News @ M-Media

Tag: India

  • စုန်းဟုစွပ်စွဲကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်မှု အိန္ဒိယတွင် ဖြစ်ပွား

    စုန်းဟုစွပ်စွဲကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်မှု အိန္ဒိယတွင် ဖြစ်ပွား

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    အလောင်းများတွေ့ခဲ့သည့် ရေတွင်း

    – အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုရီဆာပြည်နယ်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၄ ဦးကို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

    မန်ဂရီမွန်ဒါနဲ့ ကလေး ၄ ဦးတို့ရဲ့အလောင်းကို ဇန်န၀ါရီ ၂၆ ရက်နေ့က သူတို့အိမ်အနီး ရေတွင်းထဲမှာ တွေ့ခဲ့ရတာပါ။ အမျိုးသမီးကို စုန်းမတွေလို့ စွပ်စွဲပြီး သတ်ဖြတ်တဲ့ဓလေ့ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အခုအချိန်အထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဒီသတ်ဖြတ်မှုမှာ အဓိကပါဝင်တဲ့ ပရောဂါကုဆရာအပါအ၀င် လူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပရောဂါဆရာက မွန်ဒါဟာ ရွာထဲက မိသားစုကို စုန်းအတတ်နဲ့ ပြုစားထားတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် ဇန်န၀ါရီ ၂၅ ရက်နေ့  ညပိုင်းမှာ အမျိုးသားတစ်စုဟာ မွန်ဒါနေထိုင်တဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ကာ အိပ်နေတဲ့ မွန်ဒါနဲ့ ကလေးငယ် ၄ ဦးကို တုတ်တွေ၊ ဓားတွေနဲ့ ရိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။

    ကလေးငယ်တွေဟာ အသက် ၁ နှစ်၊ ၄ နှစ်၊ ၇ နှစ်နဲ့ ၁၁ နှစ် အသီးသီးရှိကြပြီး အလောင်းတွေကို ရေတွင်းထဲ ပစ်ချခဲ့ကြပါတယ်။ အိုရီဆာပြည်နယ်က လူမျိုးစုတွေအတွင်း အမျိုးသမီးတွေကို စုန်းတွေလို့စွပ်စွဲတာဟာ ရိုးရာတစ်ခုဖြစ်နေပါတယ်။

    ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ကာဗီတာ ဂျာလန်က ဒီသတ်ဖြတ်မှုမှာ ပါဝင်တဲ့ အခြားသူတွေကို လိုက်လံရှာဖွေနေပြီး ဒီလို သဘာဝလွန်အဖြစ်အပျက်တွေ မယုံကြည်ရေး ပြည်သူလူထုကို အသိပညာပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စုန်းအတတ်၊ မှော်အတတ်ကိစ္စတွေကို ပိတ်ပင်ထားပေမယ့် အိုရီဆာပြည်နယ်အတွင်း ဒီလို စွပ်စွဲ သတ်ဖြတ်မှုတွေဟာ အခုနှစ်တွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

    မိသားစု ၃ ဦးကို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်ခဲ့တဲ့ လူ ၉ ဦးကို ပြီးခဲ့တဲ့နှစ်က အိုရီဆာပြည်နယ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ပြည်နယ်အတွင်း ဒီလိုသတ်ဖြတ်မှုမျိုး ၉၉ ခုရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်က ၆၃ ခုသာ ရှိရာကနေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    အာသံနဲ့ ဂျာ့ခ်ဟန်းပြည်နယ်တို့က အမျိုးသမီးတွေဟာလည်း မကြာခဏဆိုသလို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်ခံရပါတယ်။ ရိုးရာယုံကြည်မှုတွေက ဒီလိုတိုက်ခိုက်မှုတွေရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပြီး မြေနဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တဲ့အတွက် မုဆိုးမတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။

    Ref: BBC

  • အိန္ဒိယမှ နာမည်ကြီးဟိန္ဒူဘုန်းကြီး လူသတ်မှုဖြင့် ထောင်တစ်သက် ချမှတ်ခံရ

    အိန္ဒိယမှ နာမည်ကြီးဟိန္ဒူဘုန်းကြီး လူသတ်မှုဖြင့် ထောင်တစ်သက် ချမှတ်ခံရ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၉
    M-Media

    – မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ နာမည်ကြီး ဟိန္ဒူဘုန်းကြီးတစ်ပါးကို ဂျာနစ်လစ်တစ်ယောက် သတ်မှုနဲ့ အိန္ဒိယတရားရုံးက ထောင်ဒဏ်တစ်သက် ထပ်မံချမှတ်လိုက်ပါတယ်။

    Dera Sacha Sauda ဘာသာရေးအဖွဲ့ရဲ့ခေါင်းဆောင် အသက် ၅၁ နှစ်အရွယ် ဂူရ်မိ ရာမ ရာဟင် ဆင်း ဆိုသူဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တွေကို ဖော်ပြတဲ့ သတင်းစာအယ်ဒီတာကို သတ်ဖြတ်မှုအတွက် အခုလို အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနီးကပ် လူယုံ ၃ ဦးလည်း အဲဒီလူသတ်မှုအတွက် ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

    ဆင်းဟာ အိန္ဒိယနိုင်ငံမှာ နောက်လိုက်တော်တော်များများရှိသူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေတစ်ချို့လည်း သူ့ကို ကိုးကွယ်ကြပါတယ်။

    ဒါပေမယ့် ၂၀၀၂ ခုနှစ် အောက်တိုဘာလက ဟင်ဒီသတင်းစာ Poora Sach က ဆင်းရဲ့ ကြမ်းကြုတ်မှုတွေကို စတင် ဖော်ထုတ်ခဲ့ပြီးတဲ့နောက် သူဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟိန္ဒူဘာသာရေးအဖွဲ့ Dera Sacha Sauda အတွင်း ဆင်းဟာ သူ့ရဲ့နောက်လိုက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခဲ့တာကို အမည်မဖော်လိုတဲ့ နောက်လိုက်တစ်ဦးက Poora Sach သတင်းစာမှာ ရင်ဖွင့် ရေးသားခဲ့တာပါ။

    သတင်းစာအယ်ဒီတာ ရာမ ချန်ဒါ ချာထရာပက်သီဟာ ဒီသတင်းဖော်ပြပြီးတဲ့နောက် ၅ ရက်အကြာမှာ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ရာဟင်ဆင်းရဲ့ ဂိုဏ်းအတွင်း ကျူးလွန်မှုတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အမျိုးသမီး ၅၀ လောက်က ဆင်းဟာ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ ဖွင့်ပြောခဲ့ကြပါတယ်။ ဒကာမ နှစ်ဦးကို အဓမ္မကျင့်မှုအတွက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရဲတပ်ဖွဲ့က ဆင်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး  ဒီဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် သူ့ကို ကိုးကွယ်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကာ အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: BBC

  • တရုတ်ဖုန်းများကိုယှဉ်၍ ဆမ်ဆောင်းက အိန္ဒိယတွင် ဘက်ဂျက်ဖုန်းဖြန့်မည်

    တရုတ်ဖုန်းများကိုယှဉ်၍ ဆမ်ဆောင်းက အိန္ဒိယတွင် ဘက်ဂျက်ဖုန်းဖြန့်မည်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမြို့ရှိ အကြီးဆုံး ဆမ်ဆောင်းဖုန်းဆိုင်

    – တရုတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက် ဆမ်ဆောင်းက အခုလနှောင်းပိုင်းကျရင် အိန္ဒိယမှာ တန်ဖိုးနည်းဖုန်းတွေ စတင်ဖြန့်ချီဖို့ စီစဉ်နေပါတယ်။

    အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖုန်းဈေးကွက်ဖြစ်ပြီး Xiaomi လို တရုတ်ဖုန်းတွေက ဈေးကွက်ရဲ့ ပမာဏ တော်တော်များများကို ရယူထားပါတယ်။

    ဆမ်းဆောင်းက အခုဖြန့်ချီမယ့် ဘက်ဂျက်ဖုန်းတွေဟာ M စီးရီးဖြစ်ပြီး အွန်လိုင်း ဈေးဝယ်ဆိုက်တွေကနေ ရောင်းချမှာ ဖြစ်ပါတယ်။

    “အိန္ဒိယက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေအတွက် M စီးရီးဖုန်းတွေကို စတင် ထုတ်လုပ်နေပါပြီ” လို့ ဆမ်ဆောင်းရဲ့ ထုတ်လုပ်ရေးနဲ့ ဈေးကွက်ဌာန ဒုတိယဥက္ကဌ မိုဟာမက် အာဆင်မ် ၀ါစီက ပြောကြားခဲ့ပါတယ်။

    ဖုန်းရဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ကြာရှည်အသုံးခံမယ့် ဘတ္ထရီ၊ မြန်မြန်ဆန်ဆန် အားသွင်းနိုင်မယ့် စနစ်တွေ ပါဝင်မှာဖြစ်ပြီး တန်ဖိုးကလည်း ရူပီး တစ်သောင်း (ကန် ၁၄၁.၈၀ ဒေါ်လာ) ကနေ ရူပီး နှစ်သောင်းအကြား ရှိမယ်လို့ ဆိုပါတယ်။

    M စီးရီးဖုန်းတွေကို အိန္ဒိယမှာ ဖြန့်ချီပြီးရင် ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်ဖြန့်ချီမှာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံမှာ အင်တာနက်သုံးစွဲသူ သန်းတစ်ထောင်ကျော်လောက်ရှိပြီး ဖုန်းမကိုင်နိုင်တဲ့သူက သန်း ၃၅၀ လောက် ရှိနေပါတယ်။

    ဆမ်ဆောင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယဈေးကွက်ကို ပိုမိုအာရုံစိုက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က မြို့တော်နယူးဒေလီ ဆင်ခြေဖုံးမှာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့သလို၊ နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာလည်း အကြီးဆုံး ဖုန်းအရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

    ၀ါစီက အခုလို ဘက်ဂျက်ဖုန်း ထုတ်လုပ်ရောင်းချမှုဟာ ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို ဂဏန်း ၂ လုံးအထိ တိုးတက်လာစေမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်သည့်ကိစ္စ အကြမ်းဖက်မှုအထိ ဦးတည်လာ

    အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်သည့်ကိစ္စ အကြမ်းဖက်မှုအထိ ဦးတည်လာ

    ဇန်န၀ါရီ ၅၊ ၂၀၁၉
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က သမိုင်းဝင် Sabarimala ဟိန္ဒူဘုရားကျောင်းထဲ အမျိုးသမီးတွေ ၀င်ရောက်ဘုရားဖူးတဲ့ကိစ္စကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအထိ ဦးတည်လာခဲ့ပါတယ်။

    ဘုရားကျောင်းမှာ နှစ်ရာချီရှိခဲ့တဲ့ ‘အမျိုးသမီးမ၀င်ရ’ အမိန့်ကို အိန္ဒိယတရားရုံးချုပ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဖျက်သိမ်းပေးခဲ့ပါတယ်။ အဲဒီနောက် အမျိုးသမီးတွေဟာ ဘုရားကျောင်းထဲကို ၀င်ရောက်ဘုရားဖူးဖို့ ကြိုးစားလာခဲ့ကြပြီး သဘောထားတင်းမာတဲ့ ဟိန္ဒူဘာသာဝင်တွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

    အသက် ၄၀ ကျော် အမျိုးသမီး ၂ ဦး ဘုရားကျောင်းထဲကို ၀င်ရောက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု အခုတစ်ပတ်အစောပိုင်းမှာ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် တင်းမာမှုက ပိုမို မြင့်တက်လာပါတယ်။

    ဒီလိုဝင်ရောက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ကီရာလာပြည်နယ်တစ်ဝှမ်း ထောင်နဲ့ချီတဲ့သူတွေဟာ ချီတက်ဆန္ဒပြခဲ့ကြပြီး အုပ်စုဖွဲ့ ရိုက်နှက်တာ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့တာကြောင့် ၃ ရက်အတွင်း အနည်းဆုံး လူ ၁ ဦး သေဆုံးကာ ၂၇၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်

    ပြည်နယ်ကို အုပ်ချုပ်နေတဲ့ အာဏာရကွန်မြူနစ်ပါတီနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့အိမ်ကို အမည်မသိလူတစ်စုက ဒီကနေ့မှာ ဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

    အဲဒီနောက် နာရီပိုင်းအကြာမှာပဲ ဟိန္ဒူအမျိုးသားရေးပါတီ Bharatiya Janata Party (BJP) က နိုင်ငံရေးသမား တစ်ယောက်ရဲ့အိမ်ကို အမည်မသိသူတွေက ဗုံးခွဲတိုက်ခိုက်ခဲ့သလို၊ ဟိန္ဒူအမျိုးသားရေးဝါဒကို လှုံ့ဆော်ပေးပြီး BJP ရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်းလည်းဖြစ်တဲ့ Rashtriya Swayamsevak Sangh (RSS) အဖွဲ့ ရုံးခန်းတစ်ခုလည်း မီးရှို့ခံခဲ့ရပါတယ်။

    ကွန်မြူနစ်ပါတီဦးဆောင်တဲ့ ကီရာလာပြည်နယ်အစိုးရက သူတို့ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သွားမယ်လို့ ပြောကြားထားပြီး BJP နဲ့ RSS တို့က ဆုံးဖြတ်ချက်ကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

    ဗုံးခွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိ အတိအကျ မသိရသေးပါဘူး။

    ‘အမျိုးသမီးမ၀င်ရ’ အမိန့် ဖျက်သိမ်းမှုကို မကျေတာကြောင့် ဆန္ဒပြသူတွေထဲက လူ ၃၀၀၀ လောက်ကို ဖမ်းဆီးထားပြီး အခြေအနေတွေ ပိုမဆိုးလာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    BJP ပါတီဝင်ဖြစ်တဲ့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကလည်း ဘုရားကျောင်းထဲ အမျိုးသမီးဝန်ရောက်မှုကို ဆန့်ကျင်ရေး နိုင်ငံတစ်ဝှမ်း ဆန္ဒပြဖို့ တိုက်တွန်းထားပါတယ်။

    ဟိန္ဒူဘာသာက တစ်ချို့အုပ်စုတွေဟာ အရွယ်ရောက်ပြီး အမျိုးသမီးတွေကို မသန့်ရှင်းသူတွေလို့ သတ်မှတ်ထားပြီး Sabarimala ဘုရာကျောင်းမှာ တည်ထားကိုးကွယ်တဲ့ နတ်ဘုရား Ayyappa ဟာ ကာမအမှုတွေနဲ့ ကင်းလွတ်သူဖြစ်တဲ့အတွက် အမျိုးသမီးတွေကို ၀င်ရောက်ခွင့်မပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: CNA

  • အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်မှုကြောင့် ဝေဖန်မှုမြင့်တက်

    အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်မှုကြောင့် ဝေဖန်မှုမြင့်တက်

    ဇန်န၀ါရီ ၂၊ ၂၀၁၉
    M-Media

    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသမီးနှစ်ဦးက ၀င်ရောက်ခဲ့တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ရာစုနှစ်ချီ သက်တမ်းရှိနေတဲ့ Sabarimala Ayyappa ဘုရားကျောင်း ဖြစ်ပြီး  သမိုင်းတစ်လျှောက် အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေ ၀င်ရောက်ခွင့် မပေးပါဘူး။ ဒီကန့်သတ်ချက်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အိန္ဒိယ ဗဟိုတရားရုံးက ပယ်ဖျက်ပေးခဲ့ပေမယ့် ဟိန္ဒူ လက်ယာသမားတွေက ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

    အမျိုးသမီးနှစ်ဦးဟာ အ၀တ်နက်တွေဝတ်ပြီး ဦးခေါင်းကိုဖုံးကွယ်ကာ ဘုရားကျောင်းထဲ ၀င်ရောက်သွားတဲ့ ဗီဒီဟာ အွန်လိုင်းစာမျက်နှာမှာ မနေ့က ပြန့်နှံ့ခဲ့ပြီး ဒီကိစ္စအတွက် ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    ဒီသတင်းထွက်လာခဲ့ပြီးတဲ့နောက် ဘုရားကျောင်းက ဘုန်းကြီးတွေဟာ မြေသန့်မင်္ဂလာအခန်းအနား ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။ Ayyappa ဘုရားဟာ အိမ်ထောင်သားမွေး မပြုတဲ့အတွက် အသက် ၁၀ နှစ်ကနေ ၅၀ အတွင်းရှိတဲ့ အမျိုးသမီးတွေကို ဘုရားကျောင်းထဲ ၀င်ခွင့်မပြုတာဖြစ်တယ်လို့ ဘုရားကျောင်းရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ကီရာလာပြည်နယ် ၀န်ကြီးချုပ် ပီနာရာယီ ဗီဂျာယန်က ဘုရားကျောင်းထဲ ၀င်ရောက်ချင်တဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့အတွက် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးမ၀င်ရအမိန့်ကို တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ပြီးတဲ့နောက် Sabarimala Ayyappa ဘုရားကျောင်းထဲကို အမျိုးသမီးတွေ ၀င်ရောက်ဖို့ ကြိုးစားမှုတွေ အရင်က ရှိခဲ့ဖူးပေမယ့် ဟိန္ဒူအစွန်းရောက်တွေက အုပ်စုဖွဲ့ပြီး တိုက်ခိုက်တာ၊ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်တာ၊ ရဲတွေကို ခဲနဲ့ပစ်ပေါက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera