News @ M-Media

Tag: India

  • ဥရောပသို့ရောက်မည့် အီရန်၏ ရထားလမ်းစီမံကိန်းတွင် အိန္ဒိယပါဝင်ချင်

    ဥရောပသို့ရောက်မည့် အီရန်၏ ရထားလမ်းစီမံကိန်းတွင် အိန္ဒိယပါဝင်ချင်

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    india-rail

    – အီရန်တောင်ပိုင်း ဆိပ်ကမ်းတစ်ခုမှစတင်ပြီး အလယ်အာရှနိုင်ငံများကိုဖြတ်၍ ပင်လယ်မှတစ်ဆင့် ဥရောပကို ရောက်ရှိမည့် နိုင်ငံစုံဖြတ် ရထားလမ်းတစ်ခုတည်ဆောက်မည့် စီမံကိန်းတွင် ၀င်ရောက်ပူးပေါင်းရန် အိန္ဒိယ စိတ်ဝင်စားနေသည်ဟု အီရန်က ပြောကြားလိုက်သည်။

    အီရန်၏ ကားလမ်းနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးနှင့် လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် သယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဒါဗူဒ် ကီရှာဗာဇီယန်က ထိုကဲသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်-ဥရောပ ကားလမ်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည့် ဂျော်ဂျီယာနိုင်ငံကမူ မြေပြင်လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ရန်အတွက် တိုက်တွန်းဆော်သြထားသည်ဟု ဆိုသည်။

    စီမံကိန်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မကြာမီကာလတွင် နည်းပညာပိုင်းဆိုင်ရာများ ဆွေးနွေးမည့် ကျွမ်းကျင်ပညာရှင်အဆင့် တွေ့ဆုံပွဲတစ်ခု ကျင်းပမည်ဟု ကီရှာဗာဇီယန်ကဆိုပြီး၊ ၀န်ကြီးအဆင့် နောက်ဆုံးသဘောတူညီချက် လက်မှတ်ရေးထိုးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံဖြတ်ကျော်လမ်းမှာ အီရန်နိုင်ငံ ဘန်ဒါရ်အဘတ်စ်ဆိပ်ကမ်းမှ စတင်ကာ အဇာဘိုင်ဂျန်၊ အာမေးနီးယားနှင့် ဂျော်ဂျီယာနိုင်ငံတို့ကို ဖြတ်သွားမည်ဖြစ်သည်။ ဂျော်ဂျီယာသို့ရောက်သည့်အခါ ဘာတူမီနှင့် ပိုတီဆိပ်ကမ်းများမှတစ်ဆင့် ကုန်ပစ္စည်းများကို သင်္ဘောဖြင့် ဘူဂေးရီးယာ၊ ရိုမေးနီးယားနှင့် အခြားသော ဥရောပနိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်သည်။

    အီရန်နိုင်ငံမှာ တောင်-မြောက်ဖြတ်ကျော်လမ်း (NTSC) ဟု ခေါ်သည့် နိုင်ငံဖြတ်ကျော်လမ်းတစ်ခု ဖောက်လုပ်ရာတွင်လည်း ပါဝင်နေပြီး အဆိုပါစီမံကိန်းကို ရုရှားက လုပ်ဆောင်ခြင်းဖြစ်သည်။ စီမံကိန်းပြီးဆုံးပါက ဆူးအက်တူးမြောင်းနှင့် အပြိုင်ဖြစ်လာမည်ဖြစ်ပြီး ဥရောပမြောက်ပိုင်းမှ အာရှတောင်ပိုင်းကို သွားရောက်နိုင်မည်ဖြစ်သည်။

    Ref : Presstv

  • ခြစားမှု၊ ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ကြောင်း အိန္ဒိယ ကြေငြာ

    ခြစားမှု၊ ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို တရားမ၀င်ကြောင်း အိန္ဒိယ ကြေငြာ

    နိုဝင်ဘာ ၉၊ ၂၀၁
    M-Media

    rupia
    တရားမ၀င်ကြောင်းကြေငြာခဲ့သည့် ၁၀၀၀ တန်နှင့် ၅၀၀ တန် ရူပီး

    – လက်ရှိအသုံးပြုနေသည့် ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်များမှာ နိုဝင်ဘာ ၈ ရက်နေ့ သန်းခေါင်ယံအချိန်မှစ၍ တရားမ၀င်တော့ဟု အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ကြေငြာလိုက်သည်။

    ယမန်နေ့က ရုပ်သံမှတစ်ဆင့် တိုင်းပြည်သို့ပြောကြားသည့်မိန့်ခွန်းတွင် မိုဒီက ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ထိုငွေများအစား ရူပီး ၂၀၀၀ တန်နှင့် ၅၀၀ တန်အသစ်တို့ကို ပြန်လည်ထုတ်ဝေသွားမည်ဟုဆိုသည်။

    ထိုမိန့်ခွန်းတွင် မိုဒီက မိမိတို့နိုင်ငံမှာ စီးပွားရေး အလျင်အမြန်တိုးတက်နေသည့်နိုင်ငံ ဖြစ်သော်လည်း ခြစားမှုတွင် ကမ္ဘာ့ထိပ်ဆုံး၌ ရှိနေကြောင်း၊ ငွေမဲများနှင့် ခြစားမှုမှာ တိုင်းပြည်တွင် အမြစ်တွယ်နေပြီး ဆင်းရဲမွဲတွေမှုလျှော့ချရန်အတွက် အကြီးမားဆုံး အဟန့်အတားများဖြစ်နေကြာင်း၊ အိန္ဒိယ၏ သာမန်နိုင်ငံသားများမှာ ရိုးသားစွာနေကြသော်လည်း ငွေမည်းနှင့် ခြစားမှုများက အတွင်းတွင် လှိုက်စားနေကြောင်း မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။

    ပြည်သူများအနေဖြင့် တရားမ၀င်ကြောင်း ကြေငြာထားသည့် ၅၀၀ တန်နှင့် ၁၀၀၀ တန်များကို စာတိုက်များ၊ ဘဏ်များတွင် ရက် ၅၀ အတွင်း သွားရောက်လဲလှယ်နိုင်မည်ဖြစ်ပြီး ထိုရက်အတွင်း မလဲနိုင်ပါက ဗဟိုဘဏ်တွင် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လဲလှယ်နိုင်မည်ဖြစ်သည်။

    rupia-2
    အသစ်ထုတ်ဝေမည့် ၅၀၀ တန်နှင့်၊ ၂၀၀၀ တန် ရူပီး

    နိုင်ငံတစ်ဝှမ်းမှ အေတီအမ်စက် အများအပြားကို နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ပိတ်ထားမည်ဖြစ်ပြီး၊ အစိုးရ ဆေးရုံများ၊ အစိုးရက ဖွင့်လှစ်ထားသည့် စတိုးဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လက်မှတ်ကောင်တာများတွင်မူ အဆိုပါ ငွေကြေးများကို နိုဝင်ဘာ ၁၁ ရက်နေ့ ည သန်းခေါင်ယံအချိန်အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

    ထို့ပြင် ဘဏ်လုပ်ငန်းများအားလုံးကို နိုဝင်ဘာ ၉ ရက်နေ့တွင် ရပ်ဆိုင်းထားမည်ဖြစ်သည်။

    မိုဒီကမူ မိမိတို့အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဆင်းရဲသားလူတန်းစားအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ နှစ်ခွဲကြာ ကာလအတွင်း ငွေမည်း ၁.၂၅ ကုဋေ ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Hindustantimes

  • ဒေလီတွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    ဒေလီတွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media

    india

    – ကမ္ဘာ့ လူနေအထူထပ်ဆုံးဖြစ်သော ဒေလီမြို့တွင် ရက်အနည်းငယ်အကြာ လေထုညစ်ညမ်းမှုများ ဖြစ်ပြီးနောက် စာသင်ကျောင်းများ ပိတ်လိုက်ရကာ၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး အဓိက ဓာတ်အားပေးစက်ရုံတစ်ခုကိုလည်း ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။

    အိန္ဒိယရှိ အခြားပြည်နယ်များတွင် လယ်သမားများက ကောက်ရိတ်သိမ်းပြီး စိုက်ခင်းများမီးရှို့ခဲ့ခြင်း၊ ရာသီဥတု အေးလာခြင်းတို့ကြောင့် ဒေလီတွင် မီးခိုးများဖုံးလွှမ်းကာ ထိုကဲ့သို့ လေထုညစ်ညမ်းခဲ့ခြင်းဖြစ်သည်။

    ဆောင်းရာသီတွင် ဒေလီမြို့၏ လေထုအရည်အသွေးမှာ များသောအားဖြင့် ဆိုးရွားလေ့ရှိပြီး အထူးသဖြင့် လူသန်းပေါင်းများစွာက ဗျောက်အိုးများ ပစ်ဖောက်မှု ပြုလုပ်ကြသည့် ဒေပါဝါလီပွဲတော်အပြီးတွင် ဖြစ်သည်။

    သို့သော်လည်း ယခုနှစ် လေထုညစ်ညမ်းမှုမှာမူ အလွန်ဆိုးရွားပြီး အမေရိကန် သံရုံးကမူ လာမည့်ရက်အနည်းငယ်အထိ လေထုအရည်အသွေးမှာ ဆက်လက် အန္တရာယ် ရှိနေမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လေထုညစ်ညမ်းမှုများကြောင့် တနင်္ဂနွေနေ့တွင် လူရာပေါင်းများစွာမှာ မျက်နှာဖုံးများဝတ်ဆင်ကာ ဒေလီမြို့လယ်ခေါင်တွင် စုဝေးပြီး ထိုပြဿနာအတွက် ချက်ချင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဒေလီ၏ လေထုညစ်ညမ်းမှုသည် လက်ရှိအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ပုံမှန်သတ်မှတ်ချက်ထက် အဆ ၃၀ ပိုများနေသည်။

    Ref : CNA

  • ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး

    ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    modi

    – အိန္ဒိယနှင့် ရုရှားတို့သည် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကာ ထိုဆောင်ရွက်မှုမှာ ကမ္ဘာ့မဟာမိတ်နိုင်ငံများဖြစ်မှုကို ပြန်လည်ပုံဖော်၍ အာဖဂန်နှင့် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ အရေးပါမှုကို သက်ရောက်စနိုင်သည့် ပူးပေါင်းဆာင်ရွက်ရေး ခေတ်သစ်ကို ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

    စာချုပ်များ လက်မှတ်ရေးထိုးပွဲကို အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ တက်ရောက်ခဲ့သည်။

    သဘောတူညီချက်များထဲ အကြီးဆုံးမှာ ရုရှားနိုင်ငံပိုင်ရေနံလုပ်ငန်း Rosneft က အိန္ဒိယ၏ Essar ရေနံကုမ္ပဏီနှင့် အခြားလုပ်ငန်းစုများနှင့် လက်မှတ်ရေးထိုးမှုဖြစ်သည်။ အဆိုပါ ဒေါ်လာ ၁၂.၉ ဘီလီယံ သဘောတူညီချက်အရ Rosneft ကုမ္ပဏီသည် Essar နှင့် ၎င်းပိုင်ဆိုင်သည့် ဆိပ်ကမ်းလုပ်ငန်းများတွင် ရှယ်ယာများ ၀ယ်ယူသွားမည်ဖြစ်သည်။

    အခြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုမှာ နျူကလီးယားနယ်ပယ်တွင် ဖြစ်ပြီး လက်ရှိတွင် ရုရှားမှာ တမီလ်နန်ဒူးပြည်နယ်ရှိ နျူဓာတ်အားပေးစက်ရုံတွင် တတိယနှင့် စတုတ္ထမြောက် နျူဓာတ်ပေါင်းဖိုများ စတင် ဆောက်လုပ်နေပြီဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာမည့် နှစ် ၂၀ အတွင်း အိန္ဒိယ၌ နျူဓာတ်ပေါင်းဖို တစ်ဒါဇင်ခန့် ဆောက်လုပ်သွားရန်လည်း ၎င်းတို့နှစ်နိုင်ငံက သဘောတူခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များလည်း ရရှိခဲ့ပြီး ပူတင်နှင့် မိုဒီ ၂ ဦးစလုံးကမူ အဆိုပါ သဘောတူညီချက်များက နိုင်ငံတကာအရေးကိစ္စများတွင် မိမိတို့နှစ်နိုင်ငံ၏ သဘောထားတူညီမှုကို ရောင်ပြန်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    Ref : Presstv

  • ရဲတပ်ဖွဲ့က ကလေးတစ်ဦးကို ပစ်သတ်ပြီးနောက် ကက်ရှ်မီးယားတွင် ဆန္ဒပြမှုဖြစ်

    ရဲတပ်ဖွဲ့က ကလေးတစ်ဦးကို ပစ်သတ်ပြီးနောက် ကက်ရှ်မီးယားတွင် ဆန္ဒပြမှုဖြစ်

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    kas

    – အိန္ဒိယရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့် ပစ်ခတ်မှုများနှင့် မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွဲခဲ့ရသည်ဟု သိရသည်။

    ဂျူနိုက် အဟ်မဒ်ဆိုသည့် လူငယ်လေးဖြစ်ပြီး ယမန်နေ့က ၎င်း၏အိမ်ရှေ့ မျက်ခင်းပြင်တွင် ရဲတပ်ဖွဲ့၏ စတီးကျည်ဆံများဖြင့် ပစ်ခတ်မှုကို ခံရပြီးနောက် ဒေသတွင်းဆေးရုံတွင် ယနေ့မနက်ပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကမူ ထိုကလေးငယ်မှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆေးကုသပေးခဲ့သည့် ဆရာဝန်က အဟ်မဒ်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် စတီးကျည်ဆံများ ထိမှန်ခဲ့သည်ဟု ဆိုသည်။

    အဟ်မဒ်သေဆုံးသည့် သတင်း ပြန့်နှံ့သွားပြီးနောက် ကက်ရှ်မီးယားပြည်သူ ထောင်ပေါင်းများစွာမှာ လမ်းပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ‘အိန္ဒိယထွက်သွား။ ပြန်တော့’ ‘ငါတို့ လွတ်မြောက်မှုလိုချင်တယ်’ ဟု ကျွေးကြော်ခဲ့ကြပြီး အဟ်မဒ်၏ ရုပ်အလောင်းကို သယ်ဆောင်ကာ အာဇာနည်ဗိမာန်သို့ ချီတက်သွာခဲ့ကြသည်။

    ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဆရီနာဂါဒေသ၌ ကာဇျူးအမိန့် ထုတ်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ မိမိတို့နေဖြင့် အဆိုပါ ဆန္ဒပြမှု မပြန့်နှံ့သွားစေရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများအားလုံးကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

    သောကြာနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နှင်းမှုကြောင့် လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လအတွင်းက နာမည်ကြီး သူပုန်တပ်မှူးတစ်ဦးကို အိန္ဒိယစစ်ပတ်က သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ဆန္ဒမပြမှုများတွင် အစိုးရတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကက်ရှ်မီးယားပြည်သူ အနည်းဆုံး ၉၀ ခန့် သေဆုံးခဲ့ပြီး ထောင်နှင့် ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera