News @ M-Media

Tag: India

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media
    အမေရိကန်နှင့် အိန္ဒိယတို့မှ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ
    ဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာ
    ===============
    ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ မနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီး လူ ၂ သန်းကျော်လောက်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာ၊ မြေပြိုတာတွေရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းဖုန်းမုန်တိုင်း၊ ရေကြီးမှုနဲ့ အပူလှိုင်းဖြတ်မှုဒဏ်တွေကို ခံစားခဲ့ရပြီး လူအသေအပျောက်များခဲ့သလို၊ အခုတစ်ပတ်အစောပိုင်းမှာလည်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးတွင် ပစ်ခတ်မှုဖြစ်
    ==============
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့လယ်ကောင်က ဘဏ်မှာ မနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာအသက် ၂၉ နှစ်အရွယ် အိုမာရ် အန်းရစ် ဆန်တာ ပီရက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံမှာ အခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးကတော့ ဖေဖော်ဝါရီလက ဖလော်ရီဒါပြည်နယ် ပါ့က်လန်းမြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစုအပါအ၀င် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
    အမေရိကန်-အိန္ဒိယ စစ်ရေးစာချုပ်တစ်ခု ချုပ်ဆို
    =============
    စက်ဖက်ဆိုင်ရာ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယနိုင်ငံမဟာ မနေ့မှာ အမေရိကန်နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယကို ရောက်ရှိနေပြီး လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဟာ အထူး အကျိုးခံစားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
    ရုရှားစီးပွားရေးဖိုရမ်သို့ တရုတ်သမ္မတ တက်ရောက်မည်
    ==============
    စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ‘အရှေ့တိုင်း စီးပွားရေးဖိုရမ်’ ကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားက နှစ်စဉ်ကျင်းပတဲ့ ဒီ စီးပွားရေးဖိုရမ်ကို တရုတ်ခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုရှားသမ္မတ ပူတင်က ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။
    Ref: Aljazeera, CNA
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဂျပန်မုန်တိုင်း

    တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၉ ဦး သေဆုံး
    ================
    ၂၅ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ တိုင်ဖုန်းမုန်တိုင်း ဂျီဘီကြောင့် ဂျပန်နိုင်ငံမှာ သေဆုံးသူ ၉ ဦး ရှိလာပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အိုဆာကာမြို့က လေဆိပ်ဟာ ရေတွေဖုံးလွှမ်းသွားတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် တော်တော်များများကလည်း လေဆိပ်မှာ သောင်တင်ခဲ့ပါတယ်။ လက်ရှိမှာ မုန်တိုင်းဟာ နိုင်ငံအလယ်ပိုင်းကို ဦးတည်နေတာကြောင့် တစ်နိုင်ငံလုံးမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    စပိန်တွင် အခွန်ရှောင်မှုအတွက် မော်ရင်ဟို ထောင်တစ်နှစ်ကျ
    ==========
    စပိန်နိုင်ငံမှာ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် တစ်နှစ်ကို မန်ယူနည်းပြ မော်ရင်ဟိုက လက်ခံလိုက်တယ်လို့ စပိန်မီဒီယာတွေက မနေ့မှာ ဖော်ပြပါတယ်။ စပိန်ဥပဒေအရ ၂ နှစ်အောင် ထောင်ဒဏ်တွေဟာ ဆိုင်းငံ့ထောင်ဒဏ်တွေဖြစ်တာကြောင့် မော်ရင်ဟိုအနေနဲ့ အမှန်တကယ် ထောင်ကျဖို့ မရှိပါဘူး။ အခွန်ရှောင်မှုအတွက် ကန်ဒေါ်လာ ၁.၁၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ အရင်က အမိန့်ချခဲ့ပေမယ့် အဲဒီ ဒဏ်ငွေကိစ္စမှာ မော်ရင်ဟိုဟာ စာရွက်စာတမ်းတစ်ချို့ လိမ်လည်တင်ပြတာကို တွေ့ရတာကြောင့် အခုလို နောက်ထပ် ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

    ဆော်ဒီသို့ လက်နက်ရောင်းချမှုကို စပိန်ရပ်ဆိုင်း
    ===================
    ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ယီမင်ပြည်တွင်းစစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် စပိန်က ဆော်ဒီကို ဒုံးကျည်ရာနဲ့ချီ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အရောင်းအ၀ယ်စာချုပ်ကို ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တာဖြစ်ပြီး ပေးထားတဲ့ ကန်ဒေါ်လာ ၁၀ သန်းကို ဆော်ဒီထံ ပြန်ပေးသွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စပိန်ဟာ ယီမင်မှာ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လက ရှုတ်ချခဲ့ဖူးပါတယ်။

    အိန္ဒိယတွင် တံတားကျိုးကျမှုကြောင့် လူ ၁ ဦးသေဆုံး
    =================
    အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ်မြို့တော် ကိုလ်ကတားမှာ မနေ့က တံတားတစ်ခု ကျိုးကျမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိလားဆိုတာကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေကြပါတယ်။ အဲဒီတံတားသက်တမ်းဟာ နှစ် ၄၀ လောက်ရှိနေပြီး ကျိုးကျတဲ့ အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ၂၀၁၆ ခုနှစ် မတ်လမှာလည်း ကိုလ်ကတားက တံတားတစ်စင်း ကျိုးကျမှုကြောင့် လူ ၂ ဒါဇင်ကျော်လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ဇာတ်နိမ့်များ၏ အခွင့်အရေး တောင်းဆိုသူများကို အိန္ဒိယက ပစ်မှတ်ထား ဖမ်းဆီး

    ဇာတ်နိမ့်များ၏ အခွင့်အရေး တောင်းဆိုသူများကို အိန္ဒိယက ပစ်မှတ်ထား ဖမ်းဆီး

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    မိမိတို့အခွင့်အရေး ရရှိရန် ဒါလစ်များ ဆန္ဒပြမှု မြင်ကွင်း

    – အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ အခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဇာတ်မတူသူတွေအကြား အကြမ်းဖက်မှုနဲ့ ဆက်စက်ပြီး အိန္ဒိယက ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

    ဆူဒ်ဟာ ဘာရဒ်ဝဂ်ျ၊ ဂေါက်သမ် နဗ်လာခါနဲ့ ဗာရာဗရာ ရာအိုတို့ဖြစ်ပြီး သူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီလို အကြမ်းဖက်မှုအတွက် အိန္ဒိယရဲတပ်ဖွဲ့ဟာ လက်ဝဲ၀ါဒီ ရှေ့နေတွေနဲ့ ပညာရှင်တွေရဲ့ အိမ်တွေကို ၀င်ရောက်စီးနင်းခဲ့သလို၊ ဇွန်လက လူ ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ဒါလစ်ဇာတ်နိမ့်တွေဟာ ဇာတ်မြင့်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုကို ပထမဆုံးတွန်းလှန်နိုင်ခဲ့မှု နှစ် ၂၀၀ ပြည့်အခမ်းအနားကို ပူနေးမြို့မှာ လူစုလူဝေးနဲ့ ကျင်းပခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဇာတ်နိမ့်တွေနဲ့ ဇာတ်မြင့်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က အဲဒီ တက်ကြွလှုပ်ရှားသူ ၃ ဦးဟာ ဒါလစ်ဇာတ်နိမ့်တွေကို လှုံ့ဆော်ခဲ့တယ်လို့ ဆိုပါတယ်။

    လေ့လာဆန်းစစ်သူတွေကတော့ ဒီလို စီးနင်းဖမ်းဆီးမှုဟာ အာဏာရ ဟိန္ဒူ အမျိုးသားရေးပါတီ BJP အပေါ် ဆန့်ကျင်မှုကို နှိမ်နှင်းတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Booker Prize ဆုရ စာရေးဆရာ အေရွန်ဒါတီရွိုင်းက အိန္ဒိယအာဏာပိုင်တွေဟာ တရားမျှမှုအတွက် လှုပ်ရှားသူတွေ၊ ဟိန္ဒူကြီးစိုးမှု ဆန့်ကျင်သူတွေကို ဒုက္ခပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

    “လူတွေကို လူပုံအလယ်မှာ ရိုက်သတ်တဲ့သူတွေကို ဖမ်းဆီးရမယ့်အစား ရဲတွေဟာ ဒါလစ်ဇာတ်နိမ့်တွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့နေတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေကို ဖမ်းဆီးနေပါတယ်။ အိန္ဒိဟာ ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတာ ဒါက ပြသတာလည်း ဖြစ်ပါတယ်”

    ဒါလစ်အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အိန္ဒိယက ထင်ရှားကျော်ကြားသူအချို့ကလည်း ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့ကြပါတယ်။

    Ref: BBC

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ဖလော်ရီဒါ ပစ်ခတ်မှုမြင်ကွင်း

    ပုပ်ရဟန်းမင်းကြီးနှုတ်ထွက်ရန် ဗာတီကန် ထိပ်တန်းဘုန်းတော်ကြီး တောင်းဆို
    =================
    ကာဒီနယ်ဟောင်း သီယိုဒို မက်ကာရစ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျင်လျင်မြန်မြန် အရေးမယူဘူးလို့ စွပ်စွဲကာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှုတ်ထွက်ဖို့ ဗာတီကန်က ထိပ်တန်းဘုန်းတော်ကြီး ကာလို မာရီယာ ဗီဂါနိုက တောင်းဆိုလိုက်ပါတယ်။ မက်ကာရစ်အပေါ် ယခင် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က အရေးယူမှုတွေ ပြုလုပ်ထားပြီး လက်ရှိ ပုပ်ရဟန်းမင်းကြီးက အဲဒီအရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒါ့အပြင် မက်ကာရစ်ကို အကြီးတန်း အကြံပေးအဖြစ် ခန့်အပ်ကာ ဖရန်စစ်က ကာကွယ်ပေးခဲ့တယ်လို့လည်း ဗီဂါနိုရဲ့ ၁၁ မျက်နှာပါ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဖလော်ရီဒါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်
    ============
    အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီလီမြို့မှာ ပြုလုပ်နေတဲ့ အွန်လိုင်းဂိမ်းပြိုင်ပွဲကို မနေ့က သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားဟာ ဘာလ်တီမိုးမြို့က အသက် ၂၄ နှစ်အရွယ် ဒေးဗစ်ကက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုအတွင်း အခြား လူ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ သူ့ကိုယ့်သူ သတ်သေသွားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့ပါတယ်။

    မလေးရှားက ဆိုဒါခွန်ကောက်ရန် စီစဉ်
    =============
    တိုင်းပြည်အတွင်း သကြားစားသုံးမှုကို လျှော့ချဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘ၀ဖြစ်ရေး အားပေးဖို့အတွက် ဆိုဒါခွန်ကောက်ဖို့ စီစဉ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။ မလေးရှားဟာ တိုင်းပြည်ရဲ့ဝင်ငွေ ပိုမိုရရှိဖို့အတွက် ဆိုဒါအခွန်ကောက်ဖို့ စီစဉ်နေပြီး မဟာသီဟာ မလေးရှားမှာ ဆီးချိုဖြစ်မှုနှုန်းဟာ အရမ်းကိုမြင့်မားနေတယ်လို့ ဆိုပါတယ်။

    အိန္ဒိယရေကြီးမှု သေဆုံးသူ ၄၀၀ ကျော်ပြီ
    ==============
    အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့ကအထိ ၄၄၅ ဦး ရှိလာပြီလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ ပျောက်ဆုံးနေသူက ၁၅ ဦးရှိနေပြီး လူပေါင်း ၁ သန်းဝန်းကျင်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ အာဏာပိုင်တွေက ပြည်နယ်တစ်ဝှမ်း သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူ တစ်ချို့ကလည်း မူရင်းနေရာတွေကို ပြန်လည်လာရောက် နေထိုင်နေကြပါတယ်။

    Ref : Aljazeera, CNA

  • အိန္ဒိယရှိ ရေကြီးသည့်ဒေသတွင် မြွေအန္တရာယ် သတိပေးချက် ထုတ်ပြန်ထား

    အိန္ဒိယရှိ ရေကြီးသည့်ဒေသတွင် မြွေအန္တရာယ် သတိပေးချက် ထုတ်ပြန်ထား

    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media

    ရေပြန်ကျပြီးနောက် တွေ့ရသည့် နေအိမ်တစ်အိမ်

    – အိန္ဒိယနိုင်ငံတောင်ပိုင်းက ရေကြီးရေလျှံခဲ့တဲ့ ကီရာလာပြည်နယ်မှာ ရေပြန်ကျနေပေမယ့် အာဏာပိုင်တွေက မြွေအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    ရေမြုပ်ခဲ့တဲ့ အဆောက်အဦးတွေ တော်တော်များများမှာ ရေပြန်ကျသွားတဲ့အချိန် မြွေတွေခိုနေတာကို တွေ့ရတာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ထားပြီး ရေဘေးသင့်ပြည်သူတွေ အိမ်ကိုပြန်လာကြတဲ့အခါ သတိထားဖို့လည်း တိုက်တွန်းထားပါတယ်။

    ကီရာလာပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆွဘ်ဟက်ရှ်က မြွေကိုက်ခံရတဲ့ လူနာတွေ ရှိလာရင် ကုသပေးဖို့အတွက် ဆေးရုံတွေကိုလည်း အဆင်သင့် ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆေးရုံအားလုံး အထူးသဖြင့် ရေကြီးခဲ့တဲ့ဒေသက ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေးနဲ့ အခြား လိုအပ်တဲ့ ဆေးဝါးတွေအားလုံးကို ထားပေးထားပါတယ်”

    ပြည်နယ်ရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ရေဘေးသင့်ဒေသတွေက ဆေးရုံတွေမှာ မြွေကိုက်ခံရလို့ လာပြတဲ့သူတွေ တော်တော်များများ ရှိနေတယ်လို့ ဒေသခံမီဒီယာတွက ဖော်ပြနေကြပါတယ်။

    ပြည်နယ်တာဝန်ရှိသူတွေနဲ့ တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူတွေဟာ မြွေတွေ့တဲ့အိမ်တွေကို အကူအညီပေးနိုင်ဖို့အတွက် အဖွဲ့တွေဖွဲ့စည်းထားပါတယ်။

    ကီရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး တစ်သန်းဝန်းကျင်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ နေအိမ် ၅ သောင်းလောက်လည်း ပျက်ဆီးခဲ့ပါတယ်။

    Ref: CNA