News @ M-Media

Tag: India

  • လိုက်ချီးသီးအဆိပ်သင့်မှုကြောင့် အိန္ဒိယတွင် ကလေးငယ် ၅၀ ခန့် သေဆုံး

    လိုက်ချီးသီးအဆိပ်သင့်မှုကြောင့် အိန္ဒိယတွင် ကလေးငယ် ၅၀ ခန့် သေဆုံး

    ဇွန် ၁၄၊ ၂၀၁၉
    M-Media

    -အဆိပ်သင့်နေတဲ့ လိုက်ချီးသီးကနေတစ်ဆင့် ဖြစ်ပွားတဲ့ ဦးနှောက်ရောဂါတစ်မျိုးကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာရ်ပြည်နယ်မှာ အနည်းဆုံး ကလေးငယ် ၅၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဦးနှောက်ရောင်ယမ်းတဲ့ ရောဂါ encephalitis syndrome ကြောင့်သေဆုံးတာဖြစ်ပြီး စုစုပေါင်း ၄၇ ဦး ရှိပြီလို့ ဘီဟာပြည်နယ် အစိုးရက သတင်းထုတ်ပြန်ပါတယ်။ အခုနှစ်ဇန်နဝါရီလကနေစလို့ ဒီရောဂါဖြစ်ပွားတဲ့ ဦးရေဟာ ၁၇၉ ဦးရှိနေပြီး၊ သေဆုံးမှုကတော့ ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်ကမှ ဖြစ်တာလို့ မူဇက်ဖာရ်ပူးမြို့မှာရှိတဲ့ ဆေးရုံ ၂ ခုက ထုတ်ပြန်ထားပါတယ်။

    ၂၀၁၃ ခုနှစ်ကလည်း encephalitis syndrome ရောဂါကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ အနည်းဆုံး ၃၅၁ ဦး သေဆုံးခဲ့ပါတယ်။ ပြည်နယ်အစိုးရ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ ဆန်ဂျေးကူးမားရ်က အခုနှစ်အတွင်း သေဆုံးမှုအရေအတွက်ဟာ မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကလေးငယ်တွေ ဒီလိုသေဆုံးရတာဟာ ဟိုက်ပိုဂလိုက်ဆီးမီးယား (hypoglycemia) လို့ခေါ်တဲ့ သွေးတွင်း သကြားဓာတ်နည်းမှုကြောင့်ဖြစ်ပြီး နိုင်ငံမြောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးတဲ့ လိုက်ချီးသီးနဲ့ ဆက်နွယ်နေတယ်လို့ အိန္ဒိယ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    အဲဒီလိုက်ချီးသီးတွေမှာ အဆိပ်သင့်မှုတစ်ခုရှိပြီး စားလိုက်တဲ့အခါ အသည်းမှာ အဆိပ်က သွာစုကြောင်း၊ အပူအချိန်မြင့်တက်လာတဲ့အခါမှာ အဆိပ်က အသည်းကနေထွက်ကာ ပြန့်နှံတာကြောင့် ဦးနှောက်ရောင်ယမ်းကာ သေဆုံးရတာဖြစ်ကြောင်း နိုင်ငံတကာကျွမ်းကျင်သူတွေက
    လေ့လာဆန်းစစ် ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယနိုင်ငံမြောက်ပိုင်းက လိုက်ချီးသီး စိုက်ပျိုးကြတဲ့ ကျေးရွာတွေမှာ မိဘတွေဟာ ကလေးငယ်တွေကို ထမင်းအစား လိုက်ချီးသီးတွေကို ကျွေးတာကြောင့် ဒီလို ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာဖြစ်တယ်လို့ ကူးမားရ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    encephalitis syndrome ရောဂါကြောင့် ဦးနှောက်ရောင်ယမ်းတာ၊ ဖျားနာတာ၊ ကယောကယမ်းဖြစ်တာတွေ ဖြစ်ပွားတတ်ပြီး နောက်ဆုံးမှာ မေ့မြောက သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ရာသီဥတုပူပြင်းတာ၊ အဟာရချို့တဲ့တာနဲ့ စိုစွတ်တာတွေကာ ရောဂါဖြစ်ပွားမှုကို အထောက်အပံ့ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

    Ref: CNN

  • ဘာသာရေးမုန်းတီးမှုကို အခြေခံသည့် ကက်ရှ်မီးယားမှ အဓမ္မကျင့် လူသတ်မှုကို အိန္ဒိယတရားရုံး အမိန့်ချမည်

    ဘာသာရေးမုန်းတီးမှုကို အခြေခံသည့် ကက်ရှ်မီးယားမှ အဓမ္မကျင့် လူသတ်မှုကို အိန္ဒိယတရားရုံး အမိန့်ချမည်

    ဇွန် ၁၀၊ ၂၀၁၉
    M-Media

    -အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်သတ်ဖြတ်မှုအတွက် သံသယရှိသူ ၆ ဦးကို တရားရုံးက အပြစ်ရှိကြောင်း ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပြီး၊ အမြင့်ဆုံး သေဒဏ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

    အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ ဘာကာဝါလ် လူမျိုးစုက အသက် ၈ နှစ်အရွယ် သမီးငယ်ကို ဟိန္ဒူအမျိုးသား ၈ ဦးက ပြန်ပေးဆွဲကာ ဟိန္ဒူဘုရားကျောင်းထဲမှာ အိပ်ဆးခတ်ပြီး အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

    ပန်ဂျပ်ပြည်နယ် ပန်သာကော့တ်မြို့ အထူးတရားရုံးက ဖမ်းဆီးထားသူ ၈ ဦးထဲက ၆ ဦးကို အဓ္မကျင့်မှု၊ သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဦးကို တရားသေလွှတ်ပေးခဲ့ပြီး၊ အမှုမှာ ပါဝင်တဲ့ အသက်မပြည့်သေးသူ တစ်ဦးကတော့ တရားရုံးချုပ်ကို အသနားခံစာ တင်ထားပါတယ်။

    ပြစ်ဒဏ်တွေကို တနင်္လာနေ့ နှောင်းပိုင်းမှာ ချမှတ်ဖို့ရှိနေပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်သက်နဲ့ သေဒဏ်တွေ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    ဘာသာရေးမုန်းတီးမှု

    အမှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဂျာမူး-ကက်ရှ်မီးယား ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဧပြီလမှာ တရားရုံးကို တင်သွင်းခဲ့ပါတယ်။

    အသက် ၈ နှစ်အရွယ် သမီးငယ်ကို ပြန်ပေးဆွဲ အဓမ္မကျင့် သတ်ဖြတ်မှုကို ဆန်ဂျီရာမလို့ခေါ်တဲ့ ဟိန္ဒူအမျိုးသား ဦးဆောင်တဲ့ အဖွဲ့က စနစ်တကျ အစီစဉ်ဆွဲကျူးလွန်ခဲ့တာဖြစ်ပြီး ဘာသာရေးမုန်းတီးမှုကို အခြေခံတယ်လို့ စုံစမ်းစစ်ဆေးမှုမှာတွေ့ရကြောင်း ၁၆ မျက်နှာပါ ရဲတပ်ဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလိုကျူးလွန်တာဟာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ဘာကာဝါလ်လူမျိုးစုတွေ ကြောက်ရွံ့အောင် နဲ့ ဒေသကနေ ထွက်သွားအောင် ရည်ရွယ်တာဖြစ်ကြောင်း၊ အမှုသဲလွန်စတွေကို ဖျောက်ဖျက်ပစ်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

    ဟိန္ဒူအမျိုးသားရေးဝါဒီများက ကာကွယ်ပေး

    သတ်ဖြတ်မှုဖြစ်ပွားပြီးတဲ့နောက် ကျူးလွန်သူတွေဘက်က ကာကွယ်ပေးတဲ့ လှုပ်ရှားမှုတွေ ကက်ရှ်မီးယားဒေသမှာ ပေါ်ပေါက်ခဲ့ပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ပြည်နယ်ဝန်ကြီး ၂ ဦးလည်း ကျူးလွန်သူတွေကို အားပေးတဲ့ ချီတက်ဆန္ဒပြမှုမှာ ပါဝင်ခဲ့ပါတယ်။

    အဓမ္မကျင့်သတ်ဖြတ်မှုရဲ့ အကြောင်းအရင်း ပြန့်နှံ့သွားပြီးတဲ့နောက် ကက်ရှ်မီးယားနဲ့ အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေဟာ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးရေး လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြပါတယ်။

    ဒီအဖြစ်အပျက်နောက်ပိုင်း အိန္ဒိယလွှတ်တော်ဟာ အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်တွေအပေါ် ကျူးလွန်သူတွေကို အမြင့်ဆုံး သေဒဏ်အထိပေးနိုင်မယ့် ဥပဒေပြင်ဆင်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ဖောက်ခွဲမှုလုပ်သည့် အဖွဲ့နှင့် ဆက်စပ်သူများကို ပါကစ္စတန်ဖမ်းဆီး

    အိန္ဒိယတွင် ဖောက်ခွဲမှုလုပ်သည့် အဖွဲ့နှင့် ဆက်စပ်သူများကို ပါကစ္စတန်ဖမ်းဆီး

    မေ ၂၉၊ ၂၀၁၉
    M-Media

    -အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အခုနှစ်အစောပိုင်းက အသေခံဗုံးခွဲမှု ပြုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ကောက်ခံပေးသူ အမျိုးသား ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပါကစ္စတန်က ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ အသေခံဗုံးခွဲမှုအတွင်း အိန္ဒိယ စစ်သား ၄၀ လောက် သေဆုံးခဲ့ပြီး ဒီကိစ္စကြောင့် နှစ်နိုင်ငံ တင်းမာမှုလည်း မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယက ဒီတိုက်ခိုက်မှုကို ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအခြေစိုက် သူပုန်အဖွဲ့ Jaish-e-Mohammed က လုပ်ဆောင်တာဖြစ်ပြီး ပါကစ္စတန်အစိုးရကလည်း ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။

    Jaish-e-Mohammed အဖွဲ့ကို ပါကစ္စတန်က တရားမ၀င်အဖွဲ့အစည်းအဖြစ် ကြေငြာထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက တာဝန်ရှိသူ ဆာဖရက်ဇ် အဟ်မဒ်က အခုလိုဖမ်းဆီးထားမှုဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ငွေကြေးထောက်ပံ့မှုကို နှိမ်နှင်းရေးဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးထားသူ အမျိုးသား ၆ ဦးဟာ Jaish-e-Mohammed အဖွဲ့နဲ့ ပတ်သက်နေပြီး လက်ရှိမှာ ရမန် ၂ ပတ် ချုပ်ရက်ယူထားတယ်လို့ ဆိုပါတယ်။ သူတို့ကို တရားစွဲမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    အိန္ဒိယဖက်မှာ အသေခံဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပါကစ္စတန်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသားရေး အစွန်းရောက်အဖွဲ့တွေကို ပြင်းပြင်းထိန်ထိန် နှိမ်နှင်းခဲ့ပြီး ဒီအဖွဲ့တွေ တည်ထောင်ထားတဲ့ မိဘမဲ့ကျောင်းတွေ၊ အမျိုးသားရေးကျောင်းတွေကိုလည်း အစိုးရထိန်းချုပ်မှုအောက်ကို ထည့်သွင်းခဲ့ပါတယ်။

    Ref: Arab News

  • အိန္ဒိယရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် မိုဒီ၏ပါတီ ထပ်မံအနိုင်ရရှိ

    အိန္ဒိယရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် မိုဒီ၏ပါတီ ထပ်မံအနိုင်ရရှိ

    မေ ၂၄၊ ၂၀၁၉
    M-Media

    -ဧပြီလကတည်းက စတင်ကျင်းပခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP က သောင်ပြိုကမ်းပြို အနိုင်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မိုဒီက ပြီးပြည့်စုံတဲ့ အနာဂတ်တစ်ခုဆီ လျှောက်လှမ်းသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    ရွေးကောက်ပွဲ နောက်ဆုံးရလဒ် ပေါ်ထွက်မလာသေးပေမယ့် လက်ရှိ မဲရေတွက်မှုအရ အောက်လွှတ်တော် အမတ်အရေအတွက် ၅၄၃ နေရာမှာ BJP ပါတီက အများစု အနိုင်ရရမယ့် အမတ်နေရာထက် ကျော်လွန်ကာ ၃၀၂ နေရာ ရရှိထားတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    BJP ရဲ့ အဓိကပြိုင်ဘက် ကွန်ဂရက်ပါတီက ၅၁ နေရာသာ အနိုင်ရရှိထားပြီး ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လက်ခံခဲ့သလို၊ မိုဒီကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

    “အတူအကွ ရှေ့ဆက်ကြမယ်။ အတူတကွ အောင်မြင်အောင်လုပ်ကြမယ်။ အင်အားတောင့်တင်းပြီး၊ ပြီးပြည့်စုံတဲ့ အိန္ဒိယနိုင်ငံကို အတူတကွ တည်ဆောက်ကြမယ်။ အိန္ဒိယနိုင်ငံ တစ်ဖန်ပြန်အောင်ပွဲခံပါပြီ” လို့ ၀န်ကြီးချုပ် မိုဒီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရလဒ်ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် မြို့တော်ဒေလီက BJP ဌာနချုပ်ရှေ့မှာ လူပေါင်းများစွာ စုဝေးအောင်ပွဲခံခဲ့ကြပါတယ်။ BJP ပါတီဟာ ၂၀၁၄ ခုနှစ်ကထက်ယှဉ်ရင် အခုရွေးကောက်ပွဲမှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခဲ့ပါတယ်။

    “ဒါဟာ မိုဒီရဲ့အောင်ပွဲ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ အားကိုးမှုတွေရဲ့ အောင်ပွဲပါ။ ရွေးကောက်ပွဲမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ချန်ထားပြီး ရှေ့ဆက်လျှောက်ရပါမယ်။ ခါးသီးတဲ့ အတိုက်အခံတွေအပါအ၀င် လူတိုင်းကို လက်တွဲခေါ်ရမှာပါ” လို့ မိုဒီက နယူးဒေလီက BJP ရုံးချုပ်ရှေ့မှာ အောင်ပွဲခံသူတွေကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    မေ ၂၃၊ ၂၀၁၉
    M-Media

    -ထူထဲတဲ့ တိမ်တွေကိုပါ ဖောက်ပြီး ရုပ်ပုံတွေ ရိုက်ကူးနိုင်မယ့် ကမ္ဘ္ဘာဂြိုဟ်စောင့်ကြည့်ရေး ဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်က ဒီဂြိုဟ်တုကို အသုံးပြုသွာဖို့ ရှိနေပါတယ်။

    RISAT-2B လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုဟာ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် Vikram ပရော်ဆက်ဆာကို ပထမဆုံး အသုံးပြုထားပြီး နိုင်ငံအရှေ့တောင်ပိုင်း စရီဟာရီကိုတာကျွန်းကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လွှတ်တင်ခဲ့တာပါ။ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO အကြီးအကဲ ကိုင်လာဆာဗာဒီဗိုက ဒီဂြိုဟ်တုဟာ ပုံရိပ်ဖမ်းယူနိုင်စွမ်းမှာ ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိပြီး ရာသီဥတု စောင့်ကြည့်ရေးလည်း လုပ်ဆောင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ISRO က ထုတ်ပြန်ခြင်း မရှိတာကြောင့် စစ်တပ်အတွက် အသုံးပြုမယ်လို့ ယူဆရပါတယ်။ ဂြိုဟ်တုရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ဖမ်းယူနိုင်စွမ်းကြောင့် အိန္ဒိယစစ်တပ်ဟာ နယ်စပ်ဒေသက လှုပ်ရှားမှုတွေကို ပိုမို တိတိကျကျ စောင့်ကြည့်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီး ချိုကီဒါ နီရ်မာလာက ဒီဂြိုဟ်တုဟာ ‘ကောင်းကင်ပေါ်က မိမိတို့ရဲ့မျက်လုံး’ ဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ကက်ရှ်မီးယားအရေး တင်းမာမှုမှာ ပါကစ္စတန်ကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအထိ ၀င်ရောက် အိန္ဒိယက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စခန်းကို ဗုံးကြဲတာလို့ အိန္ဒိယဖက်က ထုတ်ပြန်ပြောကြားခဲ့ပေမယ့် ခိုင်လုံတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ထုတ်ပြနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေက အိန္ဒိယ လက်ရှိသုံးနေတဲ့ ဂြိုဟ်တုတွေဟာ တိမ်ထူထူတွေကို ဖောက်ထွက်ကာ မရိုက်ကူးနိုင်မှုကြောင့်
    ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT