News @ M-Media

Tag: India

  • ကမ္ဘာတစ်ဝှမ်း သူဌေး ၂ ထောင်ကျော်၏ ပိုင်ဆိုင်မှုက လူ ၄.၆ ဘီလီယံထက် ပိုများနေ

    ကမ္ဘာတစ်ဝှမ်း သူဌေး ၂ ထောင်ကျော်၏ ပိုင်ဆိုင်မှုက လူ ၄.၆ ဘီလီယံထက် ပိုများနေ

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်က သန်းကြွယ်သူဌေး ၂ ထောင်ကျော်ရဲ့ ပိုင်ဆိုင်မှုဟာ ဆင်းရဲသား သန်း ၄၆၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုထက် များပြားနေပြီး၊ လုပ်ခမရတဲ့၊ လုပ်ခနည်းတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေရဲ့ လုပ်အားကလည်း ကမ္ဘာ့စီးပွားရေးမှာ နည်းပညာလုပ်ငန်းထက် ၃ ဆလောက် ပါဝင်နေတယ်လို့ Oxfam အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    Oxfam အဖွဲ့ဟာ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ အခြေစိုက်တဲ့ ပရဟိတအဖွဲ့တစ်ခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မတိုင်ခင်Time to Care အမည်နဲ့ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အမျိုးသမီးတွေရဲ့ စုစုပေါင်း အလုပ်လုပ်ချိန်ဟာ ၁၂.၅ ဘီလီယံနာရီ ရှိနေပေမယ့် လုပ်ခလစာ မရတာ၊ အသိအမှတ်ပြု မခံရတာတွေ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ သူတို့ရဲ့ လုပ်အားဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁၀.၈ ထရီလီယံလောက် တန်ကြေးရှိပြီး၊ ကမ္ဘာ့စီးပွားရေးမှာ နည်းပညာလုပ်ငန်းရဲ့ ပါဝင်မှုတန်ဖိုးထက် ၃ ဆလောက် ပိုများနေတာ ဖြစ်ပါတယ်။

    Oxfam Inida ရဲ့ စီအီးအိုဖြစ်သူ အီသာ့ဘ် ဘီဟာရ်က လခမရဘဲ လုပ်နေရတဲ့ အမျိုးသမီးတွေရဲ့ လုပ်အားတွေဟာ ကမ္ဘာ့စီးပွားရေးမှာ ပျောက်ကွယ်နေတဲ့ အင်ဂျင်တစ်ခု ဖြစ်တယ်ဆိုတာကို အလေးထားရမယ့်အချိန် ရောက်နေပြီး၊ ဒါကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယမှာ အမျိုးသမီးတွေဟာ ‌သောက်သုံးရေရဖို့ ၃ ကီလိုမီတာလောက် သွားခပ်ရတာ၊ ချက်ပြုတ်၊ လျှော်ဖွပ်ရတာ၊ ကလေးတွေကို ပြုစုပျိုးထောင်ရတာ၊ လုပ်ခအလွန်နည်းတဲ့ အလုပ်တွေကို လုပ်ကိုင်ရတဲ့အချိန်ဟာ တစ်နေ့ကို ၁၆ နာရီကနေ ၁၇ နာရီအထိ ရှိနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ဒီအမျိုးသမီးတွေကို Buchu Devi လို့ ခေါ်ပါတယ်။

    “Buchu Devi ဆိုတာ တစ်ယောက်တည်းကို ပြောတာမဟုတ်ပါဘူး။ အိန္ဒိယမှာနေတဲ့ ကျွန်တော်ဟာ ဒီအမျိုးသမီးတွေကို နေ့စဉ်တွေ့ရပြီး၊ ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း ဒီလိုအမျိုးသမီးတွေ ရှိနေပါတယ်။ ဒါကို ပြောင်းလဲဖို့ လိုပါတယ်။”

    Ref: Reuters

  • အိန္ဒိယတွင် ခရစ်တော်ရုပ်တု ထုလုပ်မည့်အစီအစဉ်ကို ဟိန္ဒူ လက်ယာစွန်းရောက်များ ကန့်ကွက်

    အိန္ဒိယတွင် ခရစ်တော်ရုပ်တု ထုလုပ်မည့်အစီအစဉ်ကို ဟိန္ဒူ လက်ယာစွန်းရောက်များ ကန့်ကွက်

    ဇန်နဝါရီ ၁၄၊ ၂၀၂၀
    M-Media

    ဟိန္ဒူလက်ယာစွန်းသမားများ ဆန္ဒပြမှု မြင်ကွင်း

    -အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ယေရှုခရစ်ဆင်းတုတော်တစ်ခု ထုလုပ်ထားရှိမယ့်အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ ဟိန္ဒူသဘောထားတင်းမာသူတွေက မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ကာရ်နာတာကာ ပြည်နယ်က ခရစ်ယာန်ရွာတစ်ရွာရဲ့အလယ် တောင်ကုန်းတစ်ခုမှာ နှမ်းဖတ်‌ကျောက်တုံးနဲ့ ထုလုပ်ဖို့ စီစဉ်နေတဲ့ ခရစ်တော်ရုပ်ထုဟာ အမြင့် ၁၄၄ ပေရှိမှာဖြစ်ပါတယ်။ ဒါဟာ ဘရာဇီလ်းနိုင်ငံ ရီယိုဒီဂျနေရိုးမြို့က နာမည်ကျော် ခရစ်တော်ရုပ်တုထက် အနည်းငယ်သာသေးပြီး၊ အောက်ခြေကတော့ ပိုကြီးမှာ ဖြစ်ပါတယ်။

    ရုပ်တုထုလုပ်မှုကို ပြီးခဲ့တဲ့လမှာ စတင်ခဲ့ပေမယ့် ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရပါတယ်။

    မနေ့က ကာရ်နာတာကာပြည်နယ် ‌ရာမာနာဂါရာခရိုင်မှာ ရာနဲ့ချီတဲ့ ဟိန္ဒူ သဘောထားတင်းမာသူတွေဟာ ဒီရုပ်တုကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုကို ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့ RSS က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

    “ရုပ်တုကို ရပ်တန့်ချင်တယ်။ ဒါဟာ လူမှုသဟဇာတဖြစ်မှုနဲ့ ဆန့်ကျင်နေပြီး ခရစ်ယာန်သာသနာပြုအဖွဲ့တွေက အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ ဘာသာကူးပြောင်းမှုကို အားပေးသလိုလည်း ဖြစ်နေပါတယ်” လို့ RSS အဖွဲ့က ထိပ်တန်းပုဂ္ဂိုလ် ပရဘ်ဟာကာဘတ်က ပြောကြားခဲ့ပါတယ်။

    RSS အဖွဲ့ဟာ နာဇီတွေရဲ့ သဘောထားကို အားကျတဲ့အဖွဲ့တစ်ခု ဖြစ်တယ်လို့ မှတ်ယူခံထားရပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ မိခင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

    ခရစ်တော်ရုပ်တုထားရှိမယ့် တောင်ကုန်းဟာ ဟိန္ဒူနတ်ဘုရားတစ်ခု တည်ရှိရာ ဗိမာန်ဖြစ်တယ်လို့ ဟိန္ဒူတွေက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘာဘုရားကျောင်းမှ ရှိမနေပါဘူး။

    BJP ပါတီဦးဆောင်တဲ့ ပြည်နယ်အစိုးရက အရင် ကွန်ဂရက်ပါတီအစိုးရလက်ထက်မှာ ဒီနေရာကို ခရစ်ယာန်တွေထံ တရားမဝင်ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    အရင်ကလည်း တိုက်ခိုက်ခံရ

    ဟိန္ဒူလူများစုဖြစ်တဲ့ အိန္ဒိယတစ်နိုင်ငံလုံးမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ၂ ရာခိုင်နှုန်းသာရှိပြီး လူဦးရေ ၆၅ သန်းရှိတဲ့ ကာရ်နာတာကာပြည်နယ်မှာတော့ ၁ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။

    ဟိန္ဒူတွေကို ငွေကြေးအပါအဝင် နည်းလမ်းမျိုးစုံသုံးပြီး ဘာသာပြောင်းအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်က ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကာရ်နာတာကာပြည်နယ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လကလည်း ပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားဖူးအဖွဲ့တစ်ခုကို တိုက်ခိုက်မှုအတွက် ဟိန္ဒူအစွန်းရောက်အုပ်စုတစ်ခုက လူ ၆ ဦး အဖမ်းခံခဲ့ရပါတယ်။ ပြည်နယ်အစိုးရဟာ လူနည်းစုတွေအပေါ် ခွဲခြားမှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယနိုင်ငံမှာ လူနည်းစုတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အမေရိကန်က နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုကော်မရှင်ရဲ့ အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံအတွင်း ဟိန္ဒူမဟုတ်သူတွေနဲ့ ဇာတ်နိမ့်ဟိန္ဒူတွေအပေါ် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ အရှက်ရအောင် လုပ်မှုတွေ မြင့်တက်လာပြီး နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဟာ ဆုတ်ယုတ်လာတယ်လို့ ဖော်ပြထားပါတယ်။

    အိန္ဒိယအစိုးရကတော့ ဒီအစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ၁၅ မိနစ်တိုင်း အမျိုးသမီး ၁ ဦး အဓမ္မကျင့်ခံနေရ

    အိန္ဒိယတွင် ၁၅ မိနစ်တိုင်း အမျိုးသမီး ၁ ဦး အဓမ္မကျင့်ခံနေရ

    ဒီဇင်ဘာ ၁၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ပျမ်းမျှ ၁၅ မိနစ်ကို အမျိုးသမီးတစ်ယောက်နှုန်း အဓမ္မကျင့်ခံနေရတယ်လို့ အစိုးရမှတ်တမ်းတွေအရ သိရပြီး၊ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအပေါ် အဆိုးဝါးဆုံး ပြုမှုတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

    ကြာသာပတေးနေ့က အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး ၃၄၀၀၀ နီးပါး အဓမ္မပြုကျင့်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်က အရေအတွက်ထက် ကွာဟမှု သိပ်မရှိပါဘူး။ ကျူးလွန်မှုတွေထဲက ၈၅ ရာခိုင်နှုန်းကို တရားစွဲဆိုနိုင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်မှုက ၂၇ ရာခိုင်နှုန်း ရှိပါတယ်။

    အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် ဆိုးဆိုးဝါးဝါး အဓမ္မကျင့် သတ်ဖြတ်မှုတွေဟာ နှစ်အတော်ကြာကတည်းက ရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ် မြို့တော် နယူးဒေလီက ဘတ်စ်ကားတစ်စီးပေါ်မှာ အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်ပိုင်း ကမ္ဘာက အိန္ဒိယအပေါ် ပိုမို အာရုံစိုက်လာပါတယ်။

    အမျိုးသမီးအခွင့်အရေး အဖွဲ့တွေက အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အာဏာပိုင်တွေက သိပ်အလေးမထားဘဲ၊ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း ထိရောက်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်က အာဏာရ BJP ပါတီအမတ်လောင်း ကူလ်ဒိပ် ဆင်း ဆန်ဂါက ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်မှုဟာ နိုင်ငံတစ်ဝှမ်းရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မကိုင်တွယ်တဲ့အတွက် ကျူးလွန်ခံရသူ အမျိုးသမီးဟာ မိမိကိုယ်ကို သေကြောင်းကြံခဲ့ပါတယ်။

    ဆန်ဂါကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ပြစ်ဒဏ်ချနိုင်ခဲ့ပေမယ့် အဲဒီမတိုင် ၅ လအလိုမှာ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ ကားကို ကုန်တင်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် မိသားစုဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျူးလွန်ခံရသူ အမျိုးသမီးက ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ရာဇဝတ်မှုတွေကို ကိုင်တွယ်တဲ့ တရားရုံးတွေမှာ တရားသူကြီး လုံလုံလောက်လောက် မရှိတာကြောင့် အမှုတစ်ခုကို ပျမ်းမျှ ၈ လခွဲလောက် အချိန်ယူရပြီး ဒါဟာ ဥပဒေမှာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် ၄ ဆလောက် ကြာမြင့်နေတာ ဖြစ်ပါတယ်။

    အဓမ္မမကျင့်မှု ခံရသူ တော်တော်များများဟာ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု မရှိတာကြောင့် မနေ့က အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားမှုထက် အများကြီး လျော့နည်းနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Reuters

  • ပန်ဂျပ်ပြည်နယ်က ဗလီတစ်လုံးကို ဟိန္ဒူနှင့် ဆစ်ခ်များက စောင့်ရှောက်ပေးထား

    ပန်ဂျပ်ပြည်နယ်က ဗလီတစ်လုံးကို ဟိန္ဒူနှင့် ဆစ်ခ်များက စောင့်ရှောက်ပေးထား

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    ဟိန္ဒူနှင့် ဆစ်ခ်များက စောင့်ရှောက်ထားသည့် ဟေဒွန်ဘတ်ရွာမှ ဗလီ

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ရွာတစ်ရွာမှာရှိနေတဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့် သာသနိကအဆောက်အဦးတွေကို ဟိန္ဒူနဲ့ ဆစ်ခ်တွေက ထိန်းသိမ်းပေးထားပြီး နိုင်ငံရဲ့ ဘာသာစုံလူမျိုးစုံ ညီညွတ်မှု ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    လူဒီယာနာဆိုတဲ့ စက်မှုမြို့လေးက ဟေဒွန်ဘတ်ရွာမှာ ၁၉၄၇ ခုနှစ် အိန္ဒိယ၊ ပါကစ္စတန် ကွဲသွားပြီးနောက်ပိုင်း အစ္စလာမ်ဘာသာဝင်တစ်ဦးမှ မရှိတော့ပါဘူး။ ဒါပေမယ့် ဗလီအပါအဝင် မွတ်စလင်တွေရဲ့ အမွေအနှစ်တွေက ဆက်လက်ရှိနေပြီး ရွာမှာရှိနေတဲ့ ဟိန္ဒူတွေ၊ ဆစ်ခ်တွေက စောင့်ရှောက်ပေးထားပါတယ်။

    “ဒါဟာ ဘုရားသခင်ရဲ့အိမ်တော်ပါ။ ဒီအိမ်တော်ကို စောင့်ရှောက်ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ညတိုင်း ဗလီမှာ မီးလာထွန်းပေးတယ်။ ကြာသာပတေးနေ့ အပတ်တိုင်းမှာလည်း ဗလီမှာ မုန့်အချိုတွေလုပ်ပြီး ဝေငှပေးပါတယ်” လို့ အသက် ၅၄ နှစ်အရွယ် ဆစ်ခ်လူမျိုး ပရမ်ဆင်းက ပြောကြားခဲ့ပါတယ်။

    ဟေဒွန်ဘတ်ရွာက ဗလီဝတ်ကျောင်းတော်ကို မွတ်စလင်သူတော်စင်တစ်ဦးက ဆယ်စုနှစ်ချီ စောင့်ရှောက်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ ပရမ်ဆင်းက လက်လွှဲတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော် အူရဒူဘာသာစကား မဖတ်တတ် မရေးတတ်သလို ကုရ်အာန်ကိုလည်း ဘာမှ မသိပါဘူး။ ဒါပေမယ့် သူ‌တော်စင်ကြီး မတိမ်းပါးခင်က စာတစ်ချို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။ ကုရ်အာန်ထဲကပဲ ဖြစ်မယ်ထင်တယ်။ အဲဒီစာတွေကို မနက်၊ ညနေတိုင်းမှာ ဗလီထဲအသံကျယ်ကျယ်နဲ့ ကျွန်တော်ရွတ်ဆိုပေးတယ်။ ဒါဟာ ဝတ်ပြုရာနေရာဖြစ်ပြီး စောင့်ရှောက်ခွင့်ရတဲ့အတွက်လည်း ကျွန်‌တော်ကြည်နူးပါတယ်အ

    ဗလီရဲ့ အပတ်စဉ်မုန့်ဝေပွဲမှာ ပါဝင်ကူညီနေတဲ့ ကူလ်ဝန့် ကူရ်က ဘယ်ဘာသာတရားရဲ့ ဝတ်ပြုရာနေရာကိုမဆို ပိတ်မထားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဘာသာတရားဟာ သွေးကွဲစရာလို့ ရွာသား‌တွေက မယူဆပါဘူး။ နှစ်စဉ် ဒီဗလီမှာ ပွဲတော်တစ်ခုကို ရွာသားတွေက ကျင်းပပေးတယ်။ ကျွန်တော်တို့အတွက် ဟိန္ဒူဘုရားကျောင်းပဲဖြစ်ဖြစ်၊ ဆစ်ခ်ဘုရားကျောင်းပဲဖြစ်ဖြစ်၊ ဗလီမှာပဲဖြစ်ဖြစ် ဒီလိုဆောင်ရွက်တာဟာ ဘုရားသခင်ရဲ့ အမှုတော်ကိုထမ်းရွက်တာလို့ပဲ ယူဆပါတယ်”

    ပန်ဂျပ်ပြည်နယ်ရဲ့ အခြားနေရာတွေမှာလည်း ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့် သာသနိက အဆောက်အဦးတွေကို ဟိန္ဒူတွေ၊ ဆစ်ခ်တွေက ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ထားပါတယ်။

    အိန္ဒိယ-ပါကစ္စတန် ကွဲသွားပြီးနောက်ပိုင်း စောင့်ရှောက်မယ့်သူ မရှိတဲ့ အနီးအနားရွာက ဗလီဝတ်ကျောင်းတော်တွေကိုလည်း ပရမ်ဆဆင်းက စောင့်ရှောက်ပေးထားပါတယ်။

    Ref: The Print

  • တတိယမြောက် လပေါ်သွားမည့် စီမံကိန်းကို အိန္ဒိယ ထုတ်ပြန်ကြေငြာ

    တတိယမြောက် လပေါ်သွားမည့် စီမံကိန်းကို အိန္ဒိယ ထုတ်ပြန်ကြေငြာ

    ဇန်နဝါရီ ၃၊ ၂၀၂၀
    M-Media

    -တတိယအကြိမ်မြောက် လကမ္ဘာပေါ်သွားမယ့်အစီအစဉ်ကို အိန္ဒိယ အာကာသအေဂျင်စီ ISRO က ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပြီး ဒုတိယအကြိမ်ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် လအနည်းငယ်အကြာမှာ ပေါ်ထွက်လာခဲ့တာပါ။

    Chandrayaan-3 လို့အမည်ပေးထားတဲ့ အဲဒီစီမံကိန်းမှာ အာကာသယာဉ်အတွက် ကန်ဒေါ်လာ ၃၅ သန်း၊ လွှတ်တင်မယ့် ဒုံးပျံအတွက် ကန်ဒေါ်လာ ၅၁ သန်း ကုန်ကျမှာဖြစ်ပါတယ်။

    ဒီအစီအစဉ်သာ အောင်မြင်မယ်ဆိုရင် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးတဲ့နောက် အိန္ဒိယဟာ လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။

    အိန္ဒိယဟာ သူတို့ရဲ့ ပထမဆုံး လပေါ်သွားခရီးစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး လပတ်လမ်းကနေ လေ့လစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယအကြိမ်မြောက် ခရီးစဉ်မှာ လပေါ်ကို အာကာသယာဉ်ငယ်ဆင်းပြီး လေ့လာစူးစမ်းမှု ပြုလုပ်ဖို့ ပါဝင်ပေမယ့် လမျက်နှာပြင်ပေါ် ဆင်းသက်တဲ့အချိန်မှာ အာကာသယာဉ်နဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းတို့ အဆက်အသွယ်ပြတ်တောက်ကာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာကာသစူးစမ်းလေ့လာမှုနယ်ပယ်မှာ အောင်မြင်မှုတွေရခဲ့တဲ့ အိန္ဒိယဟာ ၂၀၂၂ ခုနှစ်မှာ အာကာသထဲကို လူလွှတ်တင်ဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒီအစီအစဉ်အတွက် တိုးတက်မှုတွေ ရှိနေပြီး အာကာသယာဉ်မှူး ၄ ဦးကို ရွေးချယ်ကာ အသေးစိတ် လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်နေတယ်လို့ ISRO က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုမှာ အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို အိန္ဒိယက စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို၊ ၂၀၁၇ ခုနှစ်ကလည်း ဒုံးပျံတစ်ခုတည်းနဲ့ ဂြိုဟ်တု ၁၀၄ လုံးကို စံချိန်တင် လွှတ်တင်ပေးနိုငခဲ့ပါတယ်။

    အိန္ဒိယဟာ ဂြိုဟ်တုလွှတ်တင်မှုနဲ့ အာကာသခရီးစဉ်တွေကို ကုန်ကျစားရိတ်အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်လည်း နာမည်ကျော်ပါတယ်။

    Ref: CNN