News @ M-Media

Tag: India

  • အိန္ဒိယမှ အက်စစ်နှင့်တိုက်ခိုက်ခံရသူ အမျိုးသမီးများ ပထမဆုံး ရှိုးပွဲလုပ်

    အိန္ဒိယမှ အက်စစ်နှင့်တိုက်ခိုက်ခံရသူ အမျိုးသမီးများ ပထမဆုံး ရှိုးပွဲလုပ်

    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အက်စစ်နဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ဖို့နဲ့ ထိခိုက်ခံစားရသူတွေကို အားပေးဖို့အတွက် အက်စစ်နဲ့ တိုက်ခိုက်ခံရသူ အမျိုးသမီး ၉ ဦးဟာ မနေ့က ပထမဆုံးအကြိမ် တန်ဖိုးကြီး ဖက်ရှင်ပြပွဲ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီ ဖက်ရှင်လျှောက်သူ အားလုံးနီးပါဟာ ခင်ပွန်းတွေ၊ ဒါမှမဟုတ် ဆွေမျိုးနီးစပ်တွေရဲ့ အက်စစ်နဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

    သူတို့အတွက် ဖက်ရှင်ရှိုးဝတ်စုံတွေကို အိန္ဒိယရဲ့ ထိပ်တန်းဒီဇိုင်နာတွေက ဖန်တီးပေးခဲ့တာပါ။

    “ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ ကျွန်မအပြင်ထွက်ရင် လူတွေက ရှောင်သွားကြတယ်။ ကျွန်က ဒီလမ်းကလာရင် သူတို့က ဟိုလမ်းကသွားကြတယ်။ ကျွန်မဟာ ပြဿနာတွေ တော်တော်များများကို ရင်ဆိုင်ခဲ့ရတာပါ” လို့ ခင်ပွန်းဟောင်းရဲ့ အက်စစ်နဲ့တိုက်ခိုက်မှုကို ခံစားခဲ့ရတဲ့ မီနာ ခါတွန်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ကိုယ့်ဘ၀ကို ပြန်တည်ဆောက်ရမယ်၊ သားလေးကို ပညာသင်ရမယ်၊ ထောက်ပံ့ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေက သူ့ကို့ တွန်းအားပေးခဲ့ကြောင်းလည်း သူမက ဖွင့်ဟခဲ့ပါတယ်။ ခါတွန်ဟာ လက်ရှိမှာ ကိုယ်ပိုင် ဖုန်းပြင်ဆိုင်လေး တစ်ခု ဖွင့်နိုင်နေပါပြီ။

    အက်စစ်နဲ့ အပက်ခံရသူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးနေတဲ့ Make Love Not Scars အဖွဲ့က မီနာခါတွန်ကို ကူညီပေးခဲ့ပါတယ်။

    အက်စစ်နဲ့ တိုက်ခိုက်ခံရသူ အသက် ၂၀ အရွယ် ရက်ရှ်မာ ဘာနို ကိုရိုက်ရှီဟာလည်း ပြီးခဲ့တဲ့နှစ်မှာ လုပ်ခဲ့တဲ့ နယူးယောက်ဖက်ရှင်ရှိုးမှာ ပါဝင်ခဲ့ပြီး အခုအချိန်မှာ စာအုပ်ရေးနေကာ လာမယ့်နှစ်မှာ ထွက်မှာ ဖြစ်ပါတယ်။

    ကိုရိုက်ရှီဟာ လွန်ခဲ့တဲ့ ၃ နှစ် သူမမတ်က ဇနီးဖြစ်သူနဲ့မှားပြီး အက်စစ်နဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် အပြင်ထွက်ဖို့ကို ကြောက်ရွံ့ခဲ့သူပါ။

    “နောက်ထပ် ထပ်ဖြစ်မှာကို ကျွန်မ ကြောက်ရွံ့နေခဲ့ပါတယ်။ လမ်းပေါ်မှာ လူတွေက ကျွန်မအပေါ် နှာခေါင်းရှုံ့တာကို ကျွန်မ ခံစားခဲ့ရပါတယ်။ လူတွေက ကျွန်မကို ရှောင်သွားကြတာပါ။ နင်ဘာဖြစ်သွားတာလဲ။ နင့်ကို ဘယ်သူမှ လက်ထပ်မှာမဟုတ်ဘူး။ သရဲမျက်နှာလို့ သူတို့က ပြောလိမ့်မယ်။ နင်မလှတော့ဘူး.. စသဖြင့် ပြောကြတယ်။ ဒါပေမယ့် ကျွန်မရဲ့ဖြစ်တည်မှုအပေါ် ကျွန်မ ဂုဏ်ယူတယ်၊ ယုံကြည်မှုရှိတယ်။ မျက်နှာက ကိုယ့်ကိုယ်လှအောင်လုပ်တာမဟုတ်ဘူး။ နှလုံးသားက လူတစ်ယောက်ကို လှစေတယ်ဆိုတာကို လူတွေ သိစေချင်ပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    အရင် ရခဲ့တဲ့ ပျော်ရွှင်မှုမျိုးကို အခုရှိုးပွဲမှာ ပြန်လည်ရရှိခဲ့တဲ့အတွက် ပီတိဖြစ်ရကြောင်းလည်း သူမက ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှု မြင့်မား

    အိန္ဒိယနိုင်ငံမှာ တစ်နှစ်ကို ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ အက်စစ်နဲ့ တိုက်ခိုက်ခံနေရပြီး Make Love Not Scars အဖွဲ့ရဲ့ ဒုတိယဥက္ကဌ တာနီယာဆင်းက တကယ့်အရေအတွက်ဟာ ထောင်ပေါင်းများစွာရှိနေတယ်လို့ ယုံကြည်နေပါတယ်။

    ဒေသတွင်း အစိုးရတွေဟာ ဖြစ်ပွားမှုအားလုံးကို မထုတ်ပြန်ကြောင်း၊ တစ်ချို့အမျိုးသမီးတွေဟာ ရာဇ၀တ်မှုအဖြစ် စုံစမ်းစစ်ဆေးမှု မလုပ်ခင် သေဆုံးသွားကြောင်း၊ တစ်ချို့တွေက မိသားစုတွေကို မလှန်နိုင်တာကြောင့် အမှုမဖွင့်ကြကြောင်း တာနီယာက ဆိုပါတယ်။

    ဖက်ရှင်ရှိုး ကျင်းပခဲ့တဲ့ လာလစ်ဟိုတယ်က လွန်ခဲ့တဲ့ ၂ နှစ်ပတ်အတွင်း အက်စစ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကို အခန်းတစ်ခန်းပေးထားကာ၊ အကူအညီကို ပေးရေးအဖွဲ့တွေအတွက် စောင့်ဆိုင်းနေပါတယ်။

    ဆင်းကတော့ ဒီဖက်ရှင်ရှိုးဟာ အသက်ဘေးက လွတ်မြောက်လာသူတွေအတွက် ယုံကြည်မှု မြှင့်တင်ပေးဖို့ အရေးပါပြီး၊ သူတို့ဟာ အရင်ကရခဲ့တဲ့ ပျော်ရွှင်စရာအချိန်တွေကို ပြန်ရရှိနေတယ်လို့ ဆိုပါတယ်။

    အမျိုးသမီးတွေတော်တော်များများဟာ ပထမတော့ ဒီရှိုးပွဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

    “ကျွန်မတို့ ဒါမျိုး မလုပ်နိုင်ဘူး၊ တော်တော်လေး ရုပ်ပျက်နေပြီလို့ သူတို့ပြောကြတယ်။ ကျွန်မတို့က ‘မဟုတ်ဘူး။ ရှင်တို့ ရုပ်ဆိုးတာမဟုတ်ဘူး။ ပတ်ဝန်းကျင်က ရုပ်ဆိုးနေကြတာ’ လို့ ပြန်ပြောခဲ့ပါတယ်” လို့ ဆင်းက ဆိုပါတယ်။

    အဲဒီ ဖက်ရှင်ရှိုးဟာ သူတို့အနေနဲ့ လူ့အဖွဲ့အစည်းက လက်ခံမှု၊ ချစ်ခင်မှု၊ ၀င်ဆံမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာကို သိရှိနိုင်မယ့် အခွင့်အလမ်းဖြစ်ပါတယ်။ အခုအချိန်မှာ သူတို့ဟာ လူရှေ့ကို ထွက်ရဲလာခဲ့ပြီး သူတို့ရဲ့ မျက်နှာတွေ၊ အမာရွတ်တွေကြောင့် ပုန်းနေစရာ မလိုတော့ဘူးဆိုတာ ကမ္ဘာကြီးကို ပြောပြနိုင်ပါပြီ။ ကမ္ဘြာ
    ကီးအနေနဲ့ အတွေးအခေါ်ကို ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။

    Ref: CNA

  • အကုသိုလ်ကံကြောင့် ကင်ဆာရောဂါဖြစ်ခြင်းဟု အိန္ဒိယ ကျန်းမာရေးဝန်ကြီးပြော

    အကုသိုလ်ကံကြောင့် ကင်ဆာရောဂါဖြစ်ခြင်းဟု အိန္ဒိယ ကျန်းမာရေးဝန်ကြီးပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – လူတွေမှာ ကင်ဆာရောဂါဖြစ်ပွားတာဟာ မကောင်းမှုအကုသိုလ်တွေကြောင့် နတ်ဘုရားက အပြစ်ပေးတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်ပြီး သူ့ရဲ့ အဲဒီမှတ်ချက်အတွက် နိုင်ငံအတွင်း ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    ဟီမန်တာ ဘစ္စ၀ါ ဆာရ်မာဆိုတဲ့ အဲဒီဝန်ကြီးဟာ အာဏာရ BJP ပါတီက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့အပြစ်လုပ်ရင် ဘုရားရှင်က အပြစ်ပေးတယ်။ တစ်ခါတစ်လေမှာ ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာကြီးတွေ ကင်ဆာဖြစ်တာကို ကျွန်တော်တို့တွေ့ရတယ်။ နောက်ကြောင်းလိုက်ကြည့်ရင် ဒါဟာ နတ်ဘုရားတွေက အပြစ်ပေးတယ်ဆိုတာ တွေ့ရလိမ့်မယ်။ တစ်ခြားဘာမှကြောင့်မှမဟုတ်ဘူး။ ကျွန်တော်တို့ဟာ နတ်ဘုရားတွေရဲ့ အပြစ်ပေးမှုကို ခံစားရတာပါ” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။

    အတိတ်ဘ၀ ဒါမှမဟုတ် လက်ရှိဘ၀မှာ ကိုယ့်ရဲ့ အဖေ၊ အမေတွေက လုပ်ခဲ့တဲ့ အပြစ်တွေကြောင့်လည်း ဒီလိုအခြေအနေမျိုးတွေ ခံစားရမယ်ဆိုတာကို ဟိန္ဒူဘာသာရေးကျမ်း ဂီတာမှာ ဖော်ပြထားကြောင်း၊ ဒီလို ကြုံတွေ့ရတာဟာ သနားစရာမဟုတ်ဘဲ နတ်ဘုရားရဲ့ အပြစ်ပေးမှုဖြစ်ပြီး ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ကြောင်းလည်း ဆာရ်မာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    လွှတ်တော်ဥက္ကဌ ဒီဘာဘရက်တာ ဆိုင်ကီယာက ကင်ဆာရောဂါသည်တွေကို စိတ်နှလုံးညှိုးနွမ်းအောင်ပြောဆိုတဲ့ ၀န်ကြီးရဲ့ ဒီမှတ်ချက်ဟာ ဆိုးရွားပြီး လူသိရှင်ကြား ပြန်လည်တောင်းပန်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာသံပြည်နယ်အစိုးရမှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမီနူလ်အစ္စလာမ်က ကျန်းမာရေးဝန်ကြီးဟာ ပြည်နယ်အတွင်း ကင်ဆာရောဂါပြန့်နှံ့နေမှုကို မထိန်းချုပ်နိုင်တာကို ဖုံးဖိလိုတဲ့အနေနဲ့ ဒီလို ပြောကြားခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    RRef: Alarabiya

  • ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံသူ ဗိုလ်စွဲ

    ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံသူ ဗိုလ်စွဲ

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ ကမ်းရိုးတမ်းမြို့ ဆန်ယာမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အလှမယ် (Miss World) ပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံသူ မနူရှီ ချာဟီလာဟာ အလှမယ်သရဖူရရှိခဲ့တယ်လို့ သိရပါတယ်။

    အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဆေးကျောင်းသူ ချာဟီလာဟာ နာမည်ကြီး ဘောလီးဝုဒ်မင်းသမီးတွေဖြစ်ကြတဲ့ ပရီယန်ကာ ချောပရာ၊ အိုက်ရှ်ဝါယာရိုင်းတို့လို အိန္ဒိယက ကမ္ဘာ့အလှမယ်ဟောင်းတွေရဲ့ ခြေရာကို နင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ၆၇ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ Miss World ပြိုင်ပွဲမှာ အိန္ဒိယအလှမယ်တွေ သရဖူရရှိတာဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံနဲ့အတူ အအောင်မြင်ဆုံးနိုင်ငံအဖြစ် အိန္ဒိယက ရပ်တည်နေပါတယ်။

    “ကျွန်မကို အားပေးတဲ့အတွက်၊ ချစ်ခင်တဲ့အတွက်၊ ဆုတောင်းပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ အိန္ဒိယနိုင်ငံအတွက်ပါ” လို့ ချာဟီလာက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ချာဟီလာကို မနှစ်က ကမ္ဘာ့အလှမယ်ဟောင်း ပေါ်တိုရီကိုနိုင်ငံသူ စတီဖာနီ ဒဲလ် ဗာလီက သရဖူဆင်မြန်းပေးခဲ့ပါတယ်။ အင်္ဂလန်က စတီဖန်နီ ဟေးလ်နဲ့ မက္ကစီကိုက အန်ဒရီယာမီဇာတို့ဟာ ဒုတိယနဲ့ တတိယ အသီးသီး ရရှိခဲ့ပါတယ်။

    ကမ္ဘာ့အလှမယ်ဘွဲ့ကို ပထမဆုံးရရှိခဲ့တဲ့ အိန္ဒိယနိုင်ငံသူက ရီတာ ဖာရီယာဖြစ်ပြီး ၁၉၆၆ ခုနှစ် လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အိုက်ရှ်ဝါယာရိုင်း၊ ၁၉၉၇ ခုနှစ်မှာ ဒိုင်ယာနာ ဟေဒန်၊ ၁၉၉၉ ခုနှစ်မှာ ပရီယန်ကာ ချောပရာနဲ့ ယူက်တာ မူခေးတို့က ကမ္ဘာ့အလှမယ်ဘွဲ့ေ
    တွကို အသီးသီး ရရှိခဲ့ပါတယ်။

    Ref: CNA

  • လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမြို့တော်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ

    လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမြို့တော်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာတဲ့အတွက် အိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း (IMA) က ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပြီး၊ စာသင်ကျောင်းတွေ ပိတ်ပစ်ဖို့လည်း အကြံပြုခဲ့ပါတယ်။

    “ဒါဟာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပါ။ ဒါ့ကြောင့် လူတိုင်းဟာ အိမ်ထဲမှာ နေသင့်ပြီး အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးတာမျိုးတွေ မလုပ်ရပါဘူး” လို့ IMA ရဲ့ အကြီးအကဲ ဒေါက်တာ ခရစ်ရှန် ကူမားရ် အဂ္ဂါဝါလ်က ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့မနက်ပိုင်းမှာ အမေရိကန်သံရုံးရဲ့ လေထုညစ်ညမ်းမှု တိုင်းတာရေးစက်အရ အဆုတ်နဲ့ သွေးပတ်လမ်းကြောင်းမှာ ၀င်ရောက်နည်ထိုင်နိုင်တဲ့ အမှုန် PM 2.5 ရဲ့ အဆင့်ဟာ ဒေလီလေထုအတွင်း ၇၀၃ အထိ ရှိနေပြီး ဒါဟာ အန္တရာယ်ရှိတယ်လို့ အိန္ဒိယအာဏာပိုင်တွေ့ရဲ့ သတ်မှတ်မှု ၃၀၀ ထက် ၂ ဆလောက် မြင့်တက်နေတာ ဖြစ်ပါတယ်။

    နေ့လည်ပိုင်းမှာ ၇၂၈ အထိရောက်ခဲ့ပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ လူတစ်ယောက်တောင်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး အန္တရာယ်ရှိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

    ဒေလီဝန်ကြီးချုပ်က မြို့တော်ဟာ ဓတ်ငွေ့ခန်းဖြစ်လာနေပြီလို့ သတိပေးခဲ့ပြီး ပတ်ဝန်းကျင်ပြည်နယ်တွေမှာ စိုက်ခင်းမီးရှို့တာတွေနဲ့ ပတ်သက်လို့ အဖြေတစ်ခု ရှာရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    IMA က ဒီလို လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုမိုအန္တရာယ်ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဆေးပညာဂျာနယ် Lancet က PM2.5 ကြောင့် တစ်နှစ်ကို အိန္ဒိယပြည်သူ သန်းဝက်လောက်ဟာ အချိန်မတိုင်ခင် သေဆုံးနေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်ရှိမီးယားရှိ လူအစုလိုက်အပြုံလိုက် မြှုပ်ထားသည့်နေရာများအတွက် အိန္ဒိယ စုံစမ်းမည်

    ကက်ရှိမီးယားရှိ လူအစုလိုက်အပြုံလိုက် မြှုပ်ထားသည့်နေရာများအတွက် အိန္ဒိယ စုံစမ်းမည်

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ကက်ရှ်မီးယားဒေသတွင် အမှတ်အသားမရှိသာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ အနည်းဆုံး ၂၀၈၀ အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်က ကက်ရှ်မီးယားအစိုးရကို အမိန့်ပးလိုက်သည်ဟု သိရသည်။

    ကရှ်မီးယား လူ့အခွင့်အရေးအဖွဲ့ APDP က အိန္ဒိယနှင့် ပါကစ္စတန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှိမီးယားဒေသကို ပိုင်းခြားထားသော ထိန်းချုပ်ရးမျဉ်း (LoC) တစ်လျှောက်ရှိ ပွန့်ခ်ျခရိုင်နှင့် ရာဂျူရီခရိုင်တို့တွင် အမှတ်အသားမပြုထားသော မြေပုံ ၃၈၄၄ ခုကို တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်ကို ပြောကြားခဲ့သည်။

    ကော်မရှင်က အမှတ်အသားမပြုထားသော မြေပုံ ၂၀၈၀ ရှိကြောင်း အသိအမှတ်ပြုခဲ့ပြီး လူပျောက်ရှာဖွေနေသည့် မိသားစုဝင်များ၏ DNA စစ်ဆေးချက်နှင့် အလောင်းများ၏ စစ်ဆေးချက်များ နှိုင်းယှဉ်ခြင်း အပါအ၀င် စုံစမ်းစစ်ဆေးမှုအားလုံးကို ၆ လအတွင်း အပြီးအစီးဆောင်ရွက်ပေးရန် ကရှ်မီးယားအစိုးရကို တောင်းဆိုခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် မြေပုံများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အစိုးရကို ညွှန်းကြားခဲ့ပြီး ကော်မရှင်က တာဝန်ပေးထားသော အထူးစုံစမ်းရေးအဖွဲ့က ကရှ်မီးယားမြောက်ပိုင်းတစ်လျှောက် ၃၈ နေရာ၌ အမည်မသိအလောင်း ၂၇၃၀ မြှုပ်နှံထားကြောင်း တင်ပြခဲ့သည်။

    APDP က ဆယ်စုနှစ်များစွာကြာမြင့်လျက်ရှိသော ကက်ရှ်မီးယား ပဋိပက္ခအတွင်း လူပေါင်း ၈၀၀၀ ခန့် ပျောက်ဆုံးနေသည်ဟု ဆိုပြီး၊ အစိုးရတပ်ဖွဲ့များမှာ လူသတ်မှုများကို ဖုံးကွယ်ရန်အတွက် တိုက်ပွဲများဖန်တီးနေကြောင်း စွပ်စွဲခဲ့သည်။

    အိန္ဒိယနိုင်ငံရှိ ဂျာမူးနှင့် ကက်ရှ်မီးယားပြည်နယ်တို့တွင် တွေ့ရှိရသော အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့်နေရာများအား စုံစမ်းရန် ကော်မရှင်၏တောင်းဆိုမှုကို ထိုအဖွဲ့က ကြိုဆိုခဲ့သည်။

    Ref : Aljazeera