News @ M-Media

Tag: India-Pakistan

  • အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    စက်တင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာရှ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေကို ‘မျိုးဖြုတ်ဖို့ စီစဉ်နေတယ်’ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရကို ‘ဖက်ဆစ်’ လို့လည်း သမုတ်ခဲ့ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ ဆိုးဆိုးရွားရွား ဖိစီးနေတဲ့သူက လက်ရှိမှာ အိန္ဒိယကို အုပ်စိုးနေတယ်။ ဖက်ဆစ်အဖွဲ့ RSS-BJP က ဖြန့်ဖြူးပြီး အမုန်းပြည့်နေတဲ့ Hindutva အတွေးအခေါ်ဟာ အိန္ဒိယက သန်းပေါင်း ၂၀၀ သော မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မွေးဖွားပေးလိုက်တာပါ ”

    BJP ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်ပြီး၊ RSS ဟာ BJP ရဲ့ အတွေးအခေါ်ပိုင်းကို မွေးဖွားပေးတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် ခုနှစ်ကစပြီး အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေ ခေါင်းထောင်ထလာကာ ဒါလစ်ဇာတ်နိမ့်၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

    အိန္ဒိယက တုန့်ပြန်

    စနေနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပေါ် ဘယ်နိုင်ငံကမှ အမြတ်ထုတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုတွေကို ကူညီပေးဖို့ မိုဒီက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ တစ်ချို့နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားအတွက် အာဖဂန်နစ္စတန်ကို အမြတ်ထုတ်မယ့်အရေး သတိထားဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဒါဟာ ပါကစ္စတန်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူ စနီဟာ ဒူဘီက အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့်ပေးခဲ့တာကို ထောက်ပြခဲ့ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို မွေးထုတ်ပေးတဲ့နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ ဘင်္ဂါလီတွေကို ဘာသာရေး၊ ယာဉ်ကျေးမှု မျိုးတုန်းအောင် လုပ်ဆောင်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒဏ်ကို တစ်ကျော့ပြန် ခံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ ပါကစ္စတန်နိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။

    အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်စလို့ ကိုဗစ်လှိုင်း ထပ်ဖြစ်ခဲ့ပြီး နေ့စဉ် လူ သိန်းချီ ရောဂါကူးစက်နေကာ သေဆုံးသူတွေလည်း ထောင်ချီရှိနေတာပါ။ အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆေးရုံဆေးခန်းတွေ၊ အောက်ဆီဂျင်အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မလုံမလောက်ဖြစ်နေတာကိုလည်း ကြုံတွေ့နေရပါတယ်။

    ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အိန္ဒိယပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒီလိုကမ်းလှမ်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ထောက်ပံ့ပေးမယ့် ပစ္စည်းတွေထဲမှာ အသက်ရှုစက်တွေ၊ အောက်ဆီဂျင်နဲ့ ဆက်စက်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် X-ray စက်တွေ၊ PPE နဲ့ ဆက်စပ်ကိရိယာတွေ ပါဝယ်ပါတယ်။

    ဒီပစ္စည်းတွေ အလျင်အမြန် ပို့ပေးနိုင်ရေး၊ ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျော့ချနိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အာဏာပိုင်တွင် အတူနည်းလမ်းရှာ လုပ်ဆောင်နိုင်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    သောကြာနေ့ကလည်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကိုဗစ်ဒဏ်ခံစားနေရတဲ့ အိန္ဒိယပြည်သူတွေ အမြန်ဆုံး သက်သာပါစေကြောင်း Twitter ကနေတစ်ဆင့် ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူးဒ် ကိုရိုက်ရှီက လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးကာ ဒီလိုအကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသအတွက် စစ်ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် နှစ်ဖက်အာဏာပိုင်တွေက လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

    Ref: Pakistan Today

  • အိန္ဒိယနှင့်ပါကစ္စတန် သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ယူအေအီး ဖွင့်ဟ

    အိန္ဒိယနှင့်ပါကစ္စတန် သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ယူအေအီး ဖွင့်ဟ

    ဧပြီ ၁၅၊ ၂၀၂၁
    M-Media

    -ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပြန်လည်သင့်မြတ်ပြီး ခိုင်မာတဲ့
    ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် မိမိတို့က ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်ဆိုင်ရာ ယူအေအီးသံအမတ် ယူဆက်ဖ် အလ် အိုတိုင်ဘာက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည်သင့်မြတ်ရေး လျှို့ဝှက် ဆောင်ရွက်နေကြပြီး ဇန်နဝါရီလက ဒူဘိုင်းမှာ နှစ်ဖက် ထောက်လှမ်းရေးအကြီးအကဲတွေဟာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

    သံအမတ် အလ် အိုတိုင်ဘာက ကက်ရှ်မီးယားအရေး တင်းမာမှု လျော့ကျသွားပြီး ​အပစ်ရပ်ရေးသဘောတူညီချက်ရဖို့၊ အဲဒီကနေတစ်ဆင့် နှစ်နိုင်ငံ ကောင်းမွန်ပြေလည်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ယူအေအီးက ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ မနေ့က အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အကောင်းဆုံးမိတ်ဆွေ​တွေ ဖြစ်လာအောင် သူတို့ ဆောင်ရွက်နေတာမျိုး မဟုတ်ပေမယ့် အနည်းဆုံးတော့ အလုပ်ဖြစ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ပြောလို့ဆိုလို့ရတဲ့ အဆင့်မျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန် စစ်တပ်တို့ဟာ ကက်ရှ်မီးယားက LoC နယ်ခြားစည်းမျဉ်းတစ်ယောက် အပစ်ရပ်ရေး ၂၀၀၃ ခုနှစ် သဘောတူညီချက်ကို ဆက်လက်လိုက်နာသွားမယ်လို့ ဖေဖော်ဝါရီလက အံ့အားသင့်ဖွယ် ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကမား ဂျာဝိဒ် ဘဂျ်ဝါးက အတိတ်ကကိစ္စတွေကို မေ့ပစ်ပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    နှစ်နိုင်ငံဝန်ကြီးချုပ်တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အပြန်အလှန် စာတွေပေးပို့ခဲ့ပြီး ဖော်ရွေပျူငှာတဲ့ဆက်ဆံရေးမျိုး လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားတွင် အပစ်ရပ်ရန် အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူ

    ကက်ရှ်မီးယားတွင် အပစ်ရပ်ရန် အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ မလုပ်ဖို့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဒီကနေ့မှာ သဘောတူခဲ့ကြပါတယ်။

    ကက်ရှ်မီးယားပိုင်ဆိုင်မှုအတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ နှစ်ကြိမ်တိုင်တိုင် စစ်ဖြစ်ဖူးပြီး ဒီဒေသကို နှစ်နိုင်ငံစလုံးက တစ်ခြမ်းစီ ထိန်းချုပ်ထားပါတယ်။

    နယ်ခြားမှာ Line of Control (LOC) သတ်မှတ်ထားကာ ၂၀၀၃ ခုနှစ်ကတည်းက အပစ်ရပ်ရေး လက်မှတ်ထိုးထားပေမယ့် LOC ကျော်ပြီး ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး နှစ်ဖက် စစ်သားတွေ၊ အရပ်သားတွေ သေဆုံးမှုလည်း ရှိခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်​စစ်တပ်က စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲတွေရဲ့ ဒီနေ့မနက် ဖုန်းနဲ့ဆွေးနွေးမှုမှာ အပစ်ရပ်ရေးနဲ့ အခြားသဘောတူညီချက်တွေ အားလုံးကို တိတိကျကျ လိုက်နာဖို့အတွက် ထပ်မံသဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ကြာသာပတေးနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မှာပါ။

    ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ နှစ်ဖက်စစ်တပ်ဟာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်ကို ၁၀ ရက်အတွင်း ချေမှုန်းနိုင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ပါကစ္စတန်ကို ၁၀ ရက်အတွင်း ချေမှုန်းနိုင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်ကို ၁၀ ရက်အတွင်း ခေျမှုန်းနိုင်တဲ့စွမ်းအားမျိုး အိန္ဒိယမှာ ရှိနေပြီလို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ဗြိတိသျှထံကနေ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၇ ခုနှစ်ကစလို့ စစ်ပွဲ ၃ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အပြန်အလှန် လေကြောင်းတိုက်ပွဲနဲ့စတုတ္ထမြောက်စစ်ပွဲ ဖြစ်ပွားလုအထိ ဖြစ်ခဲ့ပါတယ်။

    “ပါကစ္စတန်ဟာ ၃ ကြိမ်တိုင်တိုင်ရှုံးခဲ့တယ်။ ကျွန်တော်တို့စစ်တပ်ဟာ ပါကစ္စတန်ကို ချေမှုန်းဖို့ ၇ ရက်ကနေ ၁၀ ရက်ထက် ပိုမကြာပါဘူး” လို့ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ဖက်အရာရှိတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်မိုဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံသားဥပဒေကို အငြင်းပွားဖွယ်ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှု၊ စီးပွားရေးကျဆင်းမှု၊ လာမယ့်လနယူးဒေလီမှာလုပ်မယ့် ပြည်နယ်ရွေးကောက်ပွဲမှာ ရှုံ့းနိမ့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကြောင့် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

    အိန္ဒိယရဲ့ ပြောင်မြောက်တဲ့စွမ်းရည်နဲ့ ကျွမ်းကျင်လိမ္မာမှုတွေဟာ သစ်လွင်တဲ့အတွေးအခေါ်တွေကလာပြီး ၂၀၁၆ ခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်နိုင်ငံထဲအထိဝင်ပြီး စစ်သွေးကြွတွေကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်တာဟာ ဒီအတွက် အထောက်အထား ဖြစ်တယ်လို့လည်း မိုဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကက်ရှ်မီးယားမှာ ပါကစ္စတန်နဲ့ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အိန္ဒိယတိုက်လေယာဉ်တစ်စီး ပစ်ချခံလိုက်ရပြီး လေယာဉ်မှူးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ပါကစ္စတန်က နောက်ပိုင်းမှာ လေယာဉ်မှူးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    ပြိုင်ဘက် ၂ နိုင်ငံဟာ ၁၉၄၇၊ ၁၉၆၅နဲ့ ၁၉၇၁ ခုနှစ်တွေမှာ ၃ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ဖူးပါတယ်။ မိုဒီက ပါကစ္စတန်ဟာ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက စစ်သွေးကြွကို ပံ့ပိုးကူညီကာ တစ်ဆင့်ခံစစ်ပွဲ ဖော်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA