News @ M-Media

Tag: Germany

  • ဂျာမန်လေယာဉ်တစ်စီး ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရ

    ဂျာမန်လေယာဉ်တစ်စီး ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရ

    ဧပြီ ၁၃၊ ၂၀၁၅
    M-Media

    A barrier tape of German airline Lufthansa's low-cost carrier Germanwings is pictured at a closed gate of Berlin Tegel airport

    – ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရခြင်းကြောင့် ဂျာမန်လေကြောင်းလိုင်း Germanwings မှ လေယာဉ်တစ်စင်းမှာ ယမန်နေ့ညပိုင်းက အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

    Germanwings ၏ ဘက်ဂျက်လေကြောင်းလိုင်းဖြစ်သော Lufthansa လေကြောင်းလိုင်းမှ Flight 4U 826 လေယာဉ်ဖြစ်ပြီး ကိုးလုံးလေဆိပ်မှ အီတလီနိုင်ငံ မီလန်မြို့သို့ ထွက်ခွာမည့် လေယာဉ်ဖြစ်သည်။ ထိုလေယာဉ်ကို ပြေးလမ်းသို့ ဆွဲသွားစဉ် လေယာဉ်အား ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်သောကြောင့် ခရီးစဉ် ဖျက်သိမ်းရန် လေကြောင်းထိန်းသိမ်းရေးမျှော်စင်မှ လေယာဉ်မှူးအား အကြောင်းကြားခဲ့သည်ဟု Germanwings က သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှုကို ဖဒရယ်ရဲတပ်ဖွဲ့လည်း ရရှိခဲ့ပြီး အဆိုပါလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှူထမ်း စုစုပေါင်း ၁၃၂ ဦးကို ကယ်ထုတ်ခဲ့ရသည်။

    ထို့နောက် လေယာဉ်ပေါ်တွင်ပါရှိသည့် ၀န်စည်စလယ်များနှင့် လေယာဉ်တစ်ခုလုံးကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်အရာမှ တွေ့ရှိခဲ့ခြင်းမရှိချေ။ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် Germanwings က အဆိုပါ ခရီးသည်များ အားလုံးကို တနင်္ဂနွေနေ့ညတွင် အခြားလေယာဉ်တစ်စင်းဖြင့် မီလန်သို့ ပို့ဆောင်ပေးခဲ့သည်။

    Germanwings မှ လေယာဉ်တစ်စင်းမှာ မတ်လ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းပေါ်၌ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်။ ထိုပျက်ကျမှုမှာ တွဲဘက်လေယာဉ်မှူးကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း Germanwings ၏ လေယာဉ်မှူးများ စောင့်ကြည့်ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

    Ref: Reuters

  • ပျက်ကျ ဂျာမန်လေယာဉ်၏ နောက်ဆုံးအချိန် ဆဲလ်ဖုန်းဗီဒီယို ထွက်ပေါ်

    ပျက်ကျ ဂျာမန်လေယာဉ်၏ နောက်ဆုံးအချိန် ဆဲလ်ဖုန်းဗီဒီယို ထွက်ပေါ်

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    france-crash

    – မတ်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းပေါ်မှာ ပျက်ကျသွားခဲ့တဲ့ ဂျာမန်လေကြောင်းလိုင်း Germanwigs က Airbus A320 ရဲ့ နောက်ဆုံး အချိန်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

    လေယာဉ် အပျက်အစီးတွေကြားမှာ တွေ့ရတဲ့ ဆဲလ်ဖုန်းကနေ ရရှိခဲ့တဲ့ အဲဒီ ဗီဒီယိုမှာ လူတွေဟာ တော်တော်လေး ၀ရုန်းသုန်းကားဖြစ်နေပြီး ခရီးသည်တွေ အော်ဟစ်နေတဲ့အသံတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဘာဖြစ်တော့မယ်ဆိုတာ သိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်လို့ ပြင်သစ်သတင်းစာ တစ်စောင်ဖြစ်တဲ့ Paris Match က ဖော်ပြခဲ့ပါတယ်။

    အဲဒီအော်သံတွေထဲမှာ “ဘုရားရေ” လို ဘာသာစကားပေါင်းစုံနဲ့ အော်သံတွေကိုလည်း ကြားရပြီး သော့ပိတ်ထားတဲ့ လေယာဉ်မောင်းအခန်းတံခါးကို အတင်းဖျက်ဝင်ဖို့ လေယာဉ်မှူးက ကြိုးစားရာကနေ ထွက်ပေါ်လာတယ်လို့ ယူဆရတဲ့ တစ်ဒုန်းဒုန်းအသံတွေကိုလည်း ကြားရတယ်လို့ ဆိုပါတယ်။

    တစ်ကြိမ်မှာ ကင်မရာဟာ အရမ်း လှုပ်ခါသွားခဲ့ပြီး လေယာဉ် ပျက်မကျခင် တောင်ပံက တောင်တန်းတွေကို ၀င်စောင့်တဲ့အချိန်ဖြစ်တယ်လို့ ယူဆရပါတယ်။

    ဒီဗီဒီယိုက တွဲဘက်လေယာဉ်မှူးဟာ လေယာဉ်မှူးအခန်းတံခါးကို ပိတ်ပြီး လေယာဉ်ကို အောက်ထိုးစိုက်ချတဲ့အချိန်မှာ အပြင်ရောက်နေတဲ့ လေယာဉ်မှူးက အခန်းတံခါးကို ဖျက်ဝင်ဖို့ ကြိုးစားတယ်ဆိုတဲ့ လေယာဉ်မှူးအခန်းရဲ့ အသံမှတ်တမ်းနဲ့လည်း ကိုက်ညီနေပါတယ်။

    အဲဒီအသံမှတ်တမ်းဟာ အခုသီတင်းပတ် အစောပိုင်းမှာ မီဒီယာတွေကို ပေါက်ကြားခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံးမှာ မိမိကို လေယာဉ်ပေးမောင်းဖို့ တွဲဘက်လေယာဉ်မှူး အန်ဒရီယက်စ် လူဘစ်ဇ်က လေယာဉ်မှူး ပက်ထရစ် ဆောင်ဒ်ဟိုင်မာကို စည်းရုံးတဲ့အကြောင်း၊ လေယာဉ်အမြင့်ဆုံးကို ရောက်သွားတဲ့အခါမှာ လေယာဉ်မှူး ပက်ထရစ်က ဆင်းသက်ရမယ့်နေရာအကြောင်း တွဲဖက်လေယာဉ်မှူး အန်ဒရီယက်စ်ကို အသေးစိတ်ပြောပြပြီး သန့်စင်ခန်းသွားတဲ့အကြောင်း စတဲ့ အသံမှတ်တမ်းတွေ
    ပါဝင်ခဲ့ပါတယ်။

    အခုထွက်ပေါ်လာတဲ့ ဆဲလ်ဖုန်းဗီဒီယိုရဲ့ ခိုင်မာမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေတော့ ရှိနေပါတယ်။ အဲဒီလေယာဉ်ပျက်ကျမှုအတွင်းမှာ လူပေါင်း ၁၅၀ သေဆုံးခဲ့ပြီး လေယာဉ်ပျက်ကျမှုမှာ အဓိကတာဝန်ရှိသူလို့ ယူဆရတဲ့ တွဲဘက်လေယာဉ်မှူး အန်ဒရီယက်စ် လူဘစ်ဇ်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။

    Ref: businessinsider

  • ဂျာမနီတွင် လက်ယာစွန်းရောက်နှင့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့

    ဂျာမနီတွင် လက်ယာစွန်းရောက်နှင့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့

    မတ် ၂၉၊ ၂၀၁၅
    M-Media

    germany-left-right-protest.si

    – ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ ဒေါ့မွန်မြို့တွင် လက်ယာစွန်းရောက်အုပ်စုနှင့် ၎င်းတို့အား ဆန့်ကျင်သည့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်ဟုသိရသည်။

    လက်ယာစွန်းရောက် အဖွဲ့ဝင် ၁၀၀ ကျော်ခန့်မှာ လက်ယာစွန်းရောက်သမားတစ်ဦးက လူငယ်တစ်ဦးအား မြေအောက်ရထားဘူတာတွင် ဓားဖြင့်ထိုးသတ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့က ဒေါ့မွန်ရှိလမ်းများပေါ်တွင် ချီတက်ခဲ့ကြပြီး ၎င်းတို့နှင့် မနီးမဝေးတွင် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့များကလည်း တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    လက်ယာစွန်းရောက်အဖွဲ့မှာ နိုင်ငံအတွင်း နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးနှင့် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ပြီး အင်အား၂၀၀၀ ခန့်ရှိသည့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့မှာ “အရင်းရှင်ဝါဒ တိုက်ဖျက်ကြ” “ရွှေ့ပြောင်းအခြေချမှုက လူမှုဖွံ့ဖြိုးရေးကို ဖြစ်စေသည်” စသည့် ကြော်ငြာများကို ကိုင်ဆောင်ခဲ့ကြသည်။

    ထို့နောက် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ကာထားသည့်ကြားမှ လက်ယာစွန်းရောက် အဖွဲ့ထံသို့ ရောက်ရှိအောင် ကြိုးစားခဲ့ကြပြီး နောက်ပိုင်းတွင် ရေသန့်ဘူးများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ချေ။

    ရဲတပ်ဖွဲ့ကမူ ထိုအုပ်စုနှစ်ခု၏ ဆန္ဒပြမှုများ တိုက်ခိုက်မှုဆီသို့ ဦးတည်မသွားစေရန် ထိန်းသိမ်းခဲ့ကြပြီး အခြားသောမြို့များတွင်လည်း ထိုကဲ့သို့ ဖြစ်ပွားရန် အလားအလာရှိနေသောကြောင့် ဂျာမနီတစ်ဝှမ်း ထောင်နှင့်ချီသော ရဲတပ်ဖွဲ့ဝင်များကို ချထားခဲ့ကြသည်။

    Ref: RT

  • ဂျာမန်လေယာဉ် ပျက်မကျမီ လေယာဉ်မောင်းခန်းတွင် လေယာဉ်မှူး တစ်ဦးသာရှိပြီး အခန်းကိုလည်း  သော့ပိတ်ထား

    ဂျာမန်လေယာဉ် ပျက်မကျမီ လေယာဉ်မောင်းခန်းတွင် လေယာဉ်မှူး တစ်ဦးသာရှိပြီး အခန်းကိုလည်း သော့ပိတ်ထား

    မတ် ၂၆၊ ၂၀၁၅
    M-Media

    1427199246_germanwings-article

    – ပြင်သစ်ရှိ အဲလ်ပ်စ်တောင်တန်းပေါ် အင်္ဂါနေ့က ပျက်ကျသွားခဲ့သည့် ဂျာမန်လေကြောင်းလိုင်း Germanwings မှ Airbus A320 လေယာဉ်၏ နောက်ဆုံးအချိန်တွင် လေယာဉ်မှူးအခန်းတွင် လေယာဉ်မှူး ၁ ဦးသာရှိနေပြီး အခန်းကိုလည်း သော့ပိတ်ထားသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

    လေယာဉ်မှူးအခန်းထဲမှ အသံမှတ်တမ်းကို စစ်ဆေးရာတွင် ပါဝင်ခဲ့သူ အကြီးတန်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အပြင်သို့ထွက်သွားသည့် လေယာဉ်မှူးမှာ လေယာဉ်မှူးအခန်းသို့ ပြန်လာစဉ် တံခါးဖွင့်၍ မရတော့ဟု ဆိုသည်။

    “အပြင်ကလေယာဉ်မှူးက တံခါးကို ဖြည်းဖြည်းလေး ခေါက်ပါတယ်။ ဒါပေမယ့် ပြန်ထူးသံမကြားရပါဘူး။ အဲဒီနောက်မှာ ခပ်ပြင်းပြင်းထုတော့လည်း ဘာသံမှမကြားရပါဘူး။ သူ (လေယာဉ်မှူး) တံခါးကိုဖျက်ဝင်ဖို့ ကြိုးစားနေတဲ့အသံကို ကြားနိုင်ပါတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    သို့သော်လည်း လေယာဉ်မှူးတစ်ဦးမှာ မည်သည့်အတွက်ကြောင့် အပြင်သို့ထွက်သွားပြီး၊ ကျန်ခဲ့သည့် လေယာဉ်မှူးမှာလည်း အဘယ့်ကြောင့် မြေပြင်နှင့် ဆက်သွယ်မှု မပြုလုပ်ခဲ့သည်ကို မသိရှိကြောင်း ၎င်းဆိုသည်။

    “ဒါပေမယ့် သေချာတာတစ်ခုကတော့ လေယာဉ်ရဲ့နောက်ဆုံးအချိန်မှာ လေယာဉ်မှူးတစ်ဦးထဲသာ လေယာဉ်မောင်းခန်းမှာရှိပြီး တံခါးကိုလည်း ဖွင့်မထားပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းလျက် ရှိနေသည်။

    စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ ဂျာမနီသို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်မှာ အမြင့်ပေ ၃၈၀၀၀ မှ ၁၀ မိနစ်အတွင်း မြေပြင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၁၅၀ စလုံး သေဆုံးခဲ့သည်။

    ပြင်သစ် မတော်တဆ စုံစမ်းစစ်ဆေးရေးဗျူရိုမှ အကြီးအကဲ ရီမီ ဂျူတီကလည်း အသံမှတ်တမ်းတွင် အော်ဟစ်သံများကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    နယူးယောက်တိုင်းမ်စ်၏ ထိုသို့ဖော်ပြမှုနှင့်ပတ်သက်၍ Germanwings ၏ မိခင်ကုမ္ပဏီဖြစ်သော Lufthansa က ထိုကိစ္စနှင့်ပတ်သက်၍ သိရှိရခြင်းမရှိသေးဘဲ၊ မေးမြန်းမှုများ ပြုလုပ်နေသည် ဟုဆိုသည်။

    လေယာဉ်မှူးအခန်းမှ အသံမှတ်တမ်းမှာ လေယာဉ်ပေါ်တွင်ပါရှိသည့် Black Box နှစ်ခုထဲမှ တစ်ခုတွင် ပါရှိခြင်းဖြစ်ပြီး အခြား Black Box တစ်ခုကိုမူ ဆက်လက်ရှာဖွေနေသည်။

    Ref: CNN

  • ဂျာမနီရှိ အစ္စလာမ် ဆန့်ကျင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ရာထူးမှ နှုတ်ထွက်

    ဂျာမနီရှိ အစ္စလာမ် ဆန့်ကျင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ရာထူးမှ နှုတ်ထွက်

    ဇန်ဝါရီ ၂၉၊ ၂၀၁၅
    M-Media

    gmn

    – ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ PEGIDA ကို တည်ထောင်သူမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နှုတ်ထွက်သွားခဲ့ပြီးနောက် အဖွဲ့၏ ဒုတိယခေါင်းဆောင် ကက်သရင်း အော်တဲလ်လည်း ရာထူးမှ ထပ်မံ နှုတ်ထွက်သွားခဲ့ပြီဟု သိရသည်။

    ကက်သရင်းနှင့် အခြားဘုတ်အဖွဲ့ဝင်တစ်ဦးမှာ ဇန်န၀ါရီ ၂၉ ရက် ယမန်နေ့က နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး မီဒီယာများ၏ ဖိအားကြောင့်ဟု ဆိုခဲ့သည်။ ဂျာမနီအရှေ့ပိုင်း ဒရက်စ်ဒန်မြို့၌ အခြေစိုက်သည့် PEGIDA  အဖွဲ့ကလည်း ၎င်းတို့နှုတ်ထွက်မှုကို Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြုခဲ့သည်။

    အဖွဲ့တည်ထောင်သူ လုသ်ဇ် ဘခ်ျမန်း ပြီးခဲ့သည့်သီတင်းပတ်က နှုတ်ထွက်ပြီးနောက်ပိုင်း ကက်သရင်းမှာ အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီး PEGIDA ကမူ ကက်သရင်းထိုကဲ့သို့ နှုတ်ထွက်ခြင်းမှာ ရန်လိုမှုများလာခြင်း၊ ခြိမ်းခြောက်မှုများနှင့် ပြဿနာများ များပြားလာခြင်းကြောင်းဖြစ်သည်ဟု ဆိုသည်။

    `ညဘက်မှာ ဓာတ်ပုံဆရာတွေ၊ လူစိမ်းတွေ သူမရဲ့ အိမ်အပြင်ဘက်မှ ပုန်းကွယ်စောင့်ဆိုင်းလာကြတဲ့အခါ ကြံကြံခံလာတဲ့ အမျိုးသမီးဟာလည်း အနားယူရပါတော့မယ်´

    အဖွဲ့တည်ထောင်သူ ဘခ်ျမန်းမှာ ဟစ်တလာပုံစံဆံပင်နှင့် နှုတ်ခမ်းမွှေးများတပ်ထာသည့် ၎င်း၏ ပုံအား Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ပြိး ဂျာမနီရှိ ရောင်းအားအကောင်းဆုံး သတင်းစာ Bild က ထိုပုံကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာမျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။ ထို့နောက် ဘခ်ျမန်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ကြီးထွားလာပြီး နောက်ဆုံးတွင် ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

    ဘခ်ျမန်းမှာ ဂျာမနီသို့ ပြောင်းရွှေ့အခြေချလာသူများအား မရိုးသားသူများဟု သုံးနှုန်းခဲ့ကြောင်းသတင်းများက ဖော်ပြခဲ့ပြီး အမုန်းတရားများ လှုံ့ဆော်မှုအတွက် စုံစမ်းစစ်ဆေးရန် ဆော်သြမှုများလည်းရှိနေသည်။ဖောက်ထွင်းမှုကျူးလွန်ခဲ့ဖူးသည့် ဘခ်ျမန်းမှာ ဂျာမနီ၏တန်ဖိုးကို ကာကွယ်သည်ဟု ၎င်းကဆိုသည့်

    ချီတက်လမ်းလျှောက်မှုများကို အပတ်စဉ်ပြုလုပ်ပြီး PEGIDA အဖွဲ့ကို နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။

    ထိုအဖွဲ့မှာ မြို့အချို့တွင် လူထောင်ပေါင်းများစွာပါဝင်သော အစ္စလာမ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုများကို ပြုလုပ်ခဲ့ပြီး ၎င်းတို့၏အဆိုပါလုပ်ရပ်ကို ဆန့်ကျင်သော တန်ပြန်ဆန္ဒပြမှုများကိုလည်း ဂျာမန်ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

    Ref: aljazeera