News @ M-Media

Tag: FranceMuslim

  • ပြင်သစ်မြို့ ၁၈ ခုတွင် အစ္စလာမ့် အနုသုခုမပြပွဲများ ပြုလုပ်သွားမည်

    ပြင်သစ်မြို့ ၁၈ ခုတွင် အစ္စလာမ့် အနုသုခုမပြပွဲများ ပြုလုပ်သွားမည်

    နိုဝင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    ပြင်သစ်မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    -နိုင်ငံတစ်၀ှမ်း ပြန့်နှံ့နေတဲ့ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်နိုင်ရေး၊ အစ္စလာမ်သာသနာနဲ့ ပတ်သက်တဲ့ အသိပညာ ပိုမိုကြွယ်၀လာရေးတို့အတွက် ပြင်သစ်က မြို့ ၁၈ မြို့မှာ အရှေးဟောင်းအစ္စလာမ့် အနုပညာလက်ရာ ပြပွဲတွေကို ကျင်းပဖို့ ရှိနေပါတယ်။

    ‘အစ္စလာမ့်အနုသုခုမ – ပစ္စုပ္ပန်မှ အတိတ်ကို လှမ်းကြည့်ခြင်း’ ခေါင်းစဥ်နဲ့ ပြပွဲကို ပြုလုပ်သွားမှာပါ။ နို၀င်ဘာ ၂၀ ရက်နေ့ကနေ လာမယ့်နှစ် မတ်လ ၂၇ ရက်နေ့အထိ ပြသမှာဖြစ်ပြီး လူတိုင်းအခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ပြသမယ့် ရှေးဟောင်း အစ္စလာမ့်အနုပညာ လက်ရာပစ္စည်းတွေထဲမှာ ပြင်သစ်နိုင်ငံနဲ့ ကမ္ဘာတစ်၀ှမ်းက ပစ္စည်းတွေ ပါ၀င်မှာဖြစ်ပါတယ်။

    ၁၁ ရာစုက ဗလီ၀တ်ကျောင်းတော်မှာ အသုံးပြုတဲ့ မီးအိမ်၊ သစ်သားနဲ့ ထွင်းထုထားတဲ့ ကုရ်အာန်စာပန်းချီ၊ အိန္ဒိယနဲ့ မော်ရိုကိုတို့မှာ မွတ်စလင်တွေ တီထွင်အသုံးပြုခဲ့တဲ့ နက္ခတဗေဒဆိုင်ရာပစ္စည်း စတာမျိုးတွေဖြစ်ပါတယ်။

    ပြပွဲစီစဥ်သူဖြစ်ပြီး ပဲရစ်မြို့ Louvre ပြတိုက်က အစ္စလာမ်ုအနုသုခုမဌာနမှူးလည်းဖြစ်တဲ့ ယန်နစ် လင့်ဇ်က အစ္စလာမ့်အနုပညာနဲ့ပတ်သက်ပြီး အသိပညာအားနည်းမှုကို ဒီပြပွဲကနေ တိုက်ဖျက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပြပွဲတစ်ခုချင်းစီတိုင်းမှာ အစ္စလာမ့်သမိုင်းကြောင်းနဲ့ အနုသုခုမ လက်ရာအကြောင်း ရှင်းပြပေးမယ့် ပညာရှင်တွေ ပါ၀င်မှာပါ။

    “ဒီပြပွဲတွေဟာ အနုပညာလက်ရာတွေကို သိပ်မကြည့်ဖြစ်တဲ့ သူတွေ ဆွဲဆောင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” လို့ အစ္စလာမ့်ရေးရာအကြောင်း ရှင်းပြဖို့ တာ၀န်ယူထားတဲ့ ပါလက်စတိုင်းအနုပညာရှင် ရေဒါ ဆာဒါဟ်က ပြောပါတယ်။

    ဒီပြပွဲ ဖြစ်မြောက်ဖို့အတွက် ပြင်သစ်အစိုးရက ယူရို ၄ သန်း ရန်ပုံငွေထောက်ပံ့ပေးထားပြီး ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထားဖို့လည်း ပွဲစီစဉ်သူတွေကို လမ်းညွှန်ထားပါတယ်။

    အနုပညာလက်ရာတွေကို ပြသမှုအပြင် ဆွေနွေးပွဲတွေ၊ တိုက်ရိုက်ထုတ်လွှင့်ပြသမှု အစီအစဥ်တွေ၊ မှတ်တမ်းရုပ်ရှင် ကြည့်ရှု သုံးသပ်ပွဲတွေလည်း ပါ၀င်မှာဖြစ်ပါတယ်။

    အစ္စလာမ့် စာပန်းချီ ပညာရပ်၊ ပန်းချီလက်ရာ၊ အစ္စလာမ့်သာသနာက စေ့ဆော်မှုကြောင့် ဖြစ်လာတဲ့ သိပ္ပံဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ဟောပြောပို့ချပွဲတွေလည်း ပါ၀င်မှာပါ။

    ပြင်သစ်အစိုးရဟာ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှု တိုက်ဖျက်ရေး စီမံကိန်းချမှတ် လုပ်ဆောင်နေပြီး အခုအစီအစဥ်ဟာ ဒီစီမံကိန်းကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    Ref:Euro News

  • ပြင်သစ်အစိုးရနှင့် နိုင်ငံအတွင်း မွတ်စလင်ခေါင်းဆောင်များ သဘောတူညီချက်တစ်ခု ရရှိ

    ပြင်သစ်အစိုးရနှင့် နိုင်ငံအတွင်း မွတ်စလင်ခေါင်းဆောင်များ သဘောတူညီချက်တစ်ခု ရရှိ

    ဇန်နဝါရီ ၁၇၊ ၂၀၂၁
    M-Media

    -အစ္စလာမ်ဘာသာကို နိုင်ငံရေးဝါဒအသွင် ပုံဖော်မှု ဆန့်ကျင်ရေး၊ နိုင်ငံအတွင်းက အစ္စလာမ်ဘာသာကို နိုင်ငံရပ်ခြားက ဝင်ရောက်စွက်ဖက်မှု တိုက်ဖျက်ရေး၊ အစ္စလာမ်သာသနာကို ပြင်သစ်နိုင်ငံ​ရေးစနစ်နဲ့ ကိုက်ညီစွာ ကျင့်သုံးရေး စတာတွေ ပါဝင်တဲ့ ‘မူဝါဒဆိုင်ရာ သဘောတူညီချက်’ တစ်ခုကို ပြင်သစ် အစ္စလာမ်သာသနာရေးရာကောင်စီ (CFCM) နဲ့ ပြင်သစ်အစိုးရတို့ မနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    CFCM ကို ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေ၊ အစ္စလာမ့်သာသနိကအဆောက်အဦးတွေကို စီမံခန့်ခွဲနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    CFCM မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြင်သစ်ရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်နဲ့ ကိုက်ညီစွာ အစ္စလာမ်သာသနာကို ကျင့်သုံးနိုင်ရေး၊ အစ္စလာမ်သာသနာကို နိုင်ငံရေးလက်နက် တစ်ခုသဖွယ် အသုံးချမှု တိုက်ဖျက်ရေး၊ ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာအပေါ် တစ်ခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုကို တားဆီးရေး၊ အစ္စလာမ်ဘာသာဝင်တစ်ချို့မှာရှိနေတဲ့ အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံတဲ့ လူမျိုးစု​​ဓလေ့တွေကို တားဆီးရေး စတာတွေအတွက် အစိုးရနဲ့ သဘောတူညီခဲ့တာလို့ ဖော်ပြထားပါတယ်။

    သဘောတူညီချက်အရ နိုင်ငံတော်အဆင့် ရှေ့ဆောင်အီမာမ်များကောင်စီ ဖွဲ့စည်းနိုင်မှာဖြစ်ပြီး ဒီကောင်စီက နိုင်ငံတစ်ဝှမ်း ဗလီတွေမှာ ရှေ့ဆောင်အီမာမ်တွေ ခန့်ထားတာ၊ ထုတ်ပယ်တာတွေ လုပ်ဆောင်နိုင်မှာပါ။

    CFCM ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ​ဆွေးနွေးခဲ့တဲ့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gérald Darmanin က ဒီသဘောတူညီချက်ဟာ ‘ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ပြင်သစ်နိုင်ငံအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တစ်ချို့မှာ ရှိနေတဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး၊ နိုင်ငံရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးတန်ဖိုးတွေကို ထိန်းသိမ်းရေးဆိုတဲ့ ငြင်သစ်သမ္မ မာခရွန်ရဲ့ စီမံကိန်းကနေ ဒီသဘောတူညီချက် ထွက်ပေါ်လာတာပါ။

    မာခရွန်ဟာ နိုဝင်ဘာလက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ နိုင်ငံအတွင်းက အစ္စလာမ်သာသနာ ကျင့်သုံးမှုကို စနစ်တကျဖြစ်အောင်လုပ်မယ့် သူ့ရဲ့အစီအစဉ်ကို လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။

    မွတ်စလင်ခေါင်းဆောင်တစ်ချို့က ဒီမူဝါဒကို လက်မှတ်ရေးထိုးဖို့အတွက် ဖိအားပေးတဲ့သဘောမျိုး ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမူဝါဒသဘောတူညီချက်မှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်သစ်က အစ္စလာမ်သာသနာအတွက် အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီး ကျွန်တော်တို့ မွတစ်လင်တွေကလည်း ကိုယ့်ရဲ့ တာဝန်၀တ္တရားတွေကို ကျေပွန်ရပါမယ်” လို့ CFCM ရဲ့ ဒုတိယ ဥက္ကဌဖြစ်ပြီး ပဲရစ်ဂျာမေဗလီရဲ့ အုပ်ချုပ်သူလည်းဖြစ်တဲ့ Chems-Eddine Hafiz က ပြောကြားခဲ့ပါတယ်။

    Ref : Anadolu Agency

  • အစွန်းရောက်တွေကြောင့် မိအေးနှစ်ခါနာတဲ့ ပြင်သစ်မွတ်စလင်များ

    အစွန်းရောက်တွေကြောင့် မိအေးနှစ်ခါနာတဲ့ ပြင်သစ်မွတ်စလင်များ

    အောက်တိုဘာ ၃၀၊ ၂၀၂၀
    M-Media

    ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆီမီးထွန်းနေသည့် ပြင်သစ်မွတ်စလင်များ

    -မနေ့က နိုက်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားကိုင် အကြမ်းဖက်သတ်ဖြတ်မှုကို ပြင်သစ်မွတ်စလင်တွေက ရှုတ်ချလိုက်ပြီး ဝါဒနဲ့ ဝါဒီကို ခွဲခြားမြင်ဖို့လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    စာသင်ချိန်အတွင်း တမန်တော်မိုဟာမက်ရုပ်ပြောင်ကာတွန်း အသုံးပြုခဲ့တဲ့ ပဲရစ်က ကျောင်းဆရာတစ်ဦး အခုလအစောပိုင်းမှာ သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် ပြင်သစ်သမ္မတ မာခရွန် ပြောကြားခဲ့တဲ့ မှတ်ချက်ကြောင့် မွတ်စလင်ကမ္ဘာနဲ့ ​ပြင်သစ်အစိုးရတို့အကြား တင်းမာမှုတွေ မြင့်တက်နေတာပါ။

    မာခရွန်က ပြင်သစ်ဟာ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်ကို တစ်စိုက်မတ်မတ် ကာကွယ်သွားမှာဖြစ်ပြီး ဘာသာရေးခေါင်းဆောင်တွေအပေါ် လှောင်ပြောင်စော်ကားမှုကို ပိတ်ပင်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံတွေမှာ ပြင်သစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြတာ၊ ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တာတွေ ဖြစ်လာပါတယ်။

    မနေ့က နိုက်စ်မြို့ တိုက်ခိုက်မှုမှာတော့ လူ ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ကျူးလွန်သူဟာ တူနီးရှားနွယ်ဖွားတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ပြင်သစ်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ယာစီရ်လူတီက ဒီသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး၊ အကြမ်းဖက်မှု ကျူးလွန်သူဟာ မွတ်စလင်၊ ခရစ်ယာန် ခွဲခြားနေတာမျိုး မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

    “ဘုရားကျောင်းထဲမှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်လိုက်တာကိုကြည့်ရင် ဒီလူတွေဟာ ဘာကိုမှ အလေးအမြတ်မထားဘူးဆိုတာ တွေ့ရမှာပါ။ ကိုယ်ကျင့်တရားဆိုတာ ဒီလူတွေမှာ မရှိပါဘူး။ (အခုရက်ပိုင်း) ကမ္ဘာတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေမှာ လူ ၇၅၀ လောက် အသတ်ခံရတယ်။ ဒီနှစ်ခုကို ချိတ်ဆက်ကြည့်ရင် ဒီလို အစွန်းရောက်ဝါဒမျိုးဟာ ကမ္ဘာ့ကိုပြန့်နှံ့နေပြီး ဒါကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့ ရှုံးနိမ့်နေတယ်ဆိုတာကို ပြသနေပါတယ်။ အကြမ်းဖက်သမားတွေက ဘာသာလူမျိုးမခွဲဘဲ သတ်ဖြတ်နေပေမယ့် ကျွန်တော်တို့ကတော့ ဒီတိုက်ခိုက်မှုတွေကို ဘာသာလူမျိုးခွဲပြီး ရှုမြင်နေကြပါတယ်”

    ပဲရစ်မှာ ကျောင်းဆရာတစ်ဦး အသတ်ခံရပြီးတဲ့နောက် ပြင်သစ်အစိုးရဟာ နိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းပေါ် သံသယမျက်လုံးနဲ့ ပိုမိုစောင့်ကြည့်လာခဲ့ပြီး ဗလီတွေ၊ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွေ၊ မွတ်စလင်ပရဟိတအဖွဲ့တွေအထိပါ ဒီကိစ္စက ရိုက်ခတ်လာခဲ့ပါတယ်။

    ဒီကိစ္စနောက်ပိုင်း ပြင်သစ်အစိုးရက ဖျက်သိမ်းခိုင်းခဲ့တဲ့ နာမည်ကြီး မွတ်စလင်ပရဟိတအဖွဲ့ Barakacity ကို တည်ထောင်သူ အီဒရစ် စီဟာမီဒီကလည်း ဒီလိုအစွန်းရောက်တွေကြောင့် တစ်ခြားသူတွေပါ ဒုက္ခရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးတိုက်ခိုက်မှုတွေက ဆိုးရွားလွန်းတယ်။ ငြိမ်းချမ်းတဲ့ဘ၀သစ် လာရောက်ရှာဖွေသူတွေရှိတဲ့ နေရာမျိုးမှာ ဖြစ်တာက မိအေးနှစ်ခါနာတာပါပဲ။ ထိခိုက်ခံစားရသူတွေ သူတို့ရဲ့မိသားစုတွေကို အားပေးကြသလို၊ တကယ်ဘာသာရေးလေးစားတဲ့ သူတွေကိုလည်း အားပေးကြပါတယ်။ ပြင်သစ်ဟာ ရူးနှမ်းမှု၊ အမုန်း၊ ဒေါသနဲ့ လက်စားချေလိုမှုထဲကို ကျရောက်နေပါပြီ “

    ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဖိုက်ဇာ ဘင် မိုဟာမက်က တမန်တော်မိုဟာမက် ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးတန်ဖိုး၊ အတူယှဉ်တွဲနေထိုင်မှု ဓလေ့တွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဖော်ထုတ်ခြင်းဟာ အခုလိုအချိန်အခါမျိုးမှာ အသုံးဝင်လိမ့်မယ်လို့ ယူဆနေပါတယ်။

    ” ‘ဂျူးဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ထိခိုက်နစ်နာအောင်လုပ်ခဲ့သူဟာ ကမ္ဘာ့တရားစီရင်မယ့်နေ့မှာ ကျွန်ုပ်နဲ့ ဆန့်ကျင်ဖက်လားရာမှာ ရှိလိမ့်မယ်’ လို့ တမန်တော်မိုဟာမက်က မိန့်ကြားခဲ့ပါတယ်” လို့ ဖိုက်ဇာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    လူမှုရေးအဖွဲ့ Front de Mères က ဖာတီမာ အူဆက်က ဒီလိုအချိန်အခါမျိုးမှာ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ကို အကြောက်တရားနဲ့ အာဃာဒ စက်ဝန်းထဲက သားကောင်တွေဖြစ်အောင် လုပ်ထားတဲ့ အမုန်းဝါဒဖြန့်သူတွေကို အတူတကွ ဆန့်ကျင်ကြပါစို့။ စည်းလုံးမှု၊ သာတူညီမျှမှု၊ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအပေါ် အလေးထားမှုတွေ ရှိကြပါ”

    ရုပ်သံအစီအစဉ်တင်ဆက်သူ ဆီဘက်စတီယန် အလ်ဒဲလ်ဟာမစ်ကလည်း နိုက်စ်မြို့မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အလွန်စက်ဆုပ်စရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ထိခိုက်ခံစားရသူတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ဒါဟာ အရိုင်းအစိုင်းဝါဒမျိုးပါ။ ကျူးလွန်သူတွေကို လူလို့တောင် ပြောလို့မရပါဘူး”

    နိုင်ငံရေးသမားတွေဟာ ဒီအဖြစ်အပျက်ပေါ်မှာ အမြတ်ထုတ်နေတယ်လို့လည်း ပြင်သစ်မွတ်စလင်တစ်ချို့က ယူဆနေကြပါတယ်။

    ပြင်သစ်က လက်ယာစွန်းရောက်အဖွဲ့တွေဟာ ဒီအဖြစ်အပျက်ကို အခြေခံပြီး နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်ဖို့ လှုံဆော်တာတွေအထိ ရှိလာပါတယ်။

    Ref: Aljazeera

  • ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးနဲ့ ကလေးတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

    တနင်္ဂနွေနေ့က အီဖယ်​မျှော်စင်နားမှာ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၉ ဦးပါဝင်တဲ့ အဖွဲ့တစ်ခု လမ်းလျှောက်နေစဉ် လူဖြူအမျိုးသမီးနှစ်ဦး ချဉ်းကပ်လာပြီး ဆွဲလာတဲ့ခွေးကို ကြိုးဖြေကာ ကိုက်ခိုင်းခဲ့တာပါ။

    မွတ်စလင်အမျိုးသမီးတွေက ခွေးကိုကြိုးချည်ဖို့ ပြန်ပြောစဉ်မှာ ဒီလူဖြူအမျိုးသမီး ၂ ဦးဟာ ဓားတွေထုတ်ပြီး တိုက်ခိုက်ခဲ့ကာ ‘အကျင့်မကောင်းတဲ့အာရပ်တွေ’ ‘နင်တို့နိုင်ငံ နင်တို့ပြန်ကြ’ ဆိုပြီးလည်း ဟစ်အော်ခဲ့ပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ အလ်ဂျီးရီးယားလူမျိုး ပြင်သစ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း မွတ်စလင်အမျိုးသမီးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး၊ တစ်ဦးဆိုရင် ဓားနဲ့ အနည်းဆုံး ၆ ချက်လောက် အထိုးခံရတာကြောင့် အဆုတ်ပေါက်ပြဲဒဏ်ရာ ကို ရရှိခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအမျိုးသမီးနှစ်ဦးက တစ်ယောက်ကို ပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးခဲ့ပြီး နောက်တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်ရန််ကြိုးပမ်းအားထုတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ညဖက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် အင်္ဂါနေ့အထိ ပြင်သစ်ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ပါဘူး။

    တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကျောင်းဆရာတစ်ဦးကို ရုရှားနွယ်ဖွား အသက် ၁၈ နှစ်အရွယ် မွတ်စလင်လူငယ်တစ်ဦးက အကြမ်းဖက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: RT

  • အစ္စလာမ်ဘာသာတွင် ပြဿနာများ ရင်ဆိုင်နေရသည်ဟု ပြင်သစ်သမ္မတ မာခရွန် ဖွင့်ဟ

    အစ္စလာမ်ဘာသာတွင် ပြဿနာများ ရင်ဆိုင်နေရသည်ဟု ပြင်သစ်သမ္မတ မာခရွန် ဖွင့်ဟ

    အောက်တိုဘာ ၃၊ ၂၀၂၀
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    -အစ္စလာမ်သာသနာဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဒါတွေကို ဖြေရှင်းဖို့ကြိုးသွားမှာဖြစ်သလို၊ နိုင်ငံအတွင်း အသိအဉာဏ်ဖွင့်ပေးတဲ့ အစ္စလာမ်သာသနာမျိုး ထွန်းကားစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ပြင်သစ်က အစ္စလာမ်ဘာသာ၀င် လူ့အဖွဲ့အစည်းတွင်း အစွန်းရောက်အတွေးအခေါ်တွေ တိုက်ဖျက်ရေး မူ၀ါဒတစ်ခုကို မာခရွန်က မနေ့မှာ ချပြခဲ့ပြီး ဘာသာရေးမစွက်တဲ့ တိုင်းပြည်မူ၀ါဒကို ဆက်လက်ထိန်းသွားမယ်လို့ ဆိုပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်နဲ့ ဘုန်းကြီးတွေရဲ့ အာဏာကြီးစိုးမှုကို အပြင်းအထန် တွန်းလှန်ခဲ့ရပြီးတဲ့နောက် ပြင်သစ်ဟာ ၁၉၀၅ ခုနှစ်မှာ လုံး၀ ဘာသာရေးမစွက်တဲ့ နိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး ဒီမူကို ခိုင်ခိုင်မာမာ ဆက်လက်ထိန်းသိမ်းလာခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး။ ဒီကနေ့ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာဟာ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်” လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်က လူ့အဖွဲ့အစည်းတွေအတွင်း ဘာသာရေးအစွန်းရောက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းတစ်ခုကို မာခရွန်က လာမယ့်နှစ်အစောပိုင််းကျရင် လွှတ်တော်မှာ တင်သွင်းဖို့ ရှိနေပါတယ်။

    အဲဒီဥပေဒထဲမှာ အစိုးရကျောင်းက သင်ရိုးနဲ့သွေဖည်ပြီး ကလေးငယ်တွေကို ဘာသာရေးအစွန်းရောက်ဝါဒ သွတ်သွင်းတဲ့ နေအိမ်သင်တန်းတွေကို ကန့်သတ်တာ၊ ကျောင်းတွေ၊ ရုံးတွေမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဝတ်စုံတွေကို ပိတ်ပင်တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဟီဂျဘ်ခေါင်းပေါင်းကို ပြင်သစ်က စာသင်ကျောင်းတွေ၊ အစိုးရရုံးတွေမှာ အရင်ကတည်းက ပိတ်ပင်ထားတာပါ။

    နိုင်ငံအတွင်း အာရဘီဘာသာစကား ​သင်ကြားမှုကို အားကောင်းဆောင်ရွက်ဖို့၊ အစ္စလာမ့်အင်စတီကျူတစ်ခု တည်ထောင်ပေးဖို့၊ ဗလီရှေ့ဆောင်အီမာမ်တွေကို ပြည်တွင်းမှာပဲ လေ့ကျင့်သင်ကြာပေးဖို့ စတဲ့ အစီအမံတွေလည်း ဒီဥပဒေသစ်ထဲမှာ ပါဝင်ပါတယ်။

    အစ္စလာမ်ဘာသာနဲ့ အစွန်းရောက်ဝါဒဟာ တစ်ခြားစီဖြစ်ပြီး နိုင်ငံအတွင်း လူတွေကို အသိဉာဏ်ဖွင့်ပေးတဲ့ အစ္စလာမ်ဘာသာမျိုးကိုသာ လိုချင်ကြောင်း၊ လာမယ့်ဥပဒေသစ်ဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ကန့်သတ်ဖို့မဟုတ်ကြောင်း ပြင်သစ်သမ္မတ မာခရွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံက မွတ်စလင်ခေါင်းဆောင်တွေက မာခရွန်ရဲ့ပြောကြားမှုဟာ အစွန်းရောက်ဝါဒအန္တရာယ်ကို ထောက်ပြချင်တာမျိုးဖြစ်ပြီး၊ တစ်ချို့ စကားလုံးအသုံးအနှုန်းတွေက အငြင်းပွားဖွယ်ရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters, Aljazeera