News @ M-Media

Tag: India

  • သတင်းအမှားများ ပြန့်နှံ့မှုကို နှိမ်နှင်းရေး WhatsApp ကို အိန္ဒိယတောင်းဆို

    သတင်းအမှားများ ပြန့်နှံ့မှုကို နှိမ်နှင်းရေး WhatsApp ကို အိန္ဒိယတောင်းဆို

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    – အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သတင်းအမှားတွေကို ဖယ်ရှားပေးဖို့ အိန္ဒိယက WhatsApp ကို အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    အိန္ဒိယမှာ WhatsApp အက်ပလီကေးရှင်း သုံးစွဲသူဟာ သန်း ၂၀၀ လောက်ရှိပြီး အဲဒီကနေတစ်ဆင့် ကောလဟာလတွေ အထူးသဖြင့် ကလေးသူခိုး ကောလဟာလတွေ ပြန့်နှံ့ကာ အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂ လအတွင်း လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

    သတင်းအချက်အလက်ဝန်ကြီး ရာဗီ ရှန်ကာ ပရာဆတ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး WhatsApp အကြီးအကဲ ခရစ် ဒန်နီယဲလ်နဲ့တွေ့ဆုံကာ ဆွေးနွေးခဲ့ပါတယ်။

    ပရာဆတ်က ‘WhatsApp ကို တစ်လွဲသုံးမှုတွေ တားဆီးရေး ပြည်သူတွေကို အသိပညာပေးဖို့ WhatsApp တာဝန်ရှိသူတွေနဲ့ အိန္ဒိယက ဥပဒေစိုးမိုးရေးအဖွဲ့တွေ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရေး’ တောင်းဆိုခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒန်နီယဲလ်ကလည်း အိန္ဒိယရဲ့ တောင်းဆိုမှုတွေကို သိပ်မကြာခင်မှာပဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အိန္ဒိယမှာ ရုံးခွဲဖွင့်လှစ်တာ၊ တိုင်ကြားမှုတွေကို ကိုင်တွယ်နိုင်မယ့် အရာရှိတစ်ဦး ခန့်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အိန္ဒိယရဲ့ ဖိအားပေးမှုကြောင့် WhatsApp ဟာ မက်ဆေ့ခ်ျ တစ်ဆင့်ပြန်လည်ဖြန့်ဝေနိုင်မှု ပမာဏကို ပြီးခဲ့တဲ့လမှာ ကန့်သတ်ခဲ့ပါတယ်။

    Ref: Alarabiya

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၂၊ ၂၀၁၈
    M-Media

    ကီရာလာမှ ကယ်ဆယ်ရေးစခန်း

    ဒုံခွင်းစနစ်ကို တူရကီသို့ ရုရှားက စောစောပို့ပေးမည်
    ==============
    တူရကီက မှာယူထားတဲ့ S400 ဒုံးခွင်းစနစ်တွေကို မူလက သတ်မှတ်ထားတဲ့ အချိန်ထက် တစ်နှစ်စောပြီး ၂၀၁၉ ခုနှစ်မှာ ပေးပို့သွားမယ်လို့ ရုရှားက ပြောပါတယ်။ တူရကီဟာ ရုရှားထံကနေ ဒီလို ၀ယ်ယူမှုကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး အမေရိကန် စစ်ဖက်အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေကလည်း အပြစ်တင်ထားပါတယ်။ တူရကီဟာ ရုရှားရဲ့ S400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမယ့် ပထမဆုံး နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။

    နိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို ကင်ဂျုံအွန်ဝေဖန်
    =============
    နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ ၀န်ထမ်းတွေဟာ ပျင်းရိပြီး၊ တာဝန်ယူမှုမရှိဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ထူးထူးခြားခြား ဝေဖန်ပြောကြားလိုက်ပါတယ်။ နျူကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာကြောင့် မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ပြောကြားထားပါတယ်။ မနေ့က ပြုံးယမ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်စစ်ဆေးရာမှာ ကင်က နိုင်ငံရဲ့ အခြားကဏ္ဍတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်လာခဲ့ပေမယ့် ဆေးဘက်နယ်ပယ်ကတော့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံကို အတုယူဖို့လိုသည်ဟု မလေးဝန်ကြီးချုပ်ပြော
    ==============
    တရုတ်နိုင်ငံက ပြည်သူ သန်း ၁၄၀၀ ကျော်ရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေး၊ နည်းပညာတွေ ပြည့်မီအောင် ဆောင်ရွက်ပေးထားမှုကို မလေးရှားနိုင်ငံက အတုယူဖို့လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်မဟာသီယာ မိုဟာမက်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ မဟာသီဟာ တရုတ်နိုင်ငံကို ၅ ရက်ကြာအလည်အပတ် ရောက်ရှိနေတာပါ။ မဟာသီဟာ စိုက်ပျိုးရေးနဲ့ နည်းပညာစင်တာ၊ အလီဘာဘာရုံးချုပ်တွေအပါအ၀င် နေရာတော်တော်များများ သွားရောက်ခဲ့ပြီး ကျည်ဆန်ရထားကိုလည်း စီးကြည့်ခဲ့ပါတယ်။

    အိန္ဒိယရေကြီးမှု လူ ၁ သန်းကျော် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရ
    =============
    အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၂၀ လောက် ရှိလာခဲ့ပြီး လူ ၁ သန်းဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကယ်ဆေးရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွအတွက် ငွေကြေးအခက်အခဲရှိတယ်လို့ ကီရာလာအာဏာပိုင်တွေက ပြောကြားထားပြီး အာရပ်စော်ဘွားများပြည်ထောင်စု UAE က လတ်တလောမှာ ဒေါ်လာ သန်း ၁၀၀ လှူဒါန်းထာားကာ၊ ဗဟိုအစိုးရက ၉၇ သန်း ထောက်ပံ့ပေးထားပါတယ်။

    Ref: CNA, Aljazeera

  • ကလေးငယ်အား အဓမ္မကျင့်သတ်ဖြတ်သူနှစ်ဦးကို အိန္ဒိယက သေဒဏ်ချ

    ကလေးငယ်အား အဓမ္မကျင့်သတ်ဖြတ်သူနှစ်ဦးကို အိန္ဒိယက သေဒဏ်ချ

    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media

    – လွန်ခဲ့တဲ့နှစ်လက နိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကျူးလွန်သူနှစ်ဦးကို အိန္ဒိယက ဒီကနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

    အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ဟာ ကျောင်းအဆင်း ဖခင်လာကြိုမှာကို စောင့်ဆိုင်းနေစဉ် ကျူးလွန်သူတွေက လာရောက်ခေါ်ဆောင်ကာ အခြားနေရာတစ်ခုမှာ အဓမ္မကျင့်ကာ လည်ပင်းကို ဓားနဲ့လှီး ထားသွားခဲ့တာ ဖြစ်ပါတယ်။

    ဒေသခံတွေက မိန်းကလေးငယ်ကို အချိန်မီတွေ့ရှိခဲ့တာကြောင့် အသက်သေဆုံးခြင်း မရှိပေမယ့် ပြင်းထန်တဲ့ဒဏ်ရာတွေကို အခုအချိန်အထိ ဆေးရုံမှာ ကုသနေရဆဲ ဖြစ်ပါတယ်။

    ဒီကိစ္စ ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူတွေကို ကြီးလေးတဲ့အပြစ်တွေပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒီကနေ့ကြားနာမှုမှာ တရားရုံးက အသက် ၂၀ အရွယ်နဲ့ ၂၄ နှစ်အရွယ် ကျူးလွန်သူ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ဒါဟာ ကလေးငယ်တွေကို အဓမ္မပြုကျင့်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးရေး ဥပဒေ ပြင်ဆင်ပြောင်းလဲပြီးတဲ့နောက် ပထမဆုံး ချမှတ်တဲ့ သေဒဏ်လည်း ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံမှာ အဓမ္မကျင့်မှုအတွက် နောက်ဆုံးသေဒဏ်ပေးခဲ့တာဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်က အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့် သတ်ဖြတ်မှုအတွက် အိမ်ယာအစောင့်တစ်ဦးကို ကြိုပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ် မြို့တော်ဒေလီက ဘတ်စ်ကားပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်ကာရက်ရက်စက်စက် သတ်ဖြတ်မှုနောက်ပိုင်း အိန္ဒိယနိုင်ငံက အဓမ္မပြုကျင့်မှု ကိစ္စကို နိုင်ငံတကာက အာရုံစိုက်လာခဲ့ပါတယ်။

    နိုင်ငံတကာ အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Child Rights and You က အိန္ဒိယနိုင်ငံမှာ ၁၅ မိနစ်တိုင်း ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • အမေရိကန်က သတိပေးထားသော်လည်း အိန္ဒိယက ရုရှားထံမှ ဒုံးခွင်းစနစ် ၀ယ်မည်

    အမေရိကန်က သတိပေးထားသော်လည်း အိန္ဒိယက ရုရှားထံမှ ဒုံးခွင်းစနစ် ၀ယ်မည်

    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို ဒီနှစ်နှောင်းပိုင်းမှာ အဆုံးသတ်ဖို့ရှိနေပြီး၊ ၂၀၂၀ ခုနှစ်မှာ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စတင်ပေးပို့သွားဖို့ရှိတယ်လို့ ရုရှား ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    အခုနှစ်အစောပိုင်းမှာ အိန္ဒိယဟာ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးအပါအ၀င် ရုရှားနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။

    ဒါပေမယ့် အမေရိကန်က ဒီသဘောတူညီချက်ကို ပယ်ဖျက်ဖို့ အိန္ဒိယကို သတိပေးခဲ့ပြီး မလိုက်နာရင် ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှား စစ်ဖက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန (FSMTC) ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒီမီထရီ ရှူဂေ့ဗ်က S-400 စနစ်နဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့အတွက် အားလုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

    “နည်းစနစ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အဓိက သဘောတူညီချက်တွေအားလုံး ရရှိပြီးပါပြီ။ လက်မှတ်ထိုးဖို့ တော်တော်လေးကို နီးစပ်နေပါပြီ။ အခုနှစ်နှောင်းပိုင်းမှာ အိန္ဒိယနဲ့ သဘောတူညီချက် နှစ်ခုစလုံးကို လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    အိန္ဒိယရဲ့ တောင်းဆိုမှုကို လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဈေးလျော့ပေးသွားမယ်လို့လည်း ရှူဂေ့ဗ်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ သတိပေးမှုနဲ့ပတ်သက်ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး နီရ်မာလာ စီသာရာမန်က ကာလရှည်ရှိခဲ့တဲ့ အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်ကို နားလည်အောင် ရှင်းပြထားကြောင်း၊ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုဟာ အိန္ဒိယ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    Ref: RT

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media

    ဘရာဇီးလ်တိုက်ခိုက်မှုမြင်ကွင်း

    လွန်ခဲ့သည့် ၆၅ နှစ်က အာဏာသိမ်းမှုမျိုး ထပ်မရတော့ဟု အီရန်က အမေရိကန်ကို သတိပေ
    ==================
    ဒီမိုကရေစီနည်းကျ တက်လာတဲ့ ဒေါက်တာမိုဆာဒက်ကို ဖြုတ်ချပြီး အာဏာရှင် ရှားဘုရင်ကို တင်ပေးခဲ့တဲ့ လွန်ခဲ့တဲ့ ၆၅ နှစ်က အမေရိကန်ရဲ့ ကြံစည်မှုမျိုး နောက်ထပ် ဘယ်တော့မှ မရတော့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အီရန်အပေါ် အရေးယူမှုတွေပြုလုပ်ဖို့ Action Group ဆိုတဲ့ အဖွဲ့တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းခဲ့ပါတယ်။ ဇာရစ်ဖ်ကတော့ ဒါဟာ ၁၉၅၃ ခုနှစ်က အမေရိကန်ကျောထောက်နောက်ခံပြုခဲ့တဲ့ အာဏာသိမ်းမှုမျိုး ထပ်လုပ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားတွင် ငလျင်ထပ်လှုပ်မှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံး
    ===========
    ပြီးခဲ့တဲ့သီတင်းပတ်တွေက အင်းအားပြင်းငလျင်နှစ်ခု လှုပ်ခဲ့တဲ့မှုကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း လွမ်ဘွတ်မြို့မှာ မနေ့က ပြင်းအား ၆.၉ မဂ္ဂနီကျုရှိတဲ့ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် လူတစ်ချို့လည်း ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေလည်း လုပ်ခဲ့ရပါတယ်။

    ဘရာဇီးလ်တွင် ဗင်နီဇွဲလားဒုက္ခသည်များကို တိုက်ခိုက်မှုဖြစ်
    ===========
    ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းက နယ်စပ်မြို့တွေမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဗင်နီဇွဲလား ပြောင်းရွှေ့အခြေချသူတွေကို ဒေသခံတွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေထပ်ဖြည့်ကာ ဘရာဇီးလ်က တည်ငြိမ်အောင် ထိန်းသိမ်းထားရပါတယ်။ နိုင်ငံအတွင်း အထွေထွေအကြပ်အတည်ကြောင့် ဗင်နီဇွဲလားနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရပြီး အဲဒီပြောင်းရွှေ့ အခြေချမှုကို ဒေသခံပြည်သူတွေက ဆန့်ကျင်လာကြပါတယ်။ ဒီအဖြစ်အပျက်အတွင်းမှာ ဘရာဇီးလ်နိုင်ငံသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘရာဇီးလ်စစ်တပ်က ပြောပါတယ်။ ဗင်နီးဇွဲလားနိုင်ငံသားတွေကတော့ အကြမ်းဖက်မှုကြောင့် သူတို့နိုင်ငံထဲကို ပြန်လည် ထွက်ပြေးသွားကြပါတယ်။

    အိန္ဒိယရေကြီးမှု သေဆုံးသူ ၃၇၀ ကျော်ပြီ
    ==============
    အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်က ရေကြီးမှုအတွင်း သေဆုံးသူဟာ ၃၇၀ ရှိလာခဲ့ပြီး လူ ၇ သိန်းလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ရေကြီးမှုကြောင့် ပိတ်မိနေသူတွေ တော်တော်များများ ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားတာကြောင့် အခြေအနေက ပိုဆိုးဖွယ် ရှိနေပါတယ်။

    Ref: CNA, Aljazeera