News @ M-Media

Tag: India

  • အိန္ဒိယတွင် အမြွှာကလေးနှစ်ဦးကို ‘ကိုရိုနာ’ နှင့် ‘ကိုဗစ်’ ဟု အမည်ပေး

    အိန္ဒိယတွင် အမြွှာကလေးနှစ်ဦးကို ‘ကိုရိုနာ’ နှင့် ‘ကိုဗစ်’ ဟု အမည်ပေး

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    အမြွှာကလေးနှင့်အတူ တွေ့ရသည့် ပရီတီး

    -အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချက်တစ်ဂါပြည်နယ်က ဇနီးမောင်နှံဟာ မကြာသေးခင်က မွေးဖွားခဲ့တဲ့ အမြွှာရင်သွေးကို ‘Corona’ နဲ့ ‘Covid’ လို့ အမည်ပေးခဲ့ပြီး ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို အမှတ်ရေစချင်တဲ့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီဇနီးမောင်နှံဟာ ယောင်္ကျားလေးနဲ့ မိန့်ကလေးအမြွှာကို တစ်နိုင်ငံလုံး တံခါးပိတ်ပြီး ၂ ရက်အကြာ မတ်လ ၂၇ ရက်နေ့က ပြည်နယ်မြို့မှာတေ ရိုင်ပူးရ်မှာရှိတဲ့ အစိုးရဆေးရုံမှာ မွေးဖွားခဲ့တာပါ။

    “အခက်အခဲတော်တော်များများကို ကျော်ဖြတ်ပြီးမှ မွေးဖွားခဲ့ရတာပါ။ ဒါ့ကြောင့် မွေးတဲ့နေ့ကို အမှတ်တရဖြစ်စေချင်တဲ့ ဆန္ဒ ကျွန်မတို့ ဇနီးမောင်နှံမှာ ရှိပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် ဇနီးဖြစ်သူ ပရီတီ ဗာရ်မာက ပြောကြားခဲ့ပါတယ်။

    ဒီလိုနာမည်ပေးတာဟာ တစ်နိုင်ငံလုံး တံခါးပိတ်ပြီး လှုပ်ရှားသွားလာမှု ကန့်သတ်ထားတာကြောင့် ဆေးရုံကို အချိန်မီ မသွားနိုင်တာ၊ မိသားစုဝင်တွေ လာရောက်မကူညီပေးနိုင်တာလို့ အခက်အခဲတွေကို အမှတ်ရစေချင်လို့ ဖြစ်တယ်လို့ ပရီတီက ဆိုပါတယ်။

    “ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့မှ မွေးဖွားခဲ့ရတာပါ။ ဒါ့ကြောင့် နာမည်ကို ထူးထူးခြားခြားနဲ့ အမှတ်တရ ဖြစ်စေချင်ပါတယ်”

    ဖခင်ဖြစ်သူ ဗီနေး ဗာရ်မာကလည်း “နာမည်ရဲ့ အဓိပ္ပါယ်လေးတွေက လှပါတယ်။ ကိုရိုနာက လက်တင်လို သရဖူကို ခေါ်တာပါ။ ပြီးတော့ ဒီနာမည်တွေကို လူတွေက ကြောက်နေတာကို အဆုံးသတ်ချင်တယ်။ တစ်ကိုရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်စေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဧပြီ ၄ ရက်နေ့ကအထိ ကူးစက်သူ ၃၀၀၀ နဲ့ သေဆုံးသူ ၆၈ ဦးရှိပြီး တိုင်းပြည်ကို ဧပြီလ ၁၄ ရက်နေ့အထိ ၃ ပတ်ကြာ တံခါးပိတ်ထားပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံး

    အိန္ဒိယတွင် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံး

    မတ် ၂၈၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကွယ်လွန်ပြီးတဲ့နောက် အနည်းဆုံး လူတစ်သောင်းခွဲလောက်ကို အိန္ဒိယက ရောဂါ​ခြေချုပ်ချကာ သီးခြားခွဲထား စောင့်ကြည့်နေပါတယ်။

    အသက် ၇၀ အရွယ် ဆစ်ခ်ဘုန်းကြီး ဘာလ်ဒက်ဗ်ဆင်းဟာ ဗိုင်းရပ်စ်ပြန့်နှံ့ရာ အီတလီနဲ့ ဂျာမနီနိုင်ငံတို့ကနေ ​မကြာသေးမီက ပြန်လာခဲ့သူပါ။ အစိုးရက ​သီးခြားနေထိုင်ဖို့ ညွှန်ကြားမှုကို ဆင်းနဲ့ အနီးကပ်လူယုံ ၂ ဦးတို့က နားမထောင်ဘဲ ပန်ဂျပ်ပြည်နယ်က ရွာတွေကို လှည့်လည်ပြီး တရားဟောခဲ့ပါတယ်။

    အဲဒီခရီးစဉ်အတွင်းမှာပဲ ဆင်းဟာ နေထိုင်မကောင်းဖြစ်ကာ ကွယ်လွန်ခဲ့တာပါ။ ဆင်းနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူ ၁၉ ဦးမှာလည်း ဗိုင်းရပ်စ်ရှိနေကြောင်း တွေ့ခဲ့ရပြီး နောက်ထပ် ၂၀၀ ကျော်ကိုလည်း စစ်ဆေးထားပါတယ်။ ​ဆင်းသွားခဲ့တဲ့ ရွာ ၁၅ ရွာကို အာဏာပိုင်တွေက လက်ရှိမှာ ပိတ်ထားပြီး လူပေါင်း ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြားလောက်ကို စောင့်ကြည့်နေပါတယ်။

    အိန္ဒိယဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကစလို့ နိုင်ငံကို ၃ ပတ်ကြာ တံခါးပိတ်ခဲ့ပြီး၊ ပြည်သူတွေ လှုပ်ရှားသွားလာမှုကိုလည်း ကန့်သတ်ထားပါတယ်။ နိုင်ငံအတွင်း ကူးစက်သူအရေအတွက်ဟာ ၉၁၈ ဦးရှိပြီး သေဆုံးသူက ၂၀ ရှိနေပါတယ်။

    Ref: Aljazeera

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယက တိုင်းပြည်ကို ၃ ပတ်ကြာ တံခါးပိတ်

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယက တိုင်းပြည်ကို ၃ ပတ်ကြာ တံခါးပိတ်

    မတ် ၂၅၊ ၂၀၂၀
    M-Media

    -COVID-19 ပြန့်နှံ့မယ့်အန္တရာယ်ကို စိုးရိမ်ရတာကြောင့် မတ်လ ၂၅ ရက်နေ့ကစပြီး နိုင်ငံကို ၂၁ ရက်ကြာ တံခါးပိတ်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်း ၁၃၀၀ ကျော် ရှိနေတာပါ။ နိုင်ငံကို တံခါးပိတ်မှာကြောင့် ​ကျောင်းတွေ၊ ရုံးတွေ၊ စျေးဆိုင်တွေအားလုံး ပိတ်ရတော့မှာ ဖြစ်သလို၊ လူစုလူဝေးလုပ်တာကို တားမြစ်တာ၊ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာတွေလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မိုဒီက ဒီလိုသာ ၂၁ ရက် တံခါးပိတ်တာမျိုး မဆောင်ရွက်ရင် တိုင်ပြည်ဟာနောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ပြန်ရောက်သွားမယ်လို့ မနေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယမှာ လက်ရှိ ကူးစက်သူ ၄၈၂ ဦးတွေ့ရှိထားပြီး သေဆုံးသူ ၉ ဦး ရှိနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ အိန္ဒိယပြည်သူ ၁ သန်းကျော်လောက် ကူးစက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်းပြည်ကို တံခါးပိတ်လိုက်တာကြောင့် အခြေခံစားသောက်ကုန်တွေ အလုအယက်ဝယ်ကြတာတွေလည်း နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်နေပါတယ်။

    Ref: CNA

  • နာမည်ကျော် ဒေလီမုဒိမ်းမှုမှ ကျူးလွန်သူများကို အိန္ဒိယက ကြိုးပေးကွပ်မျက်

    နာမည်ကျော် ဒေလီမုဒိမ်းမှုမှ ကျူးလွန်သူများကို အိန္ဒိယက ကြိုးပေးကွပ်မျက်

    မတ် ၂၀၊ ၂၀၂၀
    M-Media

    ကြိုးပေးကွပ်မျက်ခံခဲ့ရသူ ၄ ဦး

    -၂၀၁၂ ခုနှစ် ဒေလီမြို့က နာမည်ကျော် အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်မှုမှာ ပါဝင်သူ ၄ ဦးကို အိန္ဒိယက ဒီကနေ့မနက်မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။

    သွားနေတဲ့ ဘတ်စ်ကားပေါ်မှာ အသက် ၂၃ နှစ်အရွယ် ​ဆေးကျောင်းသူတစ်ဦး ရက်ရက်စက်စက် အုပ်စုဖွဲ့အဓမ္မကျင့်ခံရတဲ့သတင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ တရားရေးစနစ်ကို ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံတစ်ဝှမ်း အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဓမ္မကျင့်မှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို အိန္ဒိယအစိုးရက ပိုမိုတင်းကျပ်ခဲ့ပါတယ်။

    အဓမ္မကျင့်ခံရသူ အမျိုးသမီးဟာ ရရှိတဲ့ဒဏ်ရာတွေကြောင် သေဆုံးသွားခဲ့ပါတယ်။

    ကြိုးပေးကွပ်မျက်ခံရသူတွေဟာ အက်ရှေး သာကူရ်၊ ဗီနေး ရှရ်မာ၊ ပါ၀မ် ဂွပ္ပတာနဲ့ မူကက်ရှ် ဆင်းတို့ဖြစ်ပြီး ၂၀၁၃ ခုနှစ်က သေဒဏ်ချမှတ်ခံခဲ့ရတာပါ။ သူတို့ကို ကြိုးပေးကွပ်မျက်မှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အိန္ဒိယမှာ ပထမဆုံး ကွပ်မျက်မှုလည်း ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ကျူးလွန်သူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ရမ်ဆင်းဆိုသူကို ၂၀၁၃ ခုနှစ်မတ်လက​ ထောင်ထဲမှ ာသေဆုံးလျက်တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒါဟာ မိမကိုယ်ကို သတ်သေမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကျူးလွန်ချိန်မှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အခြားတစ်ဦးက လူငယ်ပြုပြင်ရေးကျောင်းမှာ ၃ နှစ် ပြစ်ဒဏ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

    တရားမျှတမှု ရပြီ

    ကျူးလွန်ခံရသူရဲ့ မိသားစုကတော့ ပြစ်ဒဏ်အတွက် ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မသမီးရဲ့ဓာတ်ပုံကို ကျွန်မဖက်ထားပြီး နောက်ဆုံးတော့ တရားမျှတမှု ရခဲ့ပြီသမီးရေလို့ ပြောလိုက်ပါတယ်” လို့ ကြိုးပေးကွပ်မျက်ပြီးတဲ့နောက် မိခင်က ပြောကြားခဲ့ပါတယ်။

    ဖခင်ဖြစ်သူကလည်း အိန္ဒိယရဲ့ တရားရေးစနစ်အပေါ် ယုံကြည်မှု ပြန်ရရှိခဲ့ပြီလို့ ဆိုပါတယ်။

    မကွပ်မျက်ခင် ဒေလီက လုံခြုံရေးမြင့် တီဟာရ်အကျဉ်းထောင်တစ်ဝိုက်မှာ လုံခြုံရေး ထူထပ်စွာချထားခဲ့ပါတယ်။ အဓမ္မကျင့်မှုကို ဆန့်ကျင်သူတွေကလည်း ထောင်အပြင်မှာ စုရုံးခဲ့ပြီး ကွပ်မျက်လိုက်ပြီလို့ သတင်းထုတ်ပြန်တဲ့အခါမှာ အောင်ပွဲခံခဲ့ကြပါတယ်။

    ၂၀၁၂ ခုနှစ်က ဒေလီမှာဖြစ်ပွားခဲ့တဲ့ ဒီအုပ်စုဖွဲ့ အဓမ္မကျင့်မှုကြောင့် ဥပဒေတွေ၊ ပြစ်ဒဏ်တွေကို ပိုမိုတင်းကြပ် တိုးမြှင့်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ လျော့မသွားဘူးလို့ အချက်အလက်တွေအရ သိရပါတယ်။ အမျိုးသားရာဇဝတ်မှုမှတ်တမ်းဗျူရိုရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း အဓမ္မကျင့်မှု ၃၃၉၇၇ မှုရှိခဲ့ပြီး တစ်ရက်ကို ပျမ်းမှ ၉၃ မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

    Ref: BBC

  • ဗလီများဖျက်ဆီးခြင်းက ဂုဏ်သိက္ခာတက်စေလားဟု အတိုက်အခံများက အိန္ဒိယအစိုးရကို မေးခွန်းထုတ်

    ဗလီများဖျက်ဆီးခြင်းက ဂုဏ်သိက္ခာတက်စေလားဟု အတိုက်အခံများက အိန္ဒိယအစိုးရကို မေးခွန်းထုတ်

    မတ် ၁၄၊ ၂၀၂၀
    M-Media

    ဒေလီမှ ဖျက်ဆီးခံရသည့် ဗလီ

    -ပြီးခဲ့တဲ့လက မြို့တော်ဒေလီမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မိုဒီအစိုးရက ထိထိရောက်ရောက် တားဆီးမှု မရှိဘူးလို့ အိန္ဒိယ အတိုက်အခံနိုင်ငံရေးပါတီတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

    နိုင်ငံသားဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ထိုင်သပိတ်ဆန္ဒပြသူတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဟိန္ဒူလူအုပ်က ဝင်ရောက်ရိုက်နှက်ရာကနေ စတင်ခဲ့တဲ့ အဲဒီအကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၅၂ ဦး သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်မှုဟာ ၃ ရက်တာ ကြာမြင့်ခဲ့ပြီး ဒေလီ မွတ်စလင်ရပ်ကွက်တွေက နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗလီဝတ်ကျောင်းတော်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

    ဝန်ကြီးချုပ်မိုဒီ အစိုးရကတော့ သူတို့ဟာ အခြေအနေကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အတိုက်အခံ All India Majlis-e-Ittehadul Muslimeen ပါတီရဲ့ အကြီးအကဲ အာဆာဒူဒင် အိုဝိုက်စီက အာဏာရ BJP ပါတီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေနဲ့ပတ်သက်ပြီး အမုန်းစကားတွေ ဖြန့်ချီနေတယ်လို့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “ဗလီ ၁၉ လုံးလောက်ကို တိုက်ခိုက်ဖျက်ဆီးလိုက်တော့ ဂုဏ်သိက္ခာတွေ သိပ်တက်သွားလား။ ဗလီမှာ ဟိန္ဒူအလံ လွှင့်လိုက်တော့ရော ဂုဏ်ရှိသွားလို့လား။ ခင်ဗျားတို့မှာ လူသားဆန်မှု နည်းနည်းလောက်တောင် မရှိဘူးလား။ ဘုရားအတွက် လူသားဆန်မှုနည်းနည်းလောက် ခင်ဗျားတို့ ပြကြည့်ပါလား။ ဒါဟာ ဟိန္ဒူလား၊ မွတ်စလင်လား မေးရမယ့်ကိစ္စ မဟုတ်ဘူး။ အခြေခံဥပဒေက ပေးအပ်ထားတဲ့တာဝန်ကို ခင်ဗျားတို့ ကျေပွန်လား၊ မကျေပွန်လားဆိုတဲ့ ကိစ္စပါ”

    အိုဝိုက်စီဟာ နိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့က လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ တာဝန်ရှိသူတစ်ချို့ အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် စော်ကားပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဒီလို ဒေလီမှာ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး အေမစ်ရှားက အကြမ်းဖက်မှုဖြစ်ပွားအောင် လှုံ့ဆော်သူတွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ၃၆ နာရီအတွင်း အကြမ်းဖက်မှုကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောကြားတဲ့အချိန်မှာ အတိုက်အခံ ကွန်ဂရက်ပါတီက လွှတ်တော်အမတ်တွေအားလုံး ခန်းမထဲကနေ ထွက်သွားခဲ့ကြပါတယ်။

    ဒေလီအကြမ်းဖက်မှုအတွင်း အိမ်နီးချင်း အူတာပရာဒက်ရှ်ပြည်နယ်က လူ ၃၀၀ လောက် လာရောက်ပါဝင်ခဲ့ကြပြီး လက်ရှိမှာ စုစုပေါင်း လူ ၂၆၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera