News @ M-Media
Tag: international short news
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၁၁၊ ၂၀၁၅)
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    ကက်သလစ်ဘုန်းတော်ကြီးဟောင်း တရားရုံးမတက်မီ ဆေးရုံသို့ ပို့ခဲ့ရ
    ………………………….
    ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ယနေ့တွင် ကြားနားမှုပြုလုပ်ခဲ့သည့် ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟောင်း ၀ီဆိုလိုစကီးမှာ ကြားနာမှုမတိုင်ခင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကြပ်မတ်ကုသမှု ခံယူခဲ့ရသည်ဟု သိရသည်။ အသက် ၆၆ နှစ်အရွယ် ၀ီဆိုလိုစကီး မရှိသော်လည်း တရားရုံးက ကြားနာမှုများ ပြုလုပ်ခဲ့သည်။ ၀ီဆိုလိုစကီးအား ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကက်သလစ်အသင်းတော်တွင် ထိုရာဇ၀တ်မှုဖြင့် တရားရင်ဆိုင်ရသည့် ပထမဆုံး
    အဆင့်မြင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။
    တစ်ပတ်ကြာ ယီမင်အပစ်ရပ်ရေး ပျက်ပြယ်
    ………………………………..
    ကုလက ကြားဝင်ခဲ့ပြီး ယမန်နေ့ည သန်းခေါင်ယံက စတင်ခဲ့သည့် တစ်ပတ်ကြာ ယီမင်အပစ်ရပ်ရေးမှာ နာရီအနည်းငယ်ကြာတွင်ပင် ပျက်ပြယ်ခဲ့ရပြီး တိုက်ခိုက်မှုများ အကြီးအကျယ် ပြန်လည်ဖြစ်ပွားနေသည်။ အပစ်ရပ်ရေး ပျက်ပြယ်မှုအတွက် သူပုန်များနှင့် ပြည်ပရောက်အစိုးရ ထောက်ခံသူတပ်များက အပြန်အလှန် အပြစ်တင် ပြောဆိုခဲ့ကြသည်။ ဆော်ဒီအာရေဗျ ဦးဆောင်သည့် မဟာမိတ်များကလည်း ဟူသီများအား လေကြောင်းမှ ဗုံးကြဲမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
    ဆရီဘရီနီကာ အောက်မေ့ဖွယ်အခမ်းအနား ဘော့စနီးယားတွင် ပြုလုပ်
    …………………………………..
    ၁၉၉၅ ခုနှစ် ဘော့စနီးယားစစ်ပွဲ အဆုံးသတ်ကာနီး အချိန်တွင် ဆရီဘရီနီကာမြို့၌ ဘော့စနီးယားမွတ်စလင်အမျိုးသားနှင့် ယောက်ျားလေး ၈၀၀၀ ကျော်ကို ဆာ့ဘ်စစ်သားများက သတ်ဖြတ်ခဲ့သည့် နှစ် ၂၀ မြောက် အခမ်းအနားကို ယနေ့တွင် အဆိုပါမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ မည်သည်သူမည်ဝါမှန်း ဖော်ထုတ်ပြီးသည့် ရုပ်ကြွင်းသစ် ၁၃၆ ခုကိုလည်း မြို့အပြင်ဘက်ရှိ
    အောက်မေ့ဖွယ်စင်တာတွင် ထပ်မံ မြှုပ်နှံခဲ့သည်။ အောက်မေ့ဖွယ်အခမ်းအနားသို့ ဆားဘီးယား
    ဗန်ပါစီကို ဖီနာဘာချီ ခေါ်ယူနိုင်ပြီ
    …………………………
    မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဗန်ပါစီ၏ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပြီဟု တူရကီကလပ် ဖီနာဘာချီအသင်း ဥက္ကဌ အဇစ် ယီလ်ဒီရင်မ်က ယနေ့တွင် ပြောကြားလိုက်သည်။ ဗန်ပါစီအတွက် ကြာသာပတေးနေ့က မန်ယူနှင့် ဖီနာဘာချီတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယမန်နေ့ည သန်းခေါင်ယံအချိန်မှ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီမှာ မန်ယူ ကစားသမားဟောင်း နာနီနှင့် ဖီနာဘာချီတွင် ပြန်လည် တွေ့ဆုံရမည်ဖြစ်သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၁၀၊ ၂၀၁၅)
    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media
    ခြစားသူများကို ပိုမိုပြင်းထန်စွာအပြစ်ပေးရန် တရုတ်အစိုးရ တာဝန်ရှိသူ တိုက်တွန်း
    ……………………………
    အာဏာရ ကွန်မြူနစ်ပါတီမှ ခြစားသော အဖွဲ့ဝင်များအား ပြင်းပြင်းထန်ထန် အပြစ်ပေးရန်နှင့် ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းများ ချမှတ်ရန် တရုတ်ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ ၀မ်ကွီရှန်က ပြောကြားခဲ့သည်။ သမ္မတ ဇီဂျင်ပင်း တက်လာခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရအတွင်းရှိ ခြစားမှုများကို တိုက်ဖျက်လာသည်မှာ ၃ နှစ်ကျော် ရှိလာပြီဖြစ်ပြီး အကြီးတန်း
    နိုင်ငံရေးသမား၊ စစ်ဘက်နှင့် နိုင်ငံတော်ပိုင် လုပ်ငန်းများမှ တာဝန်ရှိသူအချို့မှာ အရေးယူခြင်း ခံခဲ့ရသည်။
    အီရန်နျူအရေး နောက်ဆုံးရက်တွင် သဘောတူညီချက် မရသေး
    …………………………………
    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူအရေး သဘောတူညီချက်မှာ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင်လည်း သဘောတူညီချက် မရသေးဘဲ အီရန်ကမူ အနောက်နိုင်ငံများမှာ အနောက်ပြန်သွားနေသည်ဟု စွပ်စွဲခဲ့ပြီး အမေရိကန်က မိမိုတို့မှာ ဆွေးနွေးပွဲမှ ထွက်ခွာရန်
    စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။ အီရန်၏ ဒုတိယသမ္မတဖြစ်သူ ဂျာဟန်ဂူရီက အနောက်နိုင်ငံများမှာ လွန်လွန်ကျူးကျူး တောင်းဆိုမှုများကို စွန့်လွှတ်လျှင် ဆွေးနွေးမှုတွင် ကောင်းမွန်သော သဘောတူညီချက်ရမည်ဟု ဆိုသည်။
    ဂျပန်တွင် တိုင်းဖုန်းမုန်တိုင်းကြောင့် လူ ၂၀ ခန့် ဒဏ်ရာရ
    …………………………….
    ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ချန်ဟွန် ဟု အမည်ရသည့် မုန်တိုင်းတစ်ခု ယနေ့တွင် တိုက်ခတ်ခဲ့ပြီး လူ ၂၀ ခန့်ဒဏ်ရာရခဲ့ကာ ၁၈၀ ခန့် ဘေးလွတ်ရာသို့ ရွှေပြောင်းပေးခဲ့ရသည်။ ယခုအချိန်တွင် ထို တိုင်ဖုန်းမှာ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံများသို့ ဦးတည်နေသည်။ အဆိုပါ မုန်တိုင်းမှာ ယခုသီတင်းပတ် အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံသို့လည်း ၀င်ရောက်ခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၈၊ ၂၀၁၅)
    ဇူလိုင် ၈၊ ၂၀၁၅
    M-Media
    ဗီယက်နမ်ကွန်မြူနစ်အကြီးအကဲတစ်ဦး အိမ်ဖြူတော်တွင် အိုဘားမားနှင့်တွေ့ဆုံ
    …………………………….
    ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ အထွေထွေအတွင်းရေးမှူး ငုယင် ပူသရောင်မှာ ယနေ့တွင် အိမ်ဖြူတော်၌ သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးကိစ္စများ၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် အငြင်းပွားနေသည့် ပိုင်နက်ကိစ္စများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ဗီယက်နပ်စစ်ပွဲပြီးနောက် ပူသရောင်၏ ယခု အမေရိကန်ခရီးစဉ်မှာ သမိုင်းဝင်ခရီး ဖြစ်ခဲ့ပြီး အိုဘားမားကလည်း နှစ်နိုင်ငံဆက်ဆံရေးကို ချီးကျူးခဲ့ကာ သိပ်မကြာခင်အချိန်တွင် ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဟု ပြောကြားခဲ့သည်။
    တာလီဘန်နှင့် အာဖဂန်အစိုးရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
    ………………………………….
    အာဖဂန်အစိုးရနှင့် တာလီဘန်တို့ ပါကစ္စတန်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သြဂုတ်လဒုတိယပတ်အတွင်း ဒိုဟာ၌ နောက်ထပ်တစ်ကြိမ်တွေ့ဆုံရန် သဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်ကမူ အဆိုပါ ဆွေးနွေးပွဲမှာ အခက်အခဲများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
    IS အားတိုက်ရန် ဆီးရီးယားတွင် အမေရိကန်က လူ ၆၀ သာ လေ့ကျင့်ပေးခဲ့
    …………………………..
    IS အား တွန်းလှန်ရေးအတွက် ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေးသမားများအား အမေရိကန်က လေကျင့်ပေးသည့် အရေအတွက်မှာ ၆၀ သာရှိသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ကွန်ဂရက်စ်သို့ ယနေ့တွင် ၀န်ခံပြောကြားခဲ့သည်။ ဂျော်ဒန်နှင့် တူရကီတို့တွင် ပြီးခဲ့သည့် မေလက စတင်ခဲ့သည့် အဆိုပါ လေ့ကျင့်ရေးမှာ တစ်နှစ်လျှင် တိုက်ခိုက်ရေးသမား ၅၄၀၀ ကျော် မွေးထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ချီလီကွင်းလယ်လူ ဗီဒဲလ် အရက်မူးပြီး ကားမောင်းမှုဖြင့် လိုင်စင် ၂ နှစ် ပိတ်သိမ်းခံရ
    ………………………..
    ကိုပါအမေရိက အုပ်စုအဖွင့်ပွဲစဉ်ပြီးနောက် ကားတိုက်မှုဖြစ်ခဲ့သည့် ချီလီကွင်းလယ်လူ အာတူရိုဗီဒဲလ်မှာ အရက်မူးပြီး ကားမောင်းသည့်အမှုဖြင့် ကားမောင်းခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရသည်။ ထို့ပြင် အခင်းဖြစ်ပွားမှုတွင် ထိခိုက်ခဲ့သည့် ဒေသအတွက် လှူဒါန်းမှုများ ပြုလုပ်ရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ လာရောက်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဗီဒဲလ်က စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၇၊ ၂၀၁၅)
    နိုင်ငံတကာသတင်းတို (ဇူလိုင် ၇၊ ၂၀၁၅)
    ဇူလိုင် ၇၊ ၂၀၁၅
    M-Media
    ယီမင်တွင် အရပ်သားသေဆုံးမှု ၁၅၀၀ ကျော်ပြီ
    ………………………….
    ယီမင်နိုင်ငံအတွင်း တိုက်ခိုက်မှုများကြောင့် မတ်လ ၂၇ ရက်နေ့မှစ၍ သေဆုံးသူ အရပ်သားအရေအတွက်မှာ ၁၅၀၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူမှာ ၃၆၀၀ ကျော်ရှိပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင်
    ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ဟူသီသူပုန်များက မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည် မတ်လတွင် ဆော်ဒီက ဟူသီသူပုန်များအား ဗုံးကြဲမှုကို စတင်လုပ်ဆောင်ခဲ့သည်။
    အီရန် နျူသဘောတူညီချက် မနက်ဖြန်တွင် ရနိုင်ဖွယ်ရှိ
    ………………………………..
    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေးနေသော နျူအရေးမှာ ဇူလိုင် ၈ ရက်မနက်ထက် နောက်မကျဘဲ သဘောတူညီချက်ရရှိမည်ဟု အီရန်ရှိ ထိပ်တန်းရင်းမြစ်တစ်ခုက TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။ သဘောတူညီချက်အတွက် နောက်ဆုံးရက်မှာ ယနေ့တွင်ဖြစ်ပြီး ကုလမှ အီရန်အား တိုက်ချင်းပစ်ဒုံးကျည် ရောင်းဝယ်ခြင်း ပိတ်ဆို့ထားမှုအတွက် အချေအတင်
    ဆွေးနွေးနေကြသည်။ အမေရိကန်အစိုးရကမူ ဆွေးနွေးမှုကို ဇူလိုင်လ ၁၀ ရက်နေ့အထိ ထပ်တိုးသွားမည်ဟု ကြေညာခဲ့သည်။
    ဂရိဘဏ်များတွင် ငွေကုန်တော့မည်
    …………………………..
    ကြွေးရှင်နိုင်ငံများ၏ အဆိုပြုချက်ကို ကန့်ကွက်ခဲ့သည့် ဂရိနိုင်ငံရှိ ဘဏ်များတွင် ငွေသားများ ကုန်တော့မည်ဟု ၀န်ကြီးချုပ် တီစီပရက်စ်က ယနေ့တွင် ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်မှာ နိုင်ငံအား အကြွေးမှကယ်တင်ရေး အဆိုပြုချက်အသစ်ကို ကိုင်ဆောင်ကာ ယနေ့တွင်
    ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း ဥရောပနိုင်ငံများက တီစီပရ်စ်အား ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ဥရောပဇုန် တာဝန်ရှိသူတစ်ဦးကမူ မည်သည့် အဆိုပြုချက်ကိုမှ ယနေ့တွင် လက်မခံခဲ့ဟု ပြောကြားခဲ့သည်။
    လက်ဝှေ့ကျော်မေ၀ယ်သာ ၀ယ်သာဝိတ်ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ
    …………………………………….
    WBO သို့ ပေးရန်ရှိသည့် ဒဏ်ကြေး ဒေါ်လာ ၂ သိန်းကို နောက်ဆုံးရက်ဖြစ်သော သောကြာနေ့တွင် ပေးအပ်ခြင်းမရှိသောကြောင့် ပက်ကွီအိုအားနိုင်ကာ ရရှိထားသည့် မေ၀ယ်သာ၏ ကမ္ဘာ့ဝယ်သာဝိတ်ချန်ပီယံဘွဲ့ကို WBO က ရုပ်သိမ်းလိုက်သည်။ မတူညီသော ၀ိတ်တန်းများတွင် တစ်ချိန်တည်း ချန်ပီယံဘွဲ့များကို ရယူထားခြင်း မရှိရဟူသော လက်ဝှေ့လောက၏ စည်းမျဉ်းအရ
    မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ထားသည့် မေ၀ယ်သာမှာ ထိုကဲ့သို့ ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၅၊ ၂၀၁၅)
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    တရုတ်နိုင်ငံတွင် ဖိနပ်စက်ရုံပြိုကျ၍ လူ ၉ ဦးသေဆုံး
    ………………………..
    တရုတ်နိုင်ငံအရှေ့ပိုင်း ဇီဂျီယန်ပြည်နယ် ၀မ်လင်းမြို့ရှိ ဖိနပ်စက်ရုံတစ်ခုမှာ ယနေ့တွင် ပြိုကျမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့သည်။ အပျက်အဆီးများအောက်တွင် ပိမိနေသူ အလုပ်သမား ၄၂ ဦးကို ကယ်ထုတ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် အဆိုပါ ၉ ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး စက်ရုံပြိုကျမှု၏ အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    ချွေတာရေးအစီအစဉ်ကို ထောက်ခံပါက ဂရိဘဏ္ဍာရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်မည်
    ………………………………
    ကြွေးရှင်နိုင်ငံများက အဆိုပြုထားသည့် ချွေတာရေးအစီအစဉ်အတွက် ယနေ့တွင်ပြုလုပ်မည့် ပြည်သူဆန္ဒခံယူပွဲတွင် ပြည်သူများက ထောက်ခံမဲပေးခဲ့ပါက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်သွားမည်ဟု ဂရိဘဏ္ဍာရေးဝန်ကြီး ယာနစ် ဗာရူဖာကစ်က ဂျာမနီသတင်းစာ Blid သို့ ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်ကို ပြည်သူများက ထောက်ခံပါက ဂရိမှာ အကြွေးပြဿနာ ဖြေရှင်းရန်အတွက် ငွေးကြေးအကူညီ ရမည်ဖြစ်ပြီး ကန့်ကွက်ပါက ဥရောပဇုန်မှ ထွက်ရဖွယ်ရှိနေသည်။
    ပြည်တွင်းဖြစ် ရေဒါစနစ်အသစ်ကို အီရန်ချထား
    ………………………..
    ပြည်တွင်း၌ထုတ်လုပ်ပြီး တာဝေးအတွက် ဖမ်းယူနိုင်မည့် ရေဒါစနစ်တစ်ခုကို လေကြောင်းရန် ကာကွယ်ရေးအတွက် တပ်ဆင်ချထားလိုက်ပြီဟု အီရန်နိုင်ငံက ကြောလိုက်သည်။ အဆိုပါ ရေဒါစနစ်မှာ လေယာဉ်အား ၆၀၀ ကီလိုမီတာ အကွာအဝေးမှလည်းကောင်း၊ တိုက်ချင်းပစ်ဒုံးကျည်အား ၁၁၀၀ ကီလိုမီတာ အကွာအဝေးမှလည်းကောင်း ဖမ်းယူနိုင်မည်ဖြစ်ပြီး
    လူမဲ့ ဒရုန်းလေယာဉ်များကိုလည်း ဖမ်းယူနိုင်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    …………………………….
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်မှာ နိုင်ငံပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဒေါ်လာ သန်း ၇၀၀ နီးပါး ရယူခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၀န်ကြီးချုပ်၏ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အရေးအပေါ်အစည်းအဝေးခေါ်ရန် မလေးရှားရှိ အဓိကအတိုက်အခံပါတီ ၂ ခုက ပါလီမန်အား ယနေ့တွင် တောင်းဆိုလိုက်သည်။
    Ref: News Agencies