News @ M-Media
Tag: international short news
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၃၊ ၂၀၁၅)
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    တရုတ်တွင် ငလျင်လှုပ်၊ လူ ၆ ဦးသေဆုံး
    …………………………
    တရုတ်နိုင်ငံအနောက်ပိုင်း ဇင်ဂျန်းပြည်နယ်တွင် ပြင်းအား ၆.၄ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့တွင် လှုပ်ခတ်သွားသောကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူနေအိမ်ပေါင်း အနည်းဆုံး ၃၀၀၀ ခန့် ပျက်ဆီးခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။ တရုတ်နိုင်ငံတွင် ငလျင်များ မကြာခဏ လှုပ်လေ့ရှိပြီး ၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၇၀၀၀၀ နီးပါး သေဆုံးခဲ့သည်။
    ထိုင်းရှိ မားစ်လူနာ ဆေးရုံကဆင်း
    ……………………..
    မားစ်ရောဂါကြောင့် ပြီးခဲ့သည့်လကတည်းက ဆေးကုသမှုခံယူနေရသည့် အသက် ၇၅ နှစ်အရွယ် အိုမန်အဘိုးအိုမှာ ရောဂါပျောက်ကင်း၍ ဆေးရုံးမှ ဆင်းသွားပြီဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါ အဘိုးအိုမှာ ထိုင်းနိုင်ငံသို့ နှလုံးရောဂါကုသရန် လာရောက်စဉ် ဘန်ကောက်လေဆိပ်၌ မားစ်ရောဂါပိုး တွေ့ခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် မားစ်ရောဂါပိုး
    ပထမဆုံးတွေ့ရခြင်းလည်း ဖြစ်သည်။ ထိုအဖိုးအိုမှာ အိုမန်သို့ ချက်ခြင်း ပြန်မည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်၍ မားစ်ရောဂါသံသယဖြင့် စောင့်ကြည့်ခံနေရသူ ၁၇၆ ဦးတွင်လည်း ရောဂါပိုးတွေ့ရှိခြင်းမရှိဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
    …………………………………
    အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည့် ၀ီကီလိခ်ဝဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယံ အက်ဆန်ဂီ၏ ခိုလှုံခွင့်တောင်းခံမှုအား ပြင်သစ်အစိုးရက ယနေ့တွင် ပယ်ချလိုက်ပြီး အက်ဆန်ဂီ၏ အခြေအနေမှာ လတ်တလောတွင် အန္တရာယ်မရှိသေးဟု ပြောကြားခဲ့သည်။ အက်ဆန်ဂီမှာ ဆွီဒင်အစိုးရ၏ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုစွဲချက်ကြောင့် လွန်ခဲ့သည့် ၃ နှစ်လုံးလုံး အီကွေဒေါရှိ လန်ဒန်သံရုံးတွင် နေထိုင်ခဲ့ရသည်။
    မန်စီးတီးနှင့် ပီအက်စ်ဂျီတို့အား ပိတ်ပင်မှုများကို ယူအီးအက်ဖ်အေ ပယ်ဖျက်
    ………………………………
    မန်ချက်စတာစီးတီးအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့၏ ချန်ပီယံလိဂ်လူစာရင်း ကန့်သတ်ထားမှုနှင့် အပြောင်းအရွှေ့ ပိတ်ပင်ထားမှုကို ပယ်ဖျက်လိုက်ပြီဟု ယူအီးအက်ဖ်အေက ကြေညာခဲ့သည်။ ၎င်းတို့နှစ်သင်းစလုံးမှာ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းကို ချိုးဖောက်သည့်အတွက်ကြောင့် အပြောင်းအရွှေ့ ပိတ်ပင်မှုနှင့် ချန်ပီယံလိဂ်တွင် ကစားသမား ၂၅ ဦးအစား ၂၁ ဦးဖြင့်သာ
    Ref: News Agencies
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၂၊ ၂၀၁၅)
    နိုင်ငံတကာ သတင်းတို (ဇူလိုင် ၂၊ ၂၀၁၅)
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    ဖိလစ်ပိုင်တွင် ခရီးသည်တင်သင်္ဘောမှောက်၊ ၃၀ ကျော်သေဆုံး
    ……………………………….
    ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် လူ ၂၀၀ နီးပါး တင်ဆောင်သွားသည့် သင်္ဘောတစ်စင်းမှာ ကြီးမားသော လှိုင်းဒဏ်ကြောင့် ယနေ့တွင် နစ်မြုပ်သွားခဲ့ပြီး အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အများစုမှာ အသက်ရှင်ခဲ့ပြီး
    ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ၁၂၇ ဦး အသက်ရှင်ခဲ့ကာ ၂၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။ ကျွန်းပေါင်း ၇၁၀၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် သင်္ဘောများတိမ်းမှောက်မှုကြောင့် ရာပေါင်းများစွာ သေဆုံးလေ့ရှိသည်။
    အီရတ်မြောက်ပိုင်းရှိ IS များအပေါ် စစ်တပ်အသာရနေ
    ……………………………..
    အီရတ်နိုင်ငံမြောက်ပိုင်း ဘိုင်ဂျီမြို့၏ ဧရိယာအများစုမှ IS တပ်များကို အီရတ်စစ်တပ်က ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး အနီးအနားရှိ ရေနံသန့်စင်စက်ရုံမှ IS တပ်ဖွဲ့များကိုလည်း မကြာမီ မောင်းထုတ်နိုင်တော့မည်ဟု ရှီအိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။ ဘိုင်ဂျီမြို့အား အီရတ်စစ်တပ်မှ ထိန်းချုပ်နိုင်ခဲ့ပါက IS များ သိမ်းပိုက်ထားသော မူဆိုးလ်မြို့ကို ထိုးစစ်ဆင်ရန် အခွင့်သာမည်ဖြစ်သည်။
    BBC မှ အလုပ်အကိုင် ၁၀၀၀ လျှော့ချမည်
    …………………………………..
    လိုင်စင်ကြေးရရှိမှု ဘက်ဂျက်တွင် ပေါင် သန်း ၁၅၀ ခန့် ကွာဟနေသောကြောင့် ဌာနအတွင်း အလုပ်အကိုင် ၁၀၀၀ ခန့်ကို လျှော့ချမည်ဟု BBC မှ အထွေထွေဒါရိုက်တာ တိုနီဟောလ်က ယနေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ လျှော့ချမှုမှ ပေါင် သန်း ၅၀ ခန့် ထွက်လာမည်ဖြစ်ပြီး နောက်ထပ် လျှော့ချမှုများကိုလည်း ပြုလုပ်သွားမည်ဟု ဟောလ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဘက်ဂျက်ကွာဟချက်မှာ တိုက်ရိုက်ထုတ်လွှင်သည့် ရုပ်သံလိုင်းကို မကြည့်ဟုပြောကာ လိုင်စင်ကြေးမပေးသည့် အိမ်များ တိုးလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
    ဗာတီကန်တွင် ပါလက်စတိုင်သံရုံးဖွင့်မည်
    ……………………………….
    လာမည့်နွေရာသီအကုန်တွင် ဗာတီကန်၌ ပါလက်စတိုင်းသံရုံးဖွင့်ရန် စီစဉ်နေသည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယဒ်မာလီကီက ယနေ့တွင်ပြောကြားခဲ့သည်။ ဗာတီကန်မှာ ပါလက်စတိုင်းအား ပြီးခဲ့သည့်လက လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၁၊ ၂၀၁၅)
    ဇူလိုင် ၁၊ ၂၀၁၅
    M-Media
    ဆိုဗီယက်နိုင်ငံဟောင်းများ၏ ခွဲထွက်မှုကို ရုရှား ပြန်သုံးသပ်မည်
    ………………………………………
    ၁၉၉၀နှင့် ၁၉၉၁ ခုနှစ်တွင် လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာမှုကို ထိုစဉ်က အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ဆိုဗီယက်ယူနီယံ၏ နိုင်ငံတော်ကောင်စီက အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် ပြန်လည်သုံးသပ်သွားမည်ဟု ရုရှားတရားသူကြီးချုပ်ရုံးက ယမန်နေ့တွင် ကြေညာခဲ့သည်။ ထိုသို့ကြေညာမှုက ဘော်လ်တစ်နိုင်ငံများကို သတိပေးလိုက်ခြင်းဖြစ်ပြီး လစ်သူယေးနီးယား သမ္မတကမူ မိမိတို့၏ လွတ်လပ်ရေးမှာ ပြည်သူများ၏ သွေးများနှင့် စွန့်လွှတ်စတေးမှုများဖြင့် ရရှိခဲ့ခြင်းဖြစ်ကာ မည်သူမှ ခြိမ်းခြောက်ခွင့်မရှိဟု တုံ့ပြန်ပြောကြားခဲ့သည်။
    သီရိလင်္ကာသမ္မတဟောင်း ၀န်ကြီးချုပ်အဖြစ် ၀င်ပြိုင်မည်
    ……………………………………….
    ပြီးခဲ့သည့်ဇန်န၀ါရီလက လက်ရှိသမ္မတ မိုင်သရီပါလာ ဆရီဆီနာ၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည့် သမ္မတဟောင်း ရာဂျာပက်စ်ကာက မိမိအနေဖြင့် လာမည့်လတွင်ပြုလုပ်မည့် ပါလီမန်ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်အဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘာသာရေးအခမ်းအနားတစ်ခု၌ တက်ရောက်လာသူများကို ပြောကြားခဲ့သည်။ ရာဂျာပက်စ်ကာမှာ နိုင်ငံတကာက အစွန်းရောက်အဖွဲ့ဟု သတ်မှတ်ခြင်းခံထားရသော BBS အဖွဲ့အား မျက်နှာသာပေးမှုဖြင့် အာဏာရှိစဉ်က ဝေဖန်ခံနေရသူဖြစ်ပြီး ရွေးကောက်ပွဲ နောက်ဆုံးအချိန်တွင် ရာထူး၌ဆက်ရှိရေးအတွက် စစ်တပ်ကို အာဏာသိမ်းခိုင်းသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
    ကန်-ကျူးဘား သံအဆက်အသွယ် ပြန်စမည်
    ……………………….
    ကျူးဘားနှင့် အမေရိကန်တို့မှာ သံရုံးများပြန်ဖွင့်ရန် သဘောတူညီခဲ့ကြပြီး သမ္မတ ဘာရက်အိုဘားမားကလည်း ယနေ့နှောင်းပိုင်းတွင် တရားဝင်ကြေညာသွားမည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ ရာစုနှစ်ထက်ဝက်ကျော် နှစ်နိုင်ငံ ရန်စောင်မှုများ ရှိခဲ့ပြီးနောက် ယခုသဘောတူညီမှုမှာ သမိုင်းဝင် သဘောတူညီချက်လည်း ဖြစ်သည်။ ဟာဗားနားရှိ အမေရိကန်သံရုံးမှာ ယခုလနှောင်းပိုင်းတွင် ပြန်ဖွင့်မည်ဟုဆိုသည်။ ဒီဇင်ဘာလက နှစ်နိုင်ငံသမ္မတများ လျှို့ဝှက်တွေ့ဆုံပြီးနောက် သံတမန်ဆက်သွယ်ရေးပြန်စတော့မည်ဟု အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။
    ဆောက်သက်တမ်နောက်ခံလူကို လီဗာပူးလ်ခေါ်ယူ
    …………………………………..
    လီဗာပူးလ်အသင်းမှာ ဆောက်သက်တမ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းအား ပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုကာ ယနေ့တွင် အပြီးသတ် လက်မှတ်ရေးထိုးလိုက်သည်။ ကလိုင်းကမူ ယခုကဲ့သို့ အသင်းကြီးတစ်သင်းတွင် ကစားခွင့်ရခြင်းမှာ အိပ်မက် အမှန်တကယ် ဖြစ်လာခြင်းဖြစ်ပြီး လီဗာပူးလ်နှင့်အတူ ဆုဖလားများ ရရှိလိမ့်မည်ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇွန် ၃၀၊ ၂၀၁၅)
    ဇွန် ၃၀၊ ၂၀၁၅
    M-Media
    အင်ဒိုစစ်တပ်လေယာဉ် ပျက်ကျမှု လူ ၁၀၀ ကျော်သေဆုံး
    …………………………………
    အင်ဒိုနီးရှားလေတပ်မှ လူပေါင်း ၁၁၃ ဦး စီးနင်းလိုက်ပါသွားသည့် C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းမှာ ဆူမာတြားကျွန်းရှိ မီဒန်မြို့မှ ယနေ့တွင် ပျံတက်ပြီး မိနစ်အနည်းငယ်အကြာ မြို့တွင်းရှိ လူမရှိသော အိမ်ပေါ်သို့ ပျက်ကျခဲ့ပြီး
    လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကိုလည်း အင်ဒိုနီးရှား စစ်တပ်က ပြုလုပ်နေသည်။
    တိုကျိုကျည်ဆံရထားတွင် လူတစ်ဦး မီးရှို့သတ်သေ
    …………………………………..
    ဂျပန်နိုင်ငံ တိုကျိုမြို့မှ အိုဆာကာမြို့သို့ ပြေးဆွဲနေသည့် ကျည်ဆံရထားပေါ်၌ အမျိုးသားတစ်ဦးက သန့်စင်ခန်းတွင် မိမိကိုယ်ကို မီးရှို့မှုကြောင့် မီးလောင်သေဆုံးခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးမှာလည်း သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးရှို့သူမှာ ရထားပေါ်တွင် ပါလာသည့် ကားထဲမှ ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အခြား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
    မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရသည်ကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးလျက်ရှိနေသည်။
    ချွေတာရေးအစီအစဉ်ကို ကန့်ကွက်ရန် ဂရိပြည်သူများကို ၀န်ကြီးချုပ်တောင်းဆို
    ………………………………
    ကြွေးရှင်နိုင်ငံများက အဆိုပြုထားသည့် ချွေတာရေးအစီအစဉ်အတွက် မကြာမီ ပြုလုပ်တော့မည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် ဂရိဝန်ကြီးချုပ် အဲလက်ဇစ် တစီဆီပရက်စ်က ပြည်သူများအား တိုက်တွန်းပြောကြားလိုက်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ ယနေ့တွင် နောက်ဆုံးထား၍ ပေးရမည်ငွေ ၁.၆ ဘီလီယံကို ဂရိက ပေးနိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့ဆန္ဒခံယူပွဲအပြီး ကြွေးရှင်နိုင်ငံများနှင့် ဆက်လက်ဆွေးနွေးသွားမည့် အစီအစဉ်ရှိနေသည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (ဇွန် ၂၉၊ ၂၀၁၅)
    ဇွန် ၂၉၊ ၂၀၁၅
    M-Media
    သဘာဝပတ်ဝန်းကျင် ရာဇ၀တ်မှုအတွက် လူထောင်နှင့်ချီ တရုတ်ဖမ်းဆီး
    ………………………………….
    သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇ၀တ်မှုများ ကျူးလွန်သည့်စွဲချက်ဖြင့် ပြီးခဲ့သည့်နှစ်အတွင်း လူထောင်ပေါင်းများစွာကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ၀န်ကြီးတစ်ဦးက ပါလီမန်တွင် ပြောကြားခဲ့သည်။ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုနှင့်ပတ်သက်၍ ပြည်သူလူထုထံမှ
    ဖိအားများ ရှိလာခဲ့ပြီးနောက် တရုတ်အစိုးရက ယခုနှစ်ဇန်န၀ါရီ ၁ ရက်နေ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို စတင်ကျင့်သုံးခဲ့သည်။ သို့သော်လည်း ဒေသတွင်း အစိုးရများနှင့် နိုင်ငံပိုင် ကုမ္ပဏီများက အဆိုပါ ဥပဒေအား မလိုက်နာမှုမှာ အကြီးဆုံးစိန်ခေါ်မှု ဖြစ်နေသည်။
    အမေရိကန်တစ်ဦးကို သတ်ခဲ့သည့် အမျိုးသမီးကို ယူအေအီးသေဒဏ်ချမှတ်
    ……………………………….
    ပြီးခဲ့သည့်နှစ်က အဘူဒါဘီရှိ ရှော့ပင်းမောလ်တစ်ခုတွင် အမေရိကန်ကျောင်းဆရာတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ပြစ်မှုထင်ရှားသည့်အတွက် ယူအေအီးတရားရုံးချုပ်က ယနေ့တွင် သေဒဏ်ချမှတ်ခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် ၄၈ နာရီအတွင်း ထိုအမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့သည်။
    အီဂျစ် ထိပ်တန်းအစိုးရှေ့နေ ဗုံးခွဲခံရမှုအတွင်း သေဆုံး
    ………………………
    ယနေ့မနက်က မြို့တော်ကိုင်ရိုတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအတွင်း အီဂျစ် ထိပ်တန်းအစိုးရရှေ့နေ ဟီရှမ် ဘရကသ်မှာ သေဆုံးသွားခဲ့သည်။ ကိုင်ရိုရှိ စစ်ဘက်ဆိုင်ရာကောလိပ်အရှေ့တွင် ဘရကသ်စီးလာသောယာဉ်တန်းအား ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စောစောပိုင်းတွင် ဒဏ်ရာကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဘရကသ်မှာ ၂၀၁၃ ခုနှစ် သမ္မတမော်စီ ဖြုတ်ချခံရပြီးနောက်ပိုင်းတွင် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ ခေါင်းဆောင်များအား ဖမ်းဆီးရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ သိမ်ဆည်းရန် အမိန့်ပေးခဲ့သူလည်းဖြစ်သည်။
    Ref: News Agencies