News @ M-Media

Tag: India

  • အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်မှုကြောင့် ဝေဖန်မှုမြင့်တက်

    အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်မှုကြောင့် ဝေဖန်မှုမြင့်တက်

    ဇန်န၀ါရီ ၂၊ ၂၀၁၉
    M-Media

    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသမီးနှစ်ဦးက ၀င်ရောက်ခဲ့တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ရာစုနှစ်ချီ သက်တမ်းရှိနေတဲ့ Sabarimala Ayyappa ဘုရားကျောင်း ဖြစ်ပြီး  သမိုင်းတစ်လျှောက် အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေ ၀င်ရောက်ခွင့် မပေးပါဘူး။ ဒီကန့်သတ်ချက်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အိန္ဒိယ ဗဟိုတရားရုံးက ပယ်ဖျက်ပေးခဲ့ပေမယ့် ဟိန္ဒူ လက်ယာသမားတွေက ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

    အမျိုးသမီးနှစ်ဦးဟာ အ၀တ်နက်တွေဝတ်ပြီး ဦးခေါင်းကိုဖုံးကွယ်ကာ ဘုရားကျောင်းထဲ ၀င်ရောက်သွားတဲ့ ဗီဒီဟာ အွန်လိုင်းစာမျက်နှာမှာ မနေ့က ပြန့်နှံ့ခဲ့ပြီး ဒီကိစ္စအတွက် ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    ဒီသတင်းထွက်လာခဲ့ပြီးတဲ့နောက် ဘုရားကျောင်းက ဘုန်းကြီးတွေဟာ မြေသန့်မင်္ဂလာအခန်းအနား ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။ Ayyappa ဘုရားဟာ အိမ်ထောင်သားမွေး မပြုတဲ့အတွက် အသက် ၁၀ နှစ်ကနေ ၅၀ အတွင်းရှိတဲ့ အမျိုးသမီးတွေကို ဘုရားကျောင်းထဲ ၀င်ခွင့်မပြုတာဖြစ်တယ်လို့ ဘုရားကျောင်းရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ကီရာလာပြည်နယ် ၀န်ကြီးချုပ် ပီနာရာယီ ဗီဂျာယန်က ဘုရားကျောင်းထဲ ၀င်ရောက်ချင်တဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့အတွက် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးမ၀င်ရအမိန့်ကို တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ပြီးတဲ့နောက် Sabarimala Ayyappa ဘုရားကျောင်းထဲကို အမျိုးသမီးတွေ ၀င်ရောက်ဖို့ ကြိုးစားမှုတွေ အရင်က ရှိခဲ့ဖူးပေမယ့် ဟိန္ဒူအစွန်းရောက်တွေက အုပ်စုဖွဲ့ပြီး တိုက်ခိုက်တာ၊ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်တာ၊ ရဲတွေကို ခဲနဲ့ပစ်ပေါက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အာကာသထဲ လူလွှတ်မည့်စီမံကိန်းအတွက် အိန္ဒိယအစိုးရက ကန်ဒေါ်လာ ၁.၄ ဘီလီယံ သုံးမည်

    အာကာသထဲ လူလွှတ်မည့်စီမံကိန်းအတွက် အိန္ဒိယအစိုးရက ကန်ဒေါ်လာ ၁.၄ ဘီလီယံ သုံးမည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၈
    M-Media

    – ၂၀၂၂ ခုနှစ်မှာ အာကာသကို လူသားတွေ လွှတ်နိုင်ဖို့ ရည်ရွယ်တဲ့ စီမံကိန်းအတွက် အိန္ဒိယအစိုးရက ရူပီး ဘီလီယံ ၁၀၀ (ကန်ဒေါ်လာ ၁.၄၃ ဘီလီယံ) ချပေးလိုက်ပါတယ်။

    “Indian Human Space Flight Initiative စီမံကိန်း ရှေ့ဆက်ဖို့အတွက် အစိုးရအဖွဲ့က ဒီကနေ့မှာ ခွင့်ပြုပေးလိုက်ပါပြီ။ အာကာသယာဉ်မှူး ၃ ဦးကို အာကာသထဲစေလွှတ်ကာ ၇ ရက်ကြာနေထိုင်စေမယ့် စီမံကိန်း ဖြစ်ပါတယ်။ ရှေ့ပြေးစမ်းသပ်မှုကို အခုအချိန်ကနေ လပေါင်း ၄၀ အတွင်း အောင်မြင်အောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ အိန္ဒိယ သတင်းအချက်အလက်ဝန်ကြီး ရာဗီ ရှန်ကာ ပရာဆဒ်က ပြောကြားခဲ့ပါတယ်။

    လက်ရှိ ကန်ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိတဲ့ ကမ္ဘာ့အာကာသဈေးကွက်မှာ သြဇာချဲ့ထွင်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ပစ်မှတ်ထားနေပြီး အခု Gaganyaan စီမံကိန်းရဲ့ လူမပါတဲ့ အာကာသယာဉ် စမ်းသပ်လွှတ်တင်မှုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

    အိန္ဒိယအစိုးရဟာ ကမ္ဘာ့အာကာသဈေးကွက်မှာ ဈေးသက်သက်သာသာနဲ့ ၀န်ဆောင်မှုပေးနိုင်အောင် ရည်ရွယ်ဆောင်ရွက်နေပါတယ်။

    ၂၀၁၄ ခုနှစ်က အိန္ဒိယဟာ အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ဂြိုဟ်တုတစ်လုံး ပို့ဆောင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ဒီလိုဆောင်ရွက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။ အိန္ဒိယရဲ့ အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ဂြိုဟ်တုလွှတ်တင်တဲ့ ကုန်ကျစားရိတ်ဟာ ဟောလီးဝုဒ်က အာကာသရုပ်ရှင် Gravity ရိုက်ကူးတဲ့ ကုန်ကျစားရိတ်ထက်တောင် သက်သာနေပါတယ်။

    နိုဝင်ဘာလကလည်း ဂြိုဟ်တု ၃၁ လုံး သယ်ဆောင်သွားတဲ့ ဒုံးပျံတစ်ခုကို အိန္ဒိယက လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တု တော်တော်များများဟာ နိုင်ငံခြားအစိုးရတွေရဲ့ ဂြိုဟ်တုတွေ ဖြစ်ပါတယ်။

    အာသာကကိုလူလွှတ်မယ့် အစီအစဉ်ကို အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက သြဂုတ်လမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံရဲ့ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO ဟာ ရုရှားနဲ့ ပြင်သစ်တို့က အာကာသ အေဂျင်စီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။

    Ref: Aljazeera

  • စစ်ရေးအတွက်အသုံးဝင်မည့် တံတားတစ်ခုကို အိန္ဒိယက တရုတ်နယ်စပ်နားတွင် ဖွင့်လှစ်

    စစ်ရေးအတွက်အသုံးဝင်မည့် တံတားတစ်ခုကို အိန္ဒိယက တရုတ်နယ်စပ်နားတွင် ဖွင့်လှစ်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    တံတားဖွင့်ပွဲတွင် ပြည်သူများကို နှုတ်ဆက်နေသည့် ၀န်ကြီးချုပ် နရန်ဒရာမိုဒီ

    – အိန္ဒိယနိုင်ငံဟာ ရထားရော၊ ကားပါ သွားနိုင်တဲ့ တံတားတစ်စင်းကို မနေ့က အာသံပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားကို ၀န်ကြီးချုပ် နရန်ဒရာမိုဒီ တက်ရောက်ခဲ့ပါတယ်။

    ၄.၉ ကီလိုမီတာရှည်လျားရဲ့ အဲဒီ Bogibeel တံတားဟာ ဘရာမာပူထရာမြစ်ကိုဖြစ်ကာ ဆောက်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ကုန်ကျခဲ့ကာ နှစ်ပေါင်း ၂၀ နီးပါး တည်ဆောက်ခဲ့ရပါတယ်။ Bogibeel တံတားဟာ အိန္ဒိယမှာ ကားရော၊ ရထားပါသွားနိုင်တဲ့ တံတားတွေထဲက အရှည်ဆုံးတံတားလည်း ဖြစ်ပါတယ်။

    အာသံက ဒီဘရူဂါမြို့နားမှာ တည်ရှိတဲ့ ဒီတံတားဟာ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ်ကို တပ်ဖွဲ့တွေ စေလွှတ်ရာမှာ ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

    အိန္ဒိယဟာ ၁၉၆၂ ခုနှစ် တရုတ်နဲ့စစ်ပွဲမှာ အရူနာချာလ် ပရာဒက်ရှ်က နယ်မြေအချို့ ဆုံးရှုံးခဲ့ရဖူးပါတယ်။

    Bogibeel တံတားကို အိန္ဒိယရဲ့ အလေးဆုံး တန် ၆၀ တင့်ကားတွေ ဖြတ်သန်းနိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပြီး၊ တိုက်လေယာဉ်တွေလည်း ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

    Bogibeel တံတားဟာ အာသံအမျိုးသားရေးအုပ်စုတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို အဆုံးသတ်ဖို့ ၁၉၈၅ ခုနှစ်မှာ အိန္ဒိယအစိုးရက ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က အာသံပြည်နယ်နဲ့ အရူနာချာလ် ပရာဒက်ရှ်တို့ကို ဆက်သွယ်တဲ့ ၉.၁ ကီလိုမီတာအရှည်ရှိတဲ့ Dhola-Sadiya တံတားကို ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားဟာလည်း အိန္ဒိယနိုင်ငံရဲ့ အရှည်ဆုံးတံတား ဖြစ်ပါတယ်။ Dhola-Sadiya တံတားကို ဆောက်တဲ့ ရည်ရွယ်ချက်မှာ ကာကွယ်ရေးရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

    Ref: Aljazeera

  • မွတ်စလင် ၂ ဦးအား အကြမ်းဖက်သတ်ဖြတ်သည့် နွားချစ်သူ ၈ ဦးကို အိန္ဒိယက ထောင်တစ်သက်ချ

    မွတ်စလင် ၂ ဦးအား အကြမ်းဖက်သတ်ဖြတ်သည့် နွားချစ်သူ ၈ ဦးကို အိန္ဒိယက ထောင်တစ်သက်ချ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၈
    M-Media

    ထောင်ဒဏ်တစ်သက် ချမှတ်ခံရသများထဲမှ တစ်ချို့

    – နွားပွဲမှာ နွားရောင်းဖို့သွားတဲ့ မွတ်စလင် ၂ ဦးကို အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့ လူ ၈ ဦးကို အိန္ဒိယက မနေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

    ဒီသတ်ဖြတ်မှုဟာ ဂျာ့ခ်ဟန်းပြည်နယ်မှာ လာတီဟာရ်မြို့မှာ ၂၀၁၆ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ် အင်မ်တီယက်ဇ်ခန်းနဲ့ အသက် ၃၂ နှစ်အရွယ် နွားပွဲစား မဂ်ျလွန် အန်ဆာရီတို့ဟာ နွားထီးတစ်ကောင်ကိုဆွဲကာ နွားပွဲသွားစဉ် ဟိန္ဒူ နွားကာကွယ်ရေးကော်မတီက အဖွဲ့ဝင်တွေက ဖမ်းဆီး ပြန်ပေးဆွဲခဲ့ပါတယ်။

    နောက်ပိုင်းမှာ ခန်းနဲ့ အန်ဆာရီတို့ကို တုတ်တွေ ပုဆိန်တွေနဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို သစ်ပတ်မှာ နွားချည်တဲ့ကြိုးတွေနဲ့ ချည်ထားခဲ့ပါတယ်။

    ခရိုင်တရားရုံးက ဒီလူသတ်မှုမှာ ပါဝင်သူ ၈ ဦးကို မနေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

    သံသယရှိသူတွေ တရားရုံးကို ခေါ်လာတဲ့အချိန်မှာ လူ ၁၀၀ လောက် စုရုံးဆန္ဒပြခဲ့ကြပြီး “အမိအိန္ဒိယအတွက် ဂုဏ်ယူသည်” “နွားများသတ်ဖြတ်ခြင်းကို ရပ်တန့်ကြ” စတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP က သမ္မတမိုဒီ အာဏာရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဟိန္ဒူအစွန်းရောက်အုပ်စုတွေက ဇာတ်နိမ့်တွေ၊မွတ်စလင်တွေအပေါ် တိုက်ခိုက်မှု မြင့်တက်လာခဲ့ပါတယ်။

    ဟိန္ဒူနွားချစ်သူများအဖွဲ့တွေကလည်း နွားရောင်းတဲ့သူတွေ၊ အမဲသားရောင်းတဲ့သူတွေကိုအပေါ် အုပ်စုဖွဲ့ အကြမ်းဖက်သတ်ဖြတ်မှု မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဒီလိုတိုက်ခိုက်မှုအရေအတွက် ၈၀ လောက် ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဆစ်ခ်လူမျိုးများအား အကြမ်းဖက်မှုတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံရေးသမားဟောင်း ထောင်တစ်သက် ချမှတ်ခံရ

    ဆစ်ခ်လူမျိုးများအား အကြမ်းဖက်မှုတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံရေးသမားဟောင်း ထောင်တစ်သက် ချမှတ်ခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည့် ဆာဂျင်ကူးမားရ် (လယ်)

    – ၁၉၈၄ ခုနှစ် ဆစ်ခ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုမှာ ပါဝင်တဲ့ အိန္ဒိယနိုင်ငံရေးသမားဟောင်းကို ဒေလီအထက်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

    အဲဒီတုန်းက ၀န်ကြီးချုပ်ဖြစ်တဲ့ အင်ဒရာဂန္ဒီကို ဆစ်ခ်သက်တော်စောင့်နှစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆစ်ခ်တွေကိုပစ်မှတ်ထားတဲ့ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆစ်ခ်လူမျိုး ၈ ထောင်ကနေ တစ်သောင်းခွဲကြား အသတ်ခံခဲ့ရပါတယ်။

    အကြမ်းဖက်မှုအတွင်း ဆစ်ခ်အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ဆစ်ခ်တွေပိုင်ဆိုင်တဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

    ဆစ်ခ်လက်နက်ကိုင်ခေါင်းဆောင်ကို ဖမ်းဆီးဖို့အတွက် ပန်ဂျပ်ပြည်နယ်က နာမည်ကျော် ဆစ်ခ်ဘုရားကျောင်းကို စီနင်းဖို့ အင်ဒရာဂန္ဒီက အမိန့်ပေးခဲ့တာကို မကျေနပ်တဲ့အတွက် သက်တော်စောင့်နှစ်ဦးက ပြန်လည် လက်စားချေခဲ့တာ ဖြစ်ပါတယ်။

    ဆစ်ခ်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အဲဒီတုန်းက အာဏာရ ကွန်ဂရက်ပါတီ နိုင်ငံရေးသမားတွေ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပါတယ်။

    အကြမ်းဖက်မှုဖြစ်ပွားစဉ်က လွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် ဆာဂျင် ကူးရ်မားဟာ ဆစ်ခ်တွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တာကို တွေ့ရှိရတာကြောင့် တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

    ကူးမားရ်ဟာ ဒီအမှုအတွက် ၂၀၁၃ ခုနှစ်မှာ တရားသေ လွတ်မြောက်ခဲ့ပေမယ့် တရားရုံးချုပ်က ဒီလိုလွှတ်ပေးမှုကို ပယ်ချကာ စုံစမ်းစစ်ဆေးမှု ပြန်လုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

    ဒေလီက ဆစ်ခ်မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုမှာ ကူးမားရ် ပါဝင်ခဲ့တာဖြစ်ပြီး ပူးပေါင်းကြံစည်မှု၊ ရန်ညိုးဖြစ်အောင် လှုံ့ဆော်မှု၊ လူ့အဖွဲ့အစည်း သွေးကွဲအောင်လုပ်ဆောင်မှုတွေနဲ့ အပြစ်ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။

    “စိန်ခေါ်မှုတွေ ရှိနေပေမယ့် အမှန်တရား ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေရဲ့ နောက်ဆက်တွဲရလဒ်တွေကို အခုအချိန်အထိ ခံစားနေရတုန်းပါ” လို့က တရားရုံးက ပြောကြားခဲ့ပါတယ်။

    ဟိန္ဒူအများစုရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ၁.၂၅ ဘီလီယံသော လူဦးရေမှာ ဆစ်ခ်လူမျိုးတွေက ၂ ရာခိုင်နှုန်း ရှိပါတယ်။

    Ref: Arab News