News @ M-Media

Tag: India

  • အိန္ဒိယ၌ ၅ ရက်လျှင် ရေဆိုးရှင်းလင်းရေးလုပ်သားတစ်ဦး သေဆုံးနေ

    အိန္ဒိယ၌ ၅ ရက်လျှင် ရေဆိုးရှင်းလင်းရေးလုပ်သားတစ်ဦး သေဆုံးနေ

    စက်တင်ဘာ ၂၁ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံမှာ မိလ္လာအညစ်အကြေးနဲ့ ရေဆိုးရှင်းလင်းရေးလုပ်သားတွေဟာ ၅ ရက်ကို တစ်ဦးကျ သေဆုံးနေတယ်လို့ အစိုးရက ကောက်ယူထားတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

    အိန္ဒိယက အညစ်အကြေးရှင်းလင်းရေး လုပ်သားတွေဟာ မိလ္လာကန်တွေ၊ ရေဆိုးမြောင်းတွေကို အကာအကွယ်မပါဘဲ အန္တရာယ်ရှိတဲ့ နည်းလမ်းတွေနဲ့ ရှင်းလင်းနေရတာ ဖြစ်ပြီး၊ မိလ္လာကန်ထဲပြုတ်ကျသေဆုံးတာ၊ ကန်အတွင်းက အဆိပ်ဓာတ်ငွေ့တွေကြောင့် သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကနေစတင်ပြီး အခုအချိန်အထိ အလုပ်လုပ်နေရင်း သေဆုံးခဲ့တဲ့ မိလ္လာရှင်းလင်းရေးလုပ်သားအရေအတွက်ဟာ ၁၂၃ ဦး ရှိနေပါတယ်။

    နိုင်ငံအတွင်း ဇာတ်ခွဲခြားမှု ပြင်းထန်လွန်းတာကြောင့် ဒီလို အညစ်အကြေးရှင်းလင်းတဲ့လုပ်ငန်းတွေကို ဟိန္ဒူဇာတ်နိမ့်တွေက လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ဒါဟာ ‘အိန္ဒိယနိုင်ငံက ဇာတ်ခွဲခြားမှုစနစ်ရဲ့ အဆိုးရွားဆုံး ပြယုဂ်တစ်ခု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုစစ်တမ်းကောက်ယူမှုကို အိန္ဒိယအစိုးရဲ့ လူမှုတရားမျှတမှုနှင့် စွမ်းအားမြှင့်တင်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့တစ်ခုက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ ၂၈ ဖွဲ့မှာ ၁၃ ဖွဲ့ထံကနေသာ အချက်အလက်တွေ ရရှိပြီး အင်္ဂလိပ်သတင်းစာနဲ့ အိန္ဒိယသသတင်းစာတွေကိုသာ အားထားခဲ့ရတာကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    မြို့တော် နယူးဒေလီမှာ ပြီးခဲ့တဲ့တစ်ပတ်တွင်း အညစ်အကြေးရှင်းလင်းသူ ၅ ဦးအထိ သေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေကြောင့် အိန္ဒိယလူထုအကြား အစိုးရကိုဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယဥပဒေအရ မိလ္လာရှင်းလင်းရေး လူတွေနဲ့ဆောင်ရွက်တာကို တားဆီးထားပေမယ့် အစိုးရအောက်ခြေပိုင်းက ဒီဥပဒေကို အကောင်အထည်ဖော်နိုင်ခြင်း မရှိပါဘူး။

    Ref: RT

  • အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

    အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေး (ယာ)နှင့် အိန္ဒိယနိုင်ငံခြားရးဝန်ကြီး (၀ဲ) တို့ တွ့ဆုံမှုတစ်ခု

    – နယူးယောက်မှာ လက်ရှိလုပ်နေတဲ့ ကုလ အထွေထွေညီလာခံမှာ အိန္ဒိယနဲ့ ပါကစ္စတန်က နိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံသွားမယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက နှစ်နိုင်ငံအကြား ရပ်တန့်နေတဲ့ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ရေး အိန္ဒိယ၀န်ကြီးချုပ် မိုဒီဆီ စာပေးပို့ခဲ့ပြီးတဲ့နောက် အခုလို တွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ကြပြီး အကြိမ်ကြိမ် စစ်ပွဲတွေ ဖြစ်ဖူးပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ အစည်းအဝေးကျင်းပမှုမှာ နည်းပါးပြီး အခုတစ်ကြိမ်ဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    နယ်နမိတ်အငြင်းပွားနေတဲ့ ကရှ်မီးယားဒေသက သူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ကူညီနေတယ်လို့ အိန္ဒိယဟာ ယခင်ကတည်းက စွပ်စွဲခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ မိမိတို့ရဲ့ ပါကစ္စတန်နဲ့ဆက်ဆံရေးပေါ်လစီ အပြောင်အလဲမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • မွတ်စလင်အမျိုးသားများ တစ်ကြိမ်တည်း ‘သုံးသွလားက်’ ပေး ကွာရှင်းမှုကို အိန္ဒိယ ပိတ်ပင်

    မွတ်စလင်အမျိုးသားများ တစ်ကြိမ်တည်း ‘သုံးသွလားက်’ ပေး ကွာရှင်းမှုကို အိန္ဒိယ ပိတ်ပင်

    စက်တင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – မွတ်စလင်အမျိုးသားတွေက သူတို့ရဲ့ ဇနီးတွေကို တစ်ကြိမ်တည်း သွလားက် ၃ ကြိမ်ပေးကွာရှင်းမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ခုကို အိန္ဒိယအစိုးရက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး ကျူးလွန်သူအနေနဲ့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

    အစ္စလာမ့်ထုံးတမ်းဥပဒေအရ အကြင်လင်မယား ကွာရှင်းမှုကို ‘တွလားက်’ လို့ ခေါ်ဝေါ်ပြီး ပုံမှန်အားဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ်စသဖြင့် အချိန်အပိုင်းအခြားတစ်ခုထားပြီး တွလားက်ပေးစောင့်ကြည့်ကာ တတိယအကြိမ်ရောက်မှ အပြီးတိုင် ကွာရှင်းပြတ်စဲရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အပိုင်းအခြားမထားဘဲ တစ်ကြိမ်တည်း တွလားက် ၃ ကြိမ်ပေးတာဟာ အပြီးအပြတ် ကွာရှင်းမှုမြောက်တယ်လို့ အိန္ဒိယက မွတ်စလင်အသိုင်းအ၀ိုင်းက လက်ခံထားကြပါတယ်။

    အိန္ဒိယမှာ မွတ်စလင်အမျိုးသားတွေဟာ WhatsApp လို မက်ဆေ့ပေးပိုတဲ့ အက်ပလီကေးရှင်းတွေ၊ အီးမေးလ်တွေကနေတစ်ဆင့် ‘တွလားက်’ ၃ ကြိမ် တစ်ပြိုင်တည်းပေးကာ ကွာရှင်းမှုတွေကြောင့် မွတ်စလင်ဇနီးသည်တွေဟာ အခွင့်အရေးဆုံးရှုံးတာ၊ အရှက်တကွဲအကျိုးနည်းဖြစ်တာ၊ အတိဒုက္ခရောက်တာတွေ ဖြစ်နေပါတယ်။

    ဒါ့ကြောင့် မွတ်စလင်အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်က ဒီလို ‘သွလားက်’ ၃ ကြိမ်ပေးမှုကို ပိတ်ပင်ဖို့အတွက် အစိုးရထံ တောင်းဆိုခဲ့ပြီး အောက်လွှတ်တော်က ဒီဇင်ဘာမှာ ‘သုံးသွလားက်’ ကျင့်သုံးမှုကို ပိတ်ပင်ခဲ့ပါတယ်။

    ဒါပေမယ့် အထက်လွှတ်တော်က ဆုံးဖြတ်ဖို့အတွက် ကြန့်ကြာနေတာကြောင့် အစိုးရက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ခုကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သမ္မတက လက်မှတ်ရေးထိုးပြီးရင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အိန္ဒိယ တရားရုံးချုပ်က သုံးသွလားက်ကျင့်သုံးမှုဟာ အခြေခံဥပဒေနဲ့မညီဘဲ ဒါကိုပိတ်ပင်ရေး ဥပဒေတစ်ခု ပြဌာန်းဖို့အတွက် အစိုးရကို အမိန့်ပေးခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တစ်ချို့ဟာ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး ၀န်ကြီးချုပ်မိုဒီနဲ့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ဒီကိစ္စကိုအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Daily Mail

  • ရိုက်နှက်မှုကို မဟန့်တားဘဲ ရပ်ကြည့်နေသည့် အိန္ဒိယရဲများ တာဝန်မှ ရပ်စဲခံရ

    ရိုက်နှက်မှုကို မဟန့်တားဘဲ ရပ်ကြည့်နေသည့် အိန္ဒိယရဲများ တာဝန်မှ ရပ်စဲခံရ

    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ဇူလိုင်လက မွတ်စလင်တစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှု မြင်ကွင်းတစ်ခု

    – မွတ်စလင်အမျိုးသားတစ်ယောက် ရိုက်နှက်ခံနေရမှုကို ရပ်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို အိန္ဒိယက မနေ့မှာ ရာထူးကနေ ရပ်စဲခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် မြို့တော် အင်မ်ဖာမှာ ကြာသာပတေးနေ့က စီးပွားရေးဘွဲ့ရ မွတ်စလင်ကျောင်းသားတစ်ဦးကို လူတစ်စုက ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ပြီး ဒီအဖြစ်အပျက် ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။

    အခင်းဖြစ်ပွားနေတဲ့အချိန် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ အနီးအနားမှာရှိနေပေမယ့် ၀င်ရောက်ဟန့်တားခြင်းမရှိဘဲ ရပ်ကြည့်နေတာကိုလည်း ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် တပ်ဖွဲ့ဝင် ၄ ဦးဟာ ရာထူးကနေ ရပ်စဲခံခဲ့ရပါတယ်။

    အင်ဖာလ်ရဲတပ်ဖွဲ့တာဝန်ရှိသူ Jogeshchandra Haobijam က အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ဇူလိုင်လကလည်း အိန္ဒိယနိုင်ငံအနောက်ပိုင်း ပြည်နယ်တစ်ခုမှာ မွတ်စလင် အသားကုန်သည်တစ်ဦးကို ဟိန္ဒူလုပ်အုပ်စုက ရိုက်နှက်နေတဲ့အချိန် ရဲတပ်ဖွဲ့က ၀င်ရောက်ဟန့်တားခြင်း မရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ရိုက်နှက်ခံရသူဟာ နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွား ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Daily Mail

  • လေယာဉ်မှူးများ၏အိပ်ချိန်ကို အိန္ဒိယလေတပ် စစ်ဆေးမည်

    လေယာဉ်မှူးများ၏အိပ်ချိန်ကို အိန္ဒိယလေတပ် စစ်ဆေးမည်

    စက်တင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    အိန္ဒိယလေတပ်မှ လေယာဉ်တစ်ချို့

    – ညဘက်တွေမှာ မအိပ်စက်ဘဲ ဆိုရှယ်မီဒီယာတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတာတွေ ရှိလာတဲ့အတွက် လေယာဉ်မှူးတွေရဲ့ အိပ်စက်အနားယူချိန် လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် စနစ်တစ်ခု ဖော်ဆောင်ဖို့ အိန္ဒိယလေတပ် အကြီးအကဲ ဗိုလ်ချုပ် ဘီရန်ဒါဆင်း ဒါနိုအာက တိုက်တွန်းလိုက်ပါတယ်။

    မနေ့က ဘန်ဂါလူရူမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အိန္ဒိယ လေကြောင်း ဆေးဘက်ဆိုင်ရာ ညီလာခံမှာ ဒါနိုအာက ဒီလိုပြောကြားလိုက်တာပါ။

    “လူတိုင်းက ညဉ့်နက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေကို အချိန်ကြာမြင့်စွာ သုံးတဲ့ပုံစံ ပေါ်နေပါတယ်။ လေကြောင်းဆိုင်ရာ အသိပေးရှင်းပြချက်တွေဟာ တစ်ခါတစ်ရံ မနက် ၆ နာရီလောက်မှာ လုပ်တဲ့အတွက် လေယာဉ်မှူးတွေဟာ အိပ်ရေးမ၀ကြပါဘူး”

    စစ်တပ်မှာ လေယာဉ်မှူးတွေ အရက်သောက်ထားလားဆိုတာကို စစ်ဆေးတဲ့ စနစ်မျိုး ရှိသလို ကောင်းကောင်း အနားယူထားလားဆိုတာကို စစ်ဆေးဖို့ စနစ်တစ်ခု လိုအပ်တယ်လို့လည်း ဒါနိုအာက ဆိုပါတယ်။

    “လေယာဉ်မှူးဟာ အိပ်ရေးဝလားဆိုတာကို စစ်ဆေးနိုင်မယ့် စနစ်တစ်ခု အခု ကျွန်တော်တို့ လိုအပ်နေပါတယ်”

    အိန္ဒိယလေတပ်မှာ နာရီ တစ်သောင်း ပျံသန်းတိုင်း လေယာဉ်မတော်တဆမှု ၃ ခုလောက် ဖြစ်ပွားပြီး ဒါဟာ ကမ္ဘာတစ်ဝှမ်း လေတပ်တွေမှာ မတော်တဆဖြစ်မှုနှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။

    ဗိုလ်ချုပ် ဒါနိုအာက စစ်သားတွေကို ဆိုရှယ်မီဒီယာမသုံးဖို့ ပိတ်ပင်တားဆီးလို့ မရပေမယ့် စည်းနဲ့ကမ်းနဲ့ သုံးလာအောင် လုပ်ရမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယလေတပ်က လေယာဉ် ၃၁ စီး ပျက်ကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ လေယာဉ်မှူး အိပ်ရေးမ၀တာကြောင့် ပျက်ကျတဲ့ အဖြစ်အပျက်မျိုး မပါပေမယ့် ဒါနိုအာက ၂၀၁၃ ခုနှစ်က မတော်တဆမှုတစ်ခုဟာ လေယာဉ်မှူး အိပ်ရေးမ၀တာကြောင့် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။

    “ဒီပြဿနာကို အဖြေရှာဖို့အတွက် ဆေးပညာရှင်တွေကို ကျွန်တော် တောင်းဆိုပါတယ်”

    Ref: RT