News @ M-Media

Tag: france

  • အမေရိကန်၏ကာကွယ်မှုအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ ပိုက်ဆံပေးရမည်ဟု ထရမ့်ပြော

    အမေရိကန်၏ကာကွယ်မှုအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ ပိုက်ဆံပေးရမည်ဟု ထရမ့်ပြော

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    မာခရွန်နှင့်အတူ တွေ့ရသည့် ထရမ့်

    – အရှေ့အလယ်ပိုင်းက အလွန့်အလွန် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ ကာကွယ်မှုအတွက် ပိုက်ဆံပေးချရမှာဖြစ်ပြီး၊ မပေးချင်ဘူးဆိုရင် ကိုယ်ပိုင်တပ်ဖွဲ့တွေ ချထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    မနေ့က ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်သာ မထောက်ပံ့ပေးထားရင် ဒီနိုင်ငံတွေဟာ တစ်ပတ်တောင်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “အဲဒီဒေသက အလွန်ချမ်းသာတဲ့ နိုင်ငံတစ်ချို့ဟာ အမေရိကန်သာမရှိဘူး၊ အနည်းဆုံး ပြင်သစ်သာမရှိဘူးဆိုရင် ဒီလိုအနေအထားမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ အမေရိကန်မရှိရင် ဒီလိုအခြေအနေ ရောက်လာမှာ မဟုတ်ဘူး။ သူတို့ တစ်ပတ်တောင်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးနေတာပါ။ ဒီအတွက် အခု သူတို့ ပိုက်ဆံပေးဖို့ စီစဉ်ရပါမယ်”

    ဒီလိုမှမဟုတ်ရင် ကိုယ်ပိုင်တပ်တွေ ချထားဖို့ ထရမ့်က ပြောကြားခဲ့ပေမယ့် ဘယ်နိုင်ငံတွေကို ရည်ညွှန်းလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ဆီးရီးယားကနေ အမေရိကန်တပ်တွေ ဆုတ်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထရမ့်က ပြန်ရုပ်သိမ်းဖို့ရှိနေပြီး၊ သူတို့ထွက်ခွာသွားရင် အီရန်က ဒေသတွင်း သြဇာကြီးထွားသွားလိမ့်မယ်လို့ အင်္ဂါနေ့မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီစကားထွက်လာခဲ့ပြီးတဲ့နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းက အမေရိကန်ဟာ ကာတာကို ကာကွယ်မှု မရုပ်သိမ်းခင် ဆီးရီးယားမှာ အမေရိကန်တပ်တွေ ရှိနေမှုအတွက် ကာတာက ပိုက်ဆံရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ဘာာရှာ အလ်-အာဆတ်က ပြန်လည်အပ်နှံခဲ့ပြီး ဆီးရီးယားကို ဗုံးကြဲသော ကျွန်နိုင်ငံတစ်ခုမှ ပေးအပ်သည့် ဂုဏ်ပြုဆုကို လက်ခံထားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Legion of Honor ဆုဖြစ်ပြီး ၂၀၀၁ ခုနှစ်က သမ္မတအာဆတ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    “သမ္မတအာဆတ်ကို ပေးအပ်ထားတဲ့ Grand Croix of the Légion d’honneur ဆုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်နိုင်ငံကို ပြန်ပေးခဲ့ပါတယ်” ဟု ဆီးရီးယားသမ္မတရုံး၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပြီး နိုင်ငံအတွင်း ပြင်သစ်အကျိုးစီးပွားကို ကိုယ်စားပြုသည့် ရိုမေးနီးယားသံရုံးမှတစ်ဆင့် ပြန်အပ်ခဲ့သည်ဟု ဆိုသည်။

    ထိုကဲ့သို့ ပြန်အပ်ရန် ဆုံးဖြတ်မှုမှာ ဧပြီလ ၁၄ ရက်နေ့က ဆီးရီးယားအား ၃ နိုင်ငံကျူးကျော်မှုတွင် ပါဝင်မှု၊ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးပြီး နိုင်ငံကတကာ ဥပဒေ၏ အခြေခံကျသော စံနှုန်းများ၊ စည်းမျဉ်းများကို ဖောက်ဖျက်သည့် ‘အမေရိကန်၏ နောက်လိုက် ကျွန်နိုင်ငံတစ်ခု’က ပေးအပ်သည့် ဆုတံဆိပ်ကို သမ္မတ အာဆတ်က လက်မခံလိုမှုကြောင့် ဖြစ်ကြောင်း Twitter ကြေငြာချက်တွင် ဖော်ပြထားသည်။

    အာဆတ်အားပေးထားသည့် အဆိုပါဆုကို ပြင်သစ်က ပြန်ရုတ်သိမ်းတော့မည်ဟု ပြင်သစ်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့ကြသည်။

    ပြင်သစ်မှာ အမေရိကန် စက်ဘီးသမား လန့်စ် အမ်းစထရောင်း၊ ဗြိတိသျှဒီဇိုင်နာ ဂျွန်ဂါလီယာနိုနှင့် ဟာဗေး ၀ိုင်စတိန်းတို့အား ပေးထားသည့် အဆိုပါဂုဏ်ထူးဆောင်ဆုများကိုလည်း ယခင်က ပြန်ရုပ်သိမ်းခဲ့ဖူးသည်။

    Ref: RT

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းတို

    သောကြာနေ့မနက် နိုင်ငံတကာသတင်းတို

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ပြင်သစ်ပြည်သူများ ဆန္ဒပြမှု

    – အီရတ်နဲ့ ကပ်နေတဲ့ ဆီးရီးယားနယ်စပ်က IS စခန်းတွေကို အခုတစ်ပတ်အတွင်း လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အီရတ်အစိုးရက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အီရတ်ဟာ IS အပေါ် အောင်နိုင်ကြောင်း ပြီးခဲ့တဲ့နှစ်မှာ ကြေငြာနိုင်ခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေတော့ ဆက်ရှိနေဆဲပါ။ အခု တိုက်ခိုက်မှုဟာ ဆီးရီးယားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    – ကျူးဘားလွှတ်တော်ဟာ မနေ့က သမ္မတသစ် ဒီယာ့ဇ် ကာနယ်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးနောက်ပိုင်း ကက်စထရိုညီအစ်ကိုရဲ့ တိုင်းပြည်ကို ၅၉ နှစ်ကြာ အုပ်စိုးမှု အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခန့်အပ်မှုဟာ ကြိုတင်စီမံထားတာ ဖြစ်ပါတယ်။ သမ္မတသစ်ကတော့ သမိုင်းတွင်မယ့် ဒီလိုအချိန်မျိုးမှာ တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    – သမ္မတမာခရွန်ရဲ့ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို မကျေနပ်တဲ့အတွက် ရထားအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေအပါအ၀င် ပြင်သစ်ပြည်သူ ထောင်ပေါင်းများစွာဟာ မနေ့က နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမျာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ များသောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဖြစ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ရှိခဲ့ပါတယ်။

    – ဒမတ်စကတ်တောင်ပိုင်းက IS တွေထိန်းချုပ်ထားတဲ့ဒေသကို ဆီးရီးယားအစိုးရတပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရှေ့ဂူတာကို ပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဆီးရီးယားအစိုးရဟာ ဒမတ်စကတ်နားက IS ဒေသတွေကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဥရောပတွင် အာဏာရှင်ကြိုက်ဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ သတိပေး

    ဥရောပတွင် အာဏာရှင်ကြိုက်ဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ သတိပေး

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    – ဥရောပတစ်ဝှမ်းမှာ အမျိုးသားရေးဝါဒ မြင့်တက်လာမှုကို ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က သတိပေးလိုက်ပြီး ဥရောပမှာ အာဏာရှင်ကြိုက်ဝါဒနဲ့ လစ်ဘရယ်ဒီမိုကရေစီအကြား ပွတ်တိုက်မှုဟာ ပြည်တွင်းစစ်ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    ပြင်သစ်နိုင်ငံ စထရာဘော့ဂ်မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ဥရောပလွှတ်တော်မှာ မာခရွန်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဒီမိုကရေစီကတိက၀တ်ကို ဆက်လက်ဆန်းသစ်ဖို့လည်း ဥရောပခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    “အတိတ်ကိုမေ့ပြီး စမ်းတ၀ါးဝါးလျှောက်နေတဲ့ မျိုးဆက်မှာ ကျွန်တော် မပါဝင်လိုပါဘူး”

    အမျိုးသားရေးအမည်ခံ လူပြိန်းကြိုက်ဝါဒဟာ လတ်တလော ဥရောပတစ်ဝှမ်းက ရွေးကောက်ပွဲတွေမှာ လွှမ်းမိုးလာခဲ့ပြီး ဟန်ဂေရီနဲ့ အီတလီနိုင်ငံတွေမှာ ဒါကို ထင်ထင်ရှားရှား မြင်နေရပါတယ်။ ဥရောပက ကြုံတွေ့နေရတဲ့ ပြောင်းရွှေ့အခြေချမှုပြဿနာက ဒီအမျိုးသားရေးဝါဒကို မီးထိုးပေးတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်း ဟန်ဂေရီရွေးကောက်ပွဲမှာ လက်ယာစွန်းဝန်ကြီးချုပ် ဗစ်တာ အော်ရ်ဘန်က သောင်ပြိုကမ်းပြို အနိုင်ရကာ အာဏာရခဲ့ပြီး မတ်လက အီတလီမှာလည်း ဥရောပပေါင်းစည်းရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတွေ အထိနာခဲ့ပါတယ်။

    မာခရွန်နဲ့ သူ့ရဲ့ LREM ပါတီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ဥရောပ မပြိုကွဲရေး ရပ်တည်ချက်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ရွေးကောက်ပွဲမှာ မဲမပေးသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။

    မနေ့က မိန့်ခွန်းမှာ မာခရွန် လစ်ဘရယ်ဆန့်ကျင်ရေးဝါဒကို ကြိုက်နှစ်သက်မှု မြင့်တက်လာပြီး ဥရောပပြည်သူတွေအကြား သဘောထားကွဲလွဲမှုဟာ ပြည်တွင်းစစ်လို ဖြစ်နေတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ တိုက်ပွဲဝင်ပြီး ရရှိလာတဲ့ ဥရောပရဲ့ အချုပ်အခြာကို ကာကွယ်သွားမယ့် မျိုးဆက်ထဲမှာ ကျွန်တော် ပါဝင်ချင်ပါတယ်။ အာဏာရှင်ဝါဒနဲ့ ပတ်သက်တဲ့ ဘယ်လိုသဘောထားမျိုးမှာမှ ကျွန်တော် ပါဝင်မှာ မဟုတ်ပါဘူး”

    Ref: BBC

    http://www.bbc.com/news/world-europe-43794856

  • ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

    ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    နှစ်ဖက် တွေ့ဆုံမှုတစ်ခု

    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ပြင်သစ်ခရီးစဉ်အတွင်း ကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ စီးပွားရေးသဘောတူညီချက် အခု ၂၀ ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    ထိုအထဲမှ အရေးပါဆုံးမှာ ဆော်ဒီ၏ Aramco ကုမ္ပဏီနှင့် ပြင်သစ်မှ ထိပ်တန်း ရေနံကုမ္ပဏီ Total တို့အကြား သဘောတူညီချက်များဖြစ်သည်။ ကုမ္ပဏီနှစ်ခုမှာ ဆော်ဒီတွင် ကန်ဒေါ်လာ ၇.၂ ဘီလီယံတန် ရေနံထွက်ပစ္စည်းစက်ရုံ တည်ဆောက်ရေးနှင့် ကန်ဒေါ်လာ ၃ ဘီလီယံတန် ကုန်သွယ်ရေးကိစ္စများအတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆော်ဒီတွင် လေယာဉ်အင်ဂျင်များ ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆော်ဒီနှင့် ပြင်သစ်တို့က သဘောတူညီခဲ့ကြသည်။

    ဆော်ဒီစွမ်းအင်နှင့် စက်မှုဝန်ကြီး ခါလစ် အလ်-ဖာလီဟ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး မဂျစ် အလ်-ကာဆာဘီတို့ မနေ့က နှစ်ဖက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

    ပြင်သစ်မှာ ဆော်ဒီတွင် တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ထားသည့် နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး ရှိနေသည်။

    Ref: Alarabiya