News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (ဇွန် ၆၊ ၂၀၁၅)

    ဇွန် ၆၊ ၂၀၁၅
    M-Media

    IS က ဓာတုလက်နက်သုံးနေပြီး ထုတ်လုပ်ရန်လည်း ကြိုးစားနေ
    …………………………..
    IS စစ်သွေးကြွများမှာ ကလိုရင်းဓာတ်ငွေ့ကို လက်နက်အဖြစ် အသုံးချနေပြီး ဓာတုလက်နက်ထုတ်လုပ်ရေးအတွက် အရည်အသွေးမြင့် ပညာရှင်များကို စုဆောင်းနေသည်ဟု သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က IS တွန်းလှန်ရေး နိုင်ငံတာဆွေးနွေးပွဲတွင် သတိပေးပြောကြားလိုက်သည်။ IS ၏ ပညာရှင် စုဆောင်းမှုတွင် အနောက်နိုင်ငံများမှ ပညာရှင်များလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။ ဇန်ဝါရီလ တိုက်ပွဲတစ်ခုတွင် IS မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကာ့ဒ်တပ်ဖွဲကများကလည်း မကြာသေးမီက ပြောကြားခဲ့သည်။

    ယူကရိန်း လိင်တူချစ်သူ ထောက်ခံရေးချီတက်မှု တိုက်ခိုက်ခံရ
    ………………………..
    ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ယနေ့၌ ပြုလုပ်ခဲ့သော လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားသူများ၏ ချီတက်လမ်းလျှောက်မှုအတွင်း အမည်မသိသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါချီတက်ပွဲအား တိုက်ခိုက်သွားမည်ဟု လက်ယာစွန်းရောက် အဖွဲ့များက ကြေညာထားမှုကြောင့် မြို့တော်ဝန်က မပြုလုပ်ရန် ယမန်နေ့တွင် သတိပေးခဲ့သေးသည်။ တိုက်ခိုက်မှုအတွင်း ပါဝင်သူ ၃၀ ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ အီဂျစ်ပယ်ဖျက်
    ………………………
    ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားနေသည့် ဟားမက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုကို အီဂျစ်တရားရုံးက ယနေ့တွင် ရုပ်သိမ်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော မွတ်စလင်ညီအကိုများအဖွဲ့နှင့် ဟားမက်စ်မှာ အဆက်အသွယ်ရှိသည်ဟုလည်း ဆိုသည်။

    အေစီမီလန်အသင်း၏ ရှယ်ယာတစ်ဝက်နီးပါး ရောင်းချမည်
    …………………………
    အေစီမီလန်အသင်း၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို ထိုင်း စီးပွားရေးလုပ်ငန်းရှင် ဘီး တေချူဘိုးလ်က ၀ယ်ယူရန် နီးစပ်နေပြီဟု အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ပြောကြားလိုက်သည်။ မီလန်၏ ရှယ်ယာများအား ရောင်းချတော့မည်ဆိုသည့် သတင်းများမှာ စောစောပိုင်းကတည်းက ပြန့်နှံ့နေခဲ့ပြီး ဘာလူစကိုနီကမူ ဥက္ကဌတာဝန် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (ဇွန် ၅၊ ၂၀၁၅)

    ဇွန် ၅၊ ၂၀၁၅
    M-Media

    အငြင်းပွားနေသည့်ကျွန်းစုတွင် ဗီယက်နမ်က အပန်းဖြေအစီအစဉ် စမည်
    …………………………………….
    တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံနှင့် အငြင်းပွားနေသော စပရက်တလေကျွန်းစုရှိ ကျွန်းအချို့တွင် နိုင်ငံသားများအား အားလပ်ရပ် အပျော်ခရီးထွက်နိုင်ရန် ဗီယက်နမ်နိုင်ငံက စီစဉ်နေသည်။ တစ်ဦးလျှင် ကန်ဒေါ်လာ ၈၀၀ ကုန်ကျမည့် အဆိုပါခရီးစဉ်တွင် ခရီးသည် ၁၈၀ ဦး လိုက်ပါနိုင်မည်ဖြစ်ပြီ အဆိုပါ အငြင်းပွားနေသည့်ကျွန်း၌ ညဘက် ငါးမျှားခြင်း၊ မီးပြတိုက်သို့ လည်ပတ်ခြင်းနှင့် ပင်လယ်စာများစားသုံးခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ည်။ ဗီယက်နမ်၏ အဆိုပါလုပ်ရပ်က စပရက်တလေကျွန်းစုမှ ကျွန်းအချို့တွင် စိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံအား ဒေါသထွက်စေမည်ဖြစ်သည်။

    တောင်ကိုရီးယားတွင် MERS ကြောင့် သေဆုံးသူ ၄ ဦးရှိလာ
    ………………………………
    တောင်ကိုရီးယားတွင် ပြီးခဲ့သည့် သီတင်းပတ်များက ကူးစက်ပြန့်နှံ့ခဲ့သည့် MERS ရောဂါကြောင့် ယမန်နေ့က အသက် ၇၁ အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၄ ဦးအထိ ရှိလာပြီဖြစ်သည်။ ကူးစက်နေသူမှာ ၄၁ ဦးရှိနေပြီး သီးသန့်ခွဲထားသူနှင့် စောင့်ကြည့်ခံရသူမှာ ၂၀၀၀ နီးနီး ရှိနေပြီဖြစ်သည်။

    ရုရှားအား ပိတ်ဆို့မှုဆက်လုပ်ရန် G7 နိုင်ငံများကို အိုဘာမား တိုက်တွန်းမည်
    ……………………..
    လာမည့် တနင်္ဂနွေနေ့မှစတင်ကာ ဂျာမနီနိုင်ငံတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်မည့် G7 ထိပ်သီး အစည်းအဝေးတွင် အမေရိကန်သမ္မတ အိုဘားမားက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ဆက်လုပ်ရန် တိုက်တွန်းသွားမည်ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အားန်နက်စ်က ယနေ့တွင် ပြောကြားလိုက်သည်။ ယူကရိန်း၏ ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားမှ
    သိမ်းပိုက်မှုနှင့် ယူကရိန်းမတည်မငြိမ်မှုတွင် ပါဝင်ပတ်သက်မှုတို့ဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက ရုရှားအား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဒီမာရီယာ လာမည့်နှစ်တွင်လည်း မန်ယူ၌ ဆက်ရှိမည်
    …………………………..
    ပြီးခဲ့သည့်နှစ် နွေရာသီက ရီးယဲလ်မှ မန်ယူသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့် မန်ယူကွင်းလယ်လူ ဒီမာရီယာက မိမိအနေဖြင့် လာမည့်ရာသီတွင် မန်ယူ၌ပင် ဆက်ရှိနေမည်ဟု ပြောကြားလိုက်သည်။ ဒီမာရီယာမှာ မတ်လ ၄ ရက်နေ့နောင်းပိုင်းမှစ၍ မန်ယူနှင့် ပွဲထွက်ခွင့်မရတော့ဘဲ ယခုနှစ်ရာသီတွင် မန်ယူမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ကာ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေသူဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (ဇွန် ၃၊ ၂၀၁၅)

    ဇွန် ၃၊ ၂၀၁၅
    M-Media

    MERS ဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားတွင် ကျောင်းများ ပိတ်ပစ်
    ………………………………
    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်ပြန့်နှံ့လာခဲ့သည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် တောင်ကိုရီးယားရှိ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ပိတ်ပစ်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ ကျောင်းသားများ ကျောင်းမတက်ဟု ဆရာများက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကျောင်းပိတ်ခဲ့ခြင်းဖြစ်ပြီး MERS ဗိုင်းရပ်စ်ပိုးကြောင့်
    လက်ရှိချိန်အထိ တောင်ကိုရီးယားတွင် လူ ၂ ဦး သေဆုံးခဲ့ပြီဖြစ်ကာ ရာနှင့်ချီ၍ စောင့်ကြည့်ခံနေရသည်။

    မဟာမိတ်များ၏ တိုက်ခိုက်မှုအတွင်း IS တစ်သောင်းကျော် သေဆုံး
    ……………………………..
    အမေရိကန်ဦးဆောင်ပြီး မဟာမိတ်အာရပ်နိုင်ငံများပါဝင်သည့် ၉ လကြာ IS ဆန့်ကျင်ရေး တိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့ဝင် တစ်သောင်းကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယနေ့တွင်ပြောကြားခဲ့သည်။

    တရုတ်သင်္ဘောမှောက်မှု ၄၀၀ ကျော် ပျောက်ဆုံးနေဆဲ
    ……………………………..
    တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း မုန်တိုင်းတိုက်ခတ်နေချိန် တနင်္လာနေ့ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ဇိမ်ခံသင်္ဘောမှ လက်ရှိအချိအထိ အနည်းဆုံး အလောင်း ၁၉ လောင်းကို ရှာဖွေတွေ့ရှိထားပြီး လူပေါင်း ၄၀၀ ကျော်မှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါ သင်္ဘောမှောက်မှုမှာ နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး ရေကြောင်း ဖြစ်ရပ်ဆိုးကြီးလည်း ဖြစ်သည်။

    ရီးယဲလ်နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်အား ခန့်အပ်
    ………………………
    ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့၏ လစ်လပ်နေသော နည်းပြနေရာအတွက် နာပိုလီနည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်အား ယနေ့တွင် ၃ နှစ်စာချုပ်ဖြင့် တရားဝင်ခန့်အပ်ခဲ့သည်။ ရီးယဲလ် (ခ) အသင်းကို နည်းပြခဲ့ဖူးသည့် ဘင်နီတက်ဇ်မှာ အိမ်ပြန်လာခြင်းဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားခဲ့သည်။ “အိမ်ပြန်လာရတာ စိတ်လှုပ်ရှားစရာပါပဲ။
    ဘာပြောရမှန်းမသိပါဘူး။ ကျွန်တော်တို့ ဖလားတွေရပြီး အသင်းကောင်းကောင်းကစားအောင် ကျွန်တော် ဆောင်ရွက်ပေးချင်ပါတယ်” ဟု ဘင်နီတက်ဇ်က မျက်ရည်ဖြိုင်ဖြိုင်ကျ၍ ပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (ဇွန် ၁၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (ဇွန် ၁၊ ၂၀၁၅)

    ဇွန် ၁၊ ၂၀၁၅
    M-Media

    ပြင်သစ် လက်ယာစွန်းရောက် ခေါင်းဆောင် တစ်ဦးကို ကာတာ တရားစွဲ
    ……………………………….
    မိမိတို့မှာ အစွန်းရောက်ဝါဒကို ထောက်ပံ့နေသည်ဟု စွပ်စွဲပြောဆိုခဲ့သော ပြင်သစ် လက်ယာစွန်းရောက် အမျိုးသားရေးပါတီမှ ဒုတိယဥက္ကဌ ဖလော်ရီယန် ဖီလစ်ပေါ့အား တရားစွဲဆိုခဲ့သည်ဟု ကာတာနိုင်ငံက ပြောကြားလိုက်သည်။ ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်အား
    သေနတ်သမားများက တိုက်ခိုက်ပြီး ၂ ရက်အကြာ ဇန်န၀ါရီ ၉ ရက်နေ့က ရေဒီယိုအင်တာဗျူးတစ်ခုတွင် ဖီလစ်ပေါ့က ကာတာနှင့် ဆော်ဒီအာရေဗျတို့မှာ အစွန်းရောက်ဝါဒကို ရန်ပုံငွေထောက်ပံ့နေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    လိင်တူလက်ထပ်မှု တရားဝင်ဖြစ်ရေး သြဇီ ပါလီမန်တွင် ဥပဒေမူကြမ်း တင်သွင်း
    ……………………………
    နိုင်ငံအတွင်း လိင်တူလက်ထပ်ခွင့်ကို တရားဝင်အသိအမှတ်ပြုရေးအတွက် ဥပဒေမူကြမ်းတစ်ခုကို သြစတေးလျအတိုက်အခံ လေဘာ ပါတီခေါင်းဆောင် ဘီလ်ရှော့တန်းက ယနေ့တွင် ပါလီမန်၌ တင်သွင်းခဲ့သည်။ သြစတေးလျတွင် လိင်တူချစ်သူများ တရားဝင် လက်ထပ်နိုင်ရေး အတွက် ပြည်သူမှ ထောက်ခံမှုများ မြင့်တက်လာချိန်တွင် အဓိကပါတီခေါင်းဆောင်တစ်ဦးက ထိုကဲ့သို့
    တင်သွင်းခဲ့သော်လည်း ကွန်ဆာဗေးတစ် ၀န်ကြီးချုပ် တိုနီဘက်ဘော့က ခွင့်ပြုဖွယ်မရှိချေ။

    တိုက်ခိုက်မှုများ မြင့်လာခြင်းကြောင့် အကူအညီပေးရေး သင်္ဘော ယီမင်မှ ပြန်လှည့်
    ……………………….
    ဒုက္ခရောက်နေသော ယီမင်ပြည်သူများအား အကူအညီပေးအပ်ရန်အတွက် ရိက္ခာများတင်ဆောင်သွားသည့် သင်္ဘောတစ်စင်းမှာ ယီမင်တွင် တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့် နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ဧဒင်မြို့မှ ပြန်လှည့်လာခဲ့ရသည်ဟု
    ကုလသမဂ္ဂက ပြောကြားလိုက်သည်။ အဆိုပါသင်္ဘောတွင် လူပေါင်း ၆၀၀၀၀ အတွက် တစ်လစာ ရိက္ခာများပါဝင်ပြီး လုံခြုံရေးအခြေအနေ တည်ငြိမ်ပါက ဆိပ်ကမ်းမှတစ်ဆင့် ကုန်လမ်းဖြင့် ဝေငှပေးရန် ကုလက စီစဉ်ခဲ့ခြင်းဖြစ်သည်။

    ဘာစီလိုနာအရန်အသင်း တတိယတန်းသို့ တန်းဆင်း
    ……………………..
    ဘာစီလိုနာအသင်းကြီးက လာလီဂါနှင့် စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့ပြီးနောက် ချန်ပီယံလိဂ်ကိုပါ မျက်စပစ်နေသော်လည်း စပိန်ဒုတိယတန်း ဆီဂန်ဒါတွင် ကစားနေသည့် ဘာစီလိုနာအရန်အသင်းမှာ မက်ဒရစ်အခြေစိုက် လီဂါနက်စ်အသင်းအား ယခုတစ်ပတ်တွင် ၅ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တတိယတန်းဖြစ်သော ဆီဂန်ဒါ ဘီသို့ တန်းဆင်းသွားခဲ့ပြီဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၃၁၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၃၁၊ ၂၀၁၅)

    မေ ၃၁၊ ၂၀၁၅
    M-Media

    စင်ကာပူရဲ ကားတစ်စီးကို ပစ်ခတ် တားဆီးရာမှ လူတစ်ဦး သေဆုံး
    …………………………
    ယမန်နေ့နံနက်ပိုင်းက အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ်ကာတာ နေထိုင်သည့် ရှန်ဂရီလာဟိုတယ်အနီး ရဲတပ်ဖွဲ့အတားအဆီးကို ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးကို စင်ကာပူရဲတပ်ဖွဲ့က ပစ်ခတ်တားဆီးမှုအတွင်း လူတစ်ဦးသေဆုံး ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အတားအဆီးအနားသို့ ရောက်လာသည့် အဆိုပါကားကို ရဲတပ်ဖွဲ့က စစ်ဆေးရန် နောက်ဖုံးဖွင့်ခိုင်းရာ မလိုက်နာဘဲ အတင်းမောင်းပြေးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့်
    ထိုကဲ့သို့ မောင်းပြေးခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရန် ရောက်ရှိနေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးအပါအ၀င် မည်သူမှ ထိခိုက်ခဲ့ခြင်း ရှိချေ။ ကားထဲမှ ဖမ်းဆီးရမိသူတစ်ဦးတွင် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ရသည်။

    မော်စကိုလိင်တူချစ်သူ ချီတက်ပွဲ လူ ၂၀ အဖမ်းခံရ
    ……………………………..
    ရုရှားနိုင်ငံ မော်စကိုမြို့၌ ယမန်နေ့တွင် ပြုလုပ်ခဲ့သော လိင်တူချစ်သူများ အခွင့်အရေးအတွက် ချီတက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး အဓိက တက်ကြွက်လှုပ်ရှားသူများ အပါအ၀င် လူ ၂၀ အထိ ဖမ်းဆီးခဲ့သည်။ အဆိုပါ ချီတက်ပွဲပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ရုရှားအာဏာပိုင်များက ခွင့်ပြုချက်မပေးခဲ့ဘဲ ယခုအကြိမ်မှာ လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသူများ၏ ၁၀ ကြိမ်မြောက် ချီတက်မှုလည်းဖြစ်သည်။ ရုရှား၏ ဥပဒေတွင် သဘာဝမဟုတ်သည့် လိင်ဆက်ဆံမှုအတွက် ၀ါဒဖြန့်ခြင်းကို တားမြစ်ထားသည်။

    နျူသဘောတူညီချက် မလိုက်နာပါက အီရန်အပေါ် ပိတ်ဆို့မည်
    ………………………
    မကြာမီဖြစ်လာတော့မည့် နျူကလီးယား သဘောတူညီချက်မှ စည်းကမ်းချက်များကို ချိုးဖောက်ပါက အီရန်နိုင်ငံအပေါ် ကုလ၏ ပိတ်ဆို့မှုများကို ပြန်လည်ပြုလုပ်သွားရန်အတွက် အင်အားကြီး ၆ နိုင်ငံက ယမန်နေ့တွင် သဘောတူခဲ့ကြသည်။ အီရန်နှင့် ထို ၆ နိုင်ငံမှာ ဧပြီ ၂ ရက်နေ့က နျူအရေး ကနဦး သဘောတူညီချက်ကို ရရှိခဲ့ပြီး နောက်ဆုံးသဘောတူညီချက်ရရေး နောက်ဆုံးရက်ကို ဇွန်လ ၃၀
    ရက်နေ့ သတ်မှတ်ထားသည်။

    ဖီဖာချစားမှု နာမည်ကြီးဘဏ်အကောင့်များကို အသုံးပြုထား
    ………………………………
    ဖီဖာ၏ ချစားမှုပြဿနာတွင် ဗြိတိန်ဘဏ်တစ်ခုဖြစ်သော ဘာကလေဘဏ်၊ HSBC ဘဏ်နှင့် Standard Chartered ဘဏ် တို့၏ အကောင့်များကို အသုံးပြု၍ ငွေများလွှဲခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနော် ဘာကလေဘဏ်က မိမိတို့မှာ ငွေလွှဲမှု လုပ်ငန်းစဉ်များကို ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု ပြောကြားလိုက်သည်။

    Ref: News Agencies