News @ M-Media
Tag: India
  • အမျိုးသမီးများလုံခြုံရေးအတွက် စမတ်လည်ဆွဲတစ်ခုကို အိန္ဒိယကျောင်းသားများ တီထွင်
    အမျိုးသမီးများလုံခြုံရေးအတွက် စမတ်လည်ဆွဲတစ်ခုကို အိန္ဒိယကျောင်းသားများ တီထွင်
    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media
    – မြို့တော်ဒေလီရှိ အမျိုးသမီးများ ပိုမိုလုံခြုံစေရေး အကူအညီဖြစ်စေဖို့အတွက် နည်းပညာဘွဲ့ရ ကျောင်းသားတစ်စုဟာ စမတ်လည်ဆွဲတစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။
    ဒီလည်ဆွဲကို Safer လို့ အမည်ပေးထားပြီး ၀တ်ဆင်ထားသူမှာ အန္တရာယ်ကျရောက်ပြီဆိုရင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေကို အမြန်ခေါ်ဆိုကာ အကူအညီရယူနိုင်ဖို့ အရေးပေါ် SOS ခလုပ်တစ်ခု ပါဝင်ပါတယ်။
    အဲဒီခလုပ်လေးကို နှိပ်လိုက်မယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ ဖုန်းနံပါတ်တွေဆီ ကိုယ်ရောက်နေတဲ့ နေရာအတိအကျကို ပေးပို့မှာဖြစ်ပါတယ်။
    ၂၀၁၂ ခုနှစ်က ဒေလီမြို့ ဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့် လူသတ်မှုဖြစ်ပြီးနောက် ဒေလီအခြေစိုက် နည်းပညာရှင်တစ်ဦးဖြစ်သူ ပါရားစ် ဘာထရာက သူတတ်ကျွမ်းတဲ့ နည်းပညာနဲ့ သူငယ်ချင်းမိတ်ဆွေများ ပူးပေါင်းကာ ယင်းပြဿနာကို တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
    ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်ပြီးဆုံးပြီးတဲ့နောက် ပါရားစ် ဘာထရာနဲ့ သူ့သူငယ်ချင်းတွေဟာ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကာ ဒီ Safer လည်ဆွဲကို တီထွင်ခဲ့ကြပါတယ်။
    Safer လည်ဆွဲဟာ ပြန်လည်အားသွင်းနိုင်တဲ့ ဘထ္တရီအမျိုးအစားကို တပ်ဆင်ထားပြီး စွမ်းအင်အသုံးပြုမှု အလွန်နည်းပါးပါတယ်။ စမတ်ဖုန်းအားလုံးနီးပါးနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး ဖုန်းတွင် ထည့်သွင်းထားသော app မှတဆင့် အနီးဆုံး ရဲစခန်း သို့မဟုတ် ဆေးရုံကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
    Ref; CNA
  • ရိုးရာကပွဲကြည့်ရှု၍ အိန္ဒိယတွင် ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်များက သတ်ဖြတ်
    ရိုးရာကပွဲကြည့်ရှု၍ အိန္ဒိယတွင် ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်များက သတ်ဖြတ်
    အောက်တိုဘာ ၄၊ ၂၀၁၇
    M-Media
    – အိန္ဒိယတွင် ရိုးရာအကဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှူခဲ့သည့်အတွက် ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်အမျိုးသားအုပ်စုတစ်ခုက သတ်ဖြတ်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
    ဂူဂျာရတ်ပြည်နယ်တွင် အသက် ၂၁ နှစ်အရွယ် ဂျာယက်ရှ် ဆိုလန်ကီနှင့် ၎င်း၏ တစ်ဝမ်းကွဲဖြစ်သူ ပရာကရှ်တို့မှာ ၉ ရက်တာကျင်းပသော နဗ်ရာထရီ ဟိန္ဒူရိုးရာအကပွဲတော်ကို တနင်္ဂနွေညပိုင်းက သွားရောက်ကြည့်ရှုစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဆိုလန်ကီမှာ သေဆုံးခဲ့သည်။
    ထိုအဖြစ်အပျက်မှာ ဒါလစ်ဇာတ်နိမ့်များကို ပစ်မှတ်ထားသည့် လတ်တလော တိုက်ခိုက်မှုများတွင် နောက်ဆုံး ပေါ်ထွက်လာခြင်းဖြစ်သည်။
    “ဘော်ဆက်မြို့နယ်မှာ ဂျာယက်ရှ်ဆိုလန်ကီကို သေဆုံးအောင် ရိုက်နှက်ခဲ့တယ်လို့ သံသယရှိတဲ့ လူရှစ်ယောက်ကို ဖမ်းဆီးထားပြီးပါပြီ” ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အေနန် ဆူရဘ်ဆင်းက ပြောကြားခဲ့သည်။
    သေဆုံးသူ၏ ၀မ်းကွဲဖြစ်သူ ရာကရှ်က ၎င်းတို့အား ရိုက်နှက်ခဲ့သည့် လူအုပ်က အဘယ့်ကြောင့် ဤအကပွဲကို လာရောက်ကြည့်ရှုသလဲဟု မေးမြန်းခဲ့ကြောင်း၊ ဒါလစ်များမှာ အဆိုပါ ကပွဲကို ကြည့်ရှုခွင့်မရှိကြောင်း ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည်။
    ပြီးခဲ့သည့်နှစ်ကလည်း ဟိန္ဒူအမျိုးသားရေးဝါဒီများမှာ နွားများကို သတ်ဖြတ်သည်ဟုဆိုကာ ဒါလစ်ဇာတ်နိမ့်များအား ရိုက်နှက်မှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း ဇာတ်နိမ့်များ အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။
    ထိုအဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့ပြီးနောက် ဟိန္ဒူအမျိုးသားရေးဝါဒီ ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဇာတ်နိမ့်များအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အမျိုးဇာတ်ခွဲခြားမှုစနစ်အားလုံးကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။
    Ref; Alarabiya.net
  • အိန္ဒိယဘူတာရုံတွင် ကြောက်လန့်ကာ လူများတိုးဝှေ့မှုကြောင့် ၂၀ ကျော်သေဆုံး
    အိန္ဒိယဘူတာရုံတွင် ကြောက်လန့်ကာ လူများတိုးဝှေ့မှုကြောင့် ၂၀ ကျော်သေဆုံး
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    အခင်းဖြစ်ပွားခဲ့သည့် အလ်ဖင်စတုန်း ဘူတာမှ ဂုံးကျော်တံတား
    – အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ မီးရထားဘူတာတစ်ခုတွင် ကြောက်လန့်တကြား လူတိုးမှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အဓိက ရထားလိုင်းနှစ်ခုကို ဆက်သွယ်ပေးထားသော အလ်ဖင်စတုန်းဘူတာရှိ လူကူး ဂုံးကျော်တံတား၌ ယနေ့မနက် ရုံးတက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    တံတားမှ ကွန်ကရစ်တုန်းတစ်ခု ပြုတ်ကျသည်ကို တံတားပြိုကျသည်ဟု ထင်မှတ်ကာ လူများ အတင်းတိုးထွက်ကြရာမှ အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ကာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ များသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခင်းဖြစ်ပွားချိန်တွင် လူအများအပြားမှာ အဆိုပါ တံတားနှင့် ဘူတာရုံတွင် မိုးခိုနေကြမှုက ထိခိုက်မှုအရေအတွက် မြင့်မားရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်။
    အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ခရီးသည်အများဆုံး ရထားလမ်းကွန်ယက်ရှိရာ နိုင်ငံဖြစ်ပြီး ၂၀၁၆ တစ်နှစ်တည်းမှာပင် ရထားပေါ်မှ ပြုတ်ကျခြင်း၊ ရထားတိုက်မိခြင်းတို့ကြောင့် လူ ၃၄၀၀ ခန့် သေဆုံးခဲ့သည်။
    Ref: Aljazeera
  • ရခိုင်ပြည်နယ်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်၏ ရပ်တည်ချက်ကို အိန္ဒိယ ထောက်ခံ
    ရခိုင်ပြည်နယ်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်၏ ရပ်တည်ချက်ကို အိန္ဒိယ ထောက်ခံ
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျ
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရည်တည်ချက်ကို ထောက်ခံတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျက ၀န်ကြီးချုပ် ရှိခ်ဟာဆီနာကို ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒ့ရှ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
    စက်တင်ဘာ ၁၄ ရက် (ကြာသာပတေးနေ့) ဒေသစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဖုန်းခေါ်ပြောဆိုခဲ့တာဖြစ်တယ်လို့ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာရဲ့ ပြန်ကြားရေး တာဝန်ရှိသူ နဇ်ရူလ် အစ္စလာမ်က ဆိုပါတယ်။
    “ရိုဟင်ဂျာပြဿနာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်အတိုင်း အိန္ဒိယက ရှိနေပါတယ်။ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ အိန္ဒိယက မြန်မာကို နှစ်နိုင်ငံချင်းရော၊ နိုင်ငံအများနဲ့ပါ တိုက်တွန်းနေတယ်လို့ သူမက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေကို ရပ်တန့်ရမယ်လို့ အိန္ဒိယက ပြောနေပါတယ်”
    ယမန်နေ့မနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီ ၅၃ တန်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး အခုပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ရပ်တည်သွားမယ်လို့ သံအမတ်က ပြောပါတယ်။
    ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် အစိုးရအနေနဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ သံတမန်ရေးအရ တိုးမြှင့်လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက အလိုရှိနေကြပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟောင်လျန်က ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှု ပြဿနာဟာ ပြည်တွင်းပြဿနာဖြစ်ပြီး၊ မြန်မာ လုံခြုံရေးတပ်ဖွဲ့က အစွန်းရောက်အကြမ်းဖက်သမားတွေကို တန်ပြန်တဲ့ တိုက်ခိုက်မှုတွေလုပ်နေတာ၊ ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်တာ စတာတွေကို ကြိုဆိုတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
    REf: Bdnews24
  • ဆစ်ခ်အဖွဲ့တစ်ခုက လဟာပြင်မီးဖိုကြီးဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကျွေးမွေးမည်
    ဆစ်ခ်အဖွဲ့တစ်ခုက လဟာပြင်မီးဖိုကြီးဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကျွေးမွေးမည်
    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media
    – ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို နေ့စဉ် ချက်ပြုကျွေးမွေးမယ့် အစီအစဉ်တစ်ခုကို အိန္ဒိယအခြေစိုက် ဆစ်ခ် ပရဟိတအဖွဲ့ Khalsa Aid က ဒီကနေ့မှာ စတင်လိုက်ပါတယ်။
    Guru ka langar (လဟာပြင်မီးဖိုကြီး) လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရထံကနေ ခွင့်ပြုချက် တောင်းခံခဲ့ရပြီး တစ်နေ့ကို လူပေါင်း ၃၅၀၀၀ လောက်အတွက် အစားအသောက်တွေကို ချက်ပြုတ်ကျွေးမွေးမှာဖြစ်ပါတယ်။
    Khalsa Aid အဖွဲ့ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်ရှိလာခဲ့တာပါ။
    Guru ka langar အစီအစဉ်ကို ရိုဟင်ဂျာဒုက္ခသည်တွေရှိရာ ရှာပူရီကျွန်းမှာ ဆောင်ရွက်မှာဖြစ်ပါတယ်။
    “ဒီနေ့စပြီး ကျွန်တော်တို့ ချက်ပြုတ်မှာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရဆီကနေ ခွင့်ပြုချက်ရပြီးတဲ့နောက်မှာ ဆန်၊ အသီးအနှံနဲ့ အိုးခွက်ပန်းကန်တွေလို လိုအပ်တာတွေကို ဗုဒ္ဓဟူးနေ့မှာ ၀ယ်ယူခဲ့ပါတယ်။ ကနဦးအစီအစဉ်က တစ်နေ့ကို လူ ၃၅၀၀၀ လောက် ကျွေးမွေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကို ကျွန်တော်တို့ မြင်နေရပြီး အားလုံးကို ကျွေးမွေးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လုပ်နိုင်သလောက် စလုပ်ရမှာပါ” လို့ အဖွဲ့ရဲ့ မန်းနေးဂျင်းဒါရိုက်တာ အေမာရ်ပရစ်တ် ဆင်းက ပြောကြားခဲ့ပါတယ်။
    ဒုက္ခသည်တွေရဲ့ သနားစရာကောင်းတဲ့အခြေအနေတွေ၊ အထူးသဖြင့် ကလေးတွေဟာ ရက်တော်တော်ကြာ မစားရ မသောက်ရ ဖြစ်နေတာက သူတို့ရဲ့ ဒီအစီအစဉ်ကို ဘယ်မှာစတင်မယ်ဆိုတာ ဆုံးဖြတ်ဖို့ အခက်တွေ့ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
    “ဒီမှာ ထမင်းကျွေးတယ်ဆိုတာကိုသိရင် လူတိုးမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီမှာ ဒုက္ခသည်က ၃ သိန်းလောက်ရှိတယ်။ လူတိုင်းကို ကျွန်တော်တို့ မကျွေးနိုင်ပေမယ့် စတော့ စရမှာပါ။ ဒီမှာ လူတွေဟာ အစားအသောက် ချို့တဲ့ကြတယ်။ ကလေးငယ်တွေဟာ လမ်းတွေပေါ်မှာထွက်ပြီး တောင်းတာမျိုးတွေ ဖြစ်နေတယ်။ အခြေအနေတွေက ဆိုးရွားနေဆဲပါ”
    ပထမဆုံးနေ့မှာ သူတို့အဖွဲ့ဟာ ထမင်းနဲ့ သီးစုံပဲဟင်း ကျွေးမှာဖြစ်ပြီး၊ လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ယူတဲ့အခါ ဒေသခံတော်တော်များများက ကူညီကြကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီချင်တဲ့သူတွေရှိသလို၊ မကူညီချင်တဲ့သူတွေလည်း ဒေသခံတွေထဲမှာ ရှိကြောင်း ဆင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ထမင်းကျွေးမွေးမှုမလုပ်ခင် ဆစ်ခ်ဘာသာအရ ၀တ်ပြုဆုတောင်းမှုလည်း လုပ်မှာဖြစ်ပါတယ်။
    Khalsa Aid အဖွဲ့ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောစောပိုင်းကလည်း အစေားအသောက်တွေ၊ သောက်ရေတွေ ဝေငှပေးထားပါတယ်။
    Ref : Indiaexpress