News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၂၊ ၂၀၁၅)

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    ဘာကီနာဖာဆိုတွင် အာဏာသိမ်းတပ်ဖွဲ့ကို စစ်တပ်က ချေမှုန်းတော့မည်
    …………………………………….
    ဘာကီနာဖာဆိုတွင် အာဏာသိမ်း သမ္မတအထူးအစောင့်တပ်ဖွဲ့က အရပ်သား ကြားဖြတ်အစိုးရအား အာဏာပြန်လွှဲရေးနှင့် လက်နက်ချရေး သတ်မှတ်ထားသည့် အချိန်အတိုင်းအတာ ကုန်ဆုံးပြီးနောက် ကြားဖြတ်အစိုးရအား သစ္စာခံသည့် စစ်တပ်က သမ္မတအိမ်တော်နားရှိ အဆိုပါ အထူးအစောင့်တပ်ဖွဲ့ တည်ရှိရာ ကမ့်နာဘာ စစ်အခြေစိုက်စခန်းအား တိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီယန်ဒီရီမှာ အာဏာလွှဲပြောင်းပေးရေး လွန်ခဲ့သည့်ရက်ပိုင်းက သဘောတူခဲ့သော်လည်း လက်နက်ချရန် နောက်ဆုံး သတ်မှတ်ချိန်ဖြစ်သော ဒေသစံတော်ချိန် ယနေ့နံနက် ၁၀နာရီကျော်သည်အထိ အကောင်အထည်ဖော်ခြင်းမရှိဘဲ ၎င်းသာလျှင် အုပ်ချုပ်ရေးကို ဆက်လက်တာဝန်ယူနေသည်ဟု ပြောကြားခဲ့သည်။ ကြားဖြတ်အစိုးရ ခေါင်းဆောင်ကလည်း သမ္မတအထူးအစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း ယနေ့တွင် ကြေငြာခဲ့သည်။

    ယီမင်တွင် အစိုးရနှင့် သူပုန်များ အကျဉ်းသားလဲလှယ်
    …………………………………….
    ယီမင်ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့မှာ ယနေ့တွင် နိုင်ငံတောင်းပိုင်း၌ အကျဉ်းသားများအား အပြန်အလှန် လွှဲပြောင်းပေးခဲ့ပြီး၊ ထိုအဖြစ်အပျက်ကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက စောင့်ကြည့်ခဲ့ကြသည်။ ဟူသီသူပုန်များကမူ ဒေသတွင်း ပြည်သူ့စစ် ၆၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစိုးရက သူပုန် ၇၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

    ယူကရိန်းရေတပ်ကို နေတိုးအဖွဲ့က ပြန်လည်ဖွဲ့စည်းပေးမည်
    ……………………………………….
    နိုင်ငံအရှေ့ပိုင်းတွင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံမှ ရေတပ်ကို ပြန်လည်ဖွဲ့စည်းရေး ကူညီရန်အတွက် နေတိုးက အဆင်သင့်ရှိနေသည်ဟု ယူကရိန်းသို့ ရောက်ရှိနေသော အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျန်စ် စတိုလ်တန်ဘာ့ဂ်က ယနေ့တွင် ပြောကြားလိုက်သည်။ နေတိုးအဖွဲ့နှင့် ယူကရိန်းတို့မှာ ကြီးကြပ်ကွပ်ကဲရေး၊ လော့ဂျစ်ပိုင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၁၊ ၂၀၁၅)

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ရုရှား ထောက်လှမ်းရေးအရာရှိ ထောင် ၁၄ နှစ် ချမှတ်ခံရ
    ……………………………….
    ရုရှား၏ အဓိက ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်သော GRU မှ တာဝန်ရှိသူဟောင်း ကရက်ဗ်စတော့ဗ်အား နိုင်ငံ၏ အာကာသ ထောက်လှမ်းရေး အချက်အလက်များကို ဆွီဒင်နိုင်ငံသို့ ပေါက်ကြားစေမှုဖြင့် မော်စကိုတရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်ဟု ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆွီဒင်ကာကွယ်ရေးဝန်ကြီးဌာနရှိ ရေဒီယိုနည်းပညာဌာနသို့ အီးမေးလ်ဖြင့် လျှို့ဝှက်အချက်အလက်များကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရုရှား၏ လုံခြုံရေးကို ထိခိုက်စေသည့်
    ဆောင်ရွက်မှုဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ ကရက်ဗ်စတော့ဗ်အား မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကြားနာမှုများကို တံခါးပိတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဗြိတိန်ဆိုင်ရာ အီရန်သံအမတ် ခန့်အပ်
    ……………………………..
    ဗြိတိန်နိုင်ငံဆိုင်ရာ အီရန်အမြဲတမ်းသံတမန်အဖြစ် မိုဟာမက် ဟာဆန် ဟဘီဘွလ္လာဟ်ဇာဒါကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ခန့်အပ်လိုက်သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ကြေညာလိုက်သည်။ ဟာဆန်မှာ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ထိုရာထူးကို ဗြိတိန်တွင် အခြေချမနေဘဲ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခင်က ရုရှားနှင့် ဆွစ်ဇာလန် နိုင်ငံများ၌လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်တွင် တီဟီရန်ရှိ ဗြိတိန်သံရုံးကို ဆန္ဒပြသူများက ၀င်ရာက်စီးနင်းခဲ့ပြီးနောက် လေးနှစ်အကြာ ယခုနှစ် သြဂုတ်လတွင် အီရန်နှင့် ဗြိတိန်တို့မှာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘိုကိုဟရမ် ဗုံးခွဲ
    …………………………
    နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ရှိ ညနေဈေးတစ်ခုကို ပစ်မှတ်ထားကာ ဘိုကိုဟရမ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကို ယနေ့တွင် ပြုလုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုနေသူများနှင့် ရုပ်သံမှ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှုနေသူများ အပါအ၀င် အနည်းဆုံး ၅၄ ဦး သေဆုံးခဲ့သည်။ စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကမူ ဖောက်ခွဲရေးပစ္စည်းများကို အိမ်တွင်းသုံး ကိရိယာများဖြင့်
    ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဒေသတွင်း ရဲတပ်ဖွဲ့က အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၂၀၊ ၂၀၁၅)

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    အိန္ဒိယတွင် ရပ်ဘီအသင်း တင်ဆောင်လာသည့် ဘတ်စ်ကား တိမ်းမှောက်
    ……………………………..
    အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ရပ်ဘီအသင်းတစ်သင်းကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးမှာ အရှိန်လွန်ကာ တံတားပေါ်မှ ပြုတ်ကျ တိမ်းမှောက်ခဲ့သောကြောင့် အနည်းဆုံး အားကစားသမား ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါအသင်းမှာ ဒေသတွင်းပြိုင်ပွဲတစ်ခုတွင် အနိုင်ရရှိပြီးနောက် ၎င်းတို့အသင်း အခြေစိုက်ရာ ဆန်ပူးရ်ရွာသို့ ယမန်နေ့ ညနေပိုင်းက ပြန်လာစဉ် ထိုကဲ့သို့ ဘတ်စ်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရခဲ့သည့် ကစားသမား ၅
    ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

    လောကီသီးသန့်ဝါဒကို အာပေးသည့် ဖွဲ့စည်းပုံအသစ်ကို နီပေါ အတည်ပြု
    ………………………………….
    ဟိန္ဒူဘုရင်စနစ်မှ လောကီသီးသန့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက်ကျင့်သုံးသွားမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို နီပေါက ယနေ့တွင် အတည်ပြုခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို နိုင်ငံတောင်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများပင် ဖြစ်ပွားခဲ့ကာ လူ ၄၀ ခန့် သေဆုံးခဲ့သည်။ နီပေါ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ယခုတစ်ပတ်အတွင်း နီပေါအား ဟိန္ဒိုနိုင်ငံအဖြစ် သတ်မှတ်ရေး တောင်းဆိုမှုကို ပယ်ချခဲ့သည်။

    တွန်းအားစနစ်အသစ်သုံး အာကာသယာဉ်ကို တရုတ်လွှတ်တင်
    ……………………………………………….
    တရုတ်အာကာသအေဂျင်စီမှာ အသစ်စက်စက် ChángZhēng-6 (CZ-6) အာကာသယာဉ်တစ်စီးကို ယနေ့တွင် ရှန်ဇီပြည်နယ်ရှိ အာကာသစခန်းမှ လွှတ်တင်ခဲ့ပြီး ထိုအာကာသယာဉ်မှာ အဆိပ်အတောက် မဖြစ်သော ရေနံဆီနှင့် အောက်ဆီဂျင်တို့ကို အသုံးပြုသည့် တွန်းအားစနစ်ပါဝင်သော ပထမဆုံး အာကာသယာဉ်လည်း ဖြစ်သည်။ ထိုယာဉ်ကို တရုတ် အာကာသလေကြောင်း သိပ္ပံနှင့် နည်းပညာ
    ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ CASC နှင့် အာကာသယာဉ် နည်းပညာအဖွဲ့ CALT တို့မှ ပူးပေါင်း တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွန်းအားစနစ်မှာ အလေးချိန် တစ်တန်ခန့်ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပစ်လွှတ်နိုင်ပြီး ယခုလွှတ်တင်မှုတွင် ဂြိုဟ်တုအသေးစား ၂၀ ခန့် ပါဝင်သွားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၁၉၊ ၂၀၁၅)

    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    ဆီးရီးယားအရေး ပြေလည်ရန် အာဆတ်နှုတ်ထွက်ရမည်ဟု ဂျွန်ကယ်ရီပြော
    ……………………………..
    နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာကို အဆုံးသတ်ရန်အတွက် ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်မှာ လုံးဝ ဆင်းပေးရမည်ဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် အဖွဲ့အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှု လိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပ်ဟာ ဟမ်မွန်နှင့် လန်ဒန်မြို့၌ တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။ ထို့ပြင် ဆီးရီးယား နိုင်ငံရေး
    အပြောင်းအလဲအတွက် ဆွေးနွေးရေး အာဆတ်အား ယုံကြည်လာစေရန်အတွက် ရုရှားနှင့် အီရန်တို့က ၎င်းတို့၏ လွှမ်းမိုးမှုကို အသုံးချရန် ကယ်ရီက တိုက်တွန်းခဲ့သည်။

    အာဏာရှင်ဆန့်ကျင်ရေး ထိုင်းပြည်သူများ ဆန္ဒပြ
    ……………………………….
    ဆန္ဒပြမှုကို ပိတ်ထားသည့်ကြားမှ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် ထိုင်းပြည်သူ ရာပေါင်းများစွာက ယနေ့တွင် မြိုကတော်ဘန်ကောက်၌ ဆန္ဒပြခဲ့ကြသည်။ အာဏာရှင်ကို ဆန့်ကျင်သည့် ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည့် ပြည်သူများမှာ အာဏာရှင်အလိုမရှိဟူသော ကျွေးကြော်သုံးများကို ကျွေးကြော်၍ ဘန်ကောက်မြို့လယ်ကောင်၌ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပြီး သမားဆက် တက္ကသိုလ်တွင် ပြုလုပ်သည့် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။

    အီဂျစ်အစိုးရသစ် ကျမ်းကျိန်
    ……………………………….
    ချစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကြောင့် ယခင်ကက်ဘိနတ်ဟောင်း ထွက်သွားပြီးနောက် တစ်ပတ်အကြာ ယနေ့တွင် သမ္မတ အဘ်ဒဲလ်-ဖာတာဟ် အလ်စီစီဦးဆောင်သည့် အစိုးရသစ်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ၃၃ ဦး ပါဝင်သည့် ကတ်ဘိနတ်အသစ်တွင် အမျိုးသမီး ၃ ဦးနှင့်၊ လူသစ် ၁၆ ဦးပါဝင်ပြီး၊ အသစ်ဝင်လာသည့် ပညာရေးဝန်ကြီး ဇာကီ ဘဒါရ်နှင့် ခရီးသွားလာရေးဝန်ကြီး ဟီရှမ် ဇာဇူတို့မှာ သမ္မတဟောင်း မူဘာရက်လက်အောက်တွင် အဆိုပါရာထူးများကို ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၁၅၊ ၂၀၁၅)

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    အဲလ်ပ်စ်တောင်တန်းတွင် နှင်းထုပြိုကျ၊ ၇ ဦးသေဆုံး
    ………………………………….
    ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းမှ တောင်တစ်ခုတွင် နှင်းခဲများ ယနေ့တွင် ပြိုဆင်းမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး အခြား ၂ ဦးမှာ ပျောက်ဆုံးနေသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အမြင့်ပေ ၄၀၁၅ မီတာရှိပြီး တောင်တက်သမားများ လူကြိုက်များသည့် Massif des Ecrins တောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများက လိုက်လံ ရှာဖွေလျက်ရှိနေသည်။

    ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်လာ
    ……………………………
    နိုင်ငံမြောက်ပိုင်းရှိ မာကီနီမြို့တွင် အီဘိုလာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီးနောက် အာဖရိကရှိ ဆီရာလီယိုနီနိုင်ငံတွင် လူပေါင်း ၇၀၀ နီးပါးကို သီးသန့် ထိန်းသိမ်းထားလိုက်ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။ ဆီရာလီယိုနီတွင် အီဘိုလာ ကူးစက်မှုမရှိသည်မှာ ၆ လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခုမှ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
    သီးသန့်ခွဲထားသူများတွင် သေဆုံးသွားသည့် အမျိုးသမီးငယ်၏ မိဘများ၊ ဆွေမျိုးများနှင့် အတန်းဖော်များ ပါဝင်ပြီး ၂၁ ရက်အထိ စောင့်ကြည့်မည်ဖြစ်သည်။

    တူရကီတွင် ဒုက္ခသည်စက်လှေတစ်စီး တိမ်းမှောက်၊ ၂၂ ဦး သေဆုံး
    …………………………………….
    ဂရိနိုင်ငံသို့ ၀င်ရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များ တင်ဆောင်လာသော သစ်သား စက်လှေတစ်စီးမှာ တူရကီနိုင်ငံ အနောက်တောင်ဘက်၌ ယနေ့တွင် နစ်မြုပ်ခဲ့သောကြောင့် ဒုက္ခသည် အနည်ဆုံး ၂၂ ဦးသေဆုံးခဲ့ကာ တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့များက အခြား ၂၁၁ ဦးကို ကယ်တင်နိုင်ခဲ့သည်။

    Ref: News Agencies