်စေချင်ရင် ခုနက အင်အားကို သုံးဖို့လိုတယ်။ ကျွန်တော်တို့မှာ သာဓက တွေရှိပါတယ်။

    ၂၀၀၇ခုနှစ်တုန်းက သံဃာတော်တွေ စီးတန်းလှည့်လည် ပြီးတော့ ဆန္ဒပြတဲ့ အနေနဲ့မေတ္တာပို့တယ်။ ကျွန်တော်ကိုယ်တိုင် မျက်မြင်ပဲ တတိုင်းပြည်လုံးကို မေတ္တာပို့တယ်။ တိုင်းပြည်ကြီး အေးချမ်းသာယာစေချင်လို့ မေတ္တာပို့တာ လူမသတ်ဘူး၊ မီးရှို့တာ ဘေးချိတ် ဘာတစ်ခုမှ သူတစ်ပါး အကျိုး ပျက်ဆီးရာ ပျက်ဆီးကြောင်း မလုပ်ဘူး။ အဲဒီ လို စီတန်း လှည့်လည်ပြီး မေတ္တာပို့တဲ့ သံဃာတော်တွေကို မလုပ်စေချင်တဲ့ အခါကြတော့ အင်အားသုံးပြီး ဖြိုခွင်းပစ်လိုက်တာ ရက်ပိုင်း အတွင်းပြီးသွားတယ်။ အခု ဖြစ်ရပ်က လူတွေ သတ်နေတာ အိမ်တွေ မီးရှို့နေတာ ဒီအတွက် ဘာမှ ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘူး၊ ခွင့်လွှတ်နိုင်တဲ့ အကြောင်းပြချက်လည်း မရှိဘူး၊ ဥပဒေအရ လက်ခံနိုင်တဲ့ အကြောင်းပြချက်လည်း မရှိဘူး။ အဲဒါတွေ အားလုံးဟာ တာဝန်ရှိ ရဲတပ်ဖွဲ့တွေ ရှေ့မှာဖြစ်နေတာ။ အွန်လိုင်းမှာ တက်လာတဲ့ ဗွီဒီယိုတွေ။ ဓာတ်ပုံတွေကနေ မြင်နေရတယ်။ ပြည်သူ့လူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ တာဝန်အရှိဆုံး ဖြစ်တဲ့ လက်နက်ကိုင် ရဲတပ်ဖွဲ့တွေရဲ့ အရှေ့မှာပဲ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်နေတယ်။ အိမ်တွေ၊ ဗလီဝတ်ကျောင်းတော်တွေ၊ ဆိုင်တွေကို မီးရှို့ ဖျက်ဆီးနေတယ်။ သူတို့ မတာဆီးပေးခဲ့ဘူး၊ ဒါကြောင့်မို့ ဒီဖြစ်ရပ်ကြီးတွေ ဒီလောက်ကြီးကြီး ကျယ်ကျယ် ဖြစ်တာဟာ မဖြစ်အောင် ကာကွယ်တာဆီးပေးဖို့ တရားဝင် တာဝန်အပ်နှင်းခံရတဲ့ တာဝန်ရှိတဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က ပျက်ကွက်လို့ ဒီလောက်ဆိုးဆိုး ၀ါးဝါး ပျက်ဆီး ဆုံးရှုံးမူတွေနဲ့ ကြုံရတယ်။ အသက်တွေ ဆုံးရှုံးရတာတွေနဲ့ ကြုံရတယ်။ ဒါကို ကျွန်တော် အပိုင်းတစ်ပိုင်း အနေနဲ့ ပြောချင်ပါတယ် ” ဟု M-Media သို့ပြောသည်။
    ဆက်လက်၍ အပိုင်း၂ ကို ထက်မံ ဖော်ပြသွားပါမည်။

  • ”ဥပဒေရှိသော်လဲ အရေးမယူပါ ……………. ဒါဒို့ပြည်”

    မေ-၁-၂၀၁၃
    M-Media
    ရေးသားသူ- အလိမ္မာရဲ့ချိန်ဘာ

    no jutice no peace

    မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံတွေ၊ ကိုးကွယ်ဝတ်ပြုရာ ဗလီဝတ်ကျောင်းတော်တွေကို ၉၆၉ လို့ တံဆိပ်ကပ်ထားတဲ့ အကြမ်းဖက်များက ရဲဝန်ထမ်းများနဲ့ အများပြည်သူများရှေ့ မီးရှို့ဖျက်ဆီးခဲ့သော်လည်း မြန်မာအစိုးရအနေဖြင့် အရေးယူမှူ့တစုံတရာဖြင့် ထိုအကြမ်းဖက်များကို ထောင်ဒဏ်ချခဲ့သော သတင်း အစနလေးတောင်ကျနော်မကြားရသေးပါ။ ကျနော်ပဲ နားပိတ်မျက်စိပိတ် ဖြစ်နေလို့လားလို့ ကိုယ့်ကိုကိုယ် သံသယဝင်လာမိပါတယ်ဗျာ။

    အစိုးရကလဲ အစိုးရတာဝန်မကျေ ရဲဝန်ထမ်းကလဲ ရဲတာဝန်မကျေ ပြည်သူကလဲပြည်သူ့တာဝန်မကျေ ကိုယ့်လူတွေကလဲ ကိုယ့်တာဝန်မကျေ ကောင်းပါ့ဗျား။

    သူ့အရပ်နဲ့သူ့ဇာတ်ကတော့ဟုတ်နေတာပါဘဲ။

    ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ၄၃၆ မှာတော့ – မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း နေအိမ် အဖြစ်ဖြင့် သော်လည်းကောင်း ပစ္စည်းများသိုလှောင် ထိန်းသိမ်းသောနေရာ အဖြစ်ဖြင့် သော်လည်းကောင်း သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့် ဖြစ်စေ မိမိကထိုသို့ ပျက်ဆီးတန်ရာသည်ကိုသိလျှက်နှင့် မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲစေတက်သော အကျိုးဖျက်ဆီးမှူ့ကို ကျူးလွန်လျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ အတိအလင်း ပြဌာန်း ထားပြီးသားပါခင်ဗျာ။ ဒါပေမဲ့ ဒို့ အစိုးရကတော့ …………. ဘာမှမဟုတ်တဲ့ ရန်ဖြစ်မှူ့လေးကိုကျတော့ ၁၄ နှစ်တဲ့၊ မီးရှို့ဖျက်ဆီး မှူ့ကိုကျတော့ …………….?

    သူတို့ရဲလား၊ ပြည်သူ့ရဲလားမသိတဲ့ ရဲသားကြီးများကတော့ သူတို့တာဝန်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်မှူ့များကို တာဝန်ကျေခဲ့တယ် လို့ပြောမလား ? ၉၆၉ အကြမ်းဖက်များအတွက် တာဝန်ကျေခဲ့တယ်လို့ပြောမလား?

    ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၉ မှာ ရဲအရာရှိတိုင်းသည် ကြိုတင်ကာကွယ် ရန် ရည်ရွယ်ချက်ဖြင့် ကြားဝင်ဆောင်ရွက်နိုင်သည့်အပြင် ရဲအရေးယူ ပိုင်ခွင့်ရှိသည့် ပြစ်မှူ့တရပ်ရပ် ကျူးလွန်မည့် အရေး ကို မိမိစွမ်းနိုင်သမျှ ကြိုတင်ကာကွယ် ရမည်လို့ ပြဌါန်းထားသော်လည်း ၉၆၉ အကြမ်းဖက်များအတွက် အကြမ်းဖက်မှူ့လွယ်ကူဖို့ရန် လုံခြုံရေးတောင်ယူပေးခဲ့ကြသေးဗျာ။

    ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇(၁)တွင် မည်သည့်ရာဇ၀တ်တရားသူကြီး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့်ဆန့်ကျင်သည့် အစုအဝေးတစုံတရာကို သို့မဟုတ် အများပြည်သူတို့ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ ၄င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေးတစုံတရာကို လူစုခွဲစေရန်အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့အမိန့်ပေးသည့် အခါတွင်လည်း ၄င်းအစုအဝေးတွင်ပါဝင်သူတို့သည် အမိန့်ပေးခဲ့သည့်အတိုင်း လူစုခွဲရန်တာဝန်ရှိပေသည်။
    ပြစ်မှူ့ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၈ တွင် ထိုကဲ့သို့အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် သို့မဟုတ် ထိုသို့အမိန့်မပေးပါက မုချမဖျက်မည့်အကြောင်း ထင်ရှားစေသည့် အမူအယာကိုပြုလျှင် မည်သည့်ရာဇ၀တ်တရားသူကြီး သို့မဟုတ် မည်သည့်ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်းရေလေ တပ်သားအရာရှိ မဟုတ်သူ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ သို့မဟုတ် မြန်မာနိုင်ငံ အရံတပ်အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ (မည်သည့်အမျိုးသားဟုဆိုရာဝယ် မြို့တွင်း မြို့ခံ ပြည်သူများလည်းပါဝင်သည်။) ထိုသူများကိုအင်အားပြုလုပ်၍ လုစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးနှင့် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒါဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်။
    ၉၆၉ အကြမ်းဖက်အဖွဲ့များအား ဖြိုခွင်းရန်၊ လူစုခွဲရန်၊ ရဲတပ်ဖွဲ့ဝင်များမှ အထက်ပါကျင့်ထုံးများအရ အနီးဆုံးမြို့ခံပြည်သူများအား အကူအညီတောင်းခံခဲ့ခြင်း မရှိသည်မှာ အကြမ်းဖက်အဖွဲ့များ လူစုကွဲသွားစေရန် ဆန္ဒမရှိသောကြောင့်ဖြစ်ပေလိမ့်မည်။ မြို့ခံ အင်အားဖြင့်ဆိုလျှင် မည်သည့် အကြမ်းဖက် အဖွဲ့အစည်းကိုမဆို ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူစုခွဲနိုင်သည်မှာ မုချဧကန်ပင်ဖြစ်ပေသည်။ ထိုအကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့သော အကြမ်းဖက်သမားများအား အထက်ပါကျင့်ထုံးများအရ ဖမ်းဆီးခဲ့ခြင်းမရှိသည်မှာလည်း ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေချိုးဖောက်မှုပင်ဖြစ်သည်။

    ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၉ တွင် ဆိုခဲ့သည့်အစုအဝေးကို အခြားနည်းဖြင့်လူစုကွဲအောင် မပြုလုပ်နိုင်လျှင် ထို့အပြင် အများပြည်သူတို့၏ဘေး အန္တရာယ်မှ လုံခြုံစေခြင်းငှာ ၄င်းအစုအဝေးကို လူစုခွဲရန်သင့်လျှင် ထိုနေရာတွင်ရှိသော ရာထူးအဆင့်အတန်းအမြင့်ဆုံးဖြစ်သည့် ရာဇ၀တ်တရားသူကြီးက ၄င်းအစုအဝေးကို စစ်အင်အားသုံး၍လူစုခွဲနိုင်သည်။

    ထိုအကြမ်းဖက်မှုဖြစ်ပွားသည့်အချိန်၌ အခင်းဖြစ်ပွားသည့်နေရာရှိ တရားသူကြီးများ မည်သည့်နေရာသို့ ရောက်ရှိနေကြပေနည်း။  ထို့အပြင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာရေးရာ အဖွဲ့အစည်းကြီးများမှလည်း ဘယ်ရောက်နေမှန်း မသိလောက်အောင် ပျောက်ခြင်း မလှပျောက်နေကြပါတယ်ဗျာ။ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ကိုယ်စားလှယ်များဟုအမည်ခံ၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးများ အဖြစ် နိုင်ငံတော်နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော်လည်း အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံနေရချိန်တွင် နိုင်ငံတွင်း တည်ဆဲဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများအရ နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံ အကြမ်းဖက်ခံ အစ္စလာမ်ဘာသာဝင်များအတွက် ဥပဒေအရကုစားမှုပေးရန် တောင်းဆိုနိုင်သော်လည်း တကြိမ်တခါကမှ ပွင့်လင်းမြင်သာစွာ တောင်းဆိုခဲ့ခြင်းမရှိပေ။ ကြောက်နေ၍လား ခြောက်နေ၍လား အဖွဲ့အစည်းကြီးတို့ ရေ ………

    မည်သို့ဆိုစေ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တည်ဆဲဥပဒေများအရ အကြမ်းဖက်မှုများကို အရေးယူခြင်းမရှိပဲ လှစ်လျှူရှုနေခြင်းမှာ ဒါဒို့အစိုးရလို့ သမိုင်းဝင်မော်ကွန်းထိုးရလောက်အောင် မြန်မာပြည်သူများအနေဖြင့် မော်ကြွားသင့်ပေသည်။

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • သာမာန် ပြည်သူကနေ နာရီပိုင်းအတွင်း သွေးဆာနေတဲ့ သူခိုး ဓားပြတွေ ဘာကြောင့် ဖြစ်ကုန်တာလဲ

    May 1, 2013
    M-Media
    ခွန်သီဟံ

    anti muslim poster

    ဥက္ကံမြို့ မှာဖြစ်ပွားခဲ့တဲ့မွတ်စလင်မ်အကြမ်းဖက်မှုမှာ နာရီပိုင်းအတွင်း လူစုလူဝေးတခုကနေ လူရမ်း ကားလူအုပ်ကြီးတခုလိုဖြစ်သွားခဲ့ပါတယ်။ နေ့ တဓူဝ ကိုယ့်ဝမ်းစာကိုယ်ရှာနေတဲ့ သာမန်မြန် မာတွေ၊ မြို့ သူမြို့ သား ရွာသူရွာသားတွေကနေ ချက်ချင်းလက်ငင်းဆိုသလို လူကြမ်းလူရမ်း ကားတွေ အသွင်ဖြစ်ကုန်ပြီး တကယ့်ကို သူခိုးဓားပြ ဆန်ဆန် ပစ္စည်းတွေဖျက်၊ မီးတွေရှို့ ၊ လူတွေကို ရိုက်နှက်တိုက်ခိုက်၊ ပစ္စည်းတွေခိုးယူ လုယူတဲ့ ဒုစရိုက်သားကောင်တွေလို ချက်ချင်းဖြစ်ကုန်တယ်။ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ပဲ လူရာနဲ့ ချီတဲ့ ခိုးဆိုးလုယက်သောင်းကျန်းသူတွေဖြစ်ကုန်တယ်။

    ဒီလို ချက်ချင်းမတ်တပ် သူခိုးဓားပြအုပ်စုလိုဖြစ်သွားတာဟာ ပေါ့သေးသေးကိစ္စမဟုတ်ပါ။

    အမျိုးသမီးတစ်ယောက် လူအများသွားလာတဲ့ ဈေးမှာ ကိုယ်ရင်တစ်ပါးနဲ့ တိုက်မိရာက နာရီပိုင်းအတွင်း လူအုပ်စုကြီးက ခိုးဆိုး လုယက်မှုတွေဖြစ်သွားတယ် ဆိုကတည်းက တိုင်းပြည်အတွက် အတော့်ကို စဉ်းစားရတော့မယ့် အနေအထားပါ။ မြန်မာနိုင်ငံသား အားလုံး ခေါင်းအေးအေးထားပြီး သေချာ စဉ်းစားကြည့်ပါ။ ကုလားမုန်းတာခနထား လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်အနေအထားကို သေချာဆန်းစစ်ကြည့်ပါ။

    မြန်မာပြည်မှာ ထစ်ခနဲဆိုရင် ၀ုန်းဒိုင်းဆိုပြီး ခိုးဆိုးလုယက် ဖျက်ဆီးမီးရှို့ ရိုက်နှက်သတ်ဖြတ်မှုကို နာရီပိုင်းအတွင်း လုပ်လို့ ရအောင် ဖန်တီးထားပြီးတဲ့ အဆင့်ရောက်နေပြီလား။ Organized crime လို့ ခေါ်တဲ့ စနစ်တကျဖွဲ့ စည်းလုပ်ဆောင်တဲ့ ဒုစရိုက်မှုအတွက် အဲ့ဒီလောက် လျင်လျင်မြန်မြန် လုပ်နိုင်အောင် လူတွေကို စည်းရုံး ဖွဲ့ စည်းထားပြီးပြီလား။

    သေချာစဉ်းစားကြည့်ပါ။ အကြမ်းဖက်မှုကိုလုပ်နေတဲ့လူတွေက မနေ့ တနေ့ ကမှ ထောင်ကနေထုတ်ပြီး လုပ်ခိုင်းတဲ့ ဒုစရိုက်သားတွေမဟုတ်ဘူး။ မြို့ထဲ ရွာထဲမှာ နေနေတဲ့ သာမန်ပြည်သူတွေ။ ဒီလူတွေကို ချက်ချင်းဆိုသလို သူခိုးဓားပြတွေလို ဖြစ်အောင်လုပ်လိုက်နိုင်တဲ့၊ လုပ်ထားနိုင်တဲ့ အဆင့်ရှိသွားပြီလား။ သာမန်ပြည်သူတွေကို နာရီပိုင်းအတွင်း သွေးဆာနေတဲ့ လူတွေဖြစ်သွားအောင် လုပ်ထားပြီးပြီလား။

    မိထ္တီလာမှာလည်း ခနလေးအတွင်း လက်က်ရဲဇာတ်ရဲ သတ်ဖြတ်တဲ့ လူအုပ်စုကြီးဖြစ်သွားတယ်။ ကလေးတွေကအစ ဓားတွေဒုတ်တွေနဲ့  လူအရှင်လတ်လတ် မီးရှို့ တဲ့အဆင့်ဖြစ်ကုန်တယ်။ ပဲခူးမှာလည်း ဒီလိုပဲ။ ခုဥက္ကံမှာလည်းဒီလိုပါပဲ။

    wirathu

    ဟုတ်ပါတယ်။ ခုလို နေ့ တဓူဝ လုပ်ကိုင်စားသောက်နေတဲ့ သာမန်မြန်မာတွေကို နေရာအတော်များများမှာ ၉၆၉  နောက်ကာဗာယူပြီး အကြမ်းဖက်မှုတွေလုပ်ဖို့  စည်းရုံးသွေးထိုးနေတာရှိပါတယ်။

    ပြီးခဲ့တဲ့လတုန်းက မြန်မာပြည်အောက်ပိုင်းတစ်နေရာမှာ ကွမ်းယာဆိုင်မှာရပ်နေတဲ့ မွတ်စလင်သူငယ်ချင်းတစ်ယောက်က သူများခေါ်ရာရောယောင်ပြီး လူအုပ်စုတစုနဲ့ လိုက်ပါသွားတယ်။ အဲ့ဒီမှာ ၉၆၉ တရားပွဲကရှိနေတယ်။ အဲ့ဒီ တရားပွဲနေရာနဲ့  မခန့် မလှမ်းမှာ လူဝတ်နဲ့ လူတစ်ယောက်က ကုလားတွေကို အကြမ်းဖက်ဖို့ ဆိုပြီး စည်းရုံးနေတယ်။ ကုလားတွေဟာ မကြာခင် ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ အခုကတည်းက ကုလားတွေကို မတိုက် မနှိပ်ကွပ်ရင် ကုလားတွေက ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ ဗုဒ္ဓဘာသာကိုကာကွယ်ဖို့  ကုလားတွေကို နှိပ်ကွပ်ရမှာမလို့  လူတွေကို သင်တန်းပေးမှာဖြစ်ကြောင်း၊ တိုက်ခိုက်နည်းသင်တန်းတက်တဲ့အချိန်နဲ့  အမှန်တကယ်တိုက်ခိုက်တဲ့နေ့ အတွက် တစ်ယောက်ကို တရက် ၅၀၀၀ ကျပ် ပေးမှာဖြစ်တဲ့အကြောင်းပြောတယ်။

    အဲ့ဒီထဲက လူတစ်ယောက်က ရဲတွေကဖမ်းရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ ရှင်းပြနေတဲ့လူက ခင်ဗျားတို့ ကို ကဒ်ထုတ်ပေးထားမယ်၊ ရဲဖမ်းရင် အဲ့ဒီကဒ်ပဲ ထုတ်ပြလိုက်လို့ ပြောတယ်။ တိုက်ခိုက်ရင်း တခုခုဖြစ်ခဲ့မယ်ဆိုရင် မိသားစုကို တာဝန်ယူမဲ့အကြောင်းလဲ ပြောပါတယ်။

    အဲ့ဒီမွတ်စလင်က မွတ်စလင်ရုပ်မထွက်တဲ့အတွက် သူ့ ကို ဗမာလို့ ထင်ပြီး ခေါ်သွားတာဖြစ်တယ်။ ၀ိုင်းထိုင်ပြီးနားထောင်နေရာမှာ သူ့ ကိုမြင်ပြီး မွတ်စလင်မှန်းသိမှာစိုးလို့  ခေါင်းငိုက်စိုက်ထားတာ မလို့  မူးလဲတော့မလိုဖြစ်ပြီး မနည်းထိန်းထားရတဲ့အကြောင်း၊ နောက်နေ့ တွေမှာ မသွားရဲတော့ပဲ သူမလာလို့ ဆိုပြီး နောက်က လိုက်ရှာမှာ စိုးရိမ်လို့  မိသားစုနဲ့  ခရီးထွက်သွားခဲ့ပါတယ်။

    ခုလို စည်းရုံးမှုတွေကြောင့် ရိုးသားပါတယ်ဆိုတဲ့ မြန်မာတွေ၊ ကိုယ့်မြို့ ကိုယ်ရွာမှာ နေ့ ချင်းညချင်း သူခိုးဓားပြတွေလိုဖြစ်ကုန်ပြီး သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေဖြစ်ကုန်တာပါ။

    ဒီလိုပဲ ဆက်ကြည့်နေကြမလား၊ ကိုယ့်မြို့ ကိုယ်ရွာမှာရော ကိုယ်တွေ့ နေကျလူတွေကို အကြမ်းဖက်ဖို့  စည်းရုံးထားပြီးပြီလား။ အကြမ်းဖက်မှိုင်းတွေမိနေပြီလား။

    ၂၀၁၅ ရွေးကောက်ပွဲမှာ သာမာန်ပြည်သူကနေ ခုလို သွေးဆာနေတဲ့ သူခိုးဓားပြတွေဖြစ်အောင် လုပ်ပြီး အာဏာသိမ်းအုံးမှာလား။ ကုလားကိုချတာမလို့  ကြိတ်ပြီးကြည့်နေမယ်ဆိုရင် ဖောက်ပြီးသားလမ်းပေါ် လျှောက်လာကြတဲ့အခါ —

    ** ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်သာဖြစ်သည်။

  • ဥက္ကံအကြမ်းဖက်မှု အုပ်ချုပ်ရေးမှူး ဦးဆောင်ခဲ့၊ အပြင်ကလူတွေနဲ့ ဒေသခံတွေ စနစ်တကျ တိုက်ခိုက်

    မေ-၁-၂၀၁၃
    Kamayut Media

    1
    အကြမ်းဖက် တိုက်ခိုက် မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးငယ်များ Photo AP

    ဥက္ကံမြို့မှာ ဘာသာရေးလူမျိုးရေး အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ပုံနဲ့ ဖြစ်စဉ်တွေဟာ မိတ္ထီလာမှာ အကြမ်းဖက်မှုစတင်ခဲ့တဲ့ မတ်လ ၂ဝရက်နေ့က ဖြစ်စဉ်တွေနဲ့ တူညီနေပြီး ဥက္ကံ အနီးတဝိုက်က ကျေးရွာတွေကို မီးတင်ရှို့မှုမှာ ခြောက်တဲရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်ပါဝင်တာဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီလို့ ကမာရွတ်သတင်းထောက်က ဒေသခံတွေ၊ တာဝန်ရှိသူတွေကို မေးမြန်းထားချက်ကို အခြေခံပြီး ပြောဆိုခဲ့ပါတယ်။

    ကျေးရွာ ၄ရွာက အိမ်ခြေ ၃ဝဝကျော်လောက် ဧပြီ ၃ဝရက်နေ့ညနေမှာ မီးတင်ရှို့ခံခဲ့ရတာဖြစ်ပြီး ကနဦး အကြမ်းဖက် မီးရှို့မှုတွေကို ဒေသခံတွေက လုပ်ဆောင်တာဖြစ်ပြီး နောက်ပိုင်း ပြင်ပက ဝင်ရောက်လာတဲ့ လူစိမ်းတွေက အကြမ်းဖက်မှုတွေကို စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို ဝင်ရောက် အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၁ဝဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုကို ခိုင်မာတဲ့ အတည်ပြုချက်တွေ မရရှိသေးပါဘူး။
    ဥက္ကံမြို့ပေါ်က မတော်မဆမှုဖြစ်စဉ် ပြီးဆုံးသွားပြီးနောက်ပိုင်းမှ အကြမ်းဖက်မှုကို ဦးဆောင်တဲ့ လူအုပ်ကြီးဟာ ပြင်ပကလူတွေပါဝင်နေပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ပုံစံရှိပြီး စနစ်ကျနတဲ့အကြောင်း မျက်မြင်တွေ့ရှိချက်နဲ့ မှတ်တမ်းတွေကိုကိုးကားပြီး သတင်းထောက်က ပြောဆိုခဲ့ပါတယ်။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အဓိကရုဏ်းကျယ်ပြန့်လာမှာကို တားဆီးဖို့အတွက် အကြမ်းဖက်မှုကျူးလွန်သူတွေကို မှတ်တမ်းတွေနဲ့တကွ ဖမ်းဆီးမှုတွေပြုလုပ်နေပြီး လတ်တလောမှာ အခြေအနေတွေကို ယာယီ ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် ရဲနဲ့စစ်တပ် ထိန်းချုပ်မှုကင်းမဲ့တဲ့၊ သွားရေးလာရေး ခက်ခဲတဲ့ ကျေးရွာတွေမှာ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ အလားအလာတွေရှိနေနိုင်တယ်လို့ ဆိုပါတယ်။

    ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဟာ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွေလိုပဲ ဖုန်းတွေနဲ့ ညွှန်ကြားပြီး လမ်းပြတာ၊ ရွာ ၄ရွာကို မီးတင်ရှို့ပြီးမှ မြို့ပေါ်ပြန်အထွက် ချောင်းကူး တံတားတွေကို စနစ်တကျ ဖျက်စီးခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နိုင်သလို အိမ်ခြေတွေ မီးလောင်ပျက်စီးသွားတာမို့ အသက်မသေဘဲ ကျန်ရစ်သူ ရွာသားတွေဟာ ချောင်းနံဘေးမှာ ညလုံးပေါက် နေထိုင်ခဲ့ရပါတယ်။