ဧပြီ ၁၊ ၂၀၁၉
M-Media

– အိန္ဒိယနိုင်ငံဟာ စစ်ဖက်ထောက်လှမ်းရေးမှာ အသုံးပြုနိုင်မယ့် ဂြိုဟ်တုတစ်စင်းကို ဒီကနေ့မှာ ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
EMISAT လို့ အမည်ပေးထားပြီး ၄၃၆ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အဲဒီထောက်လှမ်းရေးဂြိုဟ်တုကို နိုင်ငံတောင်ပိုင်း ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေက ၇၄၉ ကီလိုမီတာအကွာ ပတ်လမ်းမှာ စတင်လည်ပတ်နေပြီလို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO က ပြောကြားခဲ့ပါတယ်။
အဲဒီဂြိုဟ်တုနဲ့အတူ အခြား ဂြိုဟ်တုငယ် ၂၈ လုံးကို ဒုံးပျံတစ်ခုတည်းနဲ့ လွှတ်တင်နိုင်ကာ ကမ္ဘာပတ်လမ်း ၃ ခုမှာ နေရချထားပေးနိုင်ခဲ့ပြီး ဒီလိုလုပ်ငန်းမျိုးကို အိန္ဒိယက ပထမဆုံး ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ဂြိုဟ်တုတွေကို ကုန်ကျစားရိတ်အနည်းဆုံးနဲ့ လွှတ်တင်ပေးနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ အာကာသနယ်ပယ် စွမ်းဆောင်ရည်ကို ပိုမိုတောက်ပြောင်စေမယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။
လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေထဲက ၂၄ ခုဟာ အမေရိကန်ကဖြစ်ပြီး ၂ ခုက လစ်သူယေးနီးယား၊ စပိန်နဲ့ ဆွစ်ဇာလန်တို့က တစ်ခုစီ ဖြစ်ပါတယ်။
“ဒီလိုလွှတ်တင်နိုင်မှုဟာ ISRO ရဲ့ အထူးစွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဒုံးပျံတစ်ခုတည်းနဲ့ ပတ်လမ်း ၃ ခုပေါ်ကို ဂြိုဟ်တုတွေ တင်ပေးနိုင်တာ ပထမဆုံးပါပဲ” လို့ အဖွဲ့ဥက္ကဌ ကေစီဗန်က လွှတ်တင်အပြီးမှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာဂြိုဟ်ရဲ့ အနိမ့်ပိုင်းပတ်လမ်းမှာ ရှိမယ့် EMISAT ဂြိုဟ်တုဟာ စစ်ဖက်နဲ့ အရပ်ဖက် စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ရှိပြီး ရန်သူတွေရဲ့ ရေဒါနေရာတွေကို ရှာဖွေပေးပို့မှာ ဖြစ်ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီလိုလွှတ်တင်နိုင်မှုအတွက် ISRO အဖွဲ့ကို ချီးကျူးခဲ့ပြီး အစိုးရအနေနဲ့ သိပ္ပံပညာနဲ့ ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Alajazeera