News @ M-Media
Tag: international short news
  • နိုင်ငံတကာ သတင်းတို (မေ ၂၄၊ ၂၀၁၅)
    မေ ၂၄၊ ၂၀၁၅
    M-Media
    ပြောင်းရွှေ့လာသူများအား မြှုပ်နှံထားသော နေရာများကို မလေးရှားတွင် တွေ့ရှိ
    ……………………………
    မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ပြောင်းရွှေ့လာသူများ၏ ရုပ်အလောင်းများဟု ယူဆရသည့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာများကို မလေးရှားနိုင်ငံမြောက်ပိုင်း ပါရ်လစ်ပြည်နယ်တွင် တွေ့ရှိခဲ့သည်ဟု မလေးရှားသတင်းစာ Utusan Malaysia က ယနေ့တွင် ဖော်ပြလိုက်သည်။ သောကြာနေ့က တွေ့ရှိခဲ့သည့် နေရာတစ်ခုတွင်ပင် အလောင်းပေါင်း ၁၀၀ ခန့်ကို တွေ့ရှိခဲ့ရသည်ဟု The Star သတင်းစာတွင် ဖော်ပြထားသည်။ သို့သော်လည်း စုစုပေါင်း အလောင်းမည်မျှ တွေ့ရှိခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရေသေးပေ။
    ရှီယာဗလီတိုက်ခိုက်ခံရမှုအတွက် ၀မ်းနည်းကြေကွဲမိဟု ဆော်ဒီဘုရင်ပြော
    …………………………….
    နိုင်ငံအရှေ့ပိုင်းရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်ခုကို သောကြာနေ့တွင် IS က ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ရမှုကို မိမိအနေဖြင့် အလွန်ကြေကွဲဝမ်းနည်းရပြီး ထိုတိုက်ခိုက်မှုများနှင့် ဆက်စပ်သူများကို ဖမ်းဆီးကာ တရားဥပဒေရှေ့မှောက်သို့
    ခေါ်ဆောင်လာမည်ဟု ဆော်ဒီဘုရင်ကြီး ဆလ်မန်က ယနေ့တွင် ပြောကြားလိုက်သည်။ ထိုတိုက်ခိုက်မှုအတွက် ဆော်ဒီအစိုးရမှာ လူအများအပြားကို ဖမ်းဆီးထားသည်။
    ဆိုရှယ်စာမျက်နှာတွင် မှတ်ချက်ရေးသူ ပါလက်စတိုင်းတစ်ဦးကို အစ္စရေး ထောင်ချ
    ……………………………………..
    ပြီးခဲ့သည့်နှစ် ဇွန်လက အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦးကို ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေးမှ တည်ဆောက်ထားသော ကျူးကျော်အိမ်ယာများတွင် နေထိုင်သူ အစ္စရေးများက ပြန်ပေးဆွဲကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ကိစ္စနှင့်ပတ်သက်၍ ဆိုရှယ်စာမျက်နှာတွင် မှတ်ချက်များရေးသားခဲ့သူ အသက် ၄၄ နှစ်အရွယ် ပါလက်စတိုင်းသား
    အိုမာရ်ကို အကြမ်းဖက်ရန် လှုံ့ဆော်သည်ဟုဆိုကာ အစ္စရေးက ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သည်။
    ရာမာဒီစစ်ဆင်ရေးတွင် အီရတ်စစ်တပ် မြို့တစ်မြို့သိမ်းနိုင်
    ……………………………..
    ယမန်နေ့ကစ၍ IS တို့ သိမ်းပိုက်ထားရာ ရာမာဒီမြို့ကို ပြန်ရရန် ထိုးစစ်ဆင်နေသည့် အီရတ်တပ်ဖွဲ့များမှာ မြို့အရှေ့ဘက် ၁၀ ကီလိုမီတာအကွာရှိ ဟူဆိုင်ဘာ အလ် ရှာကွီယာမြို့အား ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ရာမာဒီမြို့ကို ဆက်လက်ချီတက်နေကြသည်။
    နယူးကာဆယ်ကို မိုက်အက်ရှ်လေမရောင်း
    ………………………………..
    တန်းဆင်းရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း မိမိအသင်းအား မည်သည့်ဈေးနှင့်မှ ရောင်းချသွားမည်မဟုတ်ဘဲ မိမိအနေဖြင့်လည်း အသင်း ဆုတံဆိပ်တစ်ခုခု မရမချင်း၊ သို့မဟုတ် ချန်ပီယံလိဂ်ဝင်ခွင့် မရမချင်း အသင်းမှ ထွက်ခွာသွားမည်မဟုတ်ဟု နယူးကာဆယ်ပိုင်ရှင် မိုက်အက်ရှ်လေက ပြောကြားလိုက်သည်။ နယူးကာဆယ်မှာ ယနေ့ကစားသည့်ပွဲတွင် အနိုင်ရမှ ပရီးမီးယားလိဂ်တွင် တင်ကျန်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (မေ ၂၃၊ ၂၀၁၅)
    မေ ၂၃၊ ၂၀၁၅
    M-Media
    မာလီလူ့အခွင့်အရေးချိုးဖောက်မှု ကုလ စစ်ဆေးမည်
    …………………………………..
    မာလီနိုင်ငံမြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ခွဲထွက်ရေးသမားများနှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုအတွင်း အရပ်သားများကို သတ်ဖြတ်ခြင်းအပါအ၀င် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးသွားမည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ သေဆုံးသများတွင် အကူအညီပေးရေး
    ပစိဖိတ်ကျွန်းနိုင်ငံများကို ဂျပန် အကူအညီပေးမည်
    …………………………..
    ပစိဖိတ်ကျွန်းနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ်များကို တွန်းလှန်ရာ၌ အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၄၅၃ သန်းကို အကူအညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ကတိပြုခဲ့သည်။ ကျွန်းနိုင်ငံ ၁၄ နိုင်ငံမှ
    ခေါင်းဆောင်များမှာ ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူရှီးမားမြို့ရှိ အီဝါကီမြို့တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ ဂျပန်၏ ထိုအကူအညီမှာ ၃ နှစ်အတွင်း ပေးအပ်သွားမည်ဖြစ်သည်။
    အရှေ့အလယ်ပိုင်း နျူကင်းစင်ရေး ကုလတွင် ဆွေးနွေးမှု မအောင်မြင်
    ……………………………….
    ၁၉၇၀ နျူးကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်အား ပြန်လှန်သုံးသပ်မှုအတွက် ကုလတွင် လေးပတ်ကြာပြုလုပ်ခဲ့သော အစည်းအဝေးမှာ ယမန်နေ့တွင် ပြီးဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ နျူလက်နက်ပိတ်ပင်ရေး သဘောတူညီချက်ရရန် ဆွေးနွေးမှုမှာ
    မအာင်မြင်ခဲ့ပေ။
    Ref: News Agencies
  • နိုင်ငံတကာ သတင်းတို (မေ ၂၂၊ ၂၀၁၅)
    မေ ၂၂၊ ၂၀၁၅
    M-Media
    ခါးပိုက်နှိုက်တွေကြောင့် အီဖယ်မျှော်စင် ပိတ်ထားရ
    ………………………….
    ပြင်သစ်နိုင်ငံရှိ နာမည်ကြီး အီဖယ်မျှော်စင်တစ်ဝိုက်တွင် ခါးပိုက်နှိုက်များ များပြားလာခြင်းအတွက် အလုပ်သမားများက ဆန္ဒပြသောကြောင့် အီဖယ်မျှော်စင်ကြီးကို ယနေ့တွင် ပိတ်ထားခဲ့ရသည်။ ပဲရစ်အာဏာပိုင်များကမူ ရဲတပ်ဖွဲ့များကင်းလှည့်ခြင်း၊ လုံခြုံရေးကင်မရာများ တပ်ထားခြင်းတို့ကြောင့် ခါးပိုက်နှိုက်မှု လျော့ကျခဲ့သည်ဟု ယမန်နေ့ကပင် ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်ကလည်း ထိုပြဿနာကြောင့်ပင် အီဖယ်မျှော်စင်တစ်ဝိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
    ဆီးရီးယားတွင် အမေရိကန်တိုက်ခိုက်မှု ကလေး ၂ ဦးသေဆုံး
    ………………………….
    ပြီးခဲ့သည့်နှစ်က ဆီးရီးယားရှိ IS အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပြီး ထိုအတွက် အလွန်အမင်း ၀မ်းနည်းမိသည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ထုတ်ပြန်မှုမှာ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်သေဆုံးရခြင်းအတွက် အမေရိကန်၏ ပထမဆုံး ၀န်ခံမှုလည်းဖြစ်သည်။
    ဖမ်းဆီးခံ နိုင်ငံသားနှစ်ဦးကို ရုရှားကယ်တင်မယ်
    ………………………..
    ယူကရိန်းမှ ဖမ်းဆီးထားသည့် နိုင်ငံသား ၂ ဦး လွတ်မြောက်ရေး လိုအပ်သောလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ရုရှားက ပြောကြားလိုက်သည်။ ယခုသီတင်းပတ်အစောပိုင်းက ဖမ်းဆီးရမိခဲ့သည့် ၎င်းတို့နှစ်ဦးမှာ ရုရှားစစ်သားများဖြစ်သည်ဟု ယူကရိန်းက ပြောဆိုထားပြီး ဖမ်းဆီးခံထားရသူ ၂ ဦးကလည်း ၎င်းတို့မှာ ယူကရိန်းသို့ စစ်ရေးတာဝန်ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်ဟု ယနေ့တွင် ယူကရိန်းသတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှားကမူ အဆိုပါ ၂ ဦးမှာ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
    Ref: News Agencies
  • နိုင်ငံတကာ သတင်းတို (မေ ၂၁၊ ၂၀၁၅)
    မေ ၂၁၊ ၂၀၁၅
    M-Media
    လှေစီးဒုက္ခသည်များကို ရှာဖွေကယ်တင်ရန် မလေးဝန်ကြီးချုပ် အမိန့်ပေး
    …………………………………
    မာလကာရေလက်ကြားတွင် မျောနေဖွယ်ရှိသည့် ဒုက္ခသည်များ၏ လှေများကို အမြန်ဆုံးရှာဖွေ ကယ်ဆယ်ရန်အတွက် တော်ဝင်ရေတပ်အား အမိန့်ပေးခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ၎င်း၏ Twitter စာမျက်နှာမှနေ၍ ယနေ့နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ လှေစီးဒုက္ခသည်များကို ယာယီနေရာထိုင်ခင်းပေးရန် ယမန်နေ့က
    သဘောတူခဲ့ပြီး ၎င်းတို့အား တစ်နှစ်အတွင်း နေရပ်သို့ပြန်ပို့ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။
    ကယ်လီဖိုးနီးယားဒေသတစ်ခု အရေးပေါ်အခြေအနေကြေညာ
    ………………………………….
    ကယ်လီဖိုးနီးယား ကမ်းရိုးတန်းရှိ ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ရေနံများ ပျံနှံ့နေသည့်အတွက် ဆန်တာ ဘာဘာရာကောင်တီကို ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ အဆိုပါ ယိုဖိတ်ရေနံများက ရေသတ္တ၀ါများကို ထိခိုက်စေပြီး ကမ်းရိုးတမ်းတွင်လည်း ညစ်ညမ်းမှုကိုဖြစ်ပေါ်စေကာ သန့်ရှင်းရေးလုပ်ငန်းများကို
    ဆောင်ရွက်လျက်ရှိနေသည်။
    ရုရှား G7 သို့ပြန်ဝင်ရေး မဖြစ်နိုင်သေး
    ……………………………
    ယူကရိန်းအခြေအနေကြောင့် G7 စက်မှုနိုင်ငံများအဖွဲ့အတွင်းသို့ ရုရှား ပြန်လည်ဝင်ရောက်ရေးမှာ စိတ်ကူး၍ပင်မရဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က ပြောကြားခဲ့သည်။ ယူကရိန်းမတည်ငြိမ်မှု ရုရှားပါဝင်သည်ဟုဆိုကာ G8 အဖွဲ့ထဲမှ ရုရှားကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့မှုများကိုလည်း ပြုလုပ်ထားသည်။
    အစ္စရေး၏ နျူဖြင့်ခြိမ်းခြောက်မှုကို ရှုတ်ချရန် ကုလကို အီရန်တိုက်တွန်း
    ……………………………
    အစ္စရေးက အီရန်အား နျူကလီးယားဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ရှုတ်ချရန် အီရန်နိုင်ငံက တိုက်တွန်းပြောကြားလိုက်သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး မိုရှေး ယာလုံက ဥပဒေအဖွဲ့တစ်ခု၏ အခမ်းအနားတွင်တစ်ခုတွင် အီရန်နှင့်ပတ်သက်၍ပြောကြားရာ၌ အမေရိကန်က ဟီရိုရှီးမားနှင့် နာဂါဆာကီတို့အား နျူးဗုံးကြဲချမှုကို
    ကိုကားပြောကြားခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာ သတင်းတို (မေ ၂၀၊ ၂၀၁၅)
    မေ ၂၀၊ ၂၀၁၅
    M-Media
    ဆီးရီးယားသမိုင်းဝင်မြို့မှ ရှေးဟောင်းရုပ်ထုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီး
    ………………………………………..
    IS တပ်ဖွဲ့ဝင်များ တစ်စတစ်စ ၀င်ရောက်ရန် ကြိုးစားနေသည့် ဆီးရီးယားရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့မှ ရုပ်ထုရာပေါင်းများစွာကို ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခဲ့ပြီဟု ဆီးရီးယား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအကြီးအကဲ မာမွမ် အဘ်ဒူလ်ကရင်မ်က ယနေ့တွင် ပြောကြားလိုက်သည်။ IS အဖွဲ့များမှာ ယနေ့တွင် မြို့အတွင်းသို့ ၀င်ရောက်ခဲ့ကြပြီး အဘ်ဒူလ်ကရင်မ်ကမူ ရုပ်တုများ ရွှေ့ထားပြီးသော်လည်း ပြတိုက်နှင့် သမိုင်းဝင်အဆောက်အဦးများ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ကာ ဆီးရီးယားစစ်တပ်၊ အတိုက်အခံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများအနေဖြင့် အဆိုပါ သမိုင်းဝင်အမွေအနှစ်များကို ကာကွယ်ပေးရန် တိုက်တွန်းခဲ့သည်။
    တရုတ်၏ စိုးမိုးရေးလုပ်ငန်း ပဋိပက္ခဖြစ်နိုင်သည်ဟု အမေရိကန်ပြော
    …………………………………
    တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်းတွင် တရုတ်နိုင်ငံက စိုးမိုးရေးလုပ်ဆောင်နေခြင်းမှာ ဒေသတွင်း လွတ်လပ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ဆီးစေပြီး ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်သည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယနေ့တွင် ဂျကာတာ၌ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    နျူအရေး မသင့်လျော်သည့် တောင်းဆိုချက်များကို အီရန် လက်မခံ
    ………………………………..
    နျူအရေးဆွေးနွေးမှုတွင် အင်အားကြီး ၆ နိုင်ငံ၏ အကြောင်းအကျိုးမသင့်သော တောင်းဆိုချက်များအား အီရန်က လက်ခံမည်မဟုတ်ဟု အဓိပတိ အယာတိုလာ အလီခါမေနီက ရုပ်မြင်သံကြားမှ တိုင်းပြည်သို့ပြောသောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    နာဇီလက်မှ လွတ်မြောက်ခဲ့သူများအတွက် ဂျာမနီ နစ်နာကြေးပေးမည်
    …………………………………..
    ဒုတိယကမ္ဘာစစ်က နာဇီဂျာမနီများလက်အောက်တွင် အကျဉ်းကျကာ ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့် ဆိုဗီယက်စစ်သားများမှ ကျန်ရစ်သူ ၄၀၀၀ ခန့်အတွက် နစ်နာကြေး ယူရို ၁၀ သန်း ပေးသွားမည်ဟု ဂျာမနီက ကြေညာခဲ့သည်။
    Ref: News Agencies