News @ M-Media

လူရမ်းကားများနှင့် နာဇီ လက်သစ်များ၏ အစ္စလာမ် ဆန့်ကျင်ရေး ချီတက်ပွဲ ပိတ်ပင်မည်ဟု ဂျာမနီ အစိုးရ ကြေညာ

အောက်တိုဘာ ၃၁ ၊ ၂၀၁၄
M-Media
Protestors gesture towards police using water cannon against them during demonstration by hooligans against Salafists and Islamic State extremist in Cologne
– ကိုးလုံးတွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ရမ်းကားဖျက်ဆီးမှုများရှိခဲ့သောကြောင့် လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နာဇီလက်သစ်များနှင့် ဘောလုံးလူရမ်းကားများ၏ မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲကို ပိတ်ပင်သွားမည်ဟု ဂျာမနီ အစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

“ဒီဆန္ဒပြမှုကို ပိတ်ပင်ဖို့အတွက် လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်သွားမှာပါ။ ကျွန်တော်တို့ဟာ ပုံစံအသစ်နဲ့ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ၊ ရန်လိုမှုတွေကို ရင်ဆိုင်နေရပါတယ်။ (ကိုးလုံးမှာဆိုရင်) အစကတည်းက သူတို့ဟာ နိုင်ငံရေးအရ လုပ်တာမဟုတ်ဘဲ ရမ်းကားဖို့အတွက် အထူးသဖြင့် ရဲတွေနဲ့ ထိပ်တိုက်တွေ့ဖို့အတွက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှင်းပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဘာလင်လွှတ်တော်အမတ် ဖရန့် ဟန်ကဲလ်က ARD ရုပ်မြင်သံကြားသို့ အောက်တိုဘာ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါချီတက်ဆန္ဒပြပွဲကို ဘောလုံးလူရမ်းကားများက ဘာလင်ရှိ  Brandenburg Gate တွင် ပြလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲသို့ နာဇီလက်သစ်များ အပါအ၀င် လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ဖွယ်ရှိသည်ဟု ဟန်ကဲလ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေက ကိုးလုံးတွင် ပြုလုပ်ခဲ့သော ချီတက်ဆန္ဒပြမှုကို ဘောလုံးလူရမ်းကားအဖွဲ့ဖြစ်သည့်  Ho.Ge.Sa က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နာဇီလက်သစ်များ အပါအ၀င် လူ ၄၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။  အများစုမှာ အရက်မူးနေကြကာ ရဲတပ်ဖွဲ့အား အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦးခန့် ဒဏ်ရာရခဲ့ကြသည်။

ထိုအဖြစ်အပျက်များက နိုင်ငံရေးရည်ရွယ်ချက်မရှိသော ဆိုးသွမ်းလူငယ်များ လူမျိုးရေးခွဲခြားသော အုပ်စုများနှင့် ပူးပေါင်းခြင်းအတွက် စိုမ်းရိမ်မှုများကိုလည်း မြင့်တက်စေသည်။

ဘောလုံးလူရမ်းကားအဖွဲ့ဖြစ်သော Ho.Ge.Sa အဖွဲ့၏ အဖွဲ့ဝင်များအကြားတွင် နာဇီလက်သစ်အရိပ်အရောင်များတွေ့နေရပြီး အာဏာပိုင်များကလည်း စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

ဂျာမန်တရားရုံးမှာ နာဇီလက်သစ်များ၏ ချီတက်ဆန္ဒပြမှုများအား ပုံမှန်ပိတ်ပင်လေ့ရှိသော်လည်း ဟန်ကဲလ်ကမူ ရေရှည်ပိတ်ပင်ခြင်းထက် အဖြစ်အပျက် တစ်ခုချင်းစီကိုကြည့်၍ ဆုံးဖြတ်သင့်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

ref_ OnIslam & News Agencies

Comments

Leave a Reply