News @ M-Media

Tag: france

  • ဘာသာရေးစော်ကားခွင့်ပြုသည့် ပြင်သစ်သမ္မတကို ကမ္ဘာ့အစ္စလာမ်ဘာသာဝင်များ ရှုတ်ချ

    ဘာသာရေးစော်ကားခွင့်ပြုသည့် ပြင်သစ်သမ္မတကို ကမ္ဘာ့အစ္စလာမ်ဘာသာဝင်များ ရှုတ်ချ

    အောက်တိုဘာ ၂၇၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းမှ မြင်ကွင်း

    -လွတ်လပ်စွာပြောဆိုခွင့်ခေါင်းစဉ်အောက်မှာ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာတရားတွေကို စော်ကားခွင့်ပြုထားတဲ့ ပြင်သစ်သမ္မတမာခရွန်ရဲ့ မူဝါဒကို ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေက ရှုတ်ချခဲ့ပြီး ဆန္ဒပြမှုတွေလည်း ပြုလုပ်နေကြပါတယ်။

    စာသင်ခန်းထဲမှာ တမန်တော်မိုဟာမက်ကို ရုပ်ပြောင်နဲ့ လှောင်ပြောင်စော်ကားခဲ့တဲ့ ကျောင်းဆရာတစ်ယောက် ပြီးခဲ့တဲ့တစ်ပတ်မှာ အကြမ်းဖက်သတ်ဖြတ်ခံရပြီးတဲ့နောက်ပိုင်း ပြင်သစ်က လွတ်လပ်စွာပြောဆိုခွင့်အပေါ် မေးခွန်းထုတ်မှုတွေ မြင့်တက်လာတာပါ။

    သမ္မတမာခရွန်က မိမိတို့အစိုးရအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပေါ် ရုပ်ပြောင်ဆွဲလှောင်ပြောင်တာမျိုးကို ဆက်လက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သတ်ဖြတ်ခံလိုက်ရတဲ့ ကျောင်းဆရာရဲ့ ဈာပနမှာ ပြောကြားခဲ့ပါတယ်။

    မာခရွန်ရဲ့ အဲဒီမှတ်ချက် ထွက်လာပြီးတဲ့နောက် အာရပ်ကမ္ဘာနဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး ဆန္ဒပြကန့်ကွက်တာ၊ ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တာတွေ ဖြစ်လာပါတယ်။

    ဆော်ဒီအာရေဗျ

    အစ္စလာမ်ဘာသာ စတင်ထွန်းကာရာနေရာဖြစ်ပြီး အစ္စလာမ့် အထွဋ်အမြတ်နေရာတွ​ေရှိတဲ့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တာ၊ အကြမ်းဖက်ဝါဒကို အစ္စလာမ်နဲ့ချိတ်ဆက်ပြောကြားတာကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်သူကပဲ ကျူးလွန်သည်ဖြစ်စေ ဆော်ဒီက ဒါကို ရှုတ်ချတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်း

    ပြင်သစ်သမ္မတ မာခရွန်ကိုရှုတ်ချကြောင်း ပါလက်စတိုင်းတွေက ဂျေရုစလင်မှာ ဆန္ဒပြပွဲတစ်ခု ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တမန်တော်မိုဟာမက်အပေါ် စော်ကားတာကို ဆန့်ကျင်ကြောင်း ဖော်ပြတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ကျွေးကြော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

    ဂျော်ဒန်

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ‘လွတ်လပ်စွာပြောဆိုခွင့်’ ခေါင်းစဉ်အောက်မှာ တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်တွေ ရေးဆွဲထုတ်ဝေခွင့် ပြုထားမှုကို ဝေဖန်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက ဆန္ဒပြပွဲမှာတော့ သောင်းနဲ့ချီတဲ့လူတွေ ပါဝင်ခဲ့ပြီး ပြင်သစ်သမ္မတ မာခရွန်ရဲ့ ရုပ်ပုံကို မီးရှို့တာ၊ ပြင်သစ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆော်ဩတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ကြီးဟာ ပြင်သစ်သံရုံးကို ချီတက်ခဲ့ကြပေမယ့် ​ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ငြိမ်းချမ်းစွာ လူစုခွဲစေခဲ့ပါတယ်။

    အီရန်

    ပြင်သစ်သံအမတ်ကို ခေါ်ယူတွေ့ဆုံကာ တမန်တော်မိုဟာမက်ကို အဂါရ၀ပြုတာ၊ အစ္စလာမ်သာသနာကို စော်ကားတာတွေအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ အီရန်သံရုံးက ထုတ်ပြန်တဲ့ ကြောငာချက်မှာ ဖော်ပြထားပါတယ်။

    ပါကစ္စတန်

    ပါကစ္စတန်ကလည်း ပြင်သစ်သံအမတ်ကို မနေ့က ဆင့်ခေါ်ကာ ပြင်သစ်နိုင်ငံအတွင်း ‘အစ္စလာမ်ကြောက်ရောဂါ စနစ်တကျ ဖြန့်နေမှု” ကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း ပြင်သစ်သမ္မတ မာခရွန်ကို အစောပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။ တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲမှု ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပါကစ္စတန်လွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

    တူရကီ

    ဒီကိစ္စမှာ တူရကီသမ္မတ အာဒိုဂန်ဟာ မာခရွန်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ယောက် ဖြစ်လာပါတယ်။ မာခရွန်ဟာ စိတ်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အာဒိုဂန်ကပြောခဲ့ပြီး၊ တူရကီပြည်သူတွေအနေနဲ့ ပြင်သစ်ပစ္စည်းတွေကို မဝယ်ဖို့ တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံများ

    ကာတာတက္ကသိုက်က ကျင်းပဖို့စီစဉ်ထားတဲ့ ပြင်သစ်ယဉ်ကျေးမှုသီတင်းပတ် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး နိုင်ငံအတွင်းက စူပါမားကတ်တွေကလည်း ပြင်သစ်ထုတ်ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါတယ်။ ကူဝိတ်နဲ့ ယူအေအီးနိုင်ငံ စူပါမားကတ်တွေကလည်း ပြင်သစ်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ စီစဉ်နေပါတယ်။

    အခြားနိုင်ငံများ

    အီဂျစ်၊ တူနီးရှား၊ လစ်ဗျားနဲ့ ယီမင်တို့မှာလည်း မာခရွန်ကိုရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာလည်း ပြည်သူတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး၊ အခုသီတင်းပတ်အတွင်းကျရောက်မယ့် တမန်တော်နေ့အခမ်းအနားမှာ မာခရွန်ကို ရှုတ်ချတဲ့အစီအစဉ် ထည့်သွင်းဖို့ စီစဉ်နေပါတယ်။

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာလည်း ဒီကိစ္စအတွက် ဆန္ဒပြမှုတွေလုပ်ခဲ့ပါတယ်။ အစ္စရေးက ပြင်သစ်သံအမတ်နေအိမ်အရှေ့မှာ စနေနေ့ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ လူ ၂၀၀ လောက် ပါဝင်ပါတယ်။

    Ref: Aljazeera, Dailysabah

  • အရှေ့အလယ်ပိုင်းတွင် ပြင်သစ်ထုတ်ကုန်များ သပိတ်မှောက်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ

    အရှေ့အလယ်ပိုင်းတွင် ပြင်သစ်ထုတ်ကုန်များ သပိတ်မှောက်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ

    အောက်တိုဘာ ၂၆၊ ၂၀၂၀
    M-Media

    -တမန်တော်မိုဟာမက်ကို လှောင်ပြောင်စော်ကားမှု နောက်ဆက်တွဲအဖြစ် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ပြင်သစ်ပစ္စည်းတွေကို သပိတ်မှောက်ရေး ဆော်ဩမှု မြင့်တက်လာပြီး ပြင်သစ်အစိုးရက ဒါတွေကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

    လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အာမခံထားတဲ့ ပြင်သစ်မှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစ္စလာမ်ဘာသာနဲ့ တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ကာတွန်းသရုပ်ဖော်မှုတွေ မြင့်တက်လာခဲ့ပြီး နောက်ဆက်တွဲအဖြစ် အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

    စာသင်ခန်းထဲမှာ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်း အသုံးပြုခဲ့တဲ့ ပြင်သစ်ကျောင်းဆရာတစ်ဦး ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်ဖြတ်ခံခဲ့ရပြီး ပြင်သစ်သမ္မတ မာခရွန်ကတော့ ဘာသာရေးခေါင်းဆောင်တွေအပေါ် လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေကို ဆက်လက်ရေးသားခွင့်ပြုသွားမယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ကူဝိတ်နဲ့ ဆော်ဒီအာရေဗျအပါအဝင် အာရပ်နိုင်ငံတွေမှာ ပြင်သစ်ထုတ်ပစ္စည်းတွေ စူပါမားကတ်တွေမှာ မတင်တော့တာ၊ သပိတ်မှောက်ဖို့ ဆော်ဩတာတွေလည်း မြင့်တက်လာပါတယ်။

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဒီလို သပိတ်မှောက်ဖို့ ဆော်ဩတိုက်တွန်းမှုတွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုခဲ့ပြီး ချက်ခြင်း ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မိတ်ဖက်နိုင်ငံတွေထံချဉ်းကပ်ကာ ပြင်သစ်ရဲ့ ရပ်တည်ချက်ကို ရှင်းပြသွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သမ္မတမာခရွန်ကလည်း “မိမိတို့အနေနဲ့ အမုန်းစကားကို လက်မခံပေမယ့်၊ ကျိုးကြောင်းပြ ဆွေးနွေးသုံးသပ်မှုကိုတော့ ကာကွယ်သွားမယ်” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    တမန်တော်မိုဟာမက်ကို ရုပ်ပုံရေးဆွဲတာဟာ အဂါရ၀ပြုရာရောက်တယ်လို့ အစ္စလာမ်ဘာသာဝင်တွေက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ဘာသာရေးခေါင်းဆောင်များအား လှောင်ပြောင်မှုကို ပိတ်ပင်မည်မဟုတ်ဟု ပြင်သစ်ပြော

    ဘာသာရေးခေါင်းဆောင်များအား လှောင်ပြောင်မှုကို ပိတ်ပင်မည်မဟုတ်ဟု ပြင်သစ်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    -ဘာသာရေးခေါင်းဆောင်တွေကို ရုပ်ပြောင်ရေးဆွဲမှုအပေါ် မိမိတို့တိုင်းပြည်က ပိတ်ပင်သွားမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရတဲ့ ကျောင်းဆရာ ဆမ်မြူယဲလ် ပါတီရဲ့ မနေ့က ဈာပနအခမ်းအနားမှာ မာခရွန်က ဒီလိုပြောကြားလိုက်တာပါ။ ​ပါတီဟာ သင်ခန်းစာတစ်ခုမှာ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ကာတွန်း အသုံးပြုသင်ကြားခဲ့ပြီးတဲ့နောက် အခုလို အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    “ရုပ်ပြောင်ကာတွန်း ရေးဆွဲမှုကို ကျွန်တော်တို့ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး” လို့ မာခရွန်က ဈာပနအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ပါတီဟာ ပြင်သစ်ရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်၊ ဒီမိုကရေစီတန်ဖိုးတွေကို ကိုယ်စားပြုတဲ့အတွက်သူရဲဘောကြောင်သူတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်တယ်လို့လည်း မာခရွန်က ဆိုပါတယ်။

    ကျောင်းဆရာပါတီကို အကြမ်းဖက်သတ်ဖြတ်ခဲ့သူဟာ အသက် ၁၈ နှစ်အရွယ် ရုရှားနွယ်ဖွားတစ်ဦးဖြစ်ပြီး ဆီးရီးယား အစ္စလာမ့်မစ်အစွန်းရောက်တွေရဲ့ လှုံ့ဆော်သွေးထိုးမှုကို ခံခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတွေက ပြောကြားခဲ့ပါတယ်။ သတ်ဖြတ်သူကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

    ဒီအကြမ်းဖက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး လက်ရှိမှာ လူ ၇ ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။

    Ref: France24

  • ပြင်သစ်တွင် ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုကိုခံရသူ ကလေးငယ် ၃၀၀၀ ခန့်ရှိ

    ပြင်သစ်တွင် ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုကိုခံရသူ ကလေးငယ် ၃၀၀၀ ခန့်ရှိ

    ဇွန် ၁၈၊ ၂၀၂၀
    M-Media

    -ပြင်သစ် ခရစ်ယာန် ကက်သလစ်အသင်းတော်က ဘုန်းကြီတွေ၊ တာဝန်ရှိသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူ ကလေးငယ် အနည်းဆုံး ၃ ထောင်လောက်ရှိတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

    ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဘုန်းကြီးတွေရဲ့ လိင်အရှုပ်တော်ပုံဇာတ်လမ်းတွေ ပေါ်ထွက်လာပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာ ပြင်သစ် ကက်သလစ်အသင်းတော် အာဏာပိုင်တွေက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းခဲ့တာပါ။

    ကော်မရှင်ဥက္ကဌ Jean-Marc Sauve က ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကက်လသစ်အသင်းတော်က ဘုန်းကြီးတွေနဲ့ အခြား တာဝန်ရှိသူ ၁၅၀၀ လောက်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ကော်မရှင်ကို ရှေ့နေတွေ၊ ဆရာဝန်တွေ၊ သမိုင်းပညာရှင်၊ ဘာသာရေးပညာရှင် စုစုပေါင်း ၂၂ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက် အပြည့်အစုံကို အခုနှစ်ကုန်ပိုင်းကျရင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    မတ်လတုန်းကလည်း ပြင်သစ် ခရစ်ယာန်ကက်သလစ်ဘုန်းကြီးတစ်ပါးဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီဘုန်းကြီးဟာ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ဒါဇင်နဲ့ချီတဲ့ ကလေးငယ်တွေကို လိင်စော်ကားခဲ့တာ ဖြစ်ပါတယ်။

    Ref: RT

  • ကိုရိုနာနှင့်ဆက်နွယ်သည့် ရောဂါကြောင့် ဥရောပတွင် ကလေးများ သေဆုံးမှုရှိလာ

    ကိုရိုနာနှင့်ဆက်နွယ်သည့် ရောဂါကြောင့် ဥရောပတွင် ကလေးများ သေဆုံးမှုရှိလာ

    မေ ၁၆၊ ၂၀၂၀
    M-Media

    -ဥရောပနိုင်ငံတွေမှာ Covid-19 နဲ့ ဆက်နွယ်တဲ့ နောက်ဆက်တွဲရောဂါတွေကို ခံစားနေရသူ ကလေးငယ် ၂၃၀ လောက်ရှိနေပြီး သေဆုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ဥရောပရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ (ECDC) က မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    Covid-19 ကြောင့် သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေ ဖြစ်ပေမယ့် ဗိုင်းရပ်စ်နောက်ဆက်တွဲရောဂါ ကလေးငယ်တွေမှာ ဖြစ်ပွားမှု မြင့်တက်လာပြီး ကျန်းမာရေးအဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း ထုတ်ပြောလာကြပါတယ်။

    Paediatric inflammatory multisystem syndrome (PIMS) လို့ခေါ်တဲ့ အဲဒီနောက်ဆက်တွဲရောဂါတွေ ကလေးငယ်တွေမှာဖြစ်ပွားနေပြီး ဒီကိစ္စကို သတိထား စောင့်ကြည့်နေတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ရောဂါလက္ခဏာတွေက ရက်ဆက်ဖျားတာ၊ ကျောက်ကပ် ဒါမှမဟုတ် နှလုံးလို ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ရောင်ယမ်းပြီး ပုံမှန် အလုပ်မလုပ်တော့တာ၊ သွေးဆိပ်တက်တာတွေ ဖြစ်ပြီး Kawasaki လို့ခေါ်တဲ့ ရောဂါနဲ့ ဆင်တူတဲ့ လက္ခဏာတွေပါ။ ရောဂါလက္ခဏာပြတဲ့ က​လေးငယ်တွေဟာ တစ်ခြားကူးစက်ရောဂါတွေနဲ့ ထိတွေ့တာမရှိဘဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးတည်းနဲ့သာ ထိတွေ့ကြတာ ဖြစ်ပါတယ်။

    ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကတော့ PIMS ရောဂါနဲ့ပတ်သက်ပြီး သတိထားကြဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်တွန်း​ခဲ့ပေမယ့် Covid-19 နဲ့ ဆက်စပ်မှုရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ​ထုတ်ပြန်ထားပါတယ်။

    ဥရောပမှာ သေဆုံးသွားတဲ့ ကလေးငယ် ၂ ဦးဟာ ဗြိတိန်နဲ့ ပြင်သစ်တို့က ဖြစ်ပါတယ်။

    ECDC က တော့ PIMS ရောဂါမှာ Covid-19 က ဘယ်လို ပါဝင်ပတ်သက်မှုရှိလဲဆိုတာကို လေ့လာဆန်းစစ်ဖို့အတွက် ဥရောပတစ်ဝှမ်း အသိပေးထားပြီး၊ ကလေးငယ်တွေဟာ ကိုဗစ်နဲ့ ထိတွေ့မှုအလားအလာ နည်းတဲ့အတွက် အန္တရာယ်ရှိနိုင်ခြေအနိမ့်ဆုံးအဖြစ် လက်ရှိ ယူဆထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Reuters