News @ M-Media

Tag: India

  • အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များ၏ အကြမ်းဖက်မှုကိုခံရသူ ခရစ်ယာန်ဘုန်းကြီး တရားပြန်စွဲခံရ

    အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များ၏ အကြမ်းဖက်မှုကိုခံရသူ ခရစ်ယာန်ဘုန်းကြီး တရားပြန်စွဲခံရ

    နိုဝင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးတစ်ဦးဟာ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

    ဖာသာ ဗီယန်နက် ဗင်းဆင့် ပါရဲရားနဲ့ ခရစ်ယာန်ဘာသာဝင်တစ်ချို့ဟာ နိုဝင်ဘာ ၁၄ ရက်နေ့က ၀တ်ပြုဆုတောင်းနေတဲ့အချိန် လူ ၄ ဦး ၀င်ရောက်လာပြီး ၀တ်ပြုနေသူတစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။

    “ကျွန်တော် ၀င်ဆွဲတဲ့အခါ သူတို့က ကျွန်တော့်ခေါင်းကိုရိုက်တယ်။ ဆံပင်ကိုဆွဲဆောင့်ပြီး လက်တွေကိုရိုက်တယ်၊ စွပ်စွဲပြောဆိုတာတွေလည်း လုပ်ပါတယ်။ နောက်ပိုင်းမှာ လူတွေ ပိုများလားပါတယ်” လို့ ဘုန်းတော်ကြီးက ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်သူတွေဟာ ဟိန္ဒူအစွန်းရောက်အဖွဲ့လို့ လူသိများတဲ့ Yuva Vahini အဖွဲ့က သူတွေဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ ခရစ်ယာန်တွေ၊ အစ္စလာမ်ဘာသာဝင်တွေကို ခြိမ်းခြောက်တာ၊ သွေးဆောင်တာတွေလုပ်ပြီး ဟိန္ဒူဘာသာထဲ သွတ်သွင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    အခင်းဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က ဘုန်းတော်ကြီးကို လုံခြုံရေးအကြောင်းပြပြီး ထိန်းသိမ်းထားပေမယ့် နောက်တစ်နေ့မှာပဲ တရားမ၀င် ၀တ်ပြုမှု၊ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် ဘုန်းတော်ကြီးဟာ နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဟိန္ဒူအစွန်းရောက်တွေက ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေဟာ အခုနှစ်တွေမှာ သိသိသာသာ မြင့်တက်လာပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် ခရစ်ယာန်ခေါင်းဆောင်တွေက ပြည်နယ်အတွင်း ခရစ်ယာန်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဟိန္ဒူအမျိုးသားရေးပါတီ BJP က နရန်ဒရာ မိုဒီ ၀န်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ပိုမိုမြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ BJP ဟာ ဟိန္ဒူအစွန်းရောက်တွေနဲ့  ထဲထဲဝင်ဝင် ပတ်သက်မှုရှိတယ်လို့ သတင်းတွေလည်း ထွက်ထားပါတယ်။

    Ref: RT

  • ဘောလီးဝုဒ်မင်းသားကြီး အမီဘာ့ဘ်ဘချန်း လယ်သမား ၁၃၀၀ ကျော်၏ အကြွေးများကို ဆပ်ပေး

    ဘောလီးဝုဒ်မင်းသားကြီး အမီဘာ့ဘ်ဘချန်း လယ်သမား ၁၃၀၀ ကျော်၏ အကြွေးများကို ဆပ်ပေး

    နိုဝင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ဘောလီးဝုဒ်က နာမည်ကြီး မင်းသားကြီးဖြစ်တဲ့ အမီသာ့ဘ် ဘချန်းဟာ လယ်သမားတွေရဲ့ အကြွေး ရူပီး သန်း ၄၀ ကျော် (ကန်ဒေါ်လာ ၅ သိန်း ၆ သောင်း) ဖိုး ပေးဆပ်ခဲ့တယ်လို့ သိရပါတယ်။

    သူမွေးဖွားရာ အူတာပရာဒက်ရှ်ပြည်နယ်က လယ်သမားပေါင်း ၁၃၉၈ ဦးရဲ့ အကြွေးတွေကို ဆပ်ပေးလိုက်တာဖြစ်ပြီး ဒီလိုကူညီရတဲ့အတွက် တာဝန်တစ်ခု ပြီးမြောက်သွားတယ်လို့ ခံစားရကြောင်း ဘချန်းက သူ့ရဲ့ ဘလော့စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    အိန္ဒိယမှာ သိန်းနဲ့ချီတဲ့ လယ်သမားတွေဟာ အကြွေးဒဏ်ပိနေပြီး ၁၉၉၅ ခုနှစ်ကတည်းက မိမိကိုယ်ကိုယ်သတ်သေတဲ့ လယ်သမား အရေအတွက်ဟာ အနည်းဆုံး ၃ သိန်းလောက် ရှိနေပါတယ်။

    ဘချန်းက အကြွေးဆပ်ပြီးတဲ့နောက်ပိုင်း Bank of India က ရရှိတဲ့ ပြေစာတွေကို လယ်သမားတွေလက်ထဲ ကိုယ်တိုင်ထည့်ပေးသွားဖို့ စီစဉ်နေပါတယ်။

    “အကြွေးတွေ ဆပ်ပေးပြီးကြောင်း ပြေစာတွေကို လူချင်းတွေ့ပြီး ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်” လို့ ဘလော့စာမျက်နှာမှာ သူက ရေးသားခဲ့ပါတယ်။

    ဘချန်းဟာ လယ်သမား ၇၀ လောက်ကို မွမ်ဘိုင်းမှာ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

    အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမီသာ့ဘ်ဘချန်းဟာ အခုနှစ်အစောပိုင်းကလည်း မဟာရက်ရှ်ထရာပြည်နယ်က လယ်သမား ၃၅၀ လောက်ရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့ပါတယ်။

    ၂၀၀၇ ခုနှစ်မှာ လယ်မြေဧက စကွဲယားပေ ၉ သောင်းလောက်ကို တရားရုံးက ဘချန်းကို တရားမ၀င် လွှဲပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး လိမ်လည်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူက ဒီလယ်မြေတွေကို စွန့်လွှတ်ခဲ့ပါတယ်။

    Ref: BBC

  • လိင်ကျူးလွန်သည့် ကက်သလစ်ဘုန်းကြီးများကို အိန္ဒိယခရစ်ယာန်များ ဆန့်ကျင်ဆန္ဒပြ

    လိင်ကျူးလွန်သည့် ကက်သလစ်ဘုန်းကြီးများကို အိန္ဒိယခရစ်ယာန်များ ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ခရစ်ယာန်ဘာသာဝင်များ ဆန္ဒပြမှု

    – အိန္ဒိယနိုင်ငံက ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေဟာ သီလရှင်တွေနဲ့ လူဝတ်ကြောင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဇွန်လက နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ကက်သလစ်သီလရှင်တစ်ဦးဟာ ရဲစခန်းမှာ မုဒိမ်းမှုတိုင်ချက်တစ်ခု ဖွင့်ခဲ့ပါတယ်။ တိုင်ချက်မှာ ဂျာလန်ဟာရ်မြို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရန်ကို မူလက်ကဲလ်က ကီရာလာ သီလရှင်ကျောင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သူမကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ရဲတပ်ဖွဲ့က မူလက်ကဲလ်ကို ဖမ်းဆီးခဲ့ပေမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အာမခံ၊ ခြေချုပ်တွေနဲ့ လွှတ်ပေးခဲ့ပါတယ်။ ကီရာလာသီလရှင်ကျောင်းက ၅ ပါး အပါအ၀င် နောက်ထပ် သီလရှင် ၆ ပါးကလည်း ဒီတိုင်ကြားချက်မှန်ကန်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကီရာလာပြည်နယ် ဟာ သီရူဗာလာမြို့မှာ အမျိုးသမီးတစ်ဦးကို ခရစ်ယာန်ဘုန်းကြီးတစ်ပါးက လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အခုနှစ်အစောပိုင်းမှာ ပြည်နယ် Malankara Orthodox Syrian အသင်းတော်က ဥပေဒပညာရှင်တွေ၊ ဘုန်းကြီးတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

    ဘုရားကျောင်းမှာ ၀န်ခံခဲ့တဲ့ အပြစ်တစ်ခုနဲ့ ခြိမ်းခြောက်ကာ ဘုန်းကြီး ၅ ပါးက သူမကို နှစ်ပေါင်းများစွာ လိင်စော်ကားခဲ့တယ်လို့ ဒီအမျိုးသမီးက ပြောပါတယ်။

    ဒီကိစ္စတွေကို မကျေနပ်တဲ့အတွက် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ခရစ်ယာန်ဘာသာဝင်တွေ၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အခြားသူပြည် စုစုပေါင်း ၂၅၀ လောက်ဟာ ပြည်နယ်မြို့တော်က အစိုးရရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့သလို၊ လိင်စော်ကားတဲ့ ဘုန်းကြီးတွေကို အရေးယူပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

    မူလက်ကဲလ်က အဓမ္မကျင့်တယ်လို့ တိုင်ကြားတဲ့ သီလရှင်ကို ကီရာလာပြည်နယ် လွှတ်တော်အမတ် ပီစီဂျော့ဂ်ျက ‘အပျက်မ’ လို့ ဆဲဆိုခဲ့ပါသလို၊ သီလရှင်ဟာ လိမ်လည်တိုင်ကြားခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    အိန္ဒိယ ကက်သလစ်အသင်းတော်က သီလရှင်ရဲ့ တိုင်ကြားမှုကို တရားဝင် ၀န်ခံခြင်း မပြုသေးပါဘူး။

    စက်တင်ဘာလ ၈ ရက်နေ့က ၂၁ ရက်နေ့အထိ ကိုချီမြို့မှာ သီလရှင် ၅ ဦးပါး ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ထိခိုက်ခံစားရသူတွေနဲ့ တစ်သားတည်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ဒေလီမြို့မြင်ကွင်း

    သမိုင်းတစ်လျှောက် အဆိုးဆုံး အီဘိုလာပြဿနာကို ကွန်ဂို ကြုံတွေ့နေ
    ================
    နိုင်ငံရဲ့သမိုင်းမှာ အဆိုးဝါးဆုံး အီဘိုလာကပ်ဆိုးနဲ့ ကြုံတွေ့နေရတယ်လို့ ကွန်ဂိုနိုင်ငံရဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်းက ပြည်နယ်တွေမှာ သြဂုတ်လကနေ စတင်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ၃၁၉ ဦး သေဆုံးခဲ့ပါတယ်။ ရောဂါဖြစ်ပွားရာဒေသတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ တော်လှန်ရေးတွေ ဖြစ်ပွားနေတာကြောင့် အခြေအနေက ပိုမိုဆိုးရွားမယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ ၁၉၇၆ ခုနှစ် အီဘိုလာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ပြန့်နှံ့စဉ် အခါတုန်းက ကွန်ဂိုမှာ သေဆုံးသူ ၃၁၈ ဦး ရှိခဲ့ပြီး အခုအနေအထားဟာ ဒီထက်ပိုပြီး ဆိုးရွားနေတာ ဖြစ်ပါတယ်။

    ပျက်ကျသွားသည့် Lion Air လေယာဉ်မှ ရုပ်အလောင်းရှာဖွေမှုကို အင်ဒို ရပ်ဆိုင်း
    ======================
    အခုလအစောပိုင်းက ဂျာဗားပင်လယ်ထဲ ပျက်ကျသွားတဲ့ လေယာဉ်က ခရီးသည်တွေရဲ့ ရုပ်အလောင်း ရှာဖွေမှုကို အင်ဒိုအာဏာပိုင်တွေက မနေ့မှာ ရပ်တန့်လိုက်ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၈၉ ဦး လိုက်ပါသွားတဲ့ Boeing 737-Max 8 လေယာဉ်ဟာ မြို့တော် ဂျကာတာကနေ ပျံတက်ပြီး ၁၅ မိနစ်အကြာမှာ ပျက်ကျသွားတာဖြစ်ပြီး လိုက်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။ ရှာဖွေမှုအတွင်း တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေထဲက ၇၉ ဦးကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခဲ့ပြီး မိသားစုထံ လွှဲပြောင်းပေးခဲ့ပါတယ်။ Black Box နှစ်ခုမှာ တစ်ခုကိုသာ တွေ့ရှိထားပြီး အခြားတစ်ခုကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လေယာဉ်ကို ပိုင်ဆိုင်တဲ့ Lion Air လေကြောင်းလိုင်းကလည်း သေဆုံးသွားသူတွေရဲ့ မိသားစုကို နစ်နာကြေးတွေ ပေးအပ်နေပါတယ်။ ရှာဖွေမှုအတွင်း ရေငုပ်သမားတစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

    ဒေလီမြို့ လေထုညစ်ညမ်းမှု ပိုဆိုးလာပြီး၊ ၀န်ကြီးချုပ်က မြို့မှ ရှောင်ပြေး
    =================
    အိန္ဒိယနိုင်ငံမြို့တော် ဒေလီက လေထုညစ်ညမ်းမှု အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး ဒေလီဝန်ကြီးချုပ် အာရ်ဗင်း ကဂ်ျရီဝါလ်ကလည်း မိသားစုနဲ့အတူ ဒူဘိုင်းကို အပန်ဖြေခရီးထွက်သွားတာကြောင့် ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဒေလီမှာ လေထုညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက အခုအချိန်အထိ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ဒီကိစ္စအတွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ကို အပြစ်တင်ခဲ့ပြီး ပြည်သူလူထုအနေနဲ့ လေထုညစ်ညမ်းမှု နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် မိမိကိုယ်ကို ကာကွယ်မှု အားနည်းတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    Ref: Aljazeera, CNA

  • နှစ် ၃၀ အရင်က မွတ်စလင်များအား အစုလိုက်သတ်ခဲ့သည့် ရဲ ၁၆ ဦးကို အိန္ဒိယက တစ်သက်တစ်ကျွန်းချ

    နှစ် ၃၀ အရင်က မွတ်စလင်များအား အစုလိုက်သတ်ခဲ့သည့် ရဲ ၁၆ ဦးကို အိန္ဒိယက တစ်သက်တစ်ကျွန်းချ

    အောက်တိုဘာ ၃၁၊ ၂၀၁၈
    M-Media

    အရပ်သားများအား အိန္ဒိယစစ်သားများက သေနတ်ချိန်ထားစဉ်

    – ၁၉၈၇ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ် ရွာတစ်ရွာမှာ မွတ်စလင်အမျိုးသား ၄၂ ဦးကို သတ်ဖြတ်ခဲ့မှုအတွက် အငြိမ်းစား ပြည်နယ်ရဲအရာရှိ ၁၆ ဦးကို အိန္ဒိယ တရားရုံးတစ်ခုက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

    အောက်ရုံးက တရားသေလွှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ဒေလီဟိုက်ကုတ်ရုံးက ပယ်ချကာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ကြံရာပါမှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှုတွေနဲ့ အခုလို ပြစ်ဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။

    လက်နက်မဲ့ မွတ်စလင်တွေကို ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ‘ကြိုတင်ကြံစည် သတ်ဖြတ်မှု’ ဖြစ်တယ်လို့ တရားသူကြီးတွေက ပြောကြားခဲ့ပါတယ်။

    “ဒီအဖြစ်အပျက်ဟာ ဖမ်းဆီးထားစဉ် သတ်ဖြတ်မှုတွေရဲ့ ဥပမာတစ်ခုဖြစ်ပြီး ဒီလို အခွင့်အရေး ချိုးဖောက်သူတွေကို တရားရေးစနစ်က ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ပါဘူး။ လက်ရှိအမှုရဲ့ စက်ဆုပ်စရာ အချက်တစ်ခုက လူနည်းစု လူ့အဖွဲ့အစည်းက လူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှု ဖြစ်ပါတယ်” လို့ တရားရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် မီရွတ်ခရိုင်မှာ လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားမှု နောက်ဆက်တွဲအဖြစ် ၁၉၈၇ ခုနှစ် မေလ ၂၂ ရက်နေ့ညမှာ ရဲတပ်ဖွဲ့က ဟာရှင်မ်ပူရွာကို ၀င်စီးကာ မွတ်စလင်အမျိုးသားတွေကို ဖမ်းဆီးပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အလောင်းအများစုကို အနားက ချောင်းတစ်ခုမှာ ပစ်ချခဲ့ပါတယ်။

    ဒေလီဟိုက်ကုတ်ရုံးက အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ လျှောက်ထားချက်၊ မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်တွေ၊ အောက်ရုံးက တရားသေလွှတ်ပေးမှု အမိန့်နဲ့ အခြား သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်ကာ အခုလို တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera