News @ M-Media

Tag: france

  • အမုန်းစကားပြောသူများ၏ အချက်အလက်များကို လွှဲပြောင်းပေးရန် Facebook နှင့် ပြင်သစ်အာဏာပိုင်များ သဘောတူ

    အမုန်းစကားပြောသူများ၏ အချက်အလက်များကို လွှဲပြောင်းပေးရန် Facebook နှင့် ပြင်သစ်အာဏာပိုင်များ သဘောတူ

    ဇွန် ၂၆၊ ၂၀၁၉
    M-Media

    မာ့ခ် ဇက်ကာဘာ့ဂ်နှင့် ပြင်သစ်သမ္မတ မာခရွန်တို့ကို တွေ့ရစဉ်

    -အွန်လိုင်းမှာ အမုန်းစကား ဖြန့်ချီတယ်လို့ သံသယရှိတွေရဲ့ လူတွေရဲ့ အချက်အလက်တွေကို လိုအပ်လာရင် တရားရေးတာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ဖို့ Facebook က သဘောတူထားတယ်လို့ ပြင်သစ် နည်းပညာဝန်ကြီး စီဒရစ်အိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ဟာ အွန်လိုင်း အမုန်းစကားနဲ့ သတင်းအမှားတွေ ဖြန့်ချီမှုကို တားဆီးထိန်းချုပ်မှုမှာ ကမ္ဘ္ဘာကို ဦးဆောင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ဦးဖြစ်ပါတယ်။

    မာခရွန်နဲ့ Facebook ကို တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီလို သဘောတူညီချက် ထွက်လာတာ ဖြစ်ပြီး အမုန်းစကားနဲ့ပတ်သက်လို့ အချက်အလက်တွေ လွှဲပြောင်းပေးအပ်ရေး Facebook ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ်ပါတယ်။

    လက်ရှိအချိန်မှာတော့ Facebook ဟာ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းမှာ ပြသစ်နိုင်ငံနဲ့
    ပူးပေါင်းဆောင်ရွက်နေပြီး ပြင်သစ် တရားသူကြီးတွေက တောင်းဆိုလာရင် အကြမ်းဖက်မှုအတွက် သံသယရှိသူတွေရဲ့ IP လိပ်စာတွေ၊ အခြား အချက်အလက်တွေကို လွှဲပြောင်းပေးအပ်နေပါတယ်။

    ပြင်သစ် နည်းပညာဝန်ကြီး စီဒရစ်အိုက Facebook ဟာ အမုန်းစကားနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့တယ်လို့ Facebook တာဝန်ရှိသူ နစ်ဂလက်နဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ သတင်းကောင်းပါ။ တရားရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို အရေးပါပြီး ပြင်သစ်နိုင်ငံရဲ့အကျိုးအတွက် လုပ်ပေးတာလည်း ဖြစ်ပါတယ်”

    ဒါဟာ Facebook နဲ့ ပြင်သစ်အာဏာပိုင်တွေအကြား လတ်တလော ဆွေးနွေးမှုတွေရဲ့ ရလဒ်ဖြစ်တယ်လို့လည်း စီဒရစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မတ်လက ၀န်ကြီးဖြစ်လာပြီးတဲ့နောက် စီဒရစ်ဟာ အွန်လိုင်းမှာ အမုန်းစကား တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ခဲ့ပြီး မာ့ခ်ဇက်ကာဘာ့ဂ်အပါအ၀င် Facebook တာဝန်ရှိသူ တော်တော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။

    Ref: Reuters

  • ၂ ရက်အတွင်း ပြင်သစ်နိုင်ငံသား IS ၄ ဦးကို အီရတ်က သေဒဏ်ချမှတ်

    ၂ ရက်အတွင်း ပြင်သစ်နိုင်ငံသား IS ၄ ဦးကို အီရတ်က သေဒဏ်ချမှတ်

    မေ ၂၇၊ ၂၀၁၉
    M-Media

    -ပြင်သစ်နိုင်ငံသား IS အဖွဲ့ဝင်တစ်ဦးကို အီရတ်နိုင်ငံက ဒီကနေ့မှာ သေဒဏ်ချမှတ်ခဲ့ပြီး IS အဖွဲ့နဲ့ ပတ်သက်မှုအတွက် သေဒဏ်ချခံရတဲ့ ပြင်သစ်နိုင်ငံသားအရေအတွက်ဟာ ၂ ရက်အတွင်း ၄ ဦးအထိ ရှိလာပါတယ်။

    အသက် ၃၇ နှစ်အရွယ် မူစတာဖာ မိုဟာမက် အီဘရာဟင်ဆိုသူကို ကြိုးကွင်းစွပ် ကွပ်မျက်ဖို့ အမိန့်ချခဲ့တာပါ။ အီရတ်တရားရုံးဟာ မနေ့ကလည်း ပြင်သစ်နိုင်ငံသား ၃ ဦးကို IS နဲ့ ဆက်နွယ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပါတယ်။ တရားစွဲဆိုမှုမှာ ပါဝင်ခဲ့တဲ့ ပဉ္စမမြောက် IS အဖွဲ့ဝင်ဟာ ထိန်းသိမ်းမှုအတွင်း ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့အတွက် အမိန့်ချမှတ်မယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အဂ်နက်စ် ဗွန်ဒါ မူးလ်က IS အဖွဲ့ဝင်တွေအပေါ် တရားစီရင်မှုအာဏာဟာ အီရတ်နိုင်ငံရဲ့လက်ထဲမှာ ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပေမယ့် သေဒဏ်ပေးမှုကိုတော့ မိမိတို့အစိုးရက ကန့်ကွက်တယ်လို့ ဆိုပါတယ်။

    IS အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဥပဒေကြောင်းအရ ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ မြင့်တက်နေစဉ်မှာ ဒီလို သေဒဏ်ချမှတ်မှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

    အီရတ်က အခု သေဒဏ်ချမှတ်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း ဆီးရီးယားက အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကနေ လွှဲပြောင်းပေးအပ်ခဲ့တဲ့ IS အဖွဲ့ဝင် ပြင်သစ်နိုင်ငံသား ၁၂ ဦးထဲက ဖြစ်ပါတယ်။ ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်တဲ့ SDF ဟာ ဆီးရီးယားနိုင်ငံမှာ IS အဖွဲ့ကို အမြစ်ဖြတ်နိုင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

    Ref : Daily Mail

  • ပြင်သစ်နိုင်ငံရှိ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း မီးလောင်၊ ဓာတ်တော်မွေတော်များကို ထိန်းသိမ်းနိုင်

    ပြင်သစ်နိုင်ငံရှိ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း မီးလောင်၊ ဓာတ်တော်မွေတော်များကို ထိန်းသိမ်းနိုင်

    ဧပြီ ၁၆၊ ၂၀၁၉
    M-Media

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အလွန့်အလွန်ရှေးကျတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားရောင်း Notre Dame ဟာ မနေ့က မီးအကြီးအကျယ် လောင်ခဲ့ပြီး သမ္မတ အီမန်နျူယဲလ် မာခရွန်က ဘုရားကျောင်းကြီးကို ပြန်လည် ဆောက်လုပ်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    နှစ်ပေါင်း ၈၅၀ သက်တမ်းရှိပြီး ဂေါ့သစ် ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ အဲဒီ ကက်သလစ်ဘုရားကျောင်းကြီးဟာ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ခရီးသွားများလည်ပတ်ရာ နေရာနဲ့ နိုင်ငံရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ တနင်္လာနေ့ ညနေပိုင်းမှာ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမား ၄၀၀ လောက်က မီးကို ထိန်းနိုင်ဖို့ ၉ နာရီကြာ ကြိုးစားခဲ့ရပါတယ်။

    ဘုရားကျောင်းအတွင်း ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ရာကနေ မီးလောင်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ ပြင်သစ်ရှေ့နေချုပ်က Notre Dame ဘုရားကျောင်း မီးလောင်မှုဟာ ရှို့မီး မဟုတ်ဘူးလို့ ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းခေါင်မိုး၊ ၉၃ မီတာမြင့်တဲ့ မျှော်စင်တို့ အကြီးအကျယ် မီးလောင်ပျက်ဆီးခဲ့ပါတယ်။ ရှေးဟောင်းခေါင်းလောင်းအပါအ၀င် ဘုရားကျောင်းထဲက တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ဓာတ်တော်မွေတော်တို့ကို အချိန်မီ ထုတ်ယူနိုင်ခဲ့သလို၊ ဘုရားကျောင်းရဲ့ ပုံသဏ္ဍာန် ပျက်ဆီးသွားခြင်းမရှိဘူးလို့ ပြင်သစ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဘုရားကျောင်း တာဝန်ရှိသူတစ်ဦးက အတွင်းပိုင်း သစ်သားအဆောက်အဦးတွေအားလုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က အဆိုးဆုံးကို ရှောင်ရှားနိုင်ခဲ့ပေမယ့် အပြည့်အ၀ အနိုင်မရသေးကြောင်း၊ ဘုရားကျောင်းဟာ မိမိတို့ဘ၀တွေရဲ့ အသည်းနှလုံးဖြစ်ပြီး ပြန်လည်တည်ဆောက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Louis Vuitton၊ Christian Dior နဲ့ Givenchy တို့လို ကမ္ဘာကျော် တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ လုပ်ငန်းစု LVMHF က Notre Dame ဘုရားကျောင်း ပြန်လည်တည်ဆောက်ဖို့အတွက် ယူရို သန်း ၂၀၀ (ကန်ဒေါ်လာ ၂၂၆ သန်း) လှူဒါန်းမယ်လို့ ဒီကနေ့မှာ ကတိပြုခဲ့ပါတယ်။

    Gucci နဲ့ Yves Saint Laurent တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ François Pinault မိသားစုကလည်း ဘုရားကျောင်းအတွက် ယူရို သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၃ သန်း) ကို ထည့်ဝင်ခဲ့ပါတယ်။

    Ref: CNN

  • ဘုန်းကြီးများ၏ လိင်ကျူးလွန်မှုကို ဖုံးကွယ်ပေးသည့်အတွက် ပြင်သစ်ကာဒီနယ် ထောင်ဒဏ်ချမှတ်ခံရ

    ဘုန်းကြီးများ၏ လိင်ကျူးလွန်မှုကို ဖုံးကွယ်ပေးသည့်အတွက် ပြင်သစ်ကာဒီနယ် ထောင်ဒဏ်ချမှတ်ခံရ

    မတ် ၇၊ ၂၀၁၉
    M-Media

    ကာဒီနယ် ဖိလစ်ပီ ဘာဘာရီယံ

    – ကသလစ်ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဖုံးကွယ်ပေးတဲ့အတွက် ပြင်သစ် ခရစ်ယာန်ကက်သလစ် သာသနာ အကြီးအကဲ ကာဒီနယ် ဖိလစ်ပီ ဘာဘာရီယံမှာ အပြစ်ရှိတယ်လို့ တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း သိက္ခာတော်ရဆရာတော် ဘားနဒ် ပရီနတ်က ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာဒီနယ် ဖိလစ်ပီက တိုင်ကြားဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

    အသက် ၆၈ နှစ်အရွယ် ဆရာတော် ဘားနဒ်ဟာ ကမ္ဘာတစ်ဝှမ်း ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်စော်ကားမှုကိစ္စမှာ ပါဝင်နေတဲ့ ပြင်သစ် အကြီးတန်း ဘုန်းကြီးတစ်ပါးလည်း ဖြစ်ပါတယ်။

    ဆိုင်းငံ့ထောင်ဒဏ်ဖြစ်တဲ့အတွက် ကာဒီနယ် ဖိလစ်ပီဟာ အမှန်တကယ် ထောင်ဒဏ်ကျခံရမှာ မဟုတ်ပါဘူး။ ရှေ့နေတွေကတော့ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမှာဖြစ်ကြောင်း၊ တရားရုံးရဲ့ အကြောင်းပြချက်တွေက မခိုင်လုံကြောင်း ပြောကြားခဲ့ပါတယ်။

    ရာထူးကနေ နှုတ်ထွက်ကြောင်း နှုတ်ထွက်စာကို လာမယ့်ရက်ပိုင်းအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံ တင်သွင်းသွားမှာဖြစ်ကြောင်း၊ ကျူးလွန်ခံရသူတွေနဲ့ မိသားစုတွေအတွက် ဆုတောင်းပေးမှာဖြစ်ကြောင်း ကာဒီနယ်က ပြစ်ဒဏ်ချမှတ်မှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေက သူ့ရဲ့လက်အောက်မှာရှိတဲ့ ဘုန်းကြီးတစ်ပါးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ရဲတပ်ဖွဲ့ထံ တိုင်ကြားဖို့ ဖိလစ်ပီက ပျက်ကွက်ခဲ့တယ်လို့ ကျူးလွန်ခံရသူတွေက စွပ်စွဲပြောကြားမှုတွေ ရှိပေမယ့် အစိုးရရှေ့နေတွေက ဒီအမှုဟာ သိပ်ကြာနေပြီဖြစ်တဲ့အတွက် တရားစွဲလို အဆင်မပြေနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို ခံစားခဲ့ရသူများအဖွဲ့ La Parole Liberee က ဒီကနေ့ ပြစ်ဒဏ်ချမှတ်မှုဟာ ကလေးငယ်တွေအပေါ် ကာကွယ်ပေးမှု ကိစ္စမှာ အဓိက အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေနဲ့ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး သြစတေးလျ၊ ဘရာဇီးလ်၊ ချီလီ၊ အိုင်ယာလန်နဲ့ အမေရိကန်ပြည်ထောင်စုတွေမှာ အစိုးရ အာဏာပိုင်တွေက ဒီကိစ္စတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

    ဒီကိစ္စအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့လမှာ ကမ္ဘာတစ်ဝှမ်းက ကာဒီနယ်တွေနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အမြစ်ပြတ်အောင် လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    Ref: Aljazeera

  • ဇန်န၀ါရီ ၂၇ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးက သတိရနေတဲ့ မွတ်စလင်တို့ရဲ့ လူသားချင်းစာနာမှု

    ဇန်န၀ါရီ ၂၇ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးက သတိရနေတဲ့ မွတ်စလင်တို့ရဲ့ လူသားချင်းစာနာမှု

    ဇန်န၀ါရီ ၂၇၊ ၂၀၁၉
    M-Media

    နာဇီတို့လက်မှ လွတ်မြောက်လာခဲ့သည့် ဂျူးတစ်ဦးကို အော့ဇ၀စ်အကျဉ်းစခန်းရှေ့တွင် တွေ့ရစဉ်

    – နှစ်စဉ် ဇန်န၀ါရီ ၂၇ ရက်နေ့ကို ‘Holocaust အောက်မေ့ဖွယ်နေ့’ အဖြစ် ကုလက သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝှမ်းမှာ အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပလေ့ ရှိပါတယ်။

    Holocaust ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေက ဂျူးလူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ဥရောပတိုက်မှာရှိတဲ့ ဂျူးလူမျိုး ၆ သန်းလောက် အသတ်ခံခဲ့ရပါတယ်။ Holocaust အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ ကမ္ဘောဒီးယား၊ ရ၀မ်ဒါ၊ ဘော့စနီးယားနဲ့ ဒါရ်ဖာရ်တို့မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်အခမ်းအနားတွေကိုလည်း ပူးတွဲကျင်းပလေ့ ရှိပါတယ်။

    နာဇီဂျာမနီတို့ ကြီးစိုးနေတဲ့အချိန် ဂျူးတွေကို သက်စွန့်ဆံဖျား ကယ်ထုတ်ပေးခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ ဥရောပနဲ့ အာဖရိကက အစ္စလာမ်ဘာသာဝင်တွေ ဂျူးတွေကို ကယ်ထုတ်ပေးခဲ့မှု တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    အလ်ဘေးနီးယား

    အစ္စလာမ်ဘာသာဝင်အများစုရှိရာ အလ်ဘေးနီးယားကို ၁၉၄၃ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း နာဇီဂျာမနီတွေဟာ နိုင်ငံအတွင်း ခိုလှုံနေရတဲ့ ဂျူးတွေကို သူတို့လက်ထဲအပ်ဖို့ အမိန့် ထုတ်ခဲ့ပါတယ်။

    ဒါပေမယ့် အလ်ဘေးနီးယန်းတွေက ဒီအမိန့်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဂျူးတွေကို ဆက်လက်ဖွက်ထားပေးခဲ့ပါတယ်။ ဒါ့အပြင် ရိုးရာဝတ်စုံတွေဆင်ပေးကာ အလ်ဘေးနီးယန်းအမည်တွေနဲ့ မှတ်ပုံတင်အတုတွေ ထုတ်ပေးပြီး နာဇီတွေလက်ကနေလွတ်အောင်လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

    စစ်မဖြစ်ခင် အလ်ဘေးနီးယားနိုင်ငံမှာ ဂျူးလူမျိုး ၂၀၀ လောက်သာ ရှိပေမယ့် စစ်ပွဲအပြီးမှာ ၂ ထောင်အထိ မြင့်တက်လာခဲ့ပြီး ဒါဟာ အလ်ဘေးနီးယားက အစ္စလာမ်ဘာသာဝင်တွေရဲ့ လူသားချင်းစာနာထောက်ထားမှုကို ထင်ဟပ်နေတဲ့ အမှတ်သညာတစ်ခုလည်း ဖြစ်ပါတယ်။

    နာဇီတို့လက်မှ ဂျူးများကို ကင်တင်ခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်တစ်ချို့ (၀ဲမှယာ) အီဟစ် အာရ်ကင် (တူရကီ)၊ ဘုရင် ဇွဂ် ၁ (အလ်ဘေးနီးယား)၊ နူရွန်နီဆာ အီနာယတ်ခန်း (ပြင်သစ်)၊ ဒေါက်တာ မိုဟာမက် ဟဲလ်မီ (အီဂျစ်)၊ ရီဖတ် ဟော့စ်ဟာ (အလ်ဘေးနီးယား)၊ အဟ်မဒ် ပက်စ်ဟာ ဘေး (အီဂျစ်)

    တူနီးရှား

    ဒုတိယကမ္ဘာစစ်မှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရတဲ့ တူနီးရှားနိုင်ငံမှာလည်း အစ္စလာမ်ဘာသာဝင်တွေဟာ ဂျူးတွေကို ကယ်တင်ခဲ့တဲ့ သမိုင်းတွေ ရှိပါတယ်။

    ခါလစ် အဘ်ဒူလ် ၀ါဟဘ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုရင် ဂျူးလူမျိုး ၂ ဒါဇင်လောက်ကို နာဇီတွေမသိအောင် ဖွက်ထားကာ စောင့်ရှောက် ပေးခဲ့ပါတယ်။

    တူနီးရှားက အီရန်သံအမတ် အဘ်ဒို ဟူစိန် ဆာဒါရီဟာ ထောင်နဲ့ချီတဲ့ဂျူးတွေကို အီရန် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးကာ နာဇီတွေရဲ့လက်ကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။

    ပြင်သစ်

    ၁၉၄၀ မှာ နာဇီတွေက ပြင်သစ်ကို ကျူးကျော်သိမ်းပိုက်ချိန်မှာ ပဲရစ်မြို့မှာရှိတဲ့ ဂျူးလူမျိုး ၂၈၀၀၀ ကို သူတို့လက်ထဲအပ်ဖို့ ပြင်သစ်ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဂျာမနီနဲ့ ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေ တော်တော်များများ ပြင်သစ်မှာ ခိုလှုံနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

    ပြင်သစ်ရှေ့ဆောင်အီမာမ် ဆီ ကဒူရ် ဘင် ဂါဘရစ်ဟာ ဂျူးလူမျိုး ၁၇၀၀ လောက်ကို ပဲရစ်မြို့က ‘ဂျာမေဗလီဝတ်ကျောင်းတော်’ မှာ ဖွက်ထားပေးခဲ့ပါတယ်။

    အလ်ဂျီးရီးယားစကားတတ်တဲ့ ဂါဘရစ်ဟာ စစ်ကြောင့် အလ်ဂျီးရီးယားကနေ ပြင်သစ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီတောင်းကာ ဂျူးလူမျိုးတွေကို အလ်ဂျီရီးယားတွေနဲ့ရောနှော ကိုယ်ယောက်ဖျောက်နိုင်အောင်လည်း စီစဉ်ပေးခဲ့ပါတယ်။

    ဂါဘရစ်နဲ့ ပဲရစ်ဗလီ ဂေါပကအဖွဲ့ဟာ ဂျူးတွေ လွတ်မြောက်နိုင်ရေးအတွက် မွတ်စလင်အမည်နဲ့ မွေးစာရင်း လုပ်ပေးတာအပြင် စာရွက်စာတမ်း အတုတွေ ထုတ်ပေးခဲ့ကြပါတယ်။

    ဒီအဖြစ်အပျက်တွေအပြင် အီဂျစ်၊ အလ်ဂျီးရီးယားနဲ့ အခြားနိုင်ငံတော်တော်များများက အစ္စလာမ်ဘာသာဝင်တွေဟာလည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတွေကို နာဇီတွေရဲ့လက်ကနေ ကယ်တင်မှုမှာ ပါဝင်ခဲ့ကြပါတယ်။

    သူတို့ရဲ့ လူသားချင်းစာနာထောက်ထားမှု၊ လူလူချင်း သနားကြင်နာမှုကို Holocaust အောက်မေ့ဖွယ်ဖြစ်တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးက ချီးကျူးသြဘာပေးနေကြပါတယ်။

    Ref: Asian Image