News @ M-Media

Tag: India

  • ငွေစက္ကူဖျက်သိမ်းမှုကို မကျေနပ်​၍ အိန္ဒိယပြည်သူများ ဆန္ဒပြ

    ငွေစက္ကူဖျက်သိမ်းမှုကို မကျေနပ်​၍ အိန္ဒိယပြည်သူများ ဆန္ဒပြ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    modi

    – တန်ဖိုးမြင့် ငွေစက္ကူများ ဖျက်သိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ ယနေ့တွင် လူထောင်းပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး၊ ငွေကြေးလည်ပတ်မှု အားလုံးနီးပါးကို ငွေသားဖြင့်သာ ပြုလုပ်ရသည့် အိန္ဒိတွင် ‘ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေ’ ဖြစ်စေသည်ဟု ဆန္ဒပြမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၃ ပတ်က အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီမှာ ခြစားမှု၊ ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှုတို့ကို တိုက်ဖျက်ရန်အတွက်ဟု ဆိုကာ ငွေစက္ကူ ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ဟု ကြေငြာခဲ့ပြီး အဟောင်းကိုင်ထားသူများကို အသစ်ဖြင့် လဲလှယ်ပေးခဲ့သော်လည်း နိုင်ငံ၏ ငွေကြေးလည်ပတ်မှု၏ ၈၆ ရာခိုင်နှုန်းမှာ ရပ်တန့်သွားခဲ့သည်။

    ငွေစက္ကူအသစ်များ လဲလှယ်ရာတွင် အဆင်မပြေမှုများ၊ ကြန့်ကြာမှုများ ရှိခြင်းကြောင့် ပြည်သူများအကြားတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါလ်ပြည်နယ်မြို့တော် ကိုလ်ကာတား၌ ယနေ့တွင် လူပေါင်း ၂၅၀၀၀ ခန့် ဆန္ဒပြခဲ့ကြပြီး လက်ဝဲယိမ်း ပြည်နယ်ဝန်ကြီးချုပ် မာတာမာ ဘာနာဂျီကမူ ထိုဖျက်သိမ်းမှုကို ဆက်လက်ထားရှိပါက ပဋိပက္ခများ၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်မည်ဟု သတိပေးခဲ့သည်။

    နိုင်ငံအနောက်ပိုင်းမှ စီးပွားရေးမြို့တော် မွမ်ဘိုင်း ဆန္ဒပြမှုတွင် လူပေါင်း ၆၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါ ၅၀၀ တန်နှင့် ၁၀၀၀ တန်ကို ကိုင်ဆောင်ထားသူများမှာ ယခုနှစ်ကုန်အထိ ဘဏ်တွင် ငွေလဲလှယ်ခွင့် ရှိသော်လည်း တစ်ကြိမ်တွင် အနည်းငယ်သာ လဲပေးနိုင်သည်။

    အိန္ဒိယနိုင်ငံ၏ ငွေကြေးလည်ပတ်မှု ၉၀ ရာခိုင်နှုန်းကျော်မှာ ငွေသားဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ တရားမ၀င် ကြေငြာမှုကြောင့် အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်များ ၀ယ်ယူရန် မလုံလောက်သူ အများအပြား ရှိနေသည်။ ထို့ပြင် လယ်သမားများကလည်း မျိုးစေ့များ မ၀ယ်နိုင်ကြဘဲ၊ ကုန်သည်အငယ်စားများကမူ ၎င်းတို့၏ စီးပွားရေးမှာ ပျက်သုဉ်းလုနီးနီး ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    မိုဒီက ၎င်း၏ ထိုဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး ငွေသားမသုံးဘဲ ငွေပေးချေသည့်စနစ်သို့ ပြောင်းရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • ရူပီးများ ဖျက်သိမ်းမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ပြီး၊ မြန်မာကုန်သည်များ ဒုက္ခရောက်

    ရူပီးများ ဖျက်သိမ်းမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ပြီး၊ မြန်မာကုန်သည်များ ဒုက္ခရောက်

    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    rupee

    – အိန္ဒိယအစိုးရက ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ဟု ကြေငြာခဲ့ပြီးနောက် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်သွားခဲ့ပြီး ထိုငွေကို ကိုင်ထားသည့် ကုန်သည်များကလည်း လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

    အိန္ဒိယအစိုးရ၏ ထိုငွေကြေးတရားမ၀င်ကြေငြာမှုမှာ နိုင်ငံအတွင်း ခြစားမှုနှင့် ပိုက်ဆံအတုများကို တိုက်ဖျက်ရန် ရည်ရွယ်ခဲ့သော်လည်း ထိုငွေများကို ဘဏ်များနှင့် အခြား သတ်မှတ်နေရာများတွင် ပြည်သူများက သွားရောက်လဲလှယ်ရာ၌ အဆင်မပြေမှုများ ရှိသောကြောင့် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

    မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာအများစုတွင် အိန္ဒိယနှင့် စီးပွားရေးဆောင်ရွက်မှုများကို အမေရိကန်ဒေါ်လာနှင့် ဘဏ်များမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်သော်လည်း တမူးကဲ့သို့ နယ်စပ်မြို့များတွင်မူ အရောင်းအ၀ယ်များအားလုံးကို ရူပီးနှင့် ပြုလုပ်ရခြင်းဖြစ်သည်။

    ငွေကြေး တရားမ၀င်ကြေငြာမှုကြောင့် မြန်မာနယ်စပ်ကုန်သွယ်မှုတွင် အကျိုးသက်ရောက်မှု နှစ်ခုရှိခဲ့ပြီး တစ်ခုမှာ ရူပီးအဟောင်းကို အသစ်နှင့် မည်ကဲ့သို့လဲမည်ဆိုသည့် ပြဿနာ၊ ၊ အေတီအမ်များတွင် ငွေကြေးအကန့်အသတ်ဖြင့် ထုတ်ရသည့် ပြဿနာများဖြစ်ပြီး၊ အချို့သော အိန္ဒိယကုန်သည်များကလည်း မြန်မာကုန်သည်များကို ငွေကြေး မရှင်းရသေးသည့် ပြဿနာများလည်း ရှိနေသည်။

    တမူးနယ်စပ် ကုန်သည်များအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်တင်က အိန္ဒိယ၏ ထိုကြေငြာချက်မှာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ရပ်တန့်သွားစေပြီး၊ ငွေကြေး အပေးအယူများက မပြတ်သေးဟု ပြောကြားခဲ့သည်။

    “(မြန်မာကုန်သည်တွေရမယ့်) အကြွေးတွေ ကျန်သေးတယ်။ ရူပီးနဲ့ပေးမယ့်နေရာမှာ ဘယ်လောက်ဆုံးရှုံးမှုရှိမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”

    ဒုတိယပြဿနာက ရူပီးများကို စုဆာင်းထားသည့် မြန်မာကုန်သည်များ၏ ငွေလဲလှယ်ရေးဖြစ်သည်။

    “မြန်မာတွေက ရူပီးတော်တော်များများ ပိုက်မိနေတယ်ဗျ။ ဒီပိုက်တွေ ဆုံးမလား၊ မဆုံးဘူးလားဆိုတာကိုတော့ ကျွန်တော် မသိဘူး။ ရူပီးကိုင်ထားတဲ့သူတွေ ဘယ်လောက် လဲနိုင်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” ဟု ဦးခင်မောင်တင်က ပြောကြားခဲ့သည်။

    ထို့ပြင် တမူးရှိ မြန်မာကုန်သည်များမှာ ရူပီး သန်း ၂၁၀ (ကန်ဒေါ်လာ ၃ သန်း) ခန့် ကိုင်ထားကြောင်း၊ အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးကို ချင်းပြည်နယ် ရိဒ်ဒေသမှတစ်ဆင့် ဆောင်ရွက်မှုရှိသော်လည်း လက်ရှိအခြေအနေကို မသိရသေးကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နယ်စပ်ရှိ ရူပီးကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများမှာလည်း ငွေကြေးလဲလှယ်ရေးအတွက် အခက်အခဲတွေ့နေပြီး တြမူနယ်စပ်ကုန်သည်များအသင်းကမူ ထိုကိစ္စကို ဖြေရှင်းပေးရန်အတွက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒေသဆိုင်ရာရုံးသို့ တင်ပြထားသည်ဟုဆိုသည်။

    Ref: Bangokpost

  • အိန္ဒိယလက်နက်ကြီးကြောင့် ကက်ရှ်မီးယားတွင် မောင်နှမ ၃ ဦး သေဆုံး

    အိန္ဒိယလက်နက်ကြီးကြောင့် ကက်ရှ်မီးယားတွင် မောင်နှမ ၃ ဦး သေဆုံး

    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    kas

    – အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတွင် အိန္ဒိယစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးခဲ့ကာ အခြား ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ထိန်းချုပ်ရေးဆိုင်ရာ အငြင်းပွားစည်းမျဉ်း (LOC) တစ်လျှောက်ရှိ ကော့သလီခရိုင်မှ ရွာတစ်ရွာကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုပြီး သေဆုံးသူများမှာ မိန်းကလေးငယ် ၂ ဦးနှင့် ၎င်းတို့မောင်ဖြစ်သည်။ အသက်အကြီးဆုံးမှာ ၁၀ နှစ်ဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၅ နှစ်ဖြစ်သည်ဟုလည်း ပါကစ္စတန်တာဝန်ရှိသူ ရာဂျာ အာရစ်ဖ်က ပြောကြားခဲ့သည်။

    “၃ ယောက်စလုံးဟာ တစ်မိသားစုတည်းကပါ”

    အိန္ဒိယသတင်းဌာနများကမူ ကက်ရှ်မီးယားရှိ ပူလ်ဝါမာခရိုင်တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေသည့်သတင်းများအား အစိုးရရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သော်လည်း ကော့တလီတွင် ကလေးငယ်များ သေဆုံးမှု ပါဝင်ခြင်းမရှိပေ။

    ကက်ရှိမီးယားတွင် မတည်မငြိမ်မှုများမှာ စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့သော အိန္ဒိယစစ်အခြေစိုက်စခန်းအား လက်နက်ကိုင်များက ၀င်ရောက်စီးနင်းမှုတိုက်ခိုက်မှုအတွင် အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့သည်။

    ထို့နောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အပြင်အလှန်ပစ်ခန်မှုများလည်း ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ပါကစ္စတန်က အိန္ဒိယ ရေငုပ်သင်္ဘောတစ်စင်းမှာ မိမိတို့ ရေပိုင်နက်ထဲ ၀င်ရောက်လာသောကြောင့် မောင်းထုတ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ပါလက်စတိုင်းအပေါ် အစ္စရေး၏ ကျူးလွန်မှုများကို အိန္ဒိယ တက်ကြွလှုပ်ရှားသူများ ရှုတ်ချ

    ပါလက်စတိုင်းအပေါ် အစ္စရေး၏ ကျူးလွန်မှုများကို အိန္ဒိယ တက်ကြွလှုပ်ရှားသူများ ရှုတ်ချ

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    pales

    – အစ္စရေးသမ္မတ ရူဗန် ရစ်ဗလင် အိန္ဒိယသို့ တစ်ပတ်တာ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ပါလက်စတိုင်းပြည်သူများအပေါ်တွင် အစ္စရေးက ‘ဒီမိုကရေစီနှင့်ဆန့်ကျင်ပြီး၊ ခွဲခြားဖယ်ထုတ်လိုမှုဝါဒ’ ကျင့်သုံးမှုနှင့် ပတ်သက်၍ အိန္ဒိယ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြစ်တင်ရှုတ်ချလိုက်သည်။

    “အိန္ဒိယက အစ္စရေးနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ငွေကြေးတွေကို စစ်ဖက်ဆိုင်ရာ ၀ယ်ယူမှုတွေကနေတစ်ဆင့် အစ္စရေးလက်နက် ကုမ္ပဏီတွေကို ရောက်ရှိစေပြီး အဲဒီကုမ္ပဏီတွေက ဒီပိုက်ဆံတွေကို ပါလက်စတိုင်းပြည်သူတွေအပေါ် ဖိနှိပ်ဖို့၊ နယ်ချဲ့ဖိုနဲ့ လူမျိုးစုရှင်းလင်းရေး လုပ်ဖို့တွေမှာ အသုံးပြုတဲ့ လူသေစေနိုင်တဲ့ စစ်ဖက်ဆိုင်ရာ နည်းပညာတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်” ဟု တက်ကြွလှုပ်ရှားသူပေါင်း ၇၀ နှင့် အဖွဲ့စည်းပေါင်း ၃၀ က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    “ကိုလိုနီဝါဒကို ဆန့်ကျင်ရုန်းကန်မှုကနေ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေးရှိဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အိန္ဒိယနိုင်ငံအတွက် တရားမဲ့တဲ့ လုပ်ရပ်တွေနဲ့ အစ္စရေးဟာ စံနမူနာယူစရာဖြစ်နေတာကို ကျွန်တော်တို့ တုန်လှုပ်မိပါတယ်”

    အိန္ဒိယသို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည့် အစ္စရေးသမ္မတ ရစ်ဗလင်ကို အိန္ဒိသမ္မတ ရှရီ ပရာနဘ် မူခါဂျီက နိုင်ငံတော် ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

    မူခါဂျီကမူ အစ္စရေးပြည်သူများ၏ အောင်မြင်မှုများအတွက် အိန္ဒိယက လေးစားအားကျမိသည်ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်သည့် ၎င်း၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

    ရစ်ဗလင်မှာ အိန္ဒိယသို့ နှစ် ၂၀ အတွင်း ပထမဆုံးလာရောက်သည့် အစ္စရေးသမ္မတဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာလည်း ၂၅ နှစ် တိုင်ခဲ့ပြီဖြစ်သည်။

    တက်ကြွလှုပ်ရှားသူများကမူ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီအနေဖြင့် အစ္စရေးသို့ သွားရောက်ရန် အစီအစဉ်ကို သတိပေးခဲ့ပြီး ထိုသွားရောက်မှုက “လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့ကို မြတ်နိုးတန်ဖိုးထားသည့် ပါလက်စတိုင်းပြည်သူနှင့် အိန္ဒိယပြည်သူ နှစ်ရပ်စလုံးက ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာမရှိ” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးမှာ အိန္ဒိယဈေးကွက်နှင့် အခွန်ငွေများကို ၎င်း၏ ရာဇ၀တ်မှုများ၊ တံတိုင်းကာမှုများ၊ စစ်ပွဲဆင်နွှဲမှုများနှင့် ဖယ်ထုတ်မှုများအတွက် ကမ္ဘာကြီးကို ၀ါဒဖြန့်ရန် သုံးစွဲနေသည်ဟုလည်း ထိုအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

    အင်္ဂါနေ့က ၎င်းနှစ်နိုင်ငံမှာ အထူးသဖြင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားမည်ဟု ကြေငြာခဲ့သည်။

    အိန္ဒိယမှာ ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း အစ္စရေးမှ စစ်လက်နက်ပစ္စည်း စုစုပေါင်း ကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ၀ယ်ယူခဲ့ပြီး ရုရှားနှင့် အမေရိကန်တို့ပြီးလျှင် အစ္စရေးမှာ အိန္ဒိယ၏ တတိယအကြီးဆုံး လက်နက်ထောက်ပံ့ပေးသူလည်း ဖြစ်သည်။

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံရေးသမား၏သမီး ငွေလမ်းခင်းလက်ထပ်ပွဲ ပြည်သူက မကျေနပ်

    အိန္ဒိယနိုင်ငံရေးသမား၏သမီး ငွေလမ်းခင်းလက်ထပ်ပွဲ ပြည်သူက မကျေနပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    wedding
    နိုင်ငံရေးသမား ရက်ဒီနှင့် သမီးဖြစ်သူ ဘရာမာနီ

    – အစိုးရရဲ့ ငွေကြေး တရားမ၀င်ကြေငြာမှုကြောင့် ပြည်သူတွေ အကျပ်အတည်းတွေ့နေတဲ့အချိန် အိန္ဒိယက နိုင်ငံရေးသမားတစ်ယောက်ကတော့ သမီးဖြစ်သူ မင်္ဂလာဆောင်အတွက် ငွေကို ရေလိုသုံးခဲ့တာကြောင့် ပြည်သူတွေရဲ့ ညိုငြင်မှုကို ခံနေရပါတယ်။

    စီးပွားရေးသမားဖြစ်ပြီး အရင်က ၀န်ကြီးဖြစ်ခဲ့ဖူးတဲ့ ဂျာနဒ်ဟာနာ ရက်ဒီရဲ့ သမီးဖြစ်သူ ဘရာမာနီရဲ့ လက်ထပ်ပွဲဖြစ်ပြီး ၅ ရက်တာ ကျင်းပပြုလုပ်မယ့် အဲဒီ လက်ထက်ပွဲမှာ ရူပီး ၅ ဘီလီယံ (ကန်ဒေါ်လာ ၇၄ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။

    ရွှေပြားနဲ့လုပ်ထားတဲ့ ဖိတ်စာတွေဝေပြီး ဘောလီးဝုဒ် ကြယ်ပွင့်တွေလည်း တက်ရောက်ဖျော်ဖြေဖို့ရှိတဲ့ အဲဒီ မင်္ဂလာပွဲဟာ ပြည်သူတွေကြားထဲမှာတော့ အငြင်းပွားဖွယ်ရာဖြစ်နေပြီး ဝေဖန်သူတွေက ဒါဟာ ‘ချမ်းသာကြွယ်ဝမှုကို မျက်စိစပါးမွှေးစူးဖော်ပြမှု’ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    အဲဒီ မင်္ဂလာပွဲဟာ အိန္ဒိယအစိုးရက ခြစားမှုနဲ့ ငွေမည်းပိုင်ဆိုင်ထားသူတွေကို နှိမ်နှင်းနဲ့အနေနဲ့ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို တရားမ၀င်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယပြည်သူတွေက ဒီငွေကြေးအဟောင်းတွေကို အသစ်နဲ့လဲဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းရပြီး အခက်အခဲတွေရှိတာကြောင့် မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

    အိန္ဒိယရဲ့ လက်ငင်းငွေသားအသုံးပြုတဲ့ စီးပွားရေးမှာ မင်္ဂလာဆောင်တွေကလည်း ပါဝင်ပြီး မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ ငွေပေးချေမှုတွေမှာလည်း လက်ငင်းငွေသားတွေကိုသာ အသုံးပြုကြပါတယ်။

    LCD စကရင်တပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ဖိတ်စာကတ်အတွက် ရူပီး ၁၀ သန်း ကုန်ကျခဲ့ပြီး၊ သတို့သမီး ဆာရီအတွက်တော့ သန်း ၁၇၀ ကုန်ကျခဲ့ပါတယ်။ သတို့သမီးရဲ့ လက်ဝတ်လက်စားတွေအတွက် ရူပီး သန်း ၉၀၀ သုံးစွဲခဲ့ပါတယ်။ မင်္ဂလာပွဲ လုံခြုံရေးအတွက် အပြင်လူမိုက် ၃၀၀၀၊ ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ခေါ်ထားပြီး အနံ့ခံခွေးတွေ၊ ဗုံးရှင်းအဖွဲ့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    မစ္စတာရက်ဒီကတော့ မင်္ဂလာဆောင်မှာ သုံးစွဲဖို့အတွက် ဘန်ဂလောရ်နဲ့ စင်ကာပူတို့က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်လိုက်တယ်လို့ ပြောကြားခဲ့ပြီး ငွေပေးချေမှုအားလုံးကို မင်္ဂလာဆောင် စတင်စီစဉ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

    ဒါပေမယ့် ဒီလို ငွေကြေးအမြောက်အများသုံးစွဲတဲ့ မင်္ဂလာဆောင်အတွက် ပြည်သူတွေက ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။ သူ့ရဲ့ နိုင်ငံရေးပြိုင်ဖက် တစ်ယောက်ကဆိုရင် ၀န်ကြီးချုပ်မိုဒီရဲ့ ‘ငွေမည်း’ နှိမ်နှင်းမှုမှာ ခရိုနီတွေ မပါဘူးလားဆိုပြီးတော့တောင် မေးခွန်းထုတ်ခဲ့ပါတယ်။

    ရက်ဒီဟာ အရင်က လက်ရှိအာဏာရပါတီ BJP ပါတီဝင်ဖြစ်ခဲ့ဖူးပြီး လာဘ်စားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရကာ ပြီးခဲ့တဲ့နှစ်ကမှ အာမခံနဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

    hall
    မင်္ဂလာပွဲကျင်းပရာ ဘန်ဂလောရ်နန်းတော်

    ဘန်ဂလာရ်ပြည်နယ်က ‘ဘန်ဂလောရ် နန်းတော်’ (Bangalore Palace) မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေ၊ သီးသန့်လျှောက်လမ်း ဖန်တီးမှုတွေကို လပေါင်းများစွာအရင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကျင်းပမယ့်နေရာကို ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းပုံစံမျိုး ဖန်တီးပေးဖို့အတွက် ဘောလီးဝုဒ်က ဒါရိုက်တာ ၈ ယောက်ကို ခေါ်ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

    မင်္ဂလာပွဲတက်ရောက်လာတဲ့ သူတွေကိုတော့ ဂိတ်ပေါက်ဝကနေ ဇိမ်ခံလှည်းယာဉ်တွေနဲ့ နန်းတော်ကို ခေါ်ဆောင်မှာဖြစ်ပြီး နန်းတော်ဝန်းထဲမှာ သီးသန့်ပြုလုပ်ထားတဲ့ ရွာကြီးထဲမှာ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။

    ဒီမင်္ဂလာပွဲဟာ အလွန်ငွေကြေးကုန်ကျတဲ့ မင်္ဂလာပွဲဖြစ်ပေမယ့် နောက်ထပ် ငွေကို ရေလိုသုံးကာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတွေလည်း ရှိပါတယ်။

    ၂၀၀၄ ခုနှစ်က အိန္ဒိယရဲ့ ဒုတိယအချမ်းသာဆုံးသူဌေးကြီးရဲ့ သမီး ဗာနီရှာ မစ်တယ်ဟာ အေမစ် ဘဟာတီယာနဲ့ ပြုလုပ်တဲ့ လက်ထပ်ပွဲမှာ ကန်ဒေါ်လာ ၇၄ သန်းလောက် ကုန်ကျပြီး Forbes ကတော့ မိသားစုက ဧည့်သည် ၁၀၀၀ ကို ပြင်သစ်ကို ခေါ်သွားပြီး ဗာဆိုင်လီမှာ မင်္ဂလာပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ရဲ့ ၁၉၈၁ ခုနှစ်က လက်ထပ်ပွဲမှာတော့ ကန်ဒေါ်လာ ၃၇.၂ သန်း ကုန်ကျခဲ့ပြီး ဒီနေ့ငွေကြေးနဲ့တွက်ရင် သန်း ၁၀၀ ကျော် ရှိပါတယ်။ သူတို့ရဲ့သားဖြစ်တဲ့ မင်းသား ၀ီလီယံနဲ့ ကိသ် မစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကတော့ ဒေါ်လာ ၂၇ သန်းလောက်သာ ကုန်ကျခဲ့ပါတယ်။

    ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာပွဲကတော့ ရုရှား ဘီလျံနာတစ်ဦးရဲ့သား စအစ် ဂက်ဆာရစ်ဗ်နဲ့ ခါဒီဂျာ အူဇာကော့ဗ်တို့ရဲ့ မတ်လက မော်စကိုမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲဖြစ်ပြီး သတို့သမီး ၀တ်စုံတစ်ခုတည်းအတွက်ကို ကန်ဒေါ်လာ ၁.၂ သန်းပေးခဲ့ရပါတယ်။ မင်္ဂလာပွဲတစ်ခုလုံးအတွက် ကုန်ကျစားရိတ်ကတော့ ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။

    Ref: BBC