News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (မေ ၃၀၊ ၂၀၁၅)

    မေ ၃၀၊ ၂၀၁၅
    M-Media

    မြောက်ကိုရီးယား ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ကို ကုလ သတိပေး
    ……………………………..
    ပြီးခဲ့သည့်နှစ်က မိုးရွာနှုန်းမှာ နှစ် ၃၀ အတွင်း အနိမ့်ဆုံးသို့ရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်မိုးခေါင်နေသောကြောင့် မြောက်ကိုရီးယားနိုင်ငံအတွင်း အစားအသောက်များ ပြတ်လတ်ကာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးဆီသို့ ဦးတည်သွားနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးပြောကြားလိုက်သည်။ မြောက်ကိုရီးယား လယ်သမားများမှာ လောင်စာ၊ လက်ယာစိုက်ပျိုးရေးပစ္စည်းများ ပြတ်လတ်မှုနှင့်လည်း ကြုံနေရပြီး စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အဦးများမှာလည်း လုံလုံလောက်လောက်မရှိပေ။ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် မိုးခေါင်မှုမှာ ပိုမိုဆိုးဝါးမည်ဟု ကုလက ပြောကြားခဲ့သည်။

    အမေရိကန်မှာ မိမိတို့သမိုင်းကို အလေးမထားဟု တရုတ်ပြော
    ……………………………..
    တောင်တရုတ်ပင်လယ် စိုးမိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်၏လုပ်ရပ်က ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည်ဟု အမေရိကန်၏ ပြောကြားမှုကို တရုတ်နိုင်ငံက ပြန်လည်တုန့်ပြန်လိုက်ပြီး အမေရိကန်မှာ တရုတ်နိုင်ငံ၏ သမိုင်း၊ ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အချက်အလက်များကို အလေးမထားဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ
    ချန်ယင်းက ပြောကြားခဲ့သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ အချုပ်အခြာနှင့် အခွင့်အရေးများမှာ နှစ်ပေါင်းများစွာ အရင်ကတည်းက တည်ဆောက်ပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူနောက်ခံလူဟောင်း ဖာဒီနန် အနားယူပြီ
    …………………………..
    တန်းဆင်းသွားခဲ့ရသည့် ကျူပီအာရ်အသင်းမှ လက်လွှတ်လိုက်သော မန်ယူ ဂန္တ၀င်နောက်လူဟောင်း ရီယိုဖာဒီနန်က ၎င်းအနေဖြင့် ကစားသမားဘ၀မှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဖာဒီနန်မှာ ကစားသမားသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်ပြီး မန်ယူ အသင်းတွင် ၁၂ နှစ်ကြာ ကစားခဲ့ကာ ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (မေ ၂၉၊ ၂၀၁၅)

    မေ ၂၉၊ ၂၀၁၅
    M-Media

    ဆော်ဒီရှိ ရှီအာဗလီကို IS တို့ ဗုံးခွဲရန် ကြိုးစားပြန်
    …………………………….
    ဆော်ဒီအာရေဗျနိုင်ငံအရှေ့ပိုင်း ဒန်မန်းမြို့ရှိ အီမန်ဟူစိန် ရှီအာဗလီတွင် သောကြာနေ့ဝတ်ပြုမှုများ ပြုလုပ်နေစဉ် အပြင်ဘက်၌ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့သည်။ တိုက်ခိုက်သူများမှာ ဗလီအတွင်းသို့ဝင်ရောက်ရန် ကြိုးစားစဉ် ထိုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ မေ ၂၂ ရက် သောကြာနေ့ကလည်း
    ရှီအာဗလီတစ်ခုကို IS တို့က ဗုံးခွဲခဲ့ပြီး ယခုလုပ်ရပ်အတွက်လည်း ၎င်းတို့က တာဝန်ယူခဲ့သည်။

    ပိုင်ဆိုင်မှု အငြင်းပွားသည့်ကျွန်းတွင် တရုတ်က လက်နက်များ တပ်ဆင်ထား
    ………………………….
    တောင်တရုတ်ပင်လယ်အတွင်းရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် တရုတ်နိုင်ငံတို့ ပိုင်ဆိုင်မှုအငြင်းပွားနေသော စပရက်တလေကျွန်းတွင် တရုတ်နိုင်ငံက ရွှေ့ပြောင်းနိုင်သော အဝေးပစ်လက်နက်များ ချထားသည်ဟု အမေရိကန်က ပြောကြားလိုက်သည်။
    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဘရန်ကိုလ်ဘန်းက မိမိတို့အနေဖြင့် ထိုလက်နက်များကို စောင့်ကြည့်နေသည်ဟုဆိုပြီး ဆီးနိတ်လွှတ်တော်၏ လက်နက်ဆိုင်ရာကော်မတီမှ ဥက္ကဖြစ်သူ ဂျွန်မက်ကိန်းကမူ တရုတ်နိုင်ငံ၏ ထိုလုပ်ရပ်က စိုးရိမ်စရာကောင်းပြီး တင်းမာမှုကို မြင့်တက်စေသည်ဟု ပြောကြားခဲ့သည်။

    ဂျာမနီ၏ လျှို့ဝှက်ထောက်လှမ်းမှု ဘယ်လ်ဂျီယံ စုံစမ်းနေ
    …………………………..
    ဂျာမနီက မိမိတို့နိုင်ငံအား ကြားဖြတ် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေသည်ဟု ဘယ်လ်ဂျီယံနိုင်ငံက ယနေ့တွင် ပြောကြားလိုက်ပြီး စွပ်စွဲခဲ့သည့်အတိုင်း တွေ့ရှိပါက ဂျာမနီအနေဖြင့် ဖြေရှင်းချက်ပေးရမည်ဟု သတိပေးခဲ့သည်။

    ဖီဖာညီလာခံ ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရ
    …………………………………
    ဇူးရစ်ခ်ျမြို့၌ ယနေ့တွင်ပြုလုပ်ခဲ့သည့် ဖီဖာညီလာခံတွင် ဗုံးဖောက်မည်ဟု တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်းခံခဲ့ရသောကြောင့် အခမ်းအနားပြုလုပ်သည့်ခန်းမအတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ရသည်ဟု ဆွစ်ဇာလန်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့် ဗုံးမှ ရှာတွေခဲ့ခြင်းမရှိဘဲ နောက်ပိုင်းတွင် အစည်းအဝေးကို ပြန်စနိုင်ခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၂၈၊ ၂၀၁၅)

    မေ ၂၈၊ ၂၀၁၅
    M-Media

    ထိုင်းအတိုက်အခံများ ထောင်ချခံရ
    ………………………….
    ၂၀၀၈ ခုနှစ်က သက်ဆင်အစိုးရအား ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်မှုအတွင်း ၀န်ကြီးချုပ်ရုံးကို ၀င်စီးမှုအတွက် ထင်ရှားသည့် အစိုးရ အတိုက်အခံ ၆ ဦးကို ထိုင်းတရားရုံးက ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အယူခံအတွက် အာမခံဖြင့် လွှတ်ပေးခဲ့သည်။

    တီကရစ်တွင် အလောင်းရာကျော် တူးဖော်ပြီး
    …………………………..
    တီကရစ်မြို့ကို သိမ်းပိုက်ထားစဉ်က IS များ သတ်ဖြတ်ကာ မြှုပ်နှံထားသည်ဟု ယူဆရသည့် ရုပ်ကြွင်းပေါင်း ၄၇၀ ကို တူးဖော်ခဲ့ပြီးပြီဟု အီရတ် ကျန်းမာရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်သည်။ မြှုပ်နှံထားသည့် နေရာ ၄ ခုမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး အီရတ်စစ်သာများ၏ အလောင်းများ ဖြစ်ဖွယ်ရှိနေသည်။ အီရတ်စစ်တပ်မှာ တီကရစ်မြို့ကို ပြီးခဲ့သည့် ၂ လက ပြန်သိမ်းနိုင်ခဲ့သည်။

    အိန္ဒိယ ခရစ်ယာန်ဘုရားကျောင်း အမိုးပြိုမှု လူသေ
    ………………………………..
    အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နန်ဒူးပြည်နယ်ရှိ ဆောက်လုပ်ဆဲ စိန့်ပီတာ ခရစ်ယာန်ဘုရားကျောင်းမှ ကွန်ကရစ်အမိုး ပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ဘုရားကျောင်းတွင် ဆင်ထားသောငြမ်းကြောင့် မခြောက်သေးသည့် အမိုးက ကွဲအက် ပြိုကျခဲ့ခြင်းဖြစ်သည်။

    အမေရိကန်ရေကြီးမှု လူ ၂၀ ကျော်သေ
    …………………………..
    အမေရိကန်ပြည်ထောင်စု တက္ကဆက်နှင့် အိုကလာဟိုးမား ပြည်နယ်တို့တွင် ပြီးခဲ့သည့် ၂ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့ပြီး သေဆုံးသူများမှာ ၂၁ ဦးရှိလာကာ ၁၁ ဦး ပျောက်ဆုံးနေသည်။ ရာသီဥတုမှာ ဆက်လက်ဆိုးရွားနေပြီး အဆောက်အဦးများ ရာနှင့်ချီ၍ ပျက်ဆီးခဲ့သည်။

    နာပိုလီမှထွက်မည်ဟု ဘင်နီတက်ဇ် အတည်ပြု
    ………………………..
    ရီးယဲလ်မက်ဒရစ်မှ ခေါ်ယူမည်ဟု ရေပန်းစားနေသော နာပိုလီနည်းပြ ဘင်နီတက်ဇ်က ယခုတစ်ပတ် စီးရီးအေနောက်ဆုံးပွဲစဉ်အပြီးတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အသင်းတာဝန်ရှိသူများ၊ ပရိတ်သတ်များအား ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည့် ဘင်နီတက်ဇ်မှာ ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းမရှိချေ။

    Ref: Newe Agencies

  • နိုင်ငံတကာသတင်းတို (မေ ၂၇၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၂၇၊ ၂၀၁၅)

    (နှစ် ၃၀ လွတ်နေသည့် မာဖီးယာခေါင်းဆောင်ကို ဖမ်းမိ)

    မေ ၂၇၊ ၂၀၁၅
    M-Media

    ဘယ်လ်ဂျီယံလေပိုင်နက် ပိတ်ပစ်
    …………………………..
    နိုင်ငံအတွင်းရှိ လေကြောင်းထိန်းသိမ်းရေး စနစ်မှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် ဘယ်လ်ဂျီယံက ၎င်းတို့၏ လေပိုင်နက်အား ယနေ့တွင် ပိတ်ပစ်ခဲ့သည်။ လေကြောင်ထိန်းသိမ်းရေး စနစ်မှာ မည်သည့်အတွက်ကြောင့် ချို့ယွင်းခဲ့သည်ကို ရှင်းရှင်းလင်း မသိရသေးဘဲ မြင့်မားသော အမြင့်ပေမှနေ၍ လေယာဉ်များ နိုင်ငံအတွင်းမှ ဖြတ်ကျော်မှုကိုမူ ခွင့်ပြုထားသည်။

    နှစ် ၃၀ လွတ်နေသည့် မာဖီးယားခေါင်းဆောင်ကို ဘရာဇီးလ်တွင် ဖမ်းမိ
    ………………………………………..
    ၁၉၈၀ ပြည့်နှစ်များက လူ ၂၀ သတ်ဖြတ်မှုဖြင့် အလိုရှိနေပြီး နှစ်ပေါင်း ၃၀ ကျော် ထွက်ပြေးလွတ်မြောက်နေခဲ့သည့် အီတလီမာဖီးယားဂိုးဏ်မှ ခေါင်းဆောင် အသက် ၅၆ နှစ်အရွယ် ပါစကယ်လီ စကော့တီကို ဘရာဇီးရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဆေးရုံ၏ ပြတင်းပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည့် စကော့တီက ဘရာဇီးလ် နိုင်ငံသား
    ၎င်း၏ ကလေး ၂ ဦးကို ကျောင်းသွားပို့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ၁၉၉၁ ခုနှစ်တွင် လက်နက်ပိုင်ဆိုင်မှုနှင့် လူသတ်မှု အမှု ၂၀ ကျော်အတွက် တရားစွဲဆိုခဲ့သည်။

    သြဇီရှိ အင်ဒိုနီးရှားကောင်စစ်ဝန်များတွင် သံသယဖြစ်ဖွယ်ပစ္စည်းတွေ့
    ………………………………
    သံသယဖြစ်ဖွယ် ပစ္စည်းများကို တွေ့ရခဲ့ခြင်းကြောင့် မဲလ်ဘုန်းနှင့် ပါ့သ်တို့ရှိ အင်ဒိုနီးရှား ကောင်စစ်ဝန်များကို သြစတေးလျ ရဲတပ်ဖွဲ့က ယနေ့တွင် ဆင့်ခေါ်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ယူဆောင်ခဲ့သည်ဟု နယူးဆောက်ဝေးလ်ပြည်နယ်မှ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဧပြီလအတွင်းက သြစတေးလျ
    မူးယစ်မှောင်ခိုသမားများကို အင်ဒိုနီးရှားက ကွပ်မျက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။

    ဖီဖာဒုဥက္ကဌဟောင်း ချစားမှုစွဲချက်များကို ငြင်း
    ………………………………
    အမေရိကန်တရားရေးဌာနက လာဘ်စားမှုအပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခဲ့သော ဖီဖာတာဝန်ရှိသူ ၁၄ ဦးတွင် ပါဝင်ခဲ့သူ ဖီဖာဒုတိယဥက္ကဌဟောင်း ဂျက်ဝါနာက အဆိုပါ စွဲချက်များကို ငြင်းပယ်လိုက်ပြီး မိမိအနေဖြင့် မည်သည့်အမှားမှ မပြုလုပ်ခဲ့ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဆွဇ်လန် ရဲတပ်ဖွဲ့မှာ ဇူးရစ်ခ်ျသို့ ရောက်နေသည့် ဖီဖာအကြီးတန်းတာဝန်ရှိသူ ၁၀ ဦးကျော်ကို ချစားမှု စွဲချက်ဖြင့် ယနေ့တွင် ဖမ်းဆီးကာ အမေရိကန်လက်ထဲသို့ အပ်ရန်ရှိနေသည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (မေ ၂၅၊ ၂၀၁၅)

    မေ ၂၅၊ ၂၀၁၅
    M-Media

    တူနီးရှားစစ်သားတစ်ဦး ရဲဘော်များကို ပြန်ပစ်
    …………………………..
    တူးနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ စစ်စခန်းတစ်ခုတွင် စစ်သားတစ်ဦးက ရဲဘော်ရဲဘက်များအား သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စစ်သားမှာ မိမိကိုယ်ကို ပြန်၍ ပစ်သတ်ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါ သေနတ်ပစ်မှုနောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု ပြောကြားခဲ့သည်။

    IS ကို အမေရိကန် ရပ်တန့်လိုစိတ်မရှိ
    ……………………………
    အီရန်တော်လှန်ရေးအစောင့်တပ်မှ အကြီးအကဲတစ်ဦးက အမေရိကန်အနေဖြင့် IS တပ်ဖွဲ့ကို ရပ်တန့်လိုစိတ်မရှိဘဲ မိမိတို့ အီရန်နှင့် မဟာမိတ်များက တိုက်ခိုက်နေရသည်ဟု ပြောကြားခဲ့သည်။ အီရန်မှာ အီရတ်ရှိ တီကရစ်မြို့အား IS လက်မှ ပြန်သိမ်းသည့်တိုက်ပွဲတွင် များစွာ အကူအညီပေးခဲ့သည်။ အမေရိကန်မှာ IS တပ်ဖွဲ့ ပေါ်ပေါက်လာသည့် အချိန်နှင့် ခြေကုပ်ယူသည့်အချိန်များတွင် မည်သည့်တုံ့ပြန်မှုများ မပြုလုပ်ခဲ့ဘဲ အီရတ်ရှိ အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်မှာသာ ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်ဟု ယခင်က ပြောကြားမှုများ ရှိခဲ့သည်။

    ဂျပန်တွင် ယနေ့နေ့လည်က ငလျင်လှုပ်
    …………………………
    ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် အနီးတစ်ဝိုက်တွင် ပြင်းအား ၅.၆ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် မြေအောက်ရထားလမ်းများနှင့် လေယာဉ်ကွင်းတစ်ခု ပိတ်ခဲ့ရသည်။ သို့သော်လည်း ဆူနာမီသတိပေးချက် မထုတ်ပြန်ခဲ့ဘဲ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း မရှိခဲ့ချေ။

    ဗြိတိန်လက်ဝှေ့သမား ပထမဆုံး မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်
    ………………………..
    ဗြိတိန်မှ အိုလံပစ်ရွှေတံဆိပ်ဆုရှင် လက်ဝှေ့သမား ဒီဂေးလ်နှင့် အမေရိကန်မှ စူပါ မစ်ဒယ်ဝိတ်ချန်ပီယံ ဒီရီးလ်တို့ စနေနေ့က ထိုးသတ်ခဲ့ရာ ဒီဂေးမှာ အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဂေးလ်မှာ ဒုတိယအချီတွင် ဒီရီးလ်အား ၂ ကြိမ်တိုင်တိုင် လဲကျသွားအောင် ထိုးနိုင်ခဲ့ပြီး ယခုနိုင်ပွဲမှာ ၎င်း၏ ပထမဆုံး IBF ၏ စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    Ref: News Agencies