ဒီဇင်ဘာ ၂ ၊ ၂၀၁၄
M-Media
– စားသောက်ဆိုင်တစ်ခုတွင် အရှက်တကွဲပြုခြင်းခံရသည့် အမျိုးသမီး ၂ ဦးအား လွတ်မြောက်ရန် ကူညီရင်း သေဆုံးသွားခဲ့သည့် မွတ်စလင်အမျိုးသမီးငယ် တဂ်စီ အလ်ဘေရက်အား ဂုဏ်ပြုရန်အတွက် ဖယောင်းတိုင်ထွန်းကာ စုရုံးမှုအတွင်း ဂျာမနီပြည်သူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်ဟုသိရသည်။
`မရေမတွက်နိုင်တဲ့ အခြားသော နိုင်ငံသားတွေလိုပဲ ကျွန်တော်ဟာ ဒီကြောက်မယ်ဖွယ် ကိစ္စကိုကြားပြီး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။ တဂ်စီဟာ ကျွန်တော်တို့ အားလုံးဆီက ကျေးဇူးတင်မှုတွေ၊ လေးစားမှုတွေကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါပြီ။ သူမဟာ ကျွန်တော်တို့အတွက် အတုယူစရာလူတစ်ယောက်အဖြစ် ရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ တစ်နိုင်ငံလုံး သူ့အတွက် ၀မ်းနည်းပူဆွေး နေရတာပါ။ တခြားလူတွေက တခြာနည်းလမ်းကို ရှာကြမယ့်အချိန်မှာ တဂ်စီဟာ အတုယူထိုက်စရာ သတ္တိဗျတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့ပါတယ်´ ဟု ဂျာမနီ သမ္မတ ဂျိုအာချင်း ဂေါက်က ပြောကြားခဲ့ပြီး တဂ်စီ၏ မိသားစုကိုလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
အသက် ၂၃ နှစ်အရွယ် တဂ်စီမှာ နိုဝင်ဘာ ၁၅ ရက်နေ့က အော့ဖ်ဘန့်ခ်ျမြို့ရှိ -စားသောက်ဆိုင် တစ်ခု၏ ရေချိုးခန်းရှေ့တွင် အမျိုးသားသုံးဦး၏ အရှက်တကွဲပြုခြင်း ခံနေရသည့် အမျိုးသမီးနှစ်ဦးအား လွတ်မြောက်ရန် သွားရောက်ကူညီခဲ့သည်။
ထို့နောက် ၁ နာရီခန့် အကြာတွင် အမျိုးသား သုံးဦးထဲမှ အသက် ၁၈ နှစ်အရွယ် ဆာနီလ်အမ်ဆိုသူက တဂ်စီအား ကားပါကင်ထဲတွင် ပြင်းထန်စွာရိုက်နှက်ခဲ့သောကြောင့် တဂ်စီမှာ သတိလစ်မေ့မြောခဲ့ပြီး ကိုးမားရောဂါကို ခံစားခဲ့ရသည်။
တဂ်စီ၏ မိသားစုများနှင့် မိတ်ဆွေ အပေါင်းအသင်းများက သတင်းကောင်းကို မျှော်လင့် ခဲ့ကြသော်လည်း ဆရာဝန်များကမူ တဂ်စီ၏ ဦးနှောက်မှာ သေဆုံး သွားခဲ့ပြီဟု နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကြေညာခဲ့ပြီး မိသားစုကကလည်း တဂ်စီ အသက် ၂၃ နှစ်ပြည့်သည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အသက်ရှုကိရိယာများကို ဖြုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
တဂ်စီ၏ သတ္တိကို ချီးကျူးသည့်အနေဖြင့် ဂျာမန်ပြည်သူထောင်ပေါင်း များစွာတို့မှာ အခင်းဖြစ်ပွားခဲ့သည့် စားသောက်ဆိုင် အရှေ့တွင် တိတ်ဆိတ်စွာ စုရုံး ဆန္ဒပြခဲ့ကြပြီး တဂ်စီအတွက် နောက်ဆုံးနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ လူအုပ်ကြီးမှာ “Seni seviyoruz” (ငါတို့အသင့်ကို ချစ်နေမည်)စသည့် စာတမ်းများရေးသားထားပြီး တဂ်စီ၏ ဓာတ်ပုံကို ကပ်ထားသည့် တီရှပ်များကို ၀တ်ဆင်ကာ ၊ “Danke Tuğçe” (ကျေးဇူးပါ တဂ်စီ) ဟု လက်ရေးဖြင့်ရေးသားထားသော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြသည်။
ထို့ပြင် တဂ်စီ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု အတွက် Order of Merit ဆု ချီးမြှင့်ရန် အစိုးရထံ တောင်းဆိုလွှာကိုလည်း ဂျာမန်ပြည်သူ ရာပေါင်းများစွာက လက်မှတ်ရေးထိုးခဲ့ကြသည်။
ဂျာမနီမှာ ပြင်သစ်နိုင်ငံပြီးလျှင် ဥရောပ၌ အစ္စလာမ် ဘာသာဝင် ဒုတိယ အများဆုံးရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၈၂ သန်း၏ ၅ ရာခိုင်နှုန်းခန့်မှာ အစ္စလာမ် သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။
ထို့အပြင် အစ္စလာမ်မှာ ခရစ်ယာန် ပရိုတက်တက်စတင့်နှင့် ခရစ်ယာန်ကက်သလစ် တို့ပြီးနောက် ဂျာမနီ၏ တတိယအကြီးဆုံး အယူဝါဒလည်းဖြစ်သည်။
OnIslam