News @ M-Media

Tag: france

  • ပြင်သစ်ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် ဖုန်းသုံးမှု ပိတ်ပင်

    ပြင်သစ်ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် ဖုန်းသုံးမှု ပိတ်ပင်

    စက်တင်ဘာ ၃၊ ၂၀၁၈
    M-Media

    – ပြင်သစ်က မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျောင်းသားတွေ ဖုန်းသုံးခွင့်ကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။

    နွေရာသီကျောင်းပိတ်ရက်ပြီးတဲ့နောက် စက်တင်ဘာ ၃ ရက်နေ့ ကျောင်းဖွင့်ချိန်ကနေစပြီး ဒီပိတ်ပင်မှုဟာ သက်ရောက်မှာ ဖြစ်ပါတယ်။

    ကျောင်းသားတွေအနေနဲ့ မုန့်စားချိန်၊ ထမင်းစားချိန်အပါအ၀င် ကျောင်းတက်ချိန်တစ်ခုလုံးမှာ ဖုန်းသုံးခွင့်ရမှာမဟုတ်ဘဲ အရေးပေါ်အခြေနေမျိုးကြမှာသာ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ မသန်းစွမ်းကျောင်းသားတွေကတော့ ဒီပိတ်ပင်မှုမှာ အကြုံးမ၀င်ပါဘူး။

    ကျောင်းသားတွေဟာ ကျောင်းတက်ချိန်အတွင်း ဖုန်းကို ပါဝါပိတ်ထားတာ၊ ဒါမှမဟုတ် ကျောင်းသားတွေအတွက် သတ်မှတ်ပေးထားတဲ့ ဗီဒိုထဲမှာ ထားခဲ့ရမှာ ဖြစ်ပါတယ်။

    အထက်တန်းကျောင်းတွေမှာတော့ ဒီပိတ်ပင်မှုကို ကျောင်းသားတွေရဲ့ သဘောဆန္ဒအလျောက် လိုက်နာနိုင်မှာ ဖြစ်ပါတယ်။

    ပြင်သစ်ပညာရေးဝန်ကြီး ဂျန် မီခေးလ် ဘလန်ကာကတော့ ဒီလို ဖုန်းအသုံးပြုမှု ပိတ်ပင်တာဟာ ကျောင်းသားတွေ ကျောင်းစာအပေါ် ပိုမိုအာရုံစိုက်နိုင်ရေး၊ ပေါင်းသင်းဆက်ဆံမှုကောင်းရေး၊ ဆိုရှယ်မီဒီယာ အသုံးပြုမှု လျှော့ချရေး ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါဟာ အွန်လိုင်းအခြေပြု စော်ကားအနိုင်ကျင့်မှုတွေကို တိုက်ဖျက်ဖို့၊ ကျောင်းအတွင်း ခိုးယူမှု၊ အကြမ်းဖက်မှုဖြစ်လာနိုင်ချေကို တားဆီးဖို့ ဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

    မလိုက်နာသူတွေရဲ့ဖုန်းကို ဆရာ၊ ဆရာမတွေက တစ်နေတာပတ်လုံး သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ဥရောပမှာ လုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတပြော

    ဥရောပမှာ လုံခြုံရေးအတွက် အမေရိကန်ကို မှီခို၍မရတော့ဟု ပြင်သစ်သမ္မတပြော

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ပြင်သစ်မ္မတ အီမန်နျူယဲလ် မာခရွန်

    – ဥရောပ သမဂ္ဂအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရတော့မှာဖြစ်ပြီး အမေရိကန်ကို ဆက်လက် မှီခိုနေလို့ မရတော့ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ သံတမန်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမှုမှာ မာခရွန်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဥရောပလုံခြုံရေးအတွက် သူ့ရဲ့ အစီအစဉ် အသစ်တွေကို လာမယ့်လအနည်းငယ်အတွင်း ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံတွေ ပါဝင်တဲ့ နေတိုးအဖွဲ့နဲ့ မပတ်သက်ချင်တော့တဲ့ စကားတွေပြောကြားအပြီးမှာ မာခရွန်ရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    မာခရွန်ဟာ ဥရောပကို ပေါင်းစည်းပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်၊ ဥရောပဇုန်အတွက် သီးသန့်ဘက်ဂျက်ထားမယ်ဆိုတဲ့ ကတိတွေနဲ့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

    မနက်ဖြန်မှာ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့ကို ၃ ရက်ကြာ သွားရောက်မယ့် မာခရွန်က ဥရောပ ပြုပြင်ပြောင်းလဲရေးကို ၂ ဆတိုးလုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “အစီအစဉ်အသစ်တွေ ဆောင်ရွက်ဖို့လိုပြီး၊ မဟာမိတ်အသစ်တွေလည်း ဖွဲ့စည်းရပါမယ်။ အကြမ်းဖက်ဝါဒ အားကောင်းလာပြီး၊ အမျိုးသားရေးဝါဒကလည်း ထကြွနေတဲ့အချိန် ပြင်သစ်ဟာ ဥရောပကို ကာကွယ်ချင်ပါတယ်”

    Ref: AFP

  • မွတ်စလင်များအား အကြမ်းဖက်ရန်ကြံစည်သည့် အစွန်းရောက်အုပ်စုကို ပြင်သစ် ဖမ်းဆီး

    မွတ်စလင်များအား အကြမ်းဖက်ရန်ကြံစည်သည့် အစွန်းရောက်အုပ်စုကို ပြင်သစ် ဖမ်းဆီး

    ဇွန် ၂၇၊ ၂၀၁၈
    M-Media

    ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များ

    – အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတဲ့ လယ်ယာစွန်းရောက် အုပ်စုတစ်စုကို ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    ဇွန်လ ၂၄ ရက်နေ့ညပိုင်း ပဲရစ်နဲ့ ကော်စီကာတို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးမှာ ဒီလို ဖမ်းဆီးလိုက်တာ ဖြစ်ပြီး အဲဒီအစွန်းရောက်တွေဆီက လက်နက်တွေ၊ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ ပြင်သစ် သတင်းဌာနတွေက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဖမ်းဆီးခံရသူ ၁၀ ယောက်ဟာ အသက် ၃၂ နှစ်ကနေ ၆၉ နှစ်အတွင်း ရှိသူတွေဖြစ်ပြီး ပြင်သစ်အခြေစိုက် လက်ယာအစွန်းရောက်အဖွဲ့ Operational Forces movement (AFO) နဲ့ ဆက်နွယ်ပတ်သက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတစ်ဦးက ဒီလူတွေဟာ “အစ္စလာမ်ဘာဝင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီအုပ်စုဟာ လက်နက်တွေကို စုဆောင်းနေကြပြီး သူတို့ရဲ့အိမ်တွေမှာ လက်ပစ်ဗုံးတွေ၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၆၅ နှစ်အရွယ် အငြိမ်းစား ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ပါတယ်။

    AFO အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ့်မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို လက်တုန့်ပြန်သွားမယ်လို့ ကျုံးဝါးထားပြီး၊ ကလပ်တွေမှာ အဖွဲ့ဝင်တွေကို သေနတ်ပစ် လေ့ကျင့်ပေးတာ၊ လက်နက်ခဲယမ်းတွေ စုဆောင်းတာ၊ ပြဿနာကြီးကြီးမားမား ဖြစ်လာရင် ရင်ဆိုင်ဖို့အတွက် ရိက္ခာတွေ ကြိုစုဆောင်းတာတွေကို လုပ်ဆောင်နေပါတယ်။

    ၂၀၁၇ ခုနှစ် အောက်တိုဘာလကလည်း ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဟာ ပဲရစ်နဲ့ မာဆေးလ်မြို့တွေမှာ ဗလီတွေ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ သမ္မတလောင်း Jeahn-Luc Melenchon တို့ကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ လက်ယာစွန်းရောက် ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတ
    ယ်။

    Ref: AFP

  • ၄ နှစ်ကလေးကို သက်စွန့်ဆံဖျားကယ်တင်သည့် ရွှေ့ပြောင်းအခြေချသူကို ပြင်သစ်က နိုင်ငံသားပေးမည်

    ၄ နှစ်ကလေးကို သက်စွန့်ဆံဖျားကယ်တင်သည့် ရွှေ့ပြောင်းအခြေချသူကို ပြင်သစ်က နိုင်ငံသားပေးမည်

    မေ ၂၈၊ ၂၀၁၈
    M-Media

    – ပဲရစ်က အထပ်မြင့်တိုက်ခန်းတစ်ခုမှာ တွဲလောင်းဖြစ်နေတဲ့ ကလေးငယ်လေးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ မာလီက ပြောင်းရွှေ့အခြေချသူ အမျိုးသားကို နိုင်ငံသားပေးသွားမယ်လို့ ပြင်သစ်က ကြေငြာလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် မာမူဒူ ဂါဆာမာဆိုတဲ့ အဲဒီအမျိုးသားရဲ့ ဗီဒီယိုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းက ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း မနေ့က သမ္မတအိမ်တော်မှာ ဂါဆာမာကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ရဲရင့်မှုအတွက် ချီးကျူးခဲ့သလို၊ နိုင်ငံသားပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဂါဆာမာဟာ ပြင်သစ် မီးသပ်တပ်ဖွဲ့မှာလည်း အလုပ်ရဖို့ ရှိနေပါတယ်။

    လမ်းသွားနေတဲ့အချိန် အထပ်မြင့်တိုက်တစ်လုံးမှာ အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက် တွဲလောင်းဖြစ်နေတာကို မြင်တွေ့ခဲ့ပြီး ချက်ခြင်းဆိုသလိုပဲ ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂါဆာမာက သမ္မတကို ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် တွယ်တက်သွားတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အထပ်မြင့်လေ ထပ်ပြီးတက်ဖို့အတွက် သတ္တိတွေ ပိုရှိလေပါပဲ”

    အခင်းဖြစ်ပွားတဲ့အချိန်မှာ ကလေးငယ်ရဲ့ မိဘတွေက အိမ်မှာရှိမနေဘဲ ရဲတပ်ဖွဲ့က ကလေးကို ဂရုမစိုက်မှုအတွက် ဖခင်ကို ခေါ်ယူစစ်ဆေနေပါတယ်။ မိခင်ဖြစ်သူကတော့ ပဲရစ်မှာ မရှိဘူးလို့ ဆိုပါတယ်။

    ဂါဆာမာက သူဟာ မြေထဲပင်လယ်ကိုဖြတ်ပြီး အီတလီ၊ အဲဒီကနေမှတစ်ဆင့် ပြင်သစ်ကို အန္တရာယ်အဆင့်ဆင်ဖြတ်ကျော်ကာ ပြီးခဲ့တဲ့နှစ်မှာ ရောက်ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုကလည်း ဂါဆာမာကို ချီးကျူးခဲ့ပြီး ဖုန်းဆက်ကာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ ၁၈ ရပ်ကွက်ကို ရည်ညွှန်းကာ ‘၁၈ ရပ်ကွက်က စပိုက်ဒါမန်း’ လို့ မြို့တော်ဝန်က တင်စားခဲ့သလို ‘နိုင်ငံသားတွေအတွက် နမူနာကောင်းဖြစ်တယ်’ လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • အီရန်နျူသဘောတူညီချက်ကို ထိန်းသိမ်းရန် အမေရိကန်ကို ပြင်သစ်သမ္မတ တိုက်တွန်း

    အီရန်နျူသဘောတူညီချက်ကို ထိန်းသိမ်းရန် အမေရိကန်ကို ပြင်သစ်သမ္မတ တိုက်တွန်း

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောနေသည့် မာခရွန်

    – အီရန်နဲ့ရရှိထားတဲ့ နျူသဘောတူညီချက်ကို ထိန်းသိမ်းဖို့နဲ့ အမျိုးသားရေးဝါဒကို လက်မခံဖို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။

    နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ကိုရောက်ရှိနေတဲ့ မာခရွန်ဟာ မနေ့က အမေရိကန်လွှတ်တော်မိန့်ခွန်းမှာ ဒီလိုပြောကြားလိုက်တာပါ။

    ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကို ထရမ့်က ဆက်ပြီး လက်ခံမလားဆိုတာ မပြောတတ်ဘူးလို့ မာခရွန်ကဆိုပြီး အရှေ့အလယ်ပိုင်းကိစ္စမှာ အရင်အမှားတွေကို အနောက်နိုင်ငံတွေက ထပ်မလုပ်ကြဖို့လည်း သတိပေးခဲ့ပါတယ်။

    “ခင်ဗျားတို့သမ္မတ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ သူဟာ ပြည်တွင်းရေးတွေကြောင့် ဒီသဘောတူညီချက်ကနေ ထွက်လိမ့်မယ်လို့ မြင်ပါတယ်”

    မာခရွန် အမေရိကန်ကိုလာရောက်မှုမှာ အီရန်နျူကိစ္စက ထိပ်ဆုံးကဖြစ်ပြီး အီရန်ရဲ့ ဒုံးကျည်စီမံကိန်း တိုးတက်လာတာနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာတာတွေကို ထပ်မံ ကန့်သတ်ဖို့အတွက်လည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။

    တနေ့က အောက်လွှတ်တော်မိန့်ခွန်းမှာလည်း မာခရွန်က ၂၀၁၅ ခုနှစ် သဘောတူညီချက်ဟာ စိုးရိမ်မှုတွေအားလုံးကို မဖြေရှင်းပေးနိုင်ပေမယ့် ဒီထက်ပိုပြီးကောင်းတဲ့ နည်းလမ်းမျိုး မရှိဘဲနဲ့တော့ ဒီစာချုပ်ကို မဖျက်သိမ်းသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

    လက်ရှိ နျူသဘောတူညီချက်မှာ ဆက်လက်ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာကို သမ္မတထရမ့်ဟာ မေလ ၁၂ ရက်နေ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    တစ်ကိုယ်ကောင်းဝါဒကို သတိပေး

    မာခရွန်ဟာ ထရမ့်ရဲ့ အမေရိကန်သည်သာပထမဆိုတဲ့ ၀ါဒကို ဝေဖန်ခဲ့ပြီး၊ လူမျိုးစုံဝါဒကြောင့် အမေရိကန်ဟာ အောင်မြင်လာတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ဒါ(တံးခါးပိတ်ဝါဒ)ဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကို ခဏတာပြေပျောက်ကောင်း ပြေပျောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို တံခါးပိတ်လိုက်တာနဲ့ဘဲ ကမ္ဘာကြီးရဲ့ အဆင့်အဆင့် ပြောင်းလဲမှုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကြောက်ရွံ့မှုကို မီးထိုးပေးလိုက်သလိုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ကျွန်တော်တို့ရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားဖို့ လိုပါတယ်” လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera