News @ M-Media

Tag: featured

  • မိတ္ထီလာတွင် မွတ်စလင် ၃၅၀၀ ကျော်ပိတ်မိနေပြီး အကူညီမဲ့နေကြ

    မတ်လ၊ ၂၁၊ ၂၀၁၃
    M-Meida
    မိတ္ထီလာမြို့၊ နန်းတော်ကုန်းနယ်မြေ၊ ရှိ ရပ်ကွက်ထဲမှာ ပိတ်မိနေတဲ့ မွတ်စလင်မ် အိမ်ထောင်စု (၃၀၀)ခန့် လူဦးရေ (၅၀၀)ကျော်ရှိနေပါတယ်။

    နေ့လည်ကတည်းက သံခေါင်းတွေခေါက်၊ လူတွေစုပြီးစီစဉ်နေကြတော့ ဘယ်မှ မထွက်ရဲတော့ပဲ ရပ်ကွက်ထဲမှာပဲ ပိတ်မိနေတာပါ။ ဖုန်းလည်း ဆက်စရာမရှိ။ ရေလည်းမရှိ စားသောက်စရာလည်း မရှိတဲ့ အခြေအနေကို ရောက်နေပါတယ်။ လူ(၅၀၀)ကျော်မှာ ကလေး(၁၀၀)နီးပါး၊ အမျိုးသမီးနဲ့သက်ကြီးရွယ်အို (၂၀၀)လောက်ရှိပါတယ်။ မြို့ထဲမှာတော့ စစ်တပ်ချထားတယ်လို့ကြားပါတယ်။ ကျွန်တော်တို့လည်းအပြင်မထွက်ရဲကြတော့ မျက်မြင်တွေ့ရတာတော့မဟုတ်ပါဘူး။ သူများပြောသံကြားတာပါ။ အိမ်ထဲက အပြင်မထွက်ကြပဲ နေနေတော့ အခုထိတော့ ထိခိုက်ဒဏ်ရာမရှိပါဘူး။ ဒါပေမယ့် စားသောက်စရာနဲ့ ရေမရှိတော့ ဒုက္ခရောက်နေရပါတယ်”လို့ ရပ်ကွက်ထဲမှာ ပိတ်မိနေသူက ပြောပြပါတယ်။

    နန်းတော်ကုန်းနယ်မြေ၊ မှာလည်း အလားတူ ပိတ်မိနေကြတဲ့ မွတ်စလင်မ်တွေ ရှိနေပါတယ်။ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအ၀င် မိသားစု(၆၀၀)ကျော်ပြီး လူဦးရေ(၂၀၀၀)ကျော်ရှိနေပါတယ်။ အပြင်လည်း ထွက်ခွင့်မရလို့ စားရေးသောက်ရေး ဒုက္ခရောက်နေပါတယ်။ လုံခြုံရေးလည်းမရှိ၊ မီးသတ်ကားလည်းမရှိပါဘူး။ ဘာသာခြားတွေကတော့ တခြားဒေသကို ထွက်သွားလိုက်ကြပါပြီ။ သူတို့က မိသားစု(၃၀)လောက်ပဲရှိကြတော့ သူတို့မိသားစုတွေရှိတဲ့ ရွာတွေကို ထွက်သွားလိုက်ကြပါတယ်။ အခုက မွတ်စလင်မ်တွေပဲ ကျန်နေတော့တယ်။ နေ့လည်ကတော့ တချို့ကလည်း ကိုယ့်ကိုယ်ကို ပြန်လည် ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်နေကြတာလည်းရှိတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးမဲ့ အားနည်းနေတော့ အခုလို ဖြစ်နေရတယ်။ ၁၀-တန်းစာမေးပွဲဖြေဖို့အတွက် ခက်ခဲနေရတယ်။ မနက်ဖြန်ဆို စာမေးပွဲဖြေမယ့်ကလေးတွေ ဘယ်လိုလုပ်ကြမလဲ။ ရဲစခန်းကိုလည်း ဆက်သွယ်လို့မရဘူး။ ဆက်သွယ်ရေးလည်းဖြတ်တောက်ခံထားရတယ်။ ကျွန်တော်တို့တွေဟာ အားလုံးသောညီအစ်ကို မောင်နှမတွေပါ။ ဒီမြေမှာ တစ်မြေတည်းမွေးဖွားကြီးပြင်းလာကြသူတွေပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့က ဥပဒေမဲ့ အကာအကွယ်မဲ့ဘ၀ကို ရောက်နေရတယ်။ အများစုဒုက္ခရောက်မှမဟုတ်ပဲ တရားဥပဒေစိုးမိုးရေးကို အချိန်အခါနဲ့ လုပ်စေချင်ပါတယ်ဗျာ။”လို့  ပိတ်မိနေသူတစ်ဦးမှလည်း M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

    “မိတ္ထီလာရဲစခန်းနဲ့ ဆေးရုံက အကူအညီတောင်းပါတယ်။ ရဲစခန်းမှာ (၁၂၇)ယောက်၊ ဆေးရုံမှာ (၉၀)ယောက် မွတ်စလင်မ်တွေဖြစ်လို့ သူတို့အနေနဲ့ ထမင်းဟင်းကျွေးဖို့ အဆင်မပြေတာကြောင့် မိတ္ထီလာ ရဲစခန်းကတဆင့် မန္တလေးတိုင်းရဲစခန်းကနေ ဖုန်းဆက်လာပါတယ်။ အဲဒီ မွတ်စလင်မ်တွေရယ် ဘောလုံးကွင်းထဲမှာရောက်နေကြတဲ့ လူ(၁၀၀၀)ကျော်ရယ်အတွက် စားသောက်ဖို့အတွက် စီစဉ်ပြီးကျွန်တော်တို့ ပို့ပေးပါမယ်။”လို့ ဒုက္ခသည်များအား ကူညီရန်စီစဉ်နေသူ တစ်ဦးမှ ပြောပြလာပါတယ်။

     

    Burning Meikhtila Muslim Houses and Mosque pic 3

    Photo  ရာဇာဓိ ရာဇာ FB

  • မိတ္ထီလာ အကြမ်းဖက်မှု့ကြောင့် ဘာသာရေး စာသင်ကျောင်းမှ ဆရာနှင့်ကျောင်းသား ၃၂ ဦး သေဆုံး

    မတ်လ ၂၁၊ ၂၀၁၃
    M-Media

    မိတ္ထီလာ အကြမ်းဖက်မှု့ကြောင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ဆရာ ၄ ယောက်နှင့် ကျောင်းသား ၂၈ ယောက် ကွယ်လွန်သေဆုံးသွားခဲ့ကြောင်းကို ခိုင်လုံတဲ့သတင်းပေးချက်အရ သိရှိရပါတယ်။

    အဆိုပါ ဆရာနှင့်ကျောင်းသားများမှာ မင်္ဂလာဇေယျုံရပ်ကွက် မှ ဆရာနှင့်ကျောင်သားများဖြစ်ကြပြီး ယမန်နေ့ မတ်လ ၂၀ ရက်နေ့ ညပိုင်းမှ စတင်ပြီး အဆိုပါကျောင်းအား အကြမ်းဖက်သများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိရောက်သည့်ကာကွယ်မှုများ မပေးခဲ့ကြောင်း ၊ ယမန့်နေ့ည ၁၁ နာရီ ခွဲမှ စတင်ပြီး မတ်လ ၂၂ ရက်နေ့ မနက်အထိ သက်ဆိုင်ရာ အာဏာပိုင်များကို အဆိုပါ မိးရှို့ခံနေရသည့် ကျောင်းမှ ကလေးငယ်များနှင့် ဆရာများ၏ အသက်အန္တရယ်ကို ကယ်တင်ပေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့ များမှ အကြိမ်များများစွာ ကြိုးစားခဲ့သော်လဲ ထိေ၇ာက်သည့် ကာကွယ်မှုများ မပေးခဲ့ကြောင်း ယနေ့ မနက်ပိုင်းတွင် အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုကြောင့် အဆိုပါကျောင်းမှ ဆရာ(၄) ယောက်နှင့် ကျောင်းသား ကလေးငယ် ၂၈ ယောက် ကွယ်လွန်သွားခဲ့ကြောင်းသိရှိပါသည်။

    Burning Meikhtila Muslim Houses and Mosque pic
    မိထ္ထီလာမြို့မှ ဗလီဝတ်ကျောင်းတော်နှင့် မွတ်စလင်မ်အိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်
    ဓါတ်ပုံ -ရာဇာဓိ ရာဇာ FB

  • မိတ္ထီလာမြို့ရောက် ဘီဘီစီ သတင်းထောက်ရဲ့ မတ် ၂၁ ညပိုင်း မျက်မြင် တွေ့ရှိ သတင်းပို့ချက်

    မတ်လ ၂၁၊ ၂၀၁၃

    BBC Burmese

    1
    မိထ္ထီလာမြို့ မြင်ကွင်းတခု ဓါတ်ပုံ ဧရာဝတီ

    မိတ္ထီလာမြို့ရောက် ဘီဘီစီ သတင်းထောက်ရဲ့ ဒီကနေ့ညပိုင်း (မတ် ၂၁ ညပိုင်း) မျက်မြင် တွေ့ရှိချက်တွေအပေါ် အခြေခံထားတဲ့ နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်

    မိတ္ထီလာအခြေအနေကတော့ မြို့ပျက်ကြီးလိုဖြစ်နေတယ်ဗျာ။ ဆိုင်တွေအားလုံးကလည်း ပိတ်ထားတယ်၊ မြို့ထဲမှာလည်း တချို့ ဆိုင်ကယ်တွေနဲ့ သွားလာနေတဲ့လူတွေကလည်း ဓားတွေ တုတ်တွေနဲ့ လွယ်ပြီး၊ ကိုင်ပြီးတော့ ယောက်ျားတွေပဲ သွားနေတာများတယ်။ အခုညနေပိုင်းလောက်မှာ မြို့ထဲကဗမာတချို့ကလည်း ဒီဘက်မြို့အစွန်ဘက်ကို ထွက်ပြေးလာတာတွေရှိတယ်။ သီရိမင်္ဂလာဆိုတဲ့ မွတ်စလင်ရပ်ကွက်က လူအုပ်ကြီးချီလာတာကို ကျွန်တော်မျက်စေ့နဲ့ တွေ့တယ်။ ကြားထဲမှာတော့ ရဲတွေကရှိနေပြီး ဒီဘက်က ဗမာတွေကလည်း အဲဒီလူအုပ်ကြီးကို ပြန်တိုက်ဖို့ဆိုပြီးတော့ သံချောင်းခေါက်တာတို့ အချက်ပေးတာတို့လုပ်နေကြတာ နောက်ဆုံးတွေ့ခဲ့တယ်ဗျ

    >ကြားထဲမှာရဲတွေရှိနေတယ်ဆိုတော့ လုံခြုံရေးအရရော သူတို့ဒီအမိန့်တွေထုတ်ထားပြီးတော့ ဘာဆက်လုပ်လဲ၊ ဘယ်လိုလုပ်နေကြလဲ။

    ကျွန်တော်မြင်တာတော့ အဲဒီလုံခြုံရေးအဖွဲ့တွေကတော့ လောလောဆယ်တော့ ရပ်နေတာတို့ နေရာယူထားတာတို့ကလွဲလို့ တိတိကျကျဘာမှတော့ မတွေ့ဘူး၊ ညနေ ၄ နာရီလောက်ကတော့လုံခြုံရေးကားတွေက၊ ကားလေးငါးရှစ်စီးလောက်ကမြို့ကိုလှည့်နေတာတွေ့တယ်။ အဲဒီလှည့်နေတဲ့အချိန်မှာလည်း ဗမာတွေဘက်က ဆိုင်တွေ၊ မွတ်စလင်အိမ်တွေကို ဖျက်ဆီးနေတဲ့ ဘေးကနေပြီးတော့ ဒီအတိုင်းဖြတ်သွားတာပဲ။ တောက်လျှောက်ပေါ့နော် ဆိုင်တွေဖျက်နေတယ်၊ အိမ်တွေဖျက်နေတယ်၊ မီးတွေရှို့နေတယ်၊ ဒါကဒီဘက်ခြမ်းမှာပေါ့။ ဟိုဘက်ခြမ်းမှာလည်း မိတ္ထီလာမြို့ကလည်း မီးလောင်နေတယ်ပေါ့။ မွတ်စလင်တွေနေတဲ့ဘက်မှာလည်း မီးခိုးလုံးတွေကတစ်မြို့လုံးကမြင်နေရတဲ့အနေအထားရှိတယ်။

    >မိတ္ထီလာဟာ တပ်မြို့ပေါ့နော်၊ လေတပ်အခြေစိုက်စခန်းတွေရှိတော့ ဒီလိုအရေးကြီးတဲ့မြို့မှာ တပ်ကရော ဘာမှမလုပ်ဘူးလား။

    တပ်ယူနီဖောင်းနဲ့ သွားလာနေတာမျိုးကိုတောင် လုံးလုံးမတွေ့ရပါဘူး။ သက်ဆိုင်ရာရုံးတွေအားလုံးက အကုန်လုံးပိတ်ထားတယ်ပေါ့လေ၊ တွေ့ရတာတော့ ရဲတပ်ဖွဲ့ဝင်တွေကလည်း မိမိတို့ရဲ့ရုံးတွေမှာ အကာအကွယ်ယူတာတွေ့သလို နောက် လူအုပ်စု လူအုပ်စုတွေက လိုက်ပြီးတော့ဖျက်ဆီးနေတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေကျွန်တော်မတွေ့ရသလောက်ပါပဲ။

    >လူထုရဲ့အခြေအနေကရော လမ်းပေါ်မှာရှိတဲ့ အိမ်ထဲမှာနေတဲ့ သူတို့တွေဘယ်လောက် စိုးရိမ်ထိတ်လန့်မှုတွေအဲလိုဟာတွေရော သတိထားမိလား။

    ဟုတ်ကဲ့ခင်ဗျ လူတွေကတော့ အကုန်လုံးက ကြောက်နေကြတယ်၊ ဒီဘက်ဗမာတွေဘက်ကလည်း တအားကြောက်ကြတယ်၊ ကြောက်ပြီးတော့ အားလုံးက ဘယ်လိုခေါ်မလဲဆိုတော့ လမ်းထိပ်မှာ ကင်းတွေစောင့်တယ်၊ လူတွေအားလုံးက ထွက်နေကြတယ် အိမ်ရှေ့တွေမှာ၊ တံခါးတွေအားလုံးပိတ်ထားကြတယ်၊၊ ဆိုင်တွေအားလုံးပိတ်ထားကြတယ်၊ ဒါပေမဲ့ ကလေးတွေဘာတွေရှိတဲ့မိသားစုတွေက တချို့နီးစပ်ရာ ရွာတွေကိုပြေးကြတယ်။ အခုကျွန်တော့်မျက်စေ့ရှေ့မှာကိုပဲ ပြေးလွှားပြီးသွားနေတဲ့ ဗမာလူထုရှိသလို၊ နောက် ဟိန္ဒူဘာသာဝင်တချို့ကိုလည်း ကျွန်တော်တွေ့ရတယ်၊ သူတို့ ဘုရားရုပ်ထုလေးတွေကိုင်ပြီးတော့ ငိုပြီးတော့ ပြေးပြီး ဘုန်းကြီးကျောင်းတွေဘက်ပြေးလာကြတာလည်း ကျွန်တော်တွေ့ရတယ်ဗျ။

    >အဲတော့ အားလုံးခြုံကြည့်ရင် အခြေအနေက မနေ့ကနဲ့စာရင် ၁၄၄ ထုတ်ပေမယ့်လို့ ပိုပြီးတော့ မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေတော့ ဒီကနေဘယ်လိုဆက်သွားမလဲ၊ ဘယ်လိုဆက်ဖြစ်နိုင်လဲ။

    မြို့ရဲ့အခြေအနေကတော့ လုံးဝဗရမ်းဗတာဖြစ်သွားပြီပေါ့နော်။ အခြေအနေက ဘယ်လိုမှလည်း ထိန်းတဲ့အနေအထားမရှိတော့ဘူး။ အခုဟာက ဘယ်လိုထိန်းကြမလဲဆိုတာတောင် မသိတော့ဘူး။ ဖြစ်ဖြစ်ချင်းကတော့ မနေ့ကဘုန်းကြီးတစ်ပါးမီးရှို့ခံရတယ်ဆိုပြီး သတင်းထွက်လာပြီးတဲ့အချိန်မှာ ပိုဆိုးတယ်။ မနက်ကလည်း ဒီ မွတ်စလင်တွေနေတဲ့ ရပ်ကွက်တစ်ခုမှာ မျက်မြင်တွေ့တဲ့လူပြောတာတော့ လူခုနယောက်လောက်ကို ဝိုင်းရိုက်တယ်၊ ဝိုင်းဓားနဲ့ထိုးတယ် အဲဒါမျိုးတွေအထိရှိနေတော့ သွေးထွက်သံယိုမှုတွေ အများအပြားဖြစ်နေတော့ အခုညနေတွေ့ခဲ့တဲ့ အခြေအနေဆို လူအုပ်စုကြီးနှစ်စုက ပြန်ပြီးတော့ တိုက်ခိုက်မယ့် သဘောတွေရှိနေတော့ ဒီအခြေအနေက ဆက်ပြီးတော့ ဆိုးသွားနိုင်တဲ့အနေအထားရှိတယ်လို့ပဲပြောရမယ်ခင်ဗျ။

  • မိတ္ထီလာ နောက်ဆက်တွဲ အခြေအနေ (၂၁-၃-၂၀၁၃ ည ၇-နာရီ): ဗလီ အကုန်နီးပါး ဖျက်ဆီးခံရ

    ၂၁-၃-၂၀၁၃
    M-Media

    မိတ္ထီလာမှာ ဗလီအကုန်နီးပါး ဖျက်ဆီးခံရ ၊ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များ အလောင်းပင် ပြန်မယူရဲ

    အကြမ်းဖက် မီးရှို့ဖျက်ဆီးနေ့သည့် မြင်ကွင်း
    အကြမ်းဖက် မီးရှို့ဖျက်ဆီးနေ့သည့် မြင်ကွင်း

    “မိတ္ထီလာမြို့၊ ချမ်းအေးသာယာဗလီကို ညနေ ၆-နာရီက ဖျက်ဆီးလိုက်ကြပါတယ်။ နန်းတော်ကုန်းရပ်မှာရှိတဲ့ သာယာကုန်းဗလီကိုလည်း ဖျက်ဆီးလိုက်ပါတယ်။ အကျဉ်းဦးစီးတိုက်တန်းမှာ ဖွင့်ထားတဲ့ မွတ်စလင်မ်ဆိုင်တွေကိုလည်း အဖျက်ခံရပါတယ်။

    မင်္ဂလာဇေယုံက ဟာဂျီဇော်လင်းမောင်၊ နောက်ပြီးတော့ ဦးကာစင်ရဲ့ အမျိုးသမီးနဲ့ကလေး၊ ကိုဟာမန်ရဲ့ အမျိုးသမီးနဲ့ ကလေးတို့လည်း သေသွားခဲ့ပါတယ်။ အလောင်းကောက်ဖို့တောင် မလုပ်ရဲကြဘူး။ စိုးတထိတ်ထိတ်ဖြစ်နေကြတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ သေတဲ့အချိန်မှာတောင် ဘယ်လိုသင်္ဂြုဟ်ရလဲဆိုတာ သိရင် အခုလို ဖြစ်ကြတာ ဘယ်လောက်ထိ ခံစားနေကြရမလဲ တွေးကြည့်နိုင်ပါတယ်။

    နေ့လည် ၂-နာရီလောက်ဘင်္ဂါလီဗလီကို မီးရှို့ဖျက်ဆီးကြပါတယ်။ မီးလောင်နေတဲ့အသံတွေ ကြားရပါတယ်။ မီးမလောင်ခင်မှာ လူအင်အား ၃၀-၄၀ လောက်ကို ထွေလာဂျီကားကြီးနဲ့ လာချသွားတာ ကျွန်တော်မျက်မြင်တွေ့လိုက်တယ်။ အဲလို လုပ်တာတွေဟာ မြို့ခံ လူတွေ မပါဝင်ပေမယ့်။ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်အိမ်က မွတ်စလင်မ်အိမ်ဆိုတာကို အတိအကျသိနေတာ အံ့သြတယ်။ မွတ်စလင်မ်တွေ ဒုက္ခရောက်ရတာကို မြို့ခံတချို့ကလည်း ကိုယ်ချင်းစာကြသလို တချို့လည်း ကိုယ်ချင်းစာတရားမရှိကြပါဘူး။

    မိတ္ထီလာမှာ ဗလီအကုန်နီးပါး ဖျက်ဆီးခံလိုက်ရပါပြီ။ တူရကီဗလီတော့ကျန်နေပါသေးတယ်။ တူရကီဗလီက တပ်မ ၉၉ ရဲ့ ဧရိယာမှာ ရှိပါတယ်။

    “ရှောင်တိမ်းမွတ်စ်လင်မ်အချို့ ခိုလှုံနေသောရွာတစ်ရွာမှ ဆရာတော်တစ်ပါးကလည်း မွတ်စလင်မ်တွေအတွက် ကာကွယ်ပေးထားတယ်။
    လုံခြုံရေးအတွက် ရဲတွေချထားတာရှိတယ်။
    ဘုန်းကြီးကျောင်းထဲမှာတော့ တပ်က ကား၂-စီး လုံခြုံရေးချထားတယ်။

    ဒီမှာ အေးချမ်းသာယာဖို့အတွက်တော့ ကျွန်တော်တို့တွေ ဒီက ဆရာတော်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။” လို့ မိတ္ထီလာမြို့မှ ထွက်ပြေးလွတ်မြောက်ပြီး ၄င်းရွာသို့ ရောက်နေသူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။ ”

  • မိတ္ထီလာမြို့ရဲ့ နောက်ဆုံးရသတင်း

    မိတ္ထီလာမြို့ရဲ့ နောက်ဆုံးရသတင်း

    M-Media

    မတ်လ ၂၁ ရက်၊ ၂၀၁၃

    အေးမောင် သတင်းပေးပို့သည်။

    မိတ္ထီလာမြို့ခံတွေနဲ့ ဒီနေ့ မနက် ဆက်သွယ်မေးမြန်းထားချက်များအား M-Media သတင်းထောက်သတင်းပေးပို့လာသည့် မူရင်းအတိုင်း တင်ပြအပ်ပါသည်။

    “၂၀.၃.၂၀၁၂ မနေ့က မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်က ဈေးရောင်းဈေးဝယ် ပြဿနာပြီးသွားတဲ့နောက် နေ့လည်ပိုင်းမှာ လူစုလူဝေးနဲ့ရောက်လာပြီး ယင်းရွှေဆိုင်နဲ့ ဘေးနားတ၀ိုက်မှာရှိတဲ့ တော်ဝင်၊ တိုင်းချစ်၊ ရွှေနန်းတော် စတဲ့ ဆိုင်တွေအပါအ၀င် ရွှေဆိုင်(၁၀)ခန့်ကို အကြမ်းဖက်သမားတွေကဖျက်ဆီးခဲ့ကြပါတယ်။

    မနေ့က ညနေ ၅-နာရီခွဲလောက်မှာတော့ မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် ဈေးကြီးရဲ့အနောက်ဘက်ပေါက်မှာရှိတဲ့ ဂျာမေ့ဗလီ ရှေ့ကဆိုင်ခန်းတွေကို ခဲနဲ့ပေါက်၊ မီးကွင်းပစ်ကြတယ်။ ဂျာမေ့ဗလီကို မီးရှို့တယ်။

    ည ၇-နာရီလောက်မှာ သီရိမင်္ဂလာရပ်ကွက်၊ ကားလမ်းဘေးမှာရှိတဲ့ သီရိမင်္ဂလာ(က)ဗလီကို မီးရှို့ခဲ့ကြပါတယ်။ အဲဒီ ဗလီဘေးက မြို့နယ်ပညာရေးမှူးရုံးလည်း မီးလောင်သွားခဲ့ပါတယ်။ အခုမနက် ၆-နာရီလောက်မှာ အဲဒီဗလီထဲကို ၀င်ကြည့်ပါတယ်။ ညက မီးရှို့ခံရတဲ့ဗလီတွေမှာ လုံခြုံရေး၊ မီးသတ်တွေ မရှိနေပါဘူး။”

    “မနေ့ညကပဲ သီရိမင်္ဂလာ(ခ)ရပ်ကွက်က သီရိမင်္ဂလာ(ခ)ဗလီ ခေါ် ပါကစ္စတန်ဗလီလည်း မီးရှို့ခံရပါတယ်။ အဲဒီရှေ့က မွတ်စလင်မ်ပိုင် ဆိုင်ခန်း (၄)ခန်းလည်း မီးရှို့ခံရပါတယ်။ နောက်ပြီးတော့ ကိုမျိုးညွန့်ဆိုင်ရယ် ရောင်းဝယ်ရေးက ဆိုင်ကယ်တွေလည်း မီးရှို့ခံထားရပါတယ်။
    သီရိမင်္ဂလာလမ်းမကြီးပေါ်က ရွှေဝတ်မှုတိုက်တန်းက မွတ်စလင်မ်ဆိုင်ခန်းတွေလည်း ဖျက်ဆီးခံလိုက်ရပါတယ်။

    မနေ့ညနေက ကားကြီးကွင်းနားမှာဖြစ်ခဲ့တာက ကိုဘွလ္လာလ်ဆိုသူက 4-D ၆-ဘီးကား မောင်းလာနေတုန်း လူအုပ်ကြီးက ၀ိုင်းပြီး ပြေးလာတော့ သူလည်း ကြောက်လန့်ပြီး ကားကို ကွေ့လိုက်တာ အဲဒီနားက မွတ်စလင်မ်ဆိုင်တစ်ခုထဲကို ကားခေါင်းဝင်သွားတယ်။ ပြေးလာတဲ့ လူအုပ်က ကားကို မီးရှို့ပြီး ကိုဘွလ္လာလ်ကို ၀ိုင်းပြီးရိုက်လိုက်ကြတာ ကိုဘွလ္လာလ်သေသွားပါတယ်။

    မနေ့ညက မိတ္ထီလာမြို့ပေါ်မှာ အဲလိုအခြေအနေတွေဖြစ်ပျက်နေစဉ်မှာ ထွက်ပြေးကြတဲ့ တချို့မွတ်စလင်မ်တွေကို လမ်းမှာ လူတစ်စုကတားတယ်၊ ကုလားလား ဗမာလာမေးတယ်။ ကုလားဆိုရင် ဆိုင်ကယ်ကို မီးရှို့တယ်၊ လူတွေကတော့ ထွက်ပြေးကြလို့ထင်တယ် လူကို ဘာမှလုပ်တယ်လို့ မကြားဘူး။ ”

    “မနေ့ည (၈-နာရီခွဲ ၉-နာရီ)၀န်းကျင်မှာတော့ မန္တလေးဘက်အထွက်ဖြစ်တဲ့ အောင်ဇေယျာရပ်ကွက်က မြို့ဦးဗလီနဲ့ ဗလီရှေ့က ဆိုင်ခန်း(၅)ခန်း မီးရှို့ခံရပါတယ်။ အဲဒီနားက မွတ်စလင်မ်ပိုင် ချိုလက္ဘ်ရည်ဆိုင်ကတော့ ဖျက်ဆီးခံထားရပြီး ပစ္စည်းအပျက်အစီးတွေကို လမ်းမပေါ်မှာ ပုံထားပါတယ်။

    SSS ကားကုမ္မဏီရဲ့ ကားအရောင်းပြခန်းမှာ ဘယ်သူမှရှိမနေပဲ ကား ၁၀-စီးလောက်ရဲ့ ကားမှန်တွေ ရိုက်ခွဲခံထားရတာ တွေ့ရတယ်။ ပန်းရိုးမ၊ ရာသက်ပန် စတိုး စတဲ့ မွတ်စလင်မ်ပိုင်ဆိုင်တွေလည်း ဖျက်ဆီးခံထားရတယ်။

    မနေ့ည ၉-နာရီလောက်မှာတော့ မိတ္ထီလာမြို့ပေါ်မှာ တစပြင်လိုပဲ ကုလား-ဗမာ ဘယ်သူမှ မရှိကြတော့ဘူး။ ည ၁၀-နာရီမှာ ပုဒ်မ ၁၄၄ ထုတ်တယ်လို့သိရပြီး၊ ၁၀-နာရီခွဲမှာ ကားနဲ့လိုက်ကြေညာတယ်။ ကြေညာတဲ့ကားကို ခဲနဲ့ ၀ိုင်းထုကြလို့ ခဏပဲ ကြေညာပြီး ရပ်လိုက်တယ်။”

    “မိတ္ထီလာ မင်္ဂလာဇေယုံရပ်ကွက်မှာရှိတဲ့ ဗလီနဲ့ အာရဗီစာသင်ကျောင်းကိုလည်း မီးရှို့တယ်။ စာသင်ကျောင်းက လွန်ခဲ့တဲ့ ၃-၄ နှစ်က ဖွင့်ခဲ့တာဖြစ်ပြီး စာသင်တဲ့ကျောင်းသား ၁၀၀-ခန့်ရှိပါတယ်။ အခုတော့ သူတို့ ဘယ်တွေရောက်နေလဲ မသိရပါဘူး။

    အရှေ့ပြင်ရပ်ကွက် မြို့လယ်မှာရှိတဲ့ မြို့မဗလီလည်း မီးရှို့ခံရပါတယ်။ ဗလီထဲက ပစ္စည်းတွေလည်းအားလုံးပျက်ဆီးနေတာ မျက်မြင်တွေ့ခဲ့ရပါတယ်။ ဗလီရှေ့က မွတ်စလင်မ်ပိုင်ဆိုင်တွေလည်း မီးရှို့ခံထားရပါတယ်။

    ရတနာမောင်ရပ်ကွက် ရတနာမောင်လမ်းဆုံမှာရှိတဲ့ ငြိမ်းချမ်းရေးဗလီကိုလည်း မနေ့ည (၁)နာရီက မီးရှို့ပါတယ်။ ဟာဂျီအာဒစ်ရဲ့ တိုက်ကိုလည်း ဖျက်ဆီးလိုက်ကြပါတယ်။

    မိတ္ထီလာ ပြည်သာယာတိုးချဲ့ရပ်ကွက်မှာ မွတ်စလင်မ်(၂၀၀၀)ကျော်ရှိပါတယ်။ တောင်ကမ်း မြောက်ကမ်းလို့ ခေါ်ကြတယ်။ တောင်ကမ်း(တောင်ပိုင်း)မှာရှိတဲ့ ဘာသာရေးဝတ်ပြုဆောင်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်။ ဘာသာရေးဝတ်ပြုဆောင်မှာနေတဲ့ မောအ်ဇင်(ဘာသာရေးဝတ်ပြုဆောင် တာဝန်ခံ)ကိုလည်း ၀ိုင်းရိုက်လိုက်ကြလို့ သူသေသွားပါတယ်။
    မြောက်ကမ်း(မြောက်ပိုင်း)က ၀တ်ပြုဆောင်ကိုလည်းဖျက်ဆီးထားပါတယ်။ အတွင်းမှာရှိတဲ့ ပစ္စည်းတွေ၊ သာရေးနာရေးကိစ္စတွေမှာသုံးတဲ့ ပစ္စည်းတွေအားလုံးလည်း ဖျက်ဆီးပြီးစုပုံထားကြတယ်။

    ကျောက်ပန်းတောင်းဘက်သွားတဲ့လမ်းက ချမ်းအေးသာယာဗလီကိုလည်း ဖျက်ဆီးလိုက်ကြတယ်။

    ရတနာမောင်ရပ်ကွက်မှာရှိတဲ့ ဗလီကို ဖျက်ဖို့လာကြတယ်။ ဒါပေမယ့် ရတနာမောင်ရပ်ကွက်က ရပ်မိရပ်ဖတွေက ၀ိုင်းပြီး တားဆီးကြလို့ မဖျက်ပဲ ပြန်သွားကြတယ်။”

    “မိတ္ထီလာမှာ အခုဖြစ်ပျက်ခဲ့တာတွေမှာ မြို့ပေါ်က လူထုအနေနဲ့မဟုတ်ပဲ တောမ၊ ညောင်ကိုင်း၊ ခမုံခြံ အစရှိတဲ့ သာစည်ဘက်သွားတဲ့ဘက်က ရွာတွေကနေ ချက်ချင်းရောက်လာကြသူတွေဖြစ်တယ်။

    အခုတော့ မိတ္ထီလာက ရဲတွေအပြင် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်က ရဲတွေပါ ရောက်နေကြတယ်။ ကူမဲက ရဲတစ်ယောက်ကတော့ မနေ့ည (၇)နာရီလောက်ကတည်းက သူတို့ မိတ္ထီလာကိုရောက်တယ် ပြောတယ်။

    လူတွေ အများကြီးသေတယ်ဆိုပြီး လျှောက်ပြောနေကြတယ်။ အခုထိ သိရသလောက်တော့ ခုနက ၂-ယောက်သေတာတော့ ကျွန်တော် မျက်မြင်သိခဲ့ရတာပါ။

    ဒီပြဿနာတွေစဖြစ်လာရတာက တမင်ကို လှုံ့ဆော်နေတဲ့သူတွေ ရှိနေလို့ပါ။ တူရကီစစ်သင်္ချိုင်းကိစ္စလှုံ့ဆော်တယ်၊ မွတ်စလင်မ်မုန်းတီးရေးစာအုပ်တွေ စာစောင်တွေဖြန့်တယ်၊ ဦးဝီရသူရဲ့ မွတ်စလင်မ်မုန်းတီးရေးဘာသာရေးဟောပြောပွဲကို ဦးဆောင်လုပ်တဲ့ မြစန္ဒာသွပ်ပြားဆိုင်က ဒေါက်တာဦးစန်းလှိုင်နဲ့ ထိန်မင်းခိုင်က ဦးဆောင်တယ်။ ပြီးတော့ ကိုသီဟ၊ မယ်ပ၊ မေသက်ဦး၊ ညွန့်ဝင်းတို့ပါတယ်။ သူတို့က NLD ကနေ ထွက်လိုက်ကြပြီး၊ ၈၈-မျိုးဆက် ကျောင်းသားအဖွဲ့ကို ၀င်သွားတယ်။”

    အဲဒါကတော့ မိတ္ထီလာမြို့ခံတွေ ပြောပြခဲ့တာဖြစ်ပါတယ်။

    “အန်တီတို့ အခုတော့ မိတ္ထီလာကနေ ထွက်ပြေးလာတာပါ။ သမီးနဲ့ သူ့အမျိုးသားကိုလည်း ဖမ်းထားတယ်ပြောတယ်။ လုံးဝ အဆက်အသွယ်မရဘူး။ အန်တီစိတ်တအားပါတယ်။ မနေ့က မမြင့်မြင့်အေး(ကျွန်မသမီး)ရဲ့ဆိုင်မှာ ပြဿနာဖြစ်တယ်။ သမီးက ၀ိန့်စိန် ရွှေဆိုင်ဖွင့်ထားတာ။ ရွှေအရောင်းအ၀ယ်လုပ်ရင်း စကားများကြရင်း ဈေးဝယ်လာတဲ့ထဲက အမျိုးသားက မမြင့်မြင့်အေးကို ပါးရိုက်ပြီး ပုဆိုးလှန်ပြတယ်။ အဲဒီမှာ သမီးရဲ့ယောက်ျားက ၀င်ပြောရင်း စကားများကြတယ်။ ဒီပြဿနာကလည်း တမင်ဖန်တီးတာလို့ အန်တီသိပါတယ်။ ဘာလို့လဲဆိုတော့ ပြဿနာမဖြစ်ခင် ၃-၄ ရက်လောက်တည်းက ဆိုင်ကို နေ့တိုင်း ဘုန်းကြီးတွေ အလှူလာလာခံတယ်။ တခြားဆိုင်တွေက ထည့်တယ်။ ကုလားဆိုင်ကလည်းထည့်ပါဆိုပြီး၊ အလှူခံရင် သူတို့က ၂၀၀၀ ထည့်ပါ။ ၁၀၀၀ ထည့်ပါ လို့ပြောတယ်။ သမီးတို့ကလည်း အဲလိုတော့ မထည့်ဘူးလေ။ သူတို့ ထည့်ချင်သလောက် ရာဂဏန်းထည့်တာပေါ့။ အဲဒီမှာလည်း ရန်စခံရတယ်။ ပြီးတော့ မော်ကြီး၊ နှင်းနှင်းရီ၊ မလှလှဦး၊ မလှဋ္ဌေး၊ မခင်သန်း၊ ကိုထွန်းထွန်း တို့ကလည်း ပြဿနာတွေဖြစ်အောင် လှုံ့ဆော်တယ်။ ကုလားတိုက်တွေ မျိုးဖြုတ်ပစ်၊ ဗလီတွေကိုအကုန်ဖျက် ဆိုပြီးလည်း ခဏခဏ သွေးထိုးလှုံ့ဆော်တယ်။ ဦးဆောင်တာက မော်ကြီးဆိုတဲ့သူပါ။ မနေ့ကဖြစ်တဲ့အချိန်မှာလည်း သူတို့တွေက ‘တို့ဗမာဟေ့ တို့ဗမာ’လို့အော်ပြီး ၀ိုင်းလက်ခုတ်တီးပေးကြတယ်။ အခုတော့ အန်တီတို့ မိသားစုလည်း တစ်နေရာစီ အကုန်ရောက်နေပြီ။ သမီးမြင့်မြင့်အေးရယ်၊ သူ့ခင်ပွန်းထွန်းထွန်းဦးရယ်၊ သူတို့ဆိုင်က၀န်ထမ်းကောင်လေး ၁-ယောက်ရယ်ကို ရဲ့ ဖမ်းသွားတယ်။ အခုထိ အဆက်အသွယ်လုံးဝမရဘူး။ အန်တီစိတ်တအားပူတယ်၊ တာဝန်ရှိသူတွေက ဘယ်သူမှ ဘာမှ မလုပ်ပေးကြတော့ဘူးလား။”ဟုဆိုကာ ငိုပြီး ပြောပြလာပါတယ်။