News @ M-Media

Tag: India

  • မြန်မာနယ်စပ်၌ အိန္ဒိယ ကုန်သည်နှစ်ဦး၏ အလောင်းများ တွေ့ရှိ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    19TH_BORDER_TRADE_1761666f
    အင်မ်ဖာလ်။    ။ မြန်မာနိုင်ငံ တမူးမြို့အတွင်း ပျောက်ဆုံးနေသည်ဆိုသော အိန္ဒိယ ကုန်သည်နှစ်ဦးကို မြန်မာ-မဏိပူရ နယ်စပ်တွင် သေဆုံးနေသည့် အလောင်းများအဖြစ်နှင့် ပြန်လည်တွေ့ရှိခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မီးလောင်ကွက် အပါအ၀င် ဒဏ်ရာ အများအပြား ရရှိထားကြသည်။

    သေဆုံးသူများမှာ ဥတ္တားပရာဒက်ရှ်မှ Sanvendar Singh (၃၀ နှစ်) နှင့် မွမ်ဘိုင်းမှ Daljeet Singh (၃၃ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့သည် အိမ်သုံးနှင့်ကျောင်းသုံး ပစ္စည်းများရောင်းချရန် မိုရေးသို့ရောက်လာကြသည်။ တစ်လအကြာ မိုရေးမြို့နယ် မဏိပူရနယ်စပ်နှင့် ၁၀ မိနစ် ခရီးတာအကွာရှိ တမူးသို့ ၀င်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပျောက်ဆုံးသွားသည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။

    သူတို့က မြန်မာအာဏာပိုင်များထံမှ ၀င်ခွင့်တောင်းခံပြီးနောက် အမှတ် ၂ နယ်စပ်ဝင်ပေါက်မှ တမူးမြို့ထဲ ၀င်ရောက်သွားခြင်း ဖြစ်ကြောင်း၊ ချန်ဒဲလ်ခရိုင် မိုရေးတောင်ဖက် ၄၅ မီတာအကွာ မဏိပူရနယ်စပ် အခြမ်းရှိ  Jangnomphai ရွာအနီး၌ ရွာသားတို့၏အကြောင်းကြားချက်အရ သူတို့၏ အလောင်းများကို ပြန်တွေ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်များက ဆိုသည်။

    ယမန်နှစ် ဧပြီလ ၁၀ ရက်တွင် မိုရေးမှ ရဲကွန်မန်ဒို တစ်ဦးနှင့် အရပ်သားတစ်ဦးတို့သည် ၆ ကီလိုမီတာအကွာရှိ မြန်မာဖက်သို့ ငါးဖမ်းထွက်ခဲ့ရာ ဖမ်းခေါ် သတ်ဖြတ်ခံခဲ့ရသည်။ မိုရေး နှင့် တမူးသည် အိန္ဒိယ-မြန်မာ နယ်စ ပ်ကုန်သွယ်ရေး၏ တံခါးဝများဖြစ်ရာ နှစ်ဖက်ကုန်သည်များက နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အပြန်အလှန် ကူးသန်းသွားလာလေ့ရှိ၏။

    မဏိပူရ အာဏာပိုင်တို့သည် မိုရေး၌ နယ်စပ် စစ်ဆေးရေးဌာနတစ်ခုကို မကြာသေးမီကပင် တည်ဆောက်လိုက်ကြသည်ဟု သတင်းများ၌ ဖော်ပြသည်။ အမှတ် ၁ နှင့် ၂ ၀င်ပေါက်အကြားရှိ ယင်းဌာနနေရာမှာ မိမိတို့၏ ပိုင်နက်ထဲဖြစ်နေကြောင်း မြန်မာဖက်က ဆိုထားပါသည်။
    Ref: Telegraph India

  • အိန္ဒိယ နာမည်ကြီး တေးရေးဆရာ အစ္စလာမ်ဘာသာကို ကူပြောင်း

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၄
    M-Media

    439517-yuvanshankar-raja-twitter-yuvanshankar-raja

    – အိန္ဒိယ နာမည်ကြီး တေးရေးဆရာတစ်ဦးဖြစ်သူ ယူဗန် ရှန်ကာ ရာဂျာ က ၎င်းအနေဖြင့် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး မိသားစုကလည်း မိမိအား ထောက်ပံ့မှုရှိသည်ဟု ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဟုတ်ပါတယ်။ ကျွန်တော်အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး၊ အဲဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့် မိသားစုကလည်း လက်ခံပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖေကြားမှာ နားလည်မှုလွဲတာတွေ မရှိပါဘူး” ဟု ယူဗန် က ၎င်း၏ Twitter စာမျက်နှာ၌ ယနေ့တွင် ဖော်ပြခဲ့သည်။

    ယူဗန် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခြင်းနှင့် ပက်သက်၍ မီဒီယာများက ဖော်ပြနေခဲ့ပြီး ပြီးခဲ့သည့် စနေနေ့ကမှ ယူဗန်က ထိုသတင်းအား အတည်ပြုခဲ့သည်။ ရာဂျာမှာ ဇာတ်ဝင်တေးများကို ရေးဖွဲ့သီကုံးသည့် အိန္ဒိယ ဂန္တ၀င် တေးရေးဆရာ အီလာယာရာဂျာ၏ သားလည်းဖြစ်သည်။

    ရာဂျာမှာ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သော သတင်းရင်းမြစ်များက တစ်ဆင့် သိရသည်။

    “ယူဗန်ဟာ သူ့အမေကို အရမ်းချစ်ပါတယ်။ သူမ ကွယ်လွန်ပြီးနောက်ပိုင်းမှာ သူဟာ အမေဖြစ်သူကို အရမ်းတမ်းတနေတာပါ။ ပြီးတော့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူတွေ့ပါတယ်။ ဒါပေမယ့် ဘယ်အရာက အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာအောင် လုပ်သလဲဆိုတာကိုတော့ ကျွန်တော်တို့မသိပါဘူး” ဟု ၎င်းနှင့် နီးစပ်သူများက ဆိုသည်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အေအာရ် ရဟ်မန်အား အားကျ၍ ပြောင်းလဲခြင်းမဟုတ်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် သစ်လွင်မွတ်စလင်ဖြစ်သည့် ယူဗန်မှာ နေ့စဉ် ဆွလာသ်ငါးကြိမ်ကို (အစ္စလာမ်ဘာသာဝင်တိုင်း နေ့စဉ် မလုပ်မနေရ ဝတ်ပြုသည့် တာဝန်) ၀တ်ပြုလျက်ရှိပြီး၊ အလုပ်ချိန်တွင်ပင် အဆိုပါဝတ်ပြုမှုကို လက်လွှတ်မခံကြောင်း၊ ၎င်း၏ နာမည်အား ပြောင်းရန် စီစဉ်နေပြီး၊ သူ၏ ဆုံးဖြတ်ချက်ကိုလည်း မိသားစုများက လေးစားကြောင်း ၎င်းတို့က ထပ်လောင်းပြောကြား ခဲ့သည်။

    အသက် ၁၆နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက ဂီတလောကသို့ ၀င်ရောက်လာခဲ့သည့် ယူဗန်မှာ သီချင်းစတိုင်မျိုးစုံကို ရေးဖွဲ့နိုင်သူဖြစ်ပြီး၊ ဇာတ်ဝင်တေးများကို အဓိကထားရေးဖွဲ့ကာ ဇာတ်ဝင်တေးနှင့် ဂီတဆိုင်ရာဆု များစွာကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် ကမ္ဘာကျော် မွတ်စလင် တရားဟော ဆရာများကြောင့် အစ္စလာမ်ဘာသာသို့ သက်ဝင်လာသူများမှာ တစ်စထက်တစ်စ များပြားလာခဲ့ပြီး ဟိန္ဒူဘာသာဝင် အများစုနေထိုင်သော အိန္ဒိယလူဦးရေ၏ သန်း ၁၄၀ ခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    Image-Twitter/Yuvanshankar Raja)

    Ref: OnIslam

  • ၁၉၈၄ ခုနှစ်က ဆစ်ခ်တို့၏ Golden Temple ဘုရားကျောင်း တိုက်ခိုက်ဖို့ အိန္ဒိယကို ဗြိတိန် အကြံဥာဏ်ပေးခဲ့

    ဖေဖော်ဝါရီလ ၄၊ ၂၀၁၄
    M-Media

    BlueStar-1 copy

    – ဆစ်ခ်ခွဲထွက်ရေးသမားများအား နှိပ်ကွပ်ရန်အတွက် အိန္ဒိယနိုင်ငံအနောက်ပိုင်း Amritsar မြို့ရှိ ဆစ်ခ် ဘာသာဝင်များ အထွဋ်အမြတ်ထားရာ Golden Temple ဘုရားကျောင်းတွင် ၁၉၈၄ ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ပြုလုပ်ရန် ဗြိတိန်မှ အကြံဥာဏ်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရှိရသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟော့ဂ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သည် မာဂရက်သက်ချာက ထိုတိုက်ခိုက်မှုကိုပြုလုပ်ရန် အတွက် အိန္ဒိယကို အကြံပေးရန် ဗြိတိန် အထူးလေတပ်မှ အရာရှိ တစ်ယောက်အား စေလွှတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုဘုရားကျောင်း တိုက်ခိုက်မှုအား ပြန်လည် စစ်ဆေးရန် ပြီးခဲ့သည့်လက ၀န်ကြီးချုပ် ကင်မရွန်းမှ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    “ယူကေရဲ့ ကူညီမှုကတော့ (အဆိုပါတိုက်ခိုက်မှု ပြုလုပ်ဖို့) အကြံပေးခဲ့ခြင်းပါ။ အဲဒီအကြံပေးမှုဟာ သုံးလကြာတဲ့အခါ အဲဒီဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက် အတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်ခဲ့ပါတယ်” ဟု ၀ီလီယံဟော့ဂ်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ၁၉၈၄ ခုနှစ် ဇွန်လ ၃ ရက်မှ ၈ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် Golden Temple ဆစ်ခ်ဘုရားကျောင်း တိုက်ခိုက်မှုအား ၀န်ကြီးချုပ် အင်ဒရာဂန္ဒီ၏ အမိန့်ဖြင့် အိန္ဒိယ အစိုးရမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆစ်ခ် ခွဲထွက်ရေးသမားများအား နှိမ်နင်းခြင်းဟု ခေါင်းစဉ် တပ်ခဲ့သည်။ ဘုရားကျောင်းအတွင်း ပွဲတော် ကျင်းပနေချိန် တင့်ကားများ၊ ရဟတ်ယာဉ်များ၊ အမြောက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သား ၄၉၂ ဦး သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုများအရ အရပ်သားသေဆုံးမှုမှာ ၅၀၀၀ ခန့်အထိ ရှိနိုင်သည်ဟု သိရသည်။

  • အိန္ဒိယတွင် မျိုးနွယ်မတူသူကို ကြိုက်မိသူ အမျိုးသမီးအား အုပ်စုဖွဲ အဓမ္မကျင့်ရန် ရွာလူကြီးအမိန့်ပေး၊

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media

    201412194679734_20
    – အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘင်္ဂလား ပြည်နယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား အပြစ်ပေးသည့်အနေဖြင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဆူဘာလ်ပါ ရွာတွင် ယခုသီတင်းပတ်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီး၏ အိမ်တွင် ၎င်းနှင့် မျိုးနွယ်မတူသည့် အမျိုးသားတစ်ဦးအား တွေ့မြင်ခဲ့ရသောကြောင့် ၎င်းတို့လူမျိုး၏ ဓလေ့ထုံးတမ်းအရ အပြစ်ရှိသည်ဟု ယူဆသည့်အတွက် salishi sabha ကော်မတီ၏ လူကြီးများက မုဒိမ်းကျင့်အပြစ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကာ စုစုပေါင်း လူ ၁၃ ဦးက ၀ိုင်း၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

    ထိုပြဿနာဖြစ်ပွားပြီးနောက်ပိုင်း မပေါက်ကြားစေရန်အတွက် ကျေးရွာအုပ်ချုပ်သူများက တရားခံတစ်ဦးချင်းစီထံမှ ဒဏ်ကြေးအဖြစ် ရူပီး ၂၅၀၀၀ (ကန်ဒေါ်လာ ၄၀၀) ကောက်ခံပြီး မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်၏ မိသားစုများအား ပေးအပ်ခဲ့ရာ ထိုမိသားစုက လက်ခံခြင်းမရှိဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်အပြစ်ပေးရန် အလိုရှိနေသည်။ ယခုအခါ ထိုအမျိုးသမီးမှာ ဆိုးရွားသော ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရပြီး တရားခံ ၁၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

    salishi sabha ဟုခေါ်သည့် ကော်မတီမှာ အိန္ဒိယနိုင်ငံရှိ ဆင်းရဲမွဲတေသောရွာများတွင် ရှိနေကြပြီး၊ ရိုးရာဓလေ့ထုံးတမ်းကို ဖောက်ဖျက်သူများအား အပြစ်ပေးသည့်အဖွဲ့ဖြစ်သည်။ သို့သော်လည်း ထိုအဖွဲ့မှာ တရားမ၀င်ဖြစ်ပြီး အိန္ဒိယ ဥပေဒ ကဏ္ဍတွင် ၎င်းတို့အား တရားဝင်အသိအမှတ် ပြုထားခြင်းမရှိပေ။

    အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ တရားဥပဒေစိုးမိုးမှုမရှိမှု၊ ရဲများ၏ အကျင့်ပျက်ခြစားမှုတို့ကြောင့် ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ခြင်းမရှိပေ။
    Ref: aljazeera

    ပုံအညွှန်း – အဓမ္မပြုကျင့်မှုများကို ဆန္ဒပြနေသည့် အိန္ဒိယ အမျိုးသမီးများ

  • ဘင်္ဂလားဒေ့ရှ်မှ အင်တာနက် bandwidth မြန်မာနှင့် အိန္ဒိယတို့ ၀ယ်ယူရန် စီစဉ်

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    Bandwidth

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အင်တာနက် bandwidth ၀ယ်ယူရန် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့က စိတ်ဝင်စားနေသည်ဟု သိရသည်။

    နိုင်ငံအရှေ့မြောက်ပိုင်းရှိပြည်နယ်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၁၀၀ ဂီဂါဘိုက်ပမာဏရှိ အင်တာနက် bandwidth အား ဝယ်ယူဖို့ အိန္ဒိယအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ညွှန်ကြားချက်ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ရေအောက် ဖိုက်ဘာလိုင်း ကုမ္ပဏီလိမိတက်မှ မန်နေဂျင်းဒါရိုက်တာ မွန်ဝါရ် ဟိုစိုင်က ပြောကြားခဲ့သည်။

    ထိုပြင် ၅၀ ဂီဂါဘိုက်ပမာဏရှိသည့် အင်တာနက် bandwidth  တစ်ခု ၀ယ်ယူမှုအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုလည်း ယခုသီတင်းပတ်တွင် ဒါကာသို့စေလွှတ်မည်ဟု သိရသည်။

    အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှာ ကိုယ်စားလှယ်များမှာ အဆိုပါအင်တာနက်ကိစ္စအား ဆွေးနွေးရန် ဒါကာသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အနေနှင့် အင်တာနက် bandwidth  အိန္ဒိယသို့ရောင်းရန် ဆုံးဖြတ်ခဲ့ပါကာ Brahmanbaria မှ အိန္ဒိယနယ်စပ်အထိ အနည်းဆုံး ကီလိုမီတာ ၅၀ ရှိမည့် ဖိုက်ဘာဆက်ကြောင်း တစ်ခုကို တည်ဆောက်ရန် လိုအပ်နေသည်။

    အိန္ဒိယနိုင်ငံမှာ အင်တာနက် အသုံးပြုရန် ဖိုက်ဘာ ဆက်ကြောင်းများစွာရှိသော်လည်း ထိုဆက်ကြောင်းများမှ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ အင်တာလိုင်းများ ခွဲဝေပေးရန်မှာ ကုန်ကျစားရိတ် အလွန်များနေသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူရန် စီစဉ်ရခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင်လည်း အင်တာနက်အသုံးပြုရန်  SEA-ME-WE-3 လိုင်း ရှိနေသော်လည်း၊ အရေးပေါ်အသုံးပြုရန် လိုင်းများ မရှိခြင်းနှင့် ထိုလိုင်းမှာ လာမည့် ၂ နှစ်အတွင်း လုံလောက်မှု မရှိဖြစ်လာမည်ဖြစ်သောကြောင့် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ရန် လိုအပ်နေသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး အရေးပေါ်အသုံးပြုရန်နှင့် ထပ်တိုးအသုံးပြုရန်အတွက် SEA-ME-WE-4  လိုင်းများအပါအ၀င် ရေအောက်ဖိုက်ဘာဆက်ကြောင်းများမှ ၂၀၀ ဂီဂါဘိုက် ပမာဏရှိထားသည်။

    ထို့ပြင် ၂၀၁၅ ခုနှစ် မတ်လတွင် SEA-ME-WE-5 လိုင်းတပ်ဆင်ရန်ရှိနေပြီး ထိုလိုင်း တပ်ဆင်ပြီးပါက ၈၀၀ ဂီဂါဘိုက် ပမာဏရှိ အင်တာနက် bandwidth  ထပ်မံရရှိရန် ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေသည်။

    Ref: thedailystar