News @ M-Media

Tag: India

  • တတိယမြောက် လပေါ်သွားမည့် စီမံကိန်းကို အိန္ဒိယ ထုတ်ပြန်ကြေငြာ

    တတိယမြောက် လပေါ်သွားမည့် စီမံကိန်းကို အိန္ဒိယ ထုတ်ပြန်ကြေငြာ

    ဇန်နဝါရီ ၃၊ ၂၀၂၀
    M-Media

    -တတိယအကြိမ်မြောက် လကမ္ဘာပေါ်သွားမယ့်အစီအစဉ်ကို အိန္ဒိယ အာကာသအေဂျင်စီ ISRO က ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပြီး ဒုတိယအကြိမ်ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် လအနည်းငယ်အကြာမှာ ပေါ်ထွက်လာခဲ့တာပါ။

    Chandrayaan-3 လို့အမည်ပေးထားတဲ့ အဲဒီစီမံကိန်းမှာ အာကာသယာဉ်အတွက် ကန်ဒေါ်လာ ၃၅ သန်း၊ လွှတ်တင်မယ့် ဒုံးပျံအတွက် ကန်ဒေါ်လာ ၅၁ သန်း ကုန်ကျမှာဖြစ်ပါတယ်။

    ဒီအစီအစဉ်သာ အောင်မြင်မယ်ဆိုရင် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးတဲ့နောက် အိန္ဒိယဟာ လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။

    အိန္ဒိယဟာ သူတို့ရဲ့ ပထမဆုံး လပေါ်သွားခရီးစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး လပတ်လမ်းကနေ လေ့လစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယအကြိမ်မြောက် ခရီးစဉ်မှာ လပေါ်ကို အာကာသယာဉ်ငယ်ဆင်းပြီး လေ့လာစူးစမ်းမှု ပြုလုပ်ဖို့ ပါဝင်ပေမယ့် လမျက်နှာပြင်ပေါ် ဆင်းသက်တဲ့အချိန်မှာ အာကာသယာဉ်နဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းတို့ အဆက်အသွယ်ပြတ်တောက်ကာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာကာသစူးစမ်းလေ့လာမှုနယ်ပယ်မှာ အောင်မြင်မှုတွေရခဲ့တဲ့ အိန္ဒိယဟာ ၂၀၂၂ ခုနှစ်မှာ အာကာသထဲကို လူလွှတ်တင်ဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒီအစီအစဉ်အတွက် တိုးတက်မှုတွေ ရှိနေပြီး အာကာသယာဉ်မှူး ၄ ဦးကို ရွေးချယ်ကာ အသေးစိတ် လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်နေတယ်လို့ ISRO က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုမှာ အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို အိန္ဒိယက စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို၊ ၂၀၁၇ ခုနှစ်ကလည်း ဒုံးပျံတစ်ခုတည်းနဲ့ ဂြိုဟ်တု ၁၀၄ လုံးကို စံချိန်တင် လွှတ်တင်ပေးနိုငခဲ့ပါတယ်။

    အိန္ဒိယဟာ ဂြိုဟ်တုလွှတ်တင်မှုနဲ့ အာကာသခရီးစဉ်တွေကို ကုန်ကျစားရိတ်အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်လည်း နာမည်ကျော်ပါတယ်။

    Ref: CNN

  • ဖျက်ဆီးခံ ဘာဘရီဗလီအတွက် အစားပေးရန် နေရာ ၅ ခုကို အိန္ဒိယအဆိုပြု

    ဖျက်ဆီးခံ ဘာဘရီဗလီအတွက် အစားပေးရန် နေရာ ၅ ခုကို အိန္ဒိယအဆိုပြု

    ဒီဇင်ဘာ ၃၁၊ ၂၀၁၉
    M-Media

    -အကြမ်းဖက်ဖျက်ဆီးခံရတဲ့ ဘာဘရီဗလီဝတ်ကျောင်းတော်အတွက် နေရာအစားပေးဖို့ အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ် ပြည်နယ်အစိုးရက အယွဒ္ဒယမြို့မှာ နေရာ ၅ နေရာကို ဒီကနေ့မှာ အဆိုပြုလိုက်ပါတယ်။

    ၁၆ ရာစုကတည်းက ဆောက်လုပ်ထားတဲ့ အဲဒီဗလီဟာ ရာမနတ်ဘုရားမွေးဖွားရာနေရာ ဖြစ်တယ်လို့ ဟိန္ဒူတွေက ၁၉၄၉ ခုနှစ်မှာ စတင်စွပ်စွဲခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ ဖျက်ဆီး ဖြိုချခဲ့ပါတယ်။

    ဘာဘရီဗလီဝတ်ကျောင်းတော် ပိုင်ဆိုင်မှုအတွက် အယွဒ္ဒယက မွတ်စလင်နဲ့ ဟိန္ဒူလူ့အဖွဲ့အစည်းကြား နှစ်ပေါင်း ၇၀ ကြာ အမှုဖြစ်ပွားပြီးတဲ့နောက် နိုဝင်ဘာ ၉ ရက်နေ့မှာ တရားရုံးချုပ်က နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှာ ဘာဘရီဗလီနေရာကို ဟိန္ဒူတွေထံပေးကာ ရာမ နတ်ဘုရားကျောင်းတစ်ခုတည်ဆောက်ဖို့ တိုက်တွန်းခဲ့ပြီး မွတ်စလင်တွေကိုတော့ အယွတ်ဒယမြို့က အခြားနေရာမှာ မြေ ၅ ဧက ပေးရမယ်လို့ ဆိုပါတယ်။

    ဟိန္ဒူဘုန်းကြီး ယိုဂီ အဒီယာနက်သ် ဦးဆောင်တဲ့ အူတာပရာဒက်ရှ်ပြည်နယ် အစိုးရဟာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အတိုင်း မွတ်စလင်တွေ ဗလီဆောက်ဖို့အတွက် အယွဒ္ဒယမြို့က နေရာ ၅ နေရာကို အဆိုပြုခဲ့ပါတယ်။ မွတ်စလင်တွေကို ကိုယ်စားပြု တရားရင်ဆိုင်ခဲ့တဲ့ Sunni Central Waqf Board က ဒီနေရာတွေကို လက်ခံမလား လက်မခံဘူးလားဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပဲ ဇန်နဝါရီလမှာ အဖွဲ့အတွင်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

    ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ မွတ်စလင်အဖွဲ့အစည်းတွေက အသနားခံစာ တင်ခဲ့ပေမယ့် တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။

    လက်ရှိ အဆိုပြုတဲ့နေရာတွေဟာ Ayodhya-Faizabad လမ်း၊ Ayodhya-Basti road လမ်း၊ Ayodhya-Sultanpur လမ်း၊ Ayodhya-Gorakhpur လမ်းနဲ့ မြို့ပြင်က အဝေးပြေးလမ်းတွေမှာ ဖြစ်ပါတယ်။ အဆိုပြုထားတဲ့နေရာတွေဟာ သွားရလာရ လွယ်ကူတဲ့နေရာတွေဖြစ်ပြီး၊ ခွင့်ပြုချက်ရဖို့နဲ့ ရှင်းလင်းရေးလုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာကို‌ တင်ပြသွားမယ်လို့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: India TV News

  • အငြင်းပွားဖွယ် နိုင်ငံသားပြင်ဆင်ချက်ကို အိန္ဒိယအတည်ပြု၊ တိုင်းရင်းသားများ စိုးရိမ်

    အငြင်းပွားဖွယ် နိုင်ငံသားပြင်ဆင်ချက်ကို အိန္ဒိယအတည်ပြု၊ တိုင်းရင်းသားများ စိုးရိမ်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -အိမ်နီးချင်း ၃ နိုင်ငံက အဖိနှိပ်ခံ လူနည်းစုတွေကို နိုင်ငံသားပေးမယ့် အငြင်းပွားဖွယ် နိုင်ငံသားဥပဒေ ပြင်ဆင်ချက်တစ်ခုကို အိန္ဒိယလွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပြီး ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေလည်း ထွက်ပေါ်လာပါတယ်။

    အဲဒီ နိုင်ငံသားဥပဒေအသစ်အရ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖိနှိပ်ခံရတဲ့ လူနည်းစု ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်း၊ ပါစစ်နဲ့ ခရစ်ယာန်တွေဟာ ၂၀၁၅ ခုနှစ်အရင် အိန္ဒိယနိုင်ငံကို ရောက်ရှိနေထိုင်ခဲ့မယ်ဆိုရင် နိုင်ငံသားလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    ဝေဖန်သူတွေ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေဟာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုကို အခြေခံတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးမစွက်တဲ့ အခြေခံဥပဒေကို ဖောက်ဖျက်ရာရောက်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဥပဒေမူကြမ်းကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က တင်သွင်းတာ ဖြစ်ပါတယ်။

    ပြည်ထဲရေးဝန်ကြီး အေမစ်ရှားက ဒီဥပဒေသစ်ကြောင့် နိုင်ငံသားမွတ်စလင်တွေ စိုးရိမ်စရာမလိုကြောင်း၊ ဥပဒေဟာ နိုင်ငံသားပေးဖို့ဖြစ်ပြီး နိုင်ငံသားရုပ်သိမ်းဖို့မဟုတ်ကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ လွှတ်တော်ထဲက အတိုက်အခံပါတီ အမတ်တွေက ဥပဒေသစ်အတွက် တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

    “ဒီ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ဟာ ဗဟုဝါဒ အိန္ဒိယနိုင်ငံမှာရှိနေတဲ့ အမြင်ကျဉ်းမြောင်းသူတွေ၊ အမုန်းတရားအခြေခံတဲ့ အင်အားစုတွေရဲ့ အောင်ပွဲပဲဖြစ်ပါတယ်” လို့ အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီက ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဒီပြင်ဆင်ချက်ကို အတည်ပြုလိုက်နိုင်တာဟာ အိန္ဒိယနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်မှုဒဏ် ခံနေရတဲ့ လူနည်းစုတွေရဲ့ ခံစားမှုတွေကို လျော့ပါးစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းရင်းသားလူမျိုးစုများပြားတဲ့ အရှေ့မြောက်ပိုင်းအပါအဝင် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဒီပြဌာန်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ ဥပဒေသစ်ကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဟိန္ဒူတွေ နိုင်ငံသားရသွားကာ ဒေသခံတိုင်းရင်းသားတွေအပေါ် လွှမ်းမိုးသွားမှာကို အိန္ဒိယအရှေ့မြောက်ပိုင်းက လူမျိုးစုတွေက စိုးရိမ်နေ‌ကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • မုဒိမ်းမှု သံသယရှိသူ ၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ပစ်သတ်၊ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းမည်

    မုဒိမ်းမှု သံသယရှိသူ ၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ပစ်သတ်၊ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းမည်

    ဒီဇင်ဘာ ၈၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ မုဒိမ်းကျင့် လူသတ်မှုနဲ့ သံသယရှိသူ ၄ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တာကို အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးဖို့ရှိနေပြီး ဒီသတ်ဖြတ်မှုဟာ ပြည်သူတွေရဲ့ ဝေဖန်မှုကို‌ လျော့ကျစေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    နိုဝင်ဘာလနှောင်ပိုင်းက အသက် ၂၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဟိုက်ဒရာဘတ်မြို့ပြင်မှာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူတွေက သူမရဲ့အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကို မကျေနပ်တဲ့အတွက် ပြည်သူလူထုက ပြည်နယ်မြို့တော် ဟိုက်ဒရာဘတ်မှာ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က သံသယရှိသူ ၄ ဦးကို ဖမ်းဆီးထားပြီး သူတို့တွေက ဒီအမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ သောကြာနေ့မနက်မှာတော့ အဲဒီ သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး အခင်းဖြစ်ပွားမှုကို ပြန်လည်သရုပ်ပြနေစဉ်မှာ ရဲတွေထံကနေ သေနတ်လုပြေးတဲ့အတွက် ပစ်ခတ်ခဲ့ရတာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီသတင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် အနုပညာရှင်တွေ၊ အားကစားသမားတွေနဲ့ ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ ရဲတွေကို ချီးကျူးခဲ့ကြသလို မြေပြင်မှာလည်း ပန်းတွေ သွားရောက်ပေးပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ အိန္ဒိယတရားရုံးချုပ် ရှေ့နေတစ်ဦးက ဒါဟာ သွေးအေးအေးနဲ့ လူသတ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ‘တရားလက်လွတ် သတ်ဖြတ်မှု’ ဖြစ်ကာ စုံစမ်း စစ်ဆေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လူတွေကို အက်စစ်နဲ့ လိုက်ပက်မှုအတွက် သံသယရှိသူ ၃ ဦးကို ၂၀၀၈ ခုနှစ်က တောထဲမှာ ပစ်သတ်ခဲ့မှုအပါအဝင် ဒီလိုသတ်ဖြတ်မှု ၂ ခုကို ကြီးကြပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒီကိစ္စမှာ ပါဝင်တယ်လို့ Indian Express က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို တနင်္လာနေ့အထိထားပြီး ရင်ခွဲစစ်ဆေးမှုကို ဗီဒီယိုမှတ်တမ်းတင်ဖို့ တီလန်နာဂါပြည်နယ် တရားရုံးချုပ်က အမိန့်ထုတ်ထားပါတယ်။

    အိန္ဒိယလူ့အခွင့်အရေးကော်မရှင်က ဒီလို သတ်ဖြတ်မှုမျိုးဟာ လူ့အဖွဲ့အစည်းကို မှားယွင်းတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာဖြစ်ကြောင်း၊ ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း စစ်ဆေးကာ သက်ဆိုင်ရာ တရားရုံးကသာ ပြစ်ဒဏ်ချရမှာဖြစ်ကြောင်း သောကြာနေ့ညပိုင်းက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကော်မရှင်ဟာ မနေ့ကညပိုင်းက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုကိုလည်း စတင်ဆောင်ရွက်နေပါတယ်။

    Ref: AFP

  • အိန္ဒိယတွင် အဓမ္မမှုတစ်ခုမှ တရားလိုအမျိုးသမီး အရှင်လတ်လတ် မီးရှို့ခံရ

    အိန္ဒိယတွင် အဓမ္မမှုတစ်ခုမှ တရားလိုအမျိုးသမီး အရှင်လတ်လတ် မီးရှို့ခံရ

    ဒီဇင်ဘာ ၅၊ ၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတစ်ဦးဟာ တရားရုံးအသွား လမ်းမှာ ဖမ်းဆီးမီးရှို့ခံခဲ့ရပါတယ်။

    အသက် ၂၃ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ မတ်လက အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး အဲဒီအတွက် အမျိုးသား ၂ ကို တရားစွဲဆိုထားတာပါ။ ဒီကနေ့ ရုံးချိန်းအသွား ဘူတာရုံအနီးမှာ အမျိုးသားတစ်စုက သူမကို ဖမ်းဆီးပြီး မီးရှို့ခဲ့တာဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ သူမနဲ့ တရားရင်ဆိုင်နေရတဲ့ အမျိုးသား ၂ ဦးအပါအဝင် လူ ၅ ဦးကို မီးရှို့မှုအတွက် ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသဖို့အတွက် မြို့တော်ဒေလီကို ပို့ဆောင်ဖို့ လိုအပ်တယ်လို့ ပြည်နယ်ဆေးရုံက ပြောကြားခဲ့ပါတယ်။

    သမိုင်းနဲ့ဆိုး

    အူတာပရာဒက်ရှ်ပြည်နယ်က အခုဖြစ်ရပ်ဖြစ်ပွားတဲ့ အူနာအိုခရိုင်ဟာ အရင်ကလည်း အဓမ္မမှုနဲ့ တရားစွဲတဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့သမိုင်း ရှိခဲ့ပါတယ်။

    အာဏာရ BJP ပါတီက အမတ်တစ်ဦးကို အဓမ္မကျင့်မှုနဲ့ တရားစွဲထားတဲ့ အမျိုးသမီးဟာ ဇူလိုင်လက ကားမတော်တဆမှုဖြစ်ပွားကာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ အဲဒီအတွက် ရဲတပ်ဖွဲ့ဟာ BJP အမတ်ကို လူသတ်မှုနဲ့ ထပ်မံစစ်ဆေးနေပါတယ်။

    အမျိုးသမီးရဲ့ အဒေါ် ၂ ဦးကတော့ သေဆုံးခဲ့ပြီး ရှေ့နေဟာ ဒဏ်ရာရရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်မှုတစ်ချို့ကြောင့် လူထုအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    ဟိုက်ဒရာဘတ်မြို့မှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး နိုဝင်ဘာ ၂၇ ရက်နေ့က အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရကာ၊ မီးရှို့ အလောင်းဖျောက်ဖျက်ခံခဲ့ရတာကြောင့် နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

    နိုင်ငံရဲ့ ရာဇဝတ်မှုကိန်းဂဏန်းတွေအရ အိန္ဒိယနိုင်ငံမှာ တစ်နေ့ကို အဓမ္မကျင့်မှုပေါင်း ၁၀၀ နီးပါးလောက် ဖြစ်ပွားတာကို တွေ့မြင်ရပါတယ်။ ဒီအမှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်မှုအတွက်လည်း အိန္ဒိယအစိုးရဟာ ပြည်တွင်း၊ ပြည်ပရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။

    Ref: BBC