News @ M-Media

Tag: Gaza

  • အစ္စရေးနှင့် အီဂျစ်တို့ ဂါဇာအား ပိတ်ဆို့ထားမှုကို ရုပ်သိမ်းရန် ကုလတိုက်တွန်း

    မတ် ၂၆၊ ၂၀၁၄
    M-Media

    – ဂါဇာကမ်းမြှောင်ဒေသအား ပိတ်ဆို့ထားခြင်းများနှင့် နယ်စပ်ဖြတ်ကျော်ကန့်သတ်မှုများအား ဖွင့်ပေးရန် အစ္စရေးနှင့် အီဂျစ်နိုင်ငံတို့အား ကုလသမဂ္ဂမှ တိုက်တွန်းခဲ့သည်ဟု သိရသည်။

    356050_Gaza-UNRAW-Israel

    ပါလက်စတိုင်း ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် UNRWA အဖွဲ့မှ အထွေထွေမဟာမင်းကြီး ဗီလစ်ပို ဂရန်ဒီ (ပုံ) က အကျဉ်းထောင်တွင် ပိတ်မိနေသကဲ့သို့ ဂါဇာကမ်းမြောင်တွင် ပိတ်မိနေသည့် ၁.၈ သန်းသော ပါလက်စတိုင်းများ၏ ဒုက္ခသုက္ခများအား အဆုံးသတ်ပေးရန်အတွက် အစ္စရေးနှင့် အီဂျစ်တို့အား ယမန်နေ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    “ဂါဇာဒေသကလူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးက မေ့မထားသင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ သူတို့ရဲ့ လုံခြုံရေးဟာ လူတိုင်းရဲ့လုံခြုံရေးလို တန်ဖိုးရှိပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်တွေနဲ့ရှုမြင်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်” ဟု ဂရန်ဒီက ပြောကြားခဲ့သည်။

    ဂါဇာဒေသအား အစ္စရေး၏ တရားမ၀င်ပိတ်ဆို့မှုကို ဖွင့်ပေးရန် ဂရန်ဒီက တိုက်တွန်းပြောကြားခဲ့ပြီး၊ ထိုဒေသအတွင်း ကုလမှဆောက်လုပ်နေသည့် အဆောက်အဦးများတွက် ပစ္စည်းများအား အကန့်အသတ်ဖြင့် အစ္စရေးက ခွင့်ပြုသော်လည်း သွင်းကုန်ထုတ်ကုန်များအား ပိတ်ဆို့ထားခြင်းကြောင့် ဂါဇာဒေသမျာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဂါဇာရှိ ကျောင်းသားများနှင့် ဆေးကုသမှုခံယူရမည့် ပြည်သူများအတွက် အီဂျစ်ရှိ ရာဖာနယ်ခြားအား ဖြတ်ကျော် ခွင့်ပေးရန်လည်း မေတ္တာ ရပ်ခံခဲ့သည်။

    ဂါဇာ၏ မြေပြင်၊ ဝေဟင်၊ ရေပြင် အ၀င်အထွက်များကို အစ္စရေးက ပိတ်ဆို့ထားသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရကလည်း ၂၀၁၃ခုနှစ် နွေရာသီမှစ၍ နိုင်ငံအတွင်းသို့ ဂါဇာမှ ၀င်ရောက်မှုအား တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

    ထိုကဲ့သို့ ပိတ်ဆို့ထားမှုက အကျယ်ချုပ်သဘောမျိုးဖြစ်စေပြီး လူနေမှုအဆင့်အတန်း နိမ့်ပါးလာကာ၊ အလုပ်လက်မဲ့နှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်းများအား အလျင်အမြန်မြင့် တက်လာစေခဲ့သည်။ ပါလက်စတိုင်းတာဝန်ရှိသူများကမူ ဂါဇာကမ်းမြှောင်အတွင်း အလုပ်လက်မဲ့နှုန်းမှာ ၄၀ ရာခိုင်နှုန်း အထိရှိသည်ဟု ပြေကြားခဲ့သည်။  UNRWA က ၎င်းတို့အနေဖြင့် ဂါဇာပြည်သူများ၏ ၈၀ ရာခိုင်နှုန်းအား အကူအညီများပေးအပ်နိုင်သည်ဟု ဆိုသည်။

    MRS/AS/MHB

  • ဂါဇာမှ ပြည်သူများအား အားပေးသည့် အနေဖြင့် ဗြိတိန်တွင် ချီတက် လမ်းလျှောက်မှုပြုလုပ်မည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    Muslim-Hands-Walks-For-Gaza

    – အစ္စရေးမှ ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ ချို့တဲ့သော ပြည်သူများအား အားပေးထောက်ခံခြင်းနှင့် ရန်ပုံငွေရရှိရန်ရည်ရွယ်၍ လမ်းလျှောက်ချီတက်သော လှုပ်ရှားမှုတစ်ခု လန်ဒန်မြို့တွင် သိရသည်။

    လန်ဒန်အခြေစိုက အန်ဂျီအိုအဖွဲ့ဖြစ်သည့် Muslim Hands မှ ပြုလုပ်မည့် Walk for Gaza အမည်ရ အဆိုပါလှုပ်ရှားမှုတွင် လန်ဒန်ရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ ထောင်ချီပါဝင်မည်ဟုဆိုသည်။

    “ဂါဇာမှာရှိတဲ့ ကလေးတွေကို ကယ်တင်ခြင်းဟာ ဂါဇာကိုကယ်တင်တာပါပဲ” ဟု ထိုလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ်သူများက ပြောကြားခဲ့သည်။

    အေးစိမ့်သော ရာသီဥတုရှိနေသော်လည်း ချီတက်လမ်းလျှောက်မှုအား ၂၅ ရက် စနေနေ့(ယနေ့) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၅ မိုင် အကွာအဝေးရှိမည်ဖြစ်သည်။

    ဂါဇာကမ်းမြှောင်ရှိ ကလေးများအတွက် အလှူငွေရရှိရန် ရည်ရွယ်ပြုလုပ်သည့် အဆိုပါ လမ်းလျှောက်ချီတက်မှုကို  Muslim Hands မှ လန်ဒန်၊ မန်ချက်စတာ၊ ဘာမင်ဂမ် လက်စတာ စသည့်မြို့များတွင် ပြုလုပ်ခဲ့သည့်မှာ ၆ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး ယမန်နှစ်က အလှူငွေ ပေါင် ၁၁၇၀၀၀ ရရှိခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားပြီး၊ မီဒီယာက ဖော်ပြမှုအားနည်းသောကြောင့် ကမ္ဘာ့တစ်ဝှမ်းမှ လစ်လျူရှုခံထားရသည့် အမေ့ခံ ဂါဇာကလေးငယ်များအတွက် ကူညီရန်ဆုံးဖြတ်ထားသည်ဟု Muslim Hands အဖွဲ့က ပြောကြားခဲ့ပြီး ဂါဇာရှိ Al-Durrah ဆေးရုံတွင် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

    Muslim Hands မှ ပြုလုပ်သည့် အဆိုပါ ချီတက်လမ်းလျှောက်မှုကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများက ထောက်ခံအားပေးခဲ့ကြပြီး ထိုအဖွဲ့၏ အွန်လိုင်းစာမျက်နှာများတွင် ထိုလှုပ်ရှားမှုတွင်ပါဝင်ရန်နှင့် အလှူငွေများပေးအပ်ရန် မှတ်ချက်များပေးခဲ့ကြသည်။

    Ref: OnIslam

  • ထင်ရှားသည့် မွတ်စလင် ပညာရှင် ရှိခ် အလ်-ကွာရာဒါဝီ ဂါဇာသို့ သွားရောက် လည်ပတ်

    မေ-၉၊၂၀၁၃
    M-Media

    Qaradawi in Gaza1
    ပါလက်စတိုင်း ခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်

    ဂါဇာ။ ။ ထင်ရှားသော အစ္စလာမ့်ဓမ္မပညာရှင်ဖြစ်သူ ရှိခ် ယူစွဖ် အလ်-ကွာရာဒါဝီ(Sheikh Yusuf Al-Qaradawi)သည် အစ္စရေးတို့ ပိတ်ဆို့ထားသော ဂါဇာကမ်းမြှောင်ဒေသသို့ မေလ ၈ရက် ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့သည်။

    “ကျနော်တို့ရဲ့ ရည်ရွယ်ချက်ဟာ အလ္လာဟ်အရှင်မြတ်လမ်းတော်မှာ အသက်စွန့်ဖို့ပါ။ ပြီးတော့ ပါလက်စတိုင်းနိုင်ငံ တည်တံ့ခိုင်မြဲဖို့အတွက်လည်းဖြစ်ပါတယ်။” ဟု ဂါဇာသို့ ဆိုက်ရောက်ချိန်တွင် ကွာရာဒါဝီက ပြောဆိုခဲ့ကြောင်း AFP သတင်းဌာနက ရေးသားထားသည်။

    အစ္စလာမ့်ဓမ္မပညာရှင် ၅၀ ကို ဦးဆောင်လာသည့် ကွာရာဒါဝီမှာ အီဂျစ်နိုင်ငံ ရာဖာ နယ်ခြားကိုဖြတ်၍ ဂါဇာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဟားမတ်စ်ဝန်ကြီးချုပ် အစ်မေးလ် ဟာနီယာ(Ismail Haniyeh)နှင့် ပါလက်စတိုင်း ကာကွယ်ရေးခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ခဲ့သည်။

    “အာရပ်နွေဦး လှုပ်ရှားမှုခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်၊ ပါလက်စတိုင်းလွတ်မြောက်ရေးကြိုပမ်းမှု ခေါင်းဆောင် ကို ပါလက်စတိုင်းနိုင်ငံမှ ကြိုဆိုပါတယ်။” ဟု ဟာနီယာ က နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ကွာရာဒါဝီမှာ ဂါဇာတွင် ငါးရက်ကြာနေထိုင်မည်ဖြစ်ပြီး မေလ ၁၀ရက် သောကြာနေ့စုပေါင်းဝတ်ပြုမှုကို ဦးဆောင်ဝတ်ပြုမည်ဟု သိရသည်။

    မွတ်စလင်ပညာရှင်များအစည်းအရုံး(IUMS) ၏ ဥက္ကဌဖြစ်သူ ကွာရာဒါဝီမှာ ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး မွတ်စလင်ပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး၊ သူ၏ သမာသမတ်ကျသော အမြင်များကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက လေးစားကြသည်။

    သူသည် ဥရောပ အစ္စလာမ့်ဓမ္မသတ်ကောင်စီ၏ ဥက္ကဌတစ်ဦးဖြစ်ပြီး၊ အောက်စဖို့ဒ်တက္ကသိုလ် အစ္စလာမ် လေ့လာရေးစင်တာ၏ နာယကတစ်ဦးလည်းဖြစ်သည်။ The Lawful and the Prohibited in Islam အမည်ရသည့် စာအုပ်အပါအ၀င် စာအုပ်ပေါင်း တစ်ဒါဇင်ကျော်ကို ရေးသားခဲ့သည်။

    ကွာရာဒါဝီမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု၊ မက်ဒရစ်ဗုံးခွဲမှု၊ လန်ဒန်ဗုံးခွဲမှုနှင့် နိုင်ငံခြားခရီးသွားများအား ပစ်မှတ်ထားသည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဗုံးဖောက်ခွဲမှု အစရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သူဖြစ်သည်။

    ၎င်းအပြင် တူနီးရှား၊ အီဂျစ်နှင့် လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့ပြီး ဆီးရီးယားအတိုက်အခံများအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ခုကိုလည်း အားထုတ်လုပ်ဆောင်ပေးခဲ့သည်။

    လန်ဒန်မြို့တော်ဝန်ဟောင်းဖြစ်သူ ကင် လစ်ဗင်စတုံး(Ken Livingstone)က ကွာဒါရာဝီအား “တိုးတက်သော မွတ်စလင်ခေါင်းဆောင်” ဟု မှတ်ချက်ပေးခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည် ပုပ်ရဟန်းမင်းကြီး ဂျွန်၂၃ နှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။
    ကွာရာဒါဝီ၏ ဒီမိုကရေစီကို ထောက်ခံမှု၊ အစ္စလာမ်နှင့် အနောက်နိုင်ငံများအကြား ကွာဟမှုများကိုပေါင်းကူးပေးရန် ကြိုးပမ်းမှုများကိုလည်း လစ်ဗင်စတုံးက ချီးကျူးပြောဆိုခဲ့သည်။

    ဆယ်စုနှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့် ပါလက်စတိုင်းနိုင်ငံအား အစ္စရေးတို့က သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် ကွာရာဒါဝီက ဆော်အော်ခဲ့သည်။

    “ပါလက်စတိုင်းနိုင်ငံလွတ်မြောက်ဖို့ ကျနော်တို့ ဆောင်ရွက်ရပါမယ်။ ကျနော်တို့ အောင်နိုင်မယ်ဆိုတာ ကျနော် သေချာပြောရဲပါတယ်။” ဟု သူက ပြောဆိုခဲ့သည်။ ထပ်မံ၍လည်း

    “အီဂျစ်နဲ့ တူနီးရှားမှာ အုပ်စိုးခဲ့တဲ့ အာဏာရှင်တွေကို ဖြုတ်ချပြီး ပြည်သူတွေက အောင်ပွဲရယူမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ပြီးတော့ ဆီရီးယားမှာလည်း အောင်ပွဲ ပေါ်ထွက်လာပါလိမ့်မယ်။” ဟု အာရဗ်နွေဦးလှုပ်ရှားမှုကို ရည်ညွှန်း၍ သူက ပြောဆိုသွားသည်။

    Onislam

  • ဂါဇာမှ ပါလက်စတိုင်း ကလေးများအတွက် ရော်နယ်ဒို ပေါင် ၁.၅ သန်းလှူ

    ဂါဇာမှ ပါလက်စတိုင်း ကလေးများအတွက် ရော်နယ်ဒို ပေါင် ၁.၅ သန်းလှူ

    နိုဝင်ဘာ ၂၁၊၂၀၁၂

    M-Media

    စပိန် နာမည်ကြီးဘောလုံးကလပ် ရီရဲလ်မဒရစ်အသင်းကစားသမားဖြစ်တဲ့ ကမ္ဘာ့ကျော်ဘောလုံးသမား ခရစ်တီရာနို ရော်နယ်ဒိုဟာ ဂါဇာဒေသမှာ ပါလက်စတိုင်းကလေးငယ်များအတွက် ပေါင် ၁.၅ သန်း (US $ ၂.၄ သန်း)  လှူဒါန်းခဲ့ကြောင်းကို ရီရဲလ်မဒရစ်အသင်းရဲ့ အာရဗ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်များမှာဖော်ပြပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်မှာ ရီရဲလ်ဖောင်ဒေးရှင်းမှ ချီးမြှင့်ခြင်းခံရတဲ့ ရွှေဖိနပ်ကို ရောင်းချခဲ့ပြီး ရခဲ့တာကို ဂါဇာဒေသမှ ကျောင်းများအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

    ရီရဲလ်အသင်းဖောင်ဒေးရှင်းဟာ  ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၆၆ နိုင်ငံက ကျောင်းပေါင်း ၁၆၇ ကျောင်းကို ကူညီထောက်ပံ့လျှက်ရှိတယ်လို့ မှတ်တမ်းများအရသိရပါတယ်။

    ဒါက ရော်နယ်ဒိုရဲ့ ပထမဆုံးအလှူမဟုတ်ပါဘူး ယခင်နှစ်တွေကလည်း ရော်နယ်ဒိုဟာ သူရဲ့ အားကစားဖိနပ်များရောင်းချမှုက ရရှိငွေကနေ ဂါဇာဒေသမှာရှိတဲ့ စာသင်ကျောင်းတွေအတွက် ရန်ပုံငွေ ထူထောင်ပေးခဲ့ပါသေးတယ်။

    ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းမှ ရီရဲလ်မက်ဒရစ်အသင်းသို့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၃.၉ သန်းဖြင့် ပြောင်းရွှေလာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ရီရဲလ်မဒရစ်အသင်းမှာ သူအတွက် တစ်နှစ်ကို လစာ ပေါင် ၁၂ သန်းဖြင့် စာချူပ်ချူပ်ဆိုထားပြိး ကမ္ဘာ့ဝင်ငွေအများဆုံးရတဲ့ ဘောလုံးသများများထဲမှ တယောက်အပါအဝင်ဖြစ်ပါတယ်။

    ဟားမာစ်ထိန်းချူပ်ထားရာ ဂါဇာဒေသကို အစ္စရေးမှ နိုဝင်ဘာ ၁၃ ရက်နေ့မှ စပြီးကျူးကျော်တိုက်ခိုက်ရာမှာ AP မှဖော်ပြထားသော စာရင်းများအရ ယနေ့အထိ ပါလက်စတိုင်း ၁၄၀ ကျော်သေဆုံးသွားပြီး ၄င်းတို့တွင် အရပ်သားအများပြားပါဝင်ပြီး ကလေးငယ်များလဲပါဝင်ကြောင်းသိရပါတယ်။ ဒဏ်ရရှိသူ ၁၁၀၀ကျော်ရှိပြီး ဟားမာစ်တို့ ရဲ့ ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် အစ္စရေး ၅ ဦး သေဆုံးပြိး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိကြောင်း ဖော်ပြထားရှိပါတယ်။

    အစ္စရေးတို့ရဲ့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှု့ကြောင့် ကလေးငယ်များအပါဝင် အရပ်သားအများအပြား သေဆုံးမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျူးလူမျိုးများအပါဝင် ထောင်ပေါင်းများစွာသော ဘာသာပေါင်းစုံ ပြည်သူများ အစ္စရေးရဲ့ လုပ်ရပ်ကို ဆန့်ကျင့်ကန့်ကွက် မှုများဖြစ်ပေါ်လျက်ရှိပါတယ်။

    အမေရိကန်သမ္မတ အိုဗာမားကတော့ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အစ္စရေးနိုင်ငံဟာ မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောဆိုသွားပြီး အစ္စရေးဘက်က ဆက်လက်ရပ်တည်သွားပါတယ်။

     

    ကိုးကား https://rt.com/