News @ M-Media

Tag: India

  • စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    မေ ၂၃၊ ၂၀၁၉
    M-Media

    -ထူထဲတဲ့ တိမ်တွေကိုပါ ဖောက်ပြီး ရုပ်ပုံတွေ ရိုက်ကူးနိုင်မယ့် ကမ္ဘ္ဘာဂြိုဟ်စောင့်ကြည့်ရေး ဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်က ဒီဂြိုဟ်တုကို အသုံးပြုသွာဖို့ ရှိနေပါတယ်။

    RISAT-2B လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုဟာ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် Vikram ပရော်ဆက်ဆာကို ပထမဆုံး အသုံးပြုထားပြီး နိုင်ငံအရှေ့တောင်ပိုင်း စရီဟာရီကိုတာကျွန်းကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လွှတ်တင်ခဲ့တာပါ။ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO အကြီးအကဲ ကိုင်လာဆာဗာဒီဗိုက ဒီဂြိုဟ်တုဟာ ပုံရိပ်ဖမ်းယူနိုင်စွမ်းမှာ ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိပြီး ရာသီဥတု စောင့်ကြည့်ရေးလည်း လုပ်ဆောင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ISRO က ထုတ်ပြန်ခြင်း မရှိတာကြောင့် စစ်တပ်အတွက် အသုံးပြုမယ်လို့ ယူဆရပါတယ်။ ဂြိုဟ်တုရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ဖမ်းယူနိုင်စွမ်းကြောင့် အိန္ဒိယစစ်တပ်ဟာ နယ်စပ်ဒေသက လှုပ်ရှားမှုတွေကို ပိုမို တိတိကျကျ စောင့်ကြည့်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီး ချိုကီဒါ နီရ်မာလာက ဒီဂြိုဟ်တုဟာ ‘ကောင်းကင်ပေါ်က မိမိတို့ရဲ့မျက်လုံး’ ဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ကက်ရှ်မီးယားအရေး တင်းမာမှုမှာ ပါကစ္စတန်ကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအထိ ၀င်ရောက် အိန္ဒိယက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စခန်းကို ဗုံးကြဲတာလို့ အိန္ဒိယဖက်က ထုတ်ပြန်ပြောကြားခဲ့ပေမယ့် ခိုင်လုံတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ထုတ်ပြနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေက အိန္ဒိယ လက်ရှိသုံးနေတဲ့ ဂြိုဟ်တုတွေဟာ တိမ်ထူထူတွေကို ဖောက်ထွက်ကာ မရိုက်ကူးနိုင်မှုကြောင့်
    ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • မဲဝယ်မည့်ငွေများတွေ့၍ အိန္ဒိယတောင်ပိုင်း ဒေသတစ်ခုတွင် ရွေးကောက်ပွဲ ဖျက်သိမ်း

    မဲဝယ်မည့်ငွေများတွေ့၍ အိန္ဒိယတောင်ပိုင်း ဒေသတစ်ခုတွင် ရွေးကောက်ပွဲ ဖျက်သိမ်း

    ဧပြီ ၁၇၊ ၂၀၁၉
    M-Media

    – မဲဝယ်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ရူပီး သန်း ၁၁၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေသတစ်ခုမှာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အာဏာပိုင်တွေက ဒီကနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။

    တမီလ်နာဒူးပြည်နယ်က ဗဲလ်လိုရီဆိုတဲ့ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့အိမ်မှာ ဒီငွေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက မဲဆန္ဒရှင်တွေအပေါ် လွှမ်းမိုးဖို့ အသုံးပြုမယ့်ငွေတွေကို ပြောကြားခဲ့ကြပါတယ်။ မဲဝယ်ဖို့ကြိုးစားမှုနဲ့ ဆက်စပ်ပြီး အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းရတာဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ဒီတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။

    အိန္ဒိယဟာ အထွေထွေရွေးကောက်ပွဲကို ဧပြီလ ၁၁ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မေလ ၂၃ နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မဲပေးသူ သန်း ၉၀၀ လောက်ရှိတာကြောင့် ရွေးကောက်ပွဲကို ၇ ကြိမ်ခွဲကာ ကျင်းပတာဖြစ်ပါတယ်။

    အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ဗဲလ်လိုရီမဲဆန္ဒနယ်က အခြေအနေဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေမယ့် အနေအထားမျိုး မဟုတ်တော့ဘူးလို့ ယူဆကြောင်း မနေ့က ညနေ့ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ရပ်ဆိုင်းခဲ့တဲ့ ရွေးကောက်ပွဲကို ဘယ်တော့ ပြန်လည်ကျင်းပမယ်ဆိုတာကို ကော်မရှင်က ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ရွေးကောက်ပွဲမှာ မဲထည့်ရင် ငွေသား၊ အရက်၊ လျှပ်စစ်ပစ္စည်းတွေ၊ ဆိတ်တွေပေးမယ်လို့ မဲဆွယ်မှုတွေ တမီလ်နာဒူးပြည်နယ်မှာရှိနေတယ်လို့ သတင်းထွက်နေတာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မတ်လ ၁၀ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း တမီလ်နာဒူးပြည်နယ်အတွင်း မဲဝယ်ဖို့ အသုံးပြုမယ့် ရူပီး ၃ ဘီလီယံတန် ရွှေတစ်တန်၊ ငွေသား ရူပီး ၁.၃ ဘီလီယံကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

    နိုင်ငံအရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာလည်း လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ၅ ရက် နောက်ရွှေ့ခဲ့ပါတယ်။

    Ref : CNA

  • သီလရှင်တစ်ပါးကို အကြိမ်ကြိမ်အဓမ္မကျင့်သည့် ကက်သလစ်ဘုန်းကြီးကို အိန္ဒိယက တရားစွဲ

    သီလရှင်တစ်ပါးကို အကြိမ်ကြိမ်အဓမ္မကျင့်သည့် ကက်သလစ်ဘုန်းကြီးကို အိန္ဒိယက တရားစွဲ

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    မူလက်ကာလ်ကိစ္စအတွက် ပြည်သူများ ဆန္ဒပြမှု

    – သီလရှင်တစ်ပါးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်လို့ သတင်းတွေထွက်နေတဲ့ ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးကို အိန္ဒိယအာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရန်ကို မူလက်ကာလ်ဟာ နိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်က ဘုရားကျောင်းရဲ့ ဧည့်ဆောင်မှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ပါးကို ၁၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က မူလက်ကာလ်ကို တရားစွဲဖို့အတွက် ကာဒီနယ်တစ်ပါး၊ ဂိုဏ်အုပ်ဘုန်းကြီး ၃ ပါး၊ ဘုန်းကြီး ၁၁ ပါးနဲ့ သီလရှင် ၂၅ ပါး အပါအ၀င် မျက်မြင်သက်သေ ၈၈ ဦးထံက ထွက်ချက်တွေ ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက်အရလည်း အဲဒီသီလရှင်ဟာ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

    ဒီကျူးလွန်မှုကို ရဲတွေက ဖုံးကွယ်ပေးထားတယ်လို့ဆိုကာ ပြည်သူလူထုက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မူလက်ကာလ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်လအကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    မူလက်ကာလ်ဟာ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ဂျာလန်ဟာက ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်ပြီး သာသနာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် ကီရာလာပြည်နယ်ကို မကြခဏ သွားရတယ်လို့ သူ့သာသနာ့နယ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယာမှာ ခရစ်ယာန်ဘာသာဝင်ဟာ လူနည်းစုဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၂.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကီရာလာပြည်နယ်က ခရစ်ယာန်ဘာသာဝင် အများစုရှိရာဒေသ ဖြစ်ပါတယ်။

    Ref: CNN

  • ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု အိန္ဒိယ၏ပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ပြော

    ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု အိန္ဒိယ၏ပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ပြော

    ဧပြီ ၆၊ ၂၀၁၉
    M-Media

    ပါကစ္စတန်က ပစ်ချခဲ့သည့် အိန္ဒိယ တိုက်လေယာဉ် အစိတ်အပိုင်း

    – ဖေဖော်ဝါရီလအတွင်းက ကက်ရှ်မီးယားဒေသ တင်းမာမှုမှာ ပါကစ္စတန်ရဲ့ F-16 တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ အိန္ဒိယရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့က ကားဗုံးခွဲရာကနေ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံတင်းမာမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ် ၄၀ ကျော်သေဆုံးခဲ့တဲ့ အဲဒီဗုံးခွဲမှုမှာ ပါကစ္စတန်ပါဝင်တယ်လို့ အိန္ဒိယက စွပ်စွဲကာ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်ခြမ်းကို တိုက်လေယာဉ်တွေနဲ့ ဗုံးသွားကြဲခဲ့တာပါ။

    အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားကာ ပါကစ္စတန်က အိန္ဒိယရဲ့ MiG-21 တိုက်လေယာဉ်နှစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အိန္ဒိယကတော့ သူတို့ရဲ့ လေယာဉ်တစ်စီးသာ ဆုံးရှုံးခဲ့ပြီး ပါကစ္စတန်က အမေရိကန်လုပ် F16 တိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်ကတော့ သူတို့ဖက်က လေယာဉ်ဆုံးရှုံးမှု မရှိဘူးလို့ တစ်စိုက်မတ်မတ် ငြင်းဆိုပြီး F16 လေယာဉ်ကို မသုံးခဲ့ဘဲ တရုတ်နဲ့ ဖက်စပ်ထုတ်ထားတဲ့ JF-17 တိုက်လေယာဉ်တွေကိုသာ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန် ပြောကြားထားပါတယ်။

    ဒီကိစ္စအတွက် အမေရိကန်က စုံစမ်းစစ်ဆေးခဲ့ရာမှာ ပါကစ္စတန်ကိုရောင်းထားတဲ့ F16 တိုက်လေယာဉ် တစ်စီးမှ လျော့နည်းခြင်း မရှိဘူးဆိုတာကို တွေ့ရတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက Foreign Policy မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

    “အမှန်တရားဆိုတာ တစ်ချိန် ပေါ်ထွက်လာမှာပါ။ မဟုတ်မမှန် ပြောဆိုခဲ့တာနဲ့ တကယ်တမ်းဆုံးရှုံးတာ သူတို့ဖက်ကဖြစ်တယ်ဆိုတာ အိန္ဒိက ဖွင့်ပြောချိန် တန်ပါပြီ” လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အာဆစ်ဖ် ဂဖူးရ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    Foreign Policy ရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး အိန္ဒိယဖက်က တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

    Ref: Times

  • အိန္ဒိယတွင် သတင်းမှားတိုက်ဖျက်ရေး WhatsApp က လုပ်ဆောင်ချက်တစ်ခု ထည့်သွင်း

    အိန္ဒိယတွင် သတင်းမှားတိုက်ဖျက်ရေး WhatsApp က လုပ်ဆောင်ချက်တစ်ခု ထည့်သွင်း

    ဧပြီ ၃၊ ၂၀၁၉
    M-Media

    – အိန္ဒိယမှာ ရွေးကောက်ပွဲအကြို  သတင်းမှားပြန့်နှံ့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖုန်းမက်ဆေ့ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ WhatsApp က လုပ်ဆောင်ချက်သစ်တစ်ခို ထည့်သွင်းလိုက်ပါတယ်။

    အဲဒီလုပ်ဆောင်ချက်သစ်ကို Checkpoint Tipline လို့ အမည်ပေးထားပြီး အသုံးပြုသူတွေအနေနဲ့ ရရှိတဲ့သတင်းတွေ မှန်၊ မမှန်  ဒီလုပ်ဆောင်ချက်နဲ့ ဆန်းစစ်ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို အိန္ဒိယ နည်းပညာလုပ်ငန်းသစ် Proto နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒီလို သတင်းအမှားတွေကို စောင့်ကြည့်ဖော်ထုတ်နိုင်ဖို့အတွက် WhatsApp နဲ့ Proto တို့ဟာ ဒေတာဘေ့စ်တစ်ခုကို တည်ဆောက်ထားပါတယ်။

    အိန္ဒိယမှာ WhatsApp အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး သတင်းမှားပြန့်နှံ့မှုကို မထိန်းချုပ်နိုင်မှုအတွက်လည်း ဝေဖန်ခံနေရပါတယ်။

    WhatsApp ကို ပိုင်ဆိုင်တဲ့ Facebook က အိန္ဒိယနဲ့ ပါကစ္စတန်မှာ အသုံးပြုနေတဲ့ အကောင့် ၇၁၂ ခုနှစ်နဲ့ ပေ့ဂ်ျ ၃၉၀ တို့ဟာ စစ်မှန်မှုမရှိတဲ့အတွက် ဖျက်ပစ်ခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    အိန္ဒိယဟာ ဧပြီလ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး မေလ ၂၃ ရက်နေ့ကျရင် နောက်ဆုံးရလဒ် ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားပါတယ်။

    WhatsApp ကနေ သတင်းမှားတွေ ၀ါဒဖြန့်နေတယ်လို့ အဓိကနိုင်ငံရေး ပါတီကြီးတွေက အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ WhatsApp ရဲ့ အကြီးတန်းတာဝန်ရှိသူ တစ်ဦးကလည်း အိန္ဒိယက နိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ ပလက်ဖောင်းကို မသမာတဲ့အနေအထားနဲ့ အသုံးပြုနေတယ်လို့ ဖေဖော်ဝါရီလမှာ ပြောကြားဖူးပါတယ်။

    ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးပါတီတွေက WhatsApp ကို သတင်းမှားဖြန့်ဖို့အတွက် အသုံးပြုမှုဟာ ပြီးခဲ့တဲ့နှစ်ဘရာဇီးလ်ရွေးကောက်ပွဲမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။

    ကလေးသူခိုးတွေရောက်နေတယ်ဆိုပြီး WhatsApp ကနေ သတင်းဖြန့်ကာ မျက်နှာစိမ်းတွေကို အုပ်စုဖွဲ့ရိုက်သတ်မှု အများအပြား ဖြစ်ပွားခဲ့ပြီးတဲ့နောက် WhatsApp ဟာ အိန္ဒိယနိုင်ငံမှာ မက်ဆေ့ခ်ျမျှဝေနိုင်မှု အရေအတွက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ကန့်သတ်ခဲ့ပါတယ်။

    Ref: Aljazeera