News @ M-Media

Tag: featured

  • ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    မေ-၁ -၂၀၁၃
    M-Meida
    ထွန်းတောက်

    ယမန့်နေ့ညက ဥက္ကံမြို့ ဝန်းကျင်မှ မွတ်စလင်မ် အများစုနေထိုင်ရာ ရွာ(၄) ရွာအကြမ်းဖက်မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ အဆိုပါရွာ(၄) ရွာမှ ပနီပင်ရွာအား ယနေ့ ၁၁ နာရီမှာ ထပ်မံအကြမ်းဖက် မီးရှို့ဖျက်ဆီးမည့်ဟုသတင်းများ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး ဥက္ကံမြို့ ပနီပင်ရွာမှ ဒေသခံတစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ကျွန်တော် ဥက္ကံကို အခုမနက်ပဲ ပြန်ရောက်တယ်။ ညက ပနီပင်မှာရှိနေပါတယ်။ ဥက္ကံမှာတော့ တစ်ခုမှ ရစရာမရှိတော့ဘူး။ ဒီနေ့ ၁၁-နာရီကို ပနီပင်ကို ပြန်ဝင်မယ်လို့ ကြားနေတယ်။  အနောက်က ရွာတွေမှာ လူတွေစုနေတယ်တဲ့။ မနေ့တုန်းက ကိုရင်ကို တိုက်မိတဲ့ အမျိုးသမီးက ပနီပင်ကရွာက။ အဲဒါကို လုံးဝ မကျေနပ်ကြဘူး။ မနေ့က မီးရှို့တာလည်း သာမန်အိမ်တွေပဲပါသွားတာလေ။ သူတို့စာရင်းယူထားတဲ့ အိမ်တွေကဘာမှ မဖြစ်သေးဘူး။ မီးမလောင်ဘူး။ မီးမလောင်သေးတဲ့အပေါ်မှာ သူတို့မကျေနပ်ကြဘူး။ မနေ့က ပနီပင်က လူငယ်တွေကလည်း ပြန်ပြီးခုခံကြတယ်လေ။ အဲဒီအပေါ်မှာ သူတို့ လုံးဝမကျေနပ်ပဲ ဒီနေ့ထပ်ဖျက်မယ်ဆိုပြီး လူစုနေတယ်။ လူငယ်တွေ ပြန်ခုခံတယ်ဆိုတာက အကြမ်းဖက်သမားတွေက မီးကွင်းပစ်တယ်။ အဲလို မီးကွင်းပြစ်တဲ့အခါမှာ လူငယ်တွေက ၀ိုင်းပြီးလိုက်တာ။ မီးလောင်တဲ့အိမ်တွေကို အလျင်မီအောင် ရေတွေဖြန်းတယ်။ ဒါပေမယ့် အကြမ်းဖက် သမားတွေက ရေတိုင်ကီ၊ ကျောက်စည်တွေကိုလည်း ဖောက်ပစ်ကြတယ်။ ဒီဘက်က လူငယ်တွေ အင်အားကြောင့် အကြမ်းဖက်သမားတွေ ထွက်ပြေးသွားရတာ။ သူတို့မှာ စာရင်းရှိထားတဲ့ main အိမ်တွေကို မလုပ်လိုက်ရဘူး။ အဲဒီ အိမ်တွေကို လုပ်ဖို့ ပြန်ဝင်မယ်ပြောတယ်။”

    “မနေ့ညက ၂-နာရီခွဲလောက်မှာ ပနီပင်ကို စစ်သားတွေလာတယ်။ စစ်ကားတစ်စီးလာတယ်။ ဆိုင်ကယ် ၂-စီး  ရဲတွေလာတယ်။ လာပြီးတော့ ဟိုဟိုဒီဒီကြည့်ပြီး မိုးမလင်းခင် ဘယ်အချိန်ပြန်သွားလိုက်လဲတော့ မသိဘူး။ ကျွန်တော်တို့လည်း ချောင်းကမ်းစပ်ဘေးနားမှာ သွားထိုင်နေကြရတာ။ အခုမနက်လည်း ရဲကားတွေရှိတယ်။ ရွာကတစ်ခြား သူတို့စောင့်နေတာက တစ်ခြားပဲ။ သူတို့ ထိုင်စောင့်နေတာက ၄-၅-၆ ယောက်၊ ဟိုကလာမယ့်လူက ၃၀၀-၄၀၀ ၀န်းကျင်လာတာ။ အဲဒီပုံနဲ့ ဘယ်လိုလုပ်သွားပြီး နှိမ်နင်းလို့ရမလဲ၊ ဘယ်လိုလုပ်သွားပြီး တားဆီးလို့ရမလဲ။ သူတို့တွေက အားလုံး ဖျက်ဆီးပြီးသွားပြီဆို ရောက်လာပြီး စာရင်းလေးလာကောက်ကြတယ်။ မနေ့ကလည်း ဖြစ်မယ်ဆိုတာ ကြားလို့ သတင်းပေးပါတယ်။ ပနီပင်ကိုဖျက်မယ်လို့ပြောနေကြတယ်။ လူအုပ်စုက ၂၀၀-လောက်ရှိတယ်ဆိုတာ သတင်းပေးတယ်။ မယုံရင် ကျွန်တော်တို့လိုက်ပြမယ်ပြောတော့။ ‘ဟာ ငါတို့လိုက်လို့မရဘူးကွာ၊ ငါတို့လူအင်အားနဲ့မနိုင်ဘူးတဲ့’ ဒါပေမယ့်လုံခြုံရေးက ၁၀-ယောက်လောက်ပဲဆိုတော့ အကြမ်းဖက် လူအုပ်စုကြီးကို ဘယ်လိုထိန်းသိမ်းနိုင်မလဲဗျာ။ ပြီးတော့ သေနတ်သာကိုင်ထားတယ်။ သေနတ်က မြေအောက်စိုက်ထားတယ်။ ပြီးရင် အကြမ်းဖက်ခံနေရတာ ကျွန်တော်တို့ မွတ်စလင်မ်တွေပဲဖြစ်နေတယ်။”

    “ဟိုးအရင် မင်းလှတို့ အုတ်ဖိုတို့ လုပ်တုန်းက ဥက္ကံကိုလည်း လုပ်မယ် လုပ်မယ်ဆိုတုန်းက ဒီမှာ စစ်ကားတွေချလိုက်သေးတယ်။ အခု တကယ်လည်းဖြစ်ရော ချက်ချင်းလက်ငင်းဖြစ်တာမဟုတ်ဘူး။ မနက် ၈-နာရီလောက်ကဖြစ်သွားတဲ့ကိစ္စကနေ ၁၂-နာရီလောက်မှာ ကားလမ်းတွေပေါ်မှာ ချက်ချင်းလူတွေပြည့်သွားတယ်။ မိန်းမ ယောက်ျားအကုန်လုံးပဲ။ ၁-နာရီလောက်မှာတော့ စတော့တာပဲဗျာ။”

    “အခုလည်း ဒီနေ့ ၁၁-နာရီ ပနီပင်ကို ထပ်ဝင်ပြီး ဖျက်မယ်လို့ကြားနေရတယ်။ အဲဒါအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်နေပါတယ်။ “လို့ M-Media ကို ဆက်သွယ် ပြောပြလာပါတယ်။

  • ဥက္ကံမြို့မှ အကြမ်းဖက်ခံရမှုကြောင့် မွတ်စလင်မ်တချို့ ဒဏ်ရာများနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ၊ ၂ ဦးကွယ်လွန်

    မေလ ၁၊ ၂၀၁၃
    M-Media
    KK

    IMAG0071

    ရန်ကုန် ။ ။ ယနေ့နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဥက္ကံမြို့ အကြမ်းဖက်ခံရမှုတွင် မွတ်စလင်မ်အချို့သည် ပြင်းထန်သော ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

    ဥက္ကံတွင် အကြမ်းဖက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မွတ်စလင်မ် (၄)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဥက္ကံမှ (၄)ဦး ခေါ်ဆောင်လာရာ တစ်ဦးသည် လမ်းတွင်ပင် ကွယ်လွန်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ၄-ဦးအား ရဲနှင့်စစ်တပ်မှလည်း ပါဝင် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော ၃-ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများရရှိထားပြီး ၂-ဦးမှာ အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။ ခေါင်းတွင် ထိခိုက်ထားပြီး နောက်ကျောတွင်လည်း ဓါးဖြင့် ခုတ်ခံရသည် ဒဏ်ရာများရှိကြောင်းသိရသည်။ ယင်း လူနာများအား ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်းနေစဉ်မှာပင် တစ်ဦးထပ်မံ ဆုံးပါးသွားသည်ဟု သိရသည်။

    “ဆေးရုံကို ရောက်လာတဲ့ ၃-ယောက်က ကိုဇော်ဇော်နိုင်၊ ကိုတင်ဝင်းနဲ့ ကိုအီစာလို့သိရပါတယ်။ ကိုဇော်ဇော်နိုင်က အသက် ၂၆-နှစ်ဝန်းကျင်၊ ကိုအီစာက ၃၀-ကျော်၊ ကိုတင်ဝင်းက ၂၄-နှစ်လို့ပြောတယ်။ ၃-ယောက်လုံးကတော့ အခြေအနေမကောင်းဘူး။ ၂-ယောက်ကတော့ ပိုဆိုးတယ်ဗျ။ ခေါင်းတွေကို ထိထားတယ်။ နားထဲကလည်း သွေးတွေစိမ့်ထွက်နေတယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာကြီးရှိတယ်။ သူတို့မိသားစုဝင်တချို့ပါလာတယ်။သူတို့ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့။ NLD ကတော့ စကားပြောတယ် သူတို့နဲ့။ မိသားစုဝင်တစ်ယောက်ပဲပါတယ်။ကျန်တာတော့ သူတို့ဝန်းကျင်က လိုက်ပို့ပေးတာပါတယ်။ ကျွန်တော် သူတို့ကိုတော့ ဘာမှ မမေးဖြစ်ပါဘူး။ ကျွန်တော် ဘယ်အဖွဲ့ကမှလည်းမဟုတ်ပါဘူး။ ဒီအတိုင်း သွားကြည့်ခဲ့တာပါ။ မြင်ရတာ တော်တော်ကို စိတ်မကောင်းဘူးဗျာ။ သူတို့တွေနဲ့တော့ ကျွန်တော် စိတ်မကောင်းလို့ စကားမပြောလိုက်တော့ဘူး။ အခု ကျွန်တော်ပြောနေတုန်းပဲ ကိုဇော်ဇော်ဆိုတဲ့တစ်ယောက် ဆုံးသွားပြီဗျာ။ တကယ်ကို စိတ်မကောင်းဘူး”ဟု ဆေးရုံသို့ ရောက်ရှိခဲ့သူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

    IMAG0076

    IMG_20130430_225004014

    IMAG0074

  • ဥက္ကံမြို့ အနီးတ၀ိုက်ရှိ မွတ်စလင်မ်ရွာ ၄ ရွာ မီးရှို့ခံရ ဆက်သွယ်မေးမြန်းချက်

    မေလ ၁၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    2
    ဓါတ်ပုံ- 7Days မှ ကူးယူဖော်ပြသည်။

    ဥက္ကံမြို့နှင့် အနီးတ၀ိုက်ရှိ မွတ်စလင်မ်ရွာများ၏ နောက်ဆက်တွဲအခြေအနေများကို ဒေသခံများအား ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

    “ဥက္ကံမှာ နောက်ဆုံးအခြေအနေက လုံခြုံရေးတွေရောက်လာတော့ လူအားလုံးရှဲသွားကြတာပေါ့။ လူတွေက တုတ်ကိုင် ဓါးကိုင်နဲ့ပေါ့။ အဲဒါက ညနေ ၄-နာရီလောက်ကပါ။ မွတ်စလင်မ်ဆိုင်တွေကတော့ ကုန်သွားပြီ၊ ရပ်ကွက်ထဲက မွတ်စလင်မ်အိမ်တော်တော်များများရယ် အကုန်လုံးပျက်စီးသွားပြီ။ ပြီးတော့ ပနီပင်ကျေးရွာ၊ ခြောက်ကဲကျေးရွာ၊ ကျွဲကုန်းကျေးရွာတွေလည်း မီးရှို့ခံရတယ်။ အဲဒီရွာတွေက ရွာလုံးကျွတ် မွတ်စလင်မ်တွေပါ။ ဥက္ကံနဲ့ဆို ပနီပင်က ၁-မိုင်ခွဲ၊ ခြောက်ကဲကတော့ ချောင်းဟိုဘက်ကမ်းမှာဆိုတော့ ၂-မိုင်ပဲ ဝေးပါတယ်။ အဲဒီရွာတွေမှာလည်း ဗလီတွေ၊ စာသင်ကျောင်းတွေရှိပါတယ်။” ဟု ဥက္ကံမြို့ခံက ပြောပြလာပါတယ်။

    ပနီပင်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ “ပနီပင်မှာလည်း မီးရှို့ခံရပါတယ်။ အားလုံးလည်း တပ်ပျက်ပြီးတော့ ချောင်းကမ်းပါးဘေးထဲကို ၀ရမ်းပြေးလိုပြေးနေကြတယ်။ နောက် ဘေး ရွာတွေလည်း အကုန်မီးလောင်သွားပြီ။ ပနီပင်ရွာထဲမှာလည်း သုံးပုံနှစ်ပုံက မီးလောင်သွားပြီ။ ညနေကတော့ ပနီပင်ကို ခရိုက်က ရဲတွေလာတယ်။ ပတ်ကြည့်စာရင်းယူပြီး ဒီအတိုင်းပြန်သွားတယ်။ မီးလောင်တာတွေလည်း သူတို့မြင်တယ်။ သူတို့ကိုပြောတယ် ဟိုဘက်ရွာမှာ လူစုနေတယ်။ ညကိုဝင်ပြီး ကုလားတွေကို သတ်မယ်၊ မီးရှို့မယ်လို့ပြောရဲ့သားနဲ့ ၁၀-မိနစ် ၁၅-မိနစ်လောက် ရပ်ပြီး သူတို့ပြန်သွားကြတယ်။  အခု ဘာလုံခြုံရေးမှ မရှိဘူး။ အခု ပနီပင်မှာတော့ တော်တော်ကုန်သွားပြီ။ ”

    “ဟိုဘက်က ခြောက်တဲရွာ၊ ကျွဲကုန်းရွာ၊ မီးတောက်စခန်းရွာ အကုန်လုံးကုန်သွားပြီ။ တစ်ရွာလုံး ပြာကျသွားပြီ။ အဲဒါတွေက မွတ်စလင်မ်ရွာတွေပေါ့ဗျာ။ လွတ်လွတ်လပ်လပ် မီးရှို့ပြီးပြာချပစ်လိုက်ကြတာပေါ့ဗျာ။ မီးလောင်တာတွေမှာ ဗုဒ္ဓဘာသာတစ်ယောက်မှမပါဘူး။ ရွာလုံးကျွတ် မွတ်စလင်မ်တွေချည်းပါပဲ။ ပနီပင်မှာ မွတ်စလင်မ်အိမ်ခြေ (၁၀၀)၀န်းကျင်ရှိပါတယ်။ ဗလီ(၁)လုံးရှိတယ်။ ခြောက်တဲမှာက အာရဗီစာသင်ကျောင်း(၁)ကျောင်း၊ မီးတောက်စခန်းမှာက ဗလီတစ်လုံး၊ ကျွဲကုန်းမှာက ဗလီ(၁)လုံးနဲ့ စာသင်ကျောင်း(၁)ကျောင်းရှိပါတယ်။ အဲဒါတွေလည်း မီးရှို့တာ။ ကျွန်တော့်မျက်စိနဲ့မြင်တာပါ။ ကျွန်တော်ဖြင့် လုံးဝကို မကြည့်ရက်ဘူးဗျာ။ မီးခိုးလုံးတွေ မည်းတက်လာတာ မိုးပါ မှောင်မည်းသွားတယ်။ အဲဒါက ညနေ(၄)နာရီလောက်ကပါ။ ၄-နာရီလောက်မှာ ကျွဲကုန်း၊ ခြောက်တဲ၊ ပနီပင် ၃-ရွာလုံးကို တစ်ချိန်တည်းလုပ်တာပါ။”

    “ကျွန်တော်က ဥက္ကံကပါ။ ဥက္ကံမှာနေတယ်။ မနက်က ဥက္ကံမှာဖြစ်တော့ ကျွန်တော့်ရဲ့ ချက်မြှုပ်ရွာဖြစ်တဲ့ ပနီပင်ကို ပြေးလာတာပါ။ ဘာပဲပြောပြော ပနီပင်က ကွင်းပြင်ရှိတယ်ဆိုတော့ ပြေးရရင်လည်း ပြေးလို့ရအောင်ပါ။ ကလေးတွေနဲ့ဆိုတော့လည်း ပြေးဖို့လုပ်ရတာပေါ့။ ပြေးလို့ရမလားဆိုပြီးပြေးလာတာ။ ဥက္ကံမှာဆိုလည်း မနည်းလွတ်အောင်ပြေးလာရတယ်။ ဥက္ကံမှာဆို အော်ဟစ်ပြီး မွတ်စလင်မ်အိမ်တွေကို ဖျက်ဆီးနေတယ်။ ကျွန်တော့်နားနဲ့ အကုန်ကြားနေကြတယ်။ အမျိုးသမီးနဲ့ ကလေးတွေကလည်း စိတ်အားငယ်ပြီး တအားကြောက်နေကြတယ်။ ဒါနဲ့ ကျွန်တော်လည်း လွတ်ရာကျွတ်ရာကို ပြေးခဲ့လိုက်တာ။ အဲဒါ လမ်းမှာ ကျွန်တော့် ဆိုင်ကယ်ကိုလည်း ထားပစ်ခဲ့ရပြီး ပြေးလာလိုက်ရတယ်။ အခုတော့ ဆိုင်ကယ်လည်း တစ်စစီဖြစ်သွားပြီ ထင်တာပေါ့ဗျာ။ မနက်ကဖြစ်တဲ့ကိစ္စက ဘာမှ ပြဿနာအကြီးကြီးမဟုတ်ပါဘူး။ မတော်တဆ ထိခိုက်မှုပါ။ အဲဒါ စခန်းမှာ အချိန်ဆွဲပြီး လူတွေကို ၁၁-နာရီခွဲ ၁၂-နာရီထိပဲ။ တချို့က ၉၆၉ ဘုန်းကြီးမလာသေးလို့စောင့်နေတယ်ဆိုပြီးပြောတယ်။ မွတ်စလင်မ်အိမ်တွေချည်းပဲရွေးပြီးဖျက်ဆီးကြတယ်။ ဘယ်အိမ်ကုလားအိမ်၊ ဘယ်အိမ်ကုလားအိမ်ဆိုပြီး ရွေးရွေးပြီး အကုန်ဖျက်တယ်။ ၉၆၉ ဘုန်းကြီးဆိုတာ မှော်ဘီကလို့ပြောတယ်။ အရင်လက ဥက္ကံမှာ ၃-ရက်တရားပွဲလုပ်တော့ နောက်ဆုံးရက်မှာ ဟောသွားတဲ့ ဘုန်းကြီးခင်ဗျ။ သူကိုယ်တိုင်ကလည်း မုန်းတီးရေးကို ပေါ်တင်ဟောတာပဲ။ ဓမ္မာရုံမှာဟောသွားတာ ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားတာ။ ကုလားဆိုင်က ဈေးမ၀ယ်နဲ့။ ဘာညာဟောတာ။ အဲဒီမှာ လုံခြုံရေးတော်တော်လာလိုက်တော့ စကားနည်းနည်း လျှောချလိုက်တယ်။ အဲဒီဘုန်းကြီးပါ။ အခုလည်း ဒီညတော့ ဥက္ကံမှာ ၀င်မယ်လို့တော့ သတင်းရတာပဲဗျာ။ ကျွန်တော်လည်း ဥက္ကံကို အခု ဖုန်းခေါ်လို့မရဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်တယ်။”

    “အခု ဒီဖြစ်ရပ်က လုံးဝကို စနစ်တကျနဲ့လုပ်တာပါ။ တစ်ခြား ဘာမှကို တွေးစရာတောင်မလိုဘူး။ ကျွန်တော်ကတော့ မီဒီယာကနေ ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေကို တဆင့်ပြောချင်တယ်ဗျာ။ ခေါင်းဆောင်ကြီးတွေအနေနဲ့ ‘အစ္စလာမ်တွေကို ဒီနိုင်ငံမှာ မထားဘူး။ ဒီနိုင်ငံက မဟုတ်ဘူးလို့ဆိုရင် အစ္စလာမ်နိုင်ငံတွေကို မင်းတို့အစ္စလာမ်တွေကို မင်းတို့လာခေါ်၊ ၁-လတန်သည် ၂-လတန်သည်အတွင်းလာခေါ်။ မင်းတို့ လာမခေါ်ရင် ငါတို့ ပေါ်တင် ပစ်သတ်မယ်ကွာဆိုပြီးတော့ နိုင်ငံတကာကို ပြောပေးပါလို့’ အခုတော့ ဒီအတိုင်းကြီး ဒုက္ခပေးပြီး သက်သက်မဲ့ အသေခံနေရတာ။ အခု ကျွန်တော်တို့ ဘ၀တွေပျက်နေရတယ်။ အခု ဟိုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ငိုတဲ့သူငို၊ နှလုံးရောဂါ တက်သူတက်နဲ့။ ရွာက လူတွေဆိုလည်း အိမ်လေးတွေ ဆောက်ထားကြတယ်။ အခု အကုန်လုံးပြာဖြစ်သွားတယ်။ အကုန်လုံး လူတွေ ဒုက္ခရောက်နေကြတယ်။ အခုလို စနစ်တကျ ဖျက်ဆီးနေတဲ့ပုံစံ မကောင်းဘူးပေါ့ဗျာ။ လူသားချင်းနည်းနည်းပါးပါး စာနာပေါ့ဗျာ။ မထားချင်ဘူးလား ပို့လိုက်ပေါ့ဗျာ လက်ခံတဲ့နိုင်ငံ၊ မထားချင်ဘူးလား ပစ်သတ်လိုက်ပေါ့ဗျာ။ အခုက ယဉ်ယဉ်လေးဖျက်ဆီးပြီးနဲ့ သတ်နေတာ။ ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာက ဘာသာရေးအဖွဲ့ကြီးက အာဏာမှ မရှိတာဗျာ။ အာဏာရှိတာက နိုင်ငံတော် အစိုးရပါ။ နိုင်ငံတော်အစိုးရက ဖြေရှင်းရမှာပါ။ အခု ဒီမှာဗျာ ချောင်းကမ်းပါး ဘေးနားမှာ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း မြွေပါးကင်းပါးနဲ့ အကုန်ကြောက်နေရတယ်။ မြင်ကွင်းတွေက လုံးဝ မကြည့်ရက်စရာပါပဲ”လို့ ၀မ်းနည်းစွာ ငိုရင်း M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

  • ဥက္ကံမြို့ရှိ မွတ်စလင်မ်များ အကြမ်းဖက်ခံရ၊ ထွက်ပြေး တိမ်းရှောင်နေသူများနှင့် ဆက်သွယ် မေးမြန်းချက်

    ဧပြီ ၃၀၊ ၂၀၁၃
    M-Media
    K K

    Oak Kan
    ဥက္ကံ ။ ။ ဥက္ကံမြို့ရှိ ဗလီ၊ စာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်များ၊ ဆိုင်ခန်းများကို ယနေ့ နေ့လည် ၁- နာရီခန့်ကစတင် အကြမ်းဖက် ဖျက်ဆီးနေမှုနှင့် ပတ်သက်၍ အကြမ်းဖက်ခံရသည့်နေရာမှ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

    “ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင် အိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ မီးရှို့တာက ဟာဖိဇ်(အာရဗီစာသင်)ကျောင်းဘေးက တဲကို မီးရှိုတယ်။ ကျန်တဲ့ အိမ်တွေ ဆိုင်တွေကိုတော့ မီးမရှို့ပါဘူး။ စာသင်ကျောင်းကတော့ ပျက်တာ သေချာပါတယ်။ ကျွန်တော်လည်း အဲ့ဒီဘက်ကို အခု သွားကြည့်လို့ မရတော့ဘူး။ ရှောင်နေရတယ်။ ဟာဂျီဦးမောင်ရွှေတိုက်လည်းဖျက်တယ်။ ဟာဂျီတင်ဦးဆိုင်လည်းဖျက်တယ်။ ရပ်ကွက်ထဲမှာ မွတ်စလင်မ်ပိုင်နေရာတွေ တော်တော်များများဖျက်တယ်။ အခုလည်း ဖျက်နေတာ အုန်းအုန်း အုန်းအုန်းနဲ့ အသံတွေ ကြားနေရတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာလည်း အခု လက်ရှိဖျက်နေတယ်။ ကျွန်တော့်အိမ်ရှေ့ကအိမ်လည်း ဖျက်ခံလိုက်ရတယ်။ ဒါဆို ကျွန်တော့်အိမ်လည်း ဖျက်ခံရတဲ့အထဲ ပါသွားလောက်ပြီ။ အခုပဲ အခု။ ကျွန်တော် ကွင်းထဲမှာ အခုရောက်နေတယ်။”

    “ရဲတွေ စစ်တပ်တွေတော့ရှိနေတယ်။ သူတို့လည်း ဘာမှ လုပ်လို့မရဘူးဗျ။ တောကနေ လူတွေအများကြီးတက်လာတယ်။ လူဦးရေက ကျွန်တော်ပြောလို့မရဘူး။ သူတို့တက်လာက ဘယ်ရောညာရော လေးဘက်လေးတန် ဘေးပတ်ပတ်လည်ကနေ အကုန်တက်လာကြတာ။ ကျွန်တော်တို့က ကြားထဲမှာဖြစ်နေတယ်။ ဟုတ်ကဲ့ ဘယ်ကနေစဖြစ်တာလဲဆိုတာ သိတယ်ခင်ဗျ။ စဖြစ်တာက မနက်ပိုင်း (၁၀)နာရီလောက်မှာဖြစ်တာ။ ဥက္ကံအနီးရွာတစ်ရွာက မွတ်စလင်မ်အမျိုးသမီးတစ်ဦးက ဈေးသွားရင်း ကိုရင်လေးနဲ့ ၀င်တိုက်မိတယ်။ ကိုရင်လေးရဲ့ သပိတ်က မှောက်သွားတယ်။ သပိတ်ထဲက ထမင်းတွေလည်း မှောက်ကုန်တယ်။ အဲဒါကို တမင်တကာလုပ်တယ်ဆိုပြီးပြောတယ်။ အဲဒါ ရဲစခန်းမှာ သွားပြီးရှင်းကြတယ်။ သပိတ်နဲ့ ဆွမ်းကို ပြန်ပြီး ဝယ်ပေးတယ်လို့ပြောတယ်။ အဲလို ရှင်းနေတုံးပဲ လူတွေစုပြီး ရောက်လာကြတာ။ စဖြစ်တာက မနက်ပိုင်းကစဖြစ်ပြီး တခဏချင်းမှာပဲ လူစုကြီးဖြစ်သွားတာ။”

    “ကျွန်တော် အခု အိမ်ကနေ ထွက်ပြေးနေကြတယ်။ အသိ ဗုဒ္ဓဘာသာမိတ်ဆွေ အိမ်တစ်အိမ်မှာ အခု ပုန်းနေပါတယ်။ မိတ်ဆွေ ဗုဒ္ဓဘာသာအိမ်ကပြောတယ်။ ဒါက တမင်သက်သက် အဖျက်သမားတွေက လုပ်ကြတာ။ ခင်ဗျားအပြင်မထွက်ပါနဲ့။ လုံးဝ မထွက်ပါနဲ့ဆိုပြီး ကျွန်တော့်ကို အိမ်ထဲမှာပဲ ပုန်းခိုင်းထားတယ်။ သူတို့ပြောတာတော့ ဗလီ(၂)လုံးကို ဖျက်လိုက်ပြီ။ ဗလီတွေက ဈေးဗလီနဲ့ လမ်းချိုးဗလီပါ။ ဥက္ကံမှာက ဒီဗလီ ၂-လုံးပဲ ရှိတာပါ။ မွတ်စလင်မ်ဆိုင်တွေ အိမ်တွေတော်တော်များများကိုဖျက်လိုက်ပြီ။”လို့ ဥက္ကံမြို့ရဲ့ လတ်တလောအခြေအနေများအား M-Media ကို ပြောပြလာပါတယ်။

    အခင်းစတင်ဖြစ်ပွားသည့်အခြေအနေမှာ သာမန်မတော်တဆ ထိခိုက်မှုဖြစ်သော်လည်း ယင်းဖြစ်ရပ်ကိုအခြေခံပြီး အကြမ်းဖက်မှုဖြစ်ပွားအောင် စတင်ခဲ့ခြင်းဖြစ်ပြီး တရားဥပဒေအရ အရေးယူရန် ရဲစခန်းတွင် အမှုဖွင့်သော်လည်း တရားဥပဒေအရ ထိန်းသိမ်းနိုင်စွမ်းမရှိပဲ အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

    နောက်ဆုံးရရှိသော သတင်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်သမားများကို ဟန့်တားခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ဘာသာခြား မလိုလားတဲ့ သီရိလင်္ကာ ဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေသလဲ

    မူရင်းဆောင်းပါးရှင်-Kapil Komireddi

    ဘာသာခြား (မွတ်စလင်မ်) များကို မလိုလားတဲ့ သီရိလင်္ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေသလဲ?

    မိမိပြည်တွင်းရှိသူများမှာ တစ်ပြေးညီနိုင်ငံသားများသာဖြစ်သည်၊ အစိုးရအနေနှင့် ခွဲခြားဆက်ဆံခြင်း မပြုပါ ဟု သီရိလင်္ကာနိုင်ငံမှ အတည်ပြုပြောဆို သွားသည်။

    သီရိလင်္ကာနိုင်ငံသမ္မတ မဟင်းဒါး ရာဂျာပတ်ဆာက လူမျိုးရေး သတ်မှတ်ချက်ပေါ် အခြေခံပြီး နိုင်ငံရေးအာဏာ အတွက် လှုပ်ရှားမှုများမှာ မိမိအား စိတ်ကွက်စေသည်ဟုဆို၏။ လူမျိုးပေါ်မူတည်၍ တာဝန်ရာထူးသတ်မှတ်ချက် အသီးသီးကို ကန့်ကွက်သောအားဖြင့် သူက “ လူအဖွဲ့အစည်းအားလုံးအဖို့ တန်းတူညီမျှအခွင့်အရေးရှိမှသာ ဒီနိုင်ငံထဲ အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်တယ် ” ဟု မကြာသေးမီကပင် အခိုင်အမာပြောကြားလိုက်သည်။

    ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ သီရိလင်္ကာမှာ လူမျိုးရေး အခြေတည် ၀ါဒဖက်သို့ ကူးပြောင်းလာခဲ့သည်။ ပြင်းထန်ကြမ်းတမ်းသည့် ပြည်တွင်းစစ် အတွင်း ချေမှုန်းခံရပြီးနောက် တမီလ် လူမျိုးတို့သည် ပြေလည် သင့်မြတ်ရေးပြုလုပ်ကြမည့် အစား တိုင်းပြည်ကို သိက္ခာကျဆင်းစေလျက်ရှိသည်။ ဥပဒေပြုသူများသည်လည်း မျက်ကန်းမျိုးချစ် လူယုတ်မာများ ဖြစ်လာကြသည်။ ၄င်းပြင် သင်္ကန်းခြုံ ဘုန်းတော်ကြီးတို့ကလည်း မိမိကိုယ်ကို ဆင်ဟာလာ လူများစုအား ကာကွယ်ပေးသူများအဖြစ် ပုံဖမ်းကာ လူနည်းစုတစ်စုမဟုတ် တစ်စုအပေါ် နေ့စဉ်နှင့်အမျှ အပြစ်ရှာ နှိပ်ကွပ်လာကြသည်။

    4
    သိရီလင်္ကာ မှ အဓိကရုဏ်းတခု မြင်ကွင်း

    ယမန်နှစ် ဧပြီလတွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားတို့သည် သီရိလင်္ကာ အလယ်ပိုင်းရှိ ဗလီဝတ်ကျောင်း တစ်ခုအား နှောင့်ယှက်ခဲ့ကြသည်။ ဗုဒ္ဓဘာသာသာသနာ့ နယ်မြေအတွင်း တည်ဆောက်ထားသည်ဟု စွပ်စွဲကာ ချက်ခြင်း ပိတ်ခိုင်းခဲ့သည်။ ရဲအရာရှိများမှာ ယင်းအမှုကို တားဆီး အရေးယူရမည့် အစား မြင်ကွင်းကိုရပ်ကြည့်နေသည် သာမက ၄င်းတို့အား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပင် ပေးခဲ့သည်။ ယင်းစော်ကားမှု သတင်းသည် ကိုလံဘိုရှိ အာဏာပိုင်တို့ထံ ပေါက်ကြားရောက်ရှိသွားသောအခါ ၀န်ကြီးချုပ်က ဗလီဝတ်ကျောင်းတော်အား ရွှေ့ပြောင်းလိုက်ရန် မွတ်စ်လင်မ်တို့ကို အမိန့်ပေးခဲ့သည်။ မွတ်စ်လင်မ်တို့အပေါ်ပြောင်ပြောင်တင်းတင်း အကြမ်းဖက်နေသော ဗုဒ္ဓဘာသာဝင် မျက်ကန်းမျိုးချစ်များဖက်မှ ဘက်လိုက်ရပ်တည်ပြီး ယင်းသို့ လျှပ်တစ်ပြက်ဆုံးဖြတ်လိုက်ခြင်းမှာ မိမိနိုင်ငံသားအားလုံးကို စောင့်ရှောက်သည်ဟူသော သီရိလင်္ကာ၏ ကြွေးကြော်ချက်ကို အရှက်ရသွားစေသည်။

    1တာအထွက်ကောင်းသည်ကို ဇာချဲ့၍ ဗုဒ္ဓဘာသာဘုန်းကြီးအချို့သည် လူထုအတွင်းဝါဒဖြန့်ချိရန်အတွက် နောက်ထပ် ပစ်မှတ်တစ်ခုထံ ချဉ်းကပ်ခဲ့ကြသည်။ ဤနှစ်အစောပိုင်းတွင် မိမိကိုယ်ကို “ ဗုဒ္ဓဘာသာဝင် စွမ်းအားရှင် တပ်ဖွဲ့ ” – Bodu Bala Sena (BBS) ဟု ကင်ပွန်းတပ်ထားကြသော အုပ်စုတစ်စုသည် ကိုလံဘို၌ အခြေပြုလျက် စားပိုင်ခွင့်ရှိ အမှတ်တံဆိပ်စံနစ် Halal System အား စော်ကားရှုတ်ချခဲ့ကြသည်။ ထောင်နှင့်ချီသော ယောက်ျားမိန်းမများသည်  အဆိုပါတပ်ဖွဲ့ဝင် မျက်ကန်း မျိုးချစ်တို့၏ တရားကိုနာယူရန် ကိုလံဘိုမြို့တော်သို့ စုရုံးရောက်ရှိလာခဲ့၏။  “ ငါတို့ နိုင်ငံဟာ ဆင်ဟာလီ လူမျိုးတစ်မျိုးတည်းရဲ့ တိုင်းပြည်ဖြစ်တယ်။ ငါတို့ဟာ ဒီတိုင်းပြည်ရဲ့ သွယ်ဝိုက် ကာကွယ်ရေးသမားတွေဖြစ်တယ် ” ဟု သံဃာတော်တစ်ဦးမှ ကြေငြာသည်။ ရက်သတ္တပတ်အနည်းငယ် လွန်မြောက်ပြီးသော် ဘုန်းကြီးများက ကိုလံဘိုရှိ မွတ်စ်လင်မ်ပိုင် သားသတ်ရုံတစ်ခုကို သားသတ်ခြင်း မပြုနိုင်အောင် ၀င်ရောက် စီးနင်းခဲ့ကြသည်။ သို့သော် ၄င်းပရ၀ုဏ်အတွင်း နွားတစ်ကောင်ကိုမျှ မတွေ့ကြရသဖြင့် အကြီးအကျယ် စိတ်ပျက်သွားသည်။ အကြောင်းမှာ ကိုလံဘို၌  နွားသတ်ခြင်းကို ၂၀၁၂ ခုနှစ် မေလကတည်းကပင် ပိတ်ပင်တားမြစ် ထားပြီးသောကြောင့်ဖြစ်သည်။  အသားသည်များက မြို့ပြင်၌သာ ဆောင်ရွက်ဖြန့်ဖြူးလျက်ရှိသည်။ ယင်းသို့ ရမယ်ရှာမရသည့် အပေါ် မကြေမချမ်းဖြစ်ကာ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ (ဟလာလ်) အမှတ်တံဆိပ်ထံသို့ ဘုန်းကြီးများမှ ဦးလှည့် ဆူပူခြင်းဖြစ်သည်။ ရဲဝန်ထမ်းများမှ ထိုဖြစ်စဉ်ရပ်ဝန်းသို့ ရောက်လာကြသော်လည်း ဘုန်းကြီးများကိုသာ အားပေးအားမြှောက် ပြုခဲ့ကြသည် ဟု BBC မှ တင်ပြသည်။

    3
    တိရစ္ဆာန်များ၏ အသက်ကယ်တင်ရေးဟု ယင်းဘုန်းတော်ကြီးအချို့၏ ကြွေးကြော်ချက်အတိုင်း  အစစ်အမှန် ရည်ရွယ်ချက် ဖြစ်ခဲ့လျှင်ပင် ဗုဒ္ဓဖြန့်ချိခဲ့သော “ အကြမ်းမဖက်ရေး” ပင်မတရားတော်နှင့် ဖီလာဆန့်ကျင်နေသည်။ အိန္ဒိယတိုက်အတွင်း နှင့် ၄င်း၏အရှေ့ပိုင်း အိမ်နီးချင်းနိုင်ငံများ၌ တိရစ္ဆာန်များပေါ်စာ နာရေးကိစ္စကို ခန္တီစတရား လက်ကိုင်ပြု၍ ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်လေ့ရှိကြ၏။ အနိုင်ကျင့်စော်ကားခြင်း နှင့် ရာဇသံပေးခြင်း အမှုမျိုး မပြုလုပ်ကြချေ။ ဘုန်းတော်ကြီး Zhiwen ၏ ဟောပြောချက်များကြောင့် တရုတ်နိုင်ငံသားများစွာတို့သည် မိမိတို့၏ အိမ်မွေး တိရစ္ဆာန်များကို ဘေးမဲ့ပေးခဲ့ကြ၏၊ မိမိတို့၏ ငါးဖမ်းပိုက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြကုန်၏။  မွတ်စ်လင်မ်အပေါင်းသည် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်သည်ဟု သီရိလင်္ကာနိုင်ငံသားတို့မှ ပြန်တမ်း ထုတ်လိုက်ခြင်းမှာ ၄င်းတို့ကိုယ်တိုင်ကပင် အသိနိမ့်ကျနေကြောင်း ထုတ်ဖော်ရာ ရောက်သွားပေသည်။ အကြောင်းမှာ အာသောကမင်း လက်ထက်ကတည်းက စ၍ အိန္ဒိယနိုင်ငံတွင် တိရစ္ဆာန်များအပေါ် အကြင်နာ အငဲ့ညှာဆုံး ဘုရင်မှာ မွန်ဂိုပြည့်ရှင် မုဟမ္မဒ် အကဗရ် ဖြစ်ခဲ့ခြင်းကြောင့်တည်း။

    2ပြည်ပသို့အမဲသားတင်ပို့သည့် မွတ်စ်လင်မ်ပိုင်လုပ်ငန်းများတွင် ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များကို အလုပ်ခန့် ထားကြသည်။ သို့ပင်သို့ငြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအလို့ငှာ ဘုန်းကြီးများ၏အလိုကို လိုက်လျောပြီး စားသောက်ကုန်ပေါ်မှ ဟလာလ်တံဆိပ်အား စွန့်လွှတ်ရန် မွတ်စ်လင်မ်ထုမှ ဆုံးဖြတ်ခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဆက်လက် ဒုက္ခမပေးကြစေရန် မွတ်စ်လင်မ်တို့က အဆိုပြုခဲ့ကြသည်။ ပြီးခဲ့သည့်လတွင် ဥပဒေ ကောလိပ်တစ်ခုရှိ မွတ်စ်လင်မ်ဆရာမများကို ကိုယ့်အမျိုးကိုသာ မျက်နှာလိုက်သည်ဟု စွပ်စွဲ၍ ဗုဒ္ဓဘာသာဘုန်းကြီးများက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ၄င်းပြင် လုံခြုံစွာဆင်ယင်ထားကြသည့် အ၀တ်အစားပုံ ဟန်စံနစ်ကိုလည်း ပစ်ပယ်ဖျက်သိမ်းလိုက်ရန် ခိုင်းစေခဲ့ကြသည်။ “ သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ့်စည်းမျဉ်းတွေ ၀င်ရောက်လာခွင့် မရှိအောင် ဒီလိုလုံခြုံတဲ့ အ၀တ်တန်ဆာမျိုးကို ဒီနိုင်ငံကနေ တားမြစ်လိုက်တဲ့အထိ ကျုပ်တို့ တိုက်ခိုက်သွားမယ် ” ဟု ဘုန်းကြီးတစ်ဦးမှ ငါ့စကားနွားရ ဆိုတတ်သော ဥရောပလစ်ဘရယ်များအလား ကြေညာသွားခဲ့သည်။

    BBS အကြမ်းဖက်အုပ်စု၏ အထူးဦးစားပေးရည်မှန်းချက်ဖြစ်သည့် တိရစ္ဆာန်များအားကာကွယ်ရေး မှသည် မွတ်စ်လင်မ် အမျိုးသမီးတို့၏အ၀တ်အစားများအား လှန်လျောကြည့်ရှုလိုခြင်း အဆင့်သို့ ရောက်လာကြသည်။ ကိုလံဘို မြို့လယ်လမ်းပေါ်တွင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးမှာ တံတွေးဖြင့် အထွေးခံရပြီး၊ ဘူတာရုံတစ်ခု၌ လုံခြုံစွာ ၀တ်စားဆင်ယင်ထားသည့် မွတ်စ်လင်မ်အမျိုးသမီး လေးဦးထက်မနည်း လူရမ်းကားတစ်စု၏ တိုက်ခိုက်ခြင်းကို ခံရသည်။

    ရာစုတစ်ခုနီးပါး တိုင်အောင် ဗုဒ္ဓဘာသာဝင်တို့သည် တိုင်းတစ်ပါးသား လူနည်းစုများမှ အသုံးချမှုခံလိုက်ရ သယောင်ယောင် ယုတ်မာသော လံကြုပ် ဇာတ်လမ်းများကို အသုံးပြု၍ ဆင်ဟာလီလူများစုတို့၏ မူလအသိတရား၌ ညစ်ညမ်းမှုများ ပြန့်နှံ့သွားအောင် ထိုးဆွမှုပြုခဲ့ကြသည်။ “ ဆင်ဟာလီ လူမျိုးတို့က ဒီကျွန်းကို နိဗ္ဗာန်တမျှ ထင်ရှားလှပသာယာအောင် ဖန်တီးခဲ့ကြတာပါ။ အရိုင်းအစိုင်း ဖျက်ဆီးရေးသမားတွေကြောင့် ဒီကျွန်းက ပျက်စီးသွားရတယ်။ တိရစ္ဆာန်တွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း၊ ကာမေသုမိစ္ဆာစာရကံကျူးလွန်ခြင်း၊ မုသားဆိုခြင်း၊ မူးယစ်သေစာသောက်စားခြင်း အလေ့အထတွေအတွက် ခရစ်ယာန်ဝါဒ နဲ့ ဟိန္ဒူဝါဒမှာ တာဝန်ရှိတယ် ” ဟု Anagarika Dharmapala က ၂၀ ရာစု အစပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

    လက်တွေ့၌မူ ခရစ်ယာန်တို့သည် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင် ဆင်ဟာလီ လူများစုအပေါ် ထူးထူးခြားခြား လွှမ်းမိုးခြယ်လှယ်ခြင်း မရှိခဲ့ကြချေ။  ဆင်ဟာလီတို့၏အုပ်ချုပ်ရေးကို ဖြိုလဲရန်ကြိုးစားခဲ့သော ဟိန္ဒူဘာသာဝင်တမီလ်အုပ်စုများကသာ ၂၀၀၉ ခုနှစ်တွင် ရက်စက်မှုကို လက်ဦးခံခဲ့ရခြင်းဖြစ်သည်။ သို့သော် စိတ်၏ လုံခြုံမှုမရှိသော လူများစုမှာ မိမိတို့သာလျှင် သာမြတ်မှုရှိကြောင်း ပြသနိုင်ရန်အတွက် အခြားလူနည်းစုဝင်တို့အတွင်းမှ အားနည်းချက်များကို မပြတ်ရှာဖွေကြိုးပမ်းလေ့ရှိသည်။

    လက်ရှိအဖြစ်အပျက်သည် ရာဂျာပတ်ဆာ ၏ နိုင်ငံရေးအာဏာခိုင်မာစေအောင်ပြုလုပ်သော နည်းလမ်းတစ်ရပ်ဖြစ်သည်။ အစိုးရ၏ သြဇာအကြီးဆုံး ရာထူးများ၌ မိမိ၏ မိသားစုဝင်များကိုသာ ခန့်အပ်ထားသည်။ ဆင်ဟာလာ အမျိုးသားရေးဝါဒီများမှာ ၄င်းတို့ကျွေးမွေးထားသော အခြေခံ အင်အားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ အတိတ်ကာလမှ အပြန်အလှန်အဓိကရုဏ်းတို့အား အဆုံးသတ်လိုက်သည့် မွတ်စ်လင်မ်များမှာ တမီလ်များနှင့် ရင်ဘောင်တန်းလာနိုင်ကြပြီဖြစ်သည်။ ထိုအချက်ကြောင့် သည်းခံခြင်းနှင့်မေတ္တာတရားအကြောင်းကို သမ္မတက တဖွဖွ ပြောဆိုနေသည့်တိုင် ၄င်း၏ညီဖြစ်သူ ကာကွယ်ရေးဌာနအတွင်းဝန် ဂိုတာဘာယာ က ဗုဒ္ဓဘာသာဝင်ရဟန်းတုများ၏ BBS ဂိုဏ်းကို ဖန်တီးလိုက်ခြင်းဖြစ်၏။ လတ်တစ်လောကျင်းပသွားခဲ့သော BBS အခမ်းအနားတွင် ယင်းဂိုဏ်းသားများ အားလုံးကို မိမိတို့၏ အမျိုးဘာသာသာသနာနှင့်တိုင်းပြည်ကို ကာကွယ်သူများအဖြစ် အမွှမ်းတင်ခဲ့ပြီး “ ဒီ ဘုန်းတော်ကြီးတွေအပေါ် ဘယ်သူမှ သံသယ မထားရ။ အသင်တို့ကို အားပေးကူညီဖို့ ကျွန်ုပ်တို့ ဒီကို လာရောက်ရခြင်း ဖြစ်တယ် ” ဟု ပြောကြားသွားသည်။

    မိမိတို့၏နိုင်ငံသည် ရာဂျာပတ်ဆာ လက်အောက်ရောက်မှ  ဆင်ဟာလီ ဗုဒ္ဓဘာသာဝင် အမြောက်အများ ချိုးနှိမ်ခံရသည် (သိက္ခာကျဆင်းရသည်)။ သို့ပါသော်လည်း သူတို့သည် တမီလ် နှင့် မွတ်စ်လင်မ်များကဲ့သို့ ယနေ့သီရိလင်္ကာနိုင်ငံ၌ အသံတိတ်လျက် ရှိပေသည်။

    **  The Daily Beast  တွင် အိန္ဒိယဂျာနယ်လစ်  Kapil Komireddi  ရေးသားသော  What Intolerant Buddhist Monks Are Doing To Sri Lanka  ဆောင်းပါးကို သစ္စာချို မှ တိုက်ရိုက်မြန်မာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။ **

    What Intolerant Buddhist Monks Are Doing To Sri Lanka