News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၀၁၅)

    စက်တင်ဘာ ၂၀၁၅
    M-Media

    အီဂျစ်လုံခြုံရေးတပ်ဖွဲ့၏ မှားယွင်းပစ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်များ သေဆုံး
    ……………………………………
    အီဂျစ်နိုင်ငံအနောက်ပိုင်းရှိ သဲကန္တာရတစ်ခုတွင် စစ်သွေးကြွများအား ရှာဖွေနေစဉ် လုံခြုံရေးတပ်ဖွဲ့များက ကမ္ဘာလှည့်ခရီးသွား အုပ်စုအား မှားယွင်း ပစ်ခတ်မှုကြောင့် မက္ကဆီကိုနိုင်ငံသား ၈ ဦးနှင့် အီဂျစ်နိုင်ငံသား ၄ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အခြား မက္ကဆီကိုနိုင်ငံသား ၈ ဦးနှင့် အီဂျစ် ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    တောမီးကြောင့် အင်ဒိုနီးရှား ပြည်နယ်တစ်ခု အရေးပေါ်အခြေအနေ ကြေငြာခဲ့ရ
    ……………………………………………
    တောမီးလောင်မှုကြောင့် ဖြစ်လာသော မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေသည့် ဆူမားတြားကျွန်းမှ ရီအူပြည်နယ်ကို အင်ဒိုနီးရှားအစိုးရက ယနေ့တွင် အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်။ တောမီးလောင်မှုမှာ ပြင်းထန်လာသောကြောင့် ရေပါသည့်ဗုံးများကြဲချရန်နှင့် ဓာတုဗေဒနည်းဖြင့် မိုးတိမ်တုဖန်တီးကာ မိုးရွာချရန် အင်ဒိုနီးရှားက ပြင်ဆင်နေသည်။ အဆိုပါတောမီးမှ မီးခိုးများမှာ အိမ်နီးချင်း မလေးရှားနှင့် စင်ကာပူတို့ကိုပါ ပြန့်နှံ့ခဲ့ပြီး စင်ကာပူတွင် ပြုလုပ်မည့် ဂရင်းပရီ ကားမောင်းပြိုင်ပွဲကိုပါ ထိခိုက်နိုင်ဖွယ် ရှိနေသည်။

    ဂျပန်စစ်သားများအတွက် ဥပဒေအသစ် ပြည်သူထက်ဝက်ကျော် ကန့်ကွက်
    ………………………………………
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအဖြစ် ဂျပန်စစ်တပ်များ နိုင်ငံရပ်ခြားတွင် သွားရောက်တိုက်ခိုက်မှုကို ခွင့်ပြုမည့် ဥပဒေကို ဂျပန်နိုင်ငံသား ထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့သည်ဟု ပြီးခဲ့သည့် နှစ်ရက်အတွင်း Asahi Shimbun သတင်းစာမှ စစ်တမ်းကောက်ယူမှုအရ သိရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ စက်တင်ဘာ ၂၇ ရက်နေ့တွင် အဆုံးသတ်မည့် ပါလီမန်အစည်းအဝေးအတွင်း အဆိုပါ ဥပဒေကို ပြဌာန်းချင်နေသည်။ မဲပေးမှုတွင် ပြည်သူများ၏ ၂၉ ရာခိုင်နှုန်းသာ ထောက်ခံခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၁၃၊ ၂၀၁၅)

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    ဂျပန်ရေကြီးမှု သေဆုံးသူ ၅ ဦးရှိလာ
    ……………………………………………..
    ဂျပန်နိုင်ငံတစ်ဝှမ်း ရေကြီးမှုနှင့် မြေပြိုမှုများအပြီး လေးရက်အကြာတွင် သေဆုံးသူအရေအတွက်မှာ ၅ ဦးအထိ တိုးလာခဲ့ပြီး လူပေါင်း ၅၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်ဟု ဂျပန်အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။ မြို့တော်တိုကျိုအနီးရှိ ဂျိုဆိုမြို့တွင် ပျောက်ဆုံးနေသူများမှ ၇ ဦးကို ယနေ့တွင် အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး ၁၅ ဦးမှာ
    ပျောက်ဆုံးနေဆဲဖြစ်သည်။

    အက်ဆွာဗလီကို အစ္စရေး ၀င်ရောက်စီးနင်း၊ ပါလက်စတိုင်းများ ဒဏ်ရာရ
    ……………………………………….
    အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်သားများနှင့် လုံခြုံရေးအဖွဲ့များက ယနေ့မနက်တွင် ၀င်ရောက်စီးနင်းခဲ့ပြီး အင်အားသုံးခဲ့ကာ မျက်ရည်ယိုဗုံးမျာကိုလည်း အသုံးပြုခဲ့သောကြောင့် ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုနေသူ ပါလက်စတိုင်း အများအပြား ဒဏ်ရာရခဲ့သည်။ အစ္စရေးကမူ
    ကျောက်ခဲဖြင့်ပစ်ပေါက်သူများကို ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူ ဂျူးများကလည်း အဆိုပါ အက်ဆွာ ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    အခွန်တိုးကောက်မှုအတွက် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ အစိုးရကို ဆန္ဒပြ
    …………………………………………
    ကျူရှင်လခများအတွက် အစိုးရက အခွန်တိုးကောက်မှုကို မကျေနပ်သောကြောင့် အင်ဂျင်နီယာနှင့် ဆေးတက္ကသိုလ်များမှ ကျောင်းသားများအအပါအ၀င် ဘင်္ဂလားဒေ့ရှ်ရှိ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ထောင်ပေါင်းများစွာမှာ ယနေ့တွင် မြို့တော်ဒါကာ၌ ဆန္ဒပြခဲ့ကြသည်။ အစိုးရမှ ကျူရှင်လခများအတွက် အခွန်ကို ၇.၅ ရာခိုင်နှုန်း တိုးကောက်ရန် စီစဉ်ခဲ့သောကြောင့် အလယ်အလတ်လူတန်းစား မိသားစုများမှ ကျောင်းသားများမှာ အခက်တွေ့ခဲ့ရပြီး စက်တင်ဘာ ၉ ရက်နေ့မှစတင်ကာ နိုင်ငံတစ်ဝှမ်း
    ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၁၀၊ ၂၀၁၅)

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ဂျပန်တွင် မုန်တိုင်းကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာနေရ
    ……………………………………..
    ဂျပန်နိုင်ငံတစ်ဝှမ်း အပူပိုင်း တိုင်ဖုန်းမုန်တိုင်း အီတာအူ တိုက်ခတ်မှုကြောင့် လူထောင်ပေါင်းများစွာကို လုံခြုံသည့်နေရာများသို့ ရွှေပြောင်းနေထိုင်ရန် ဂျပန်အစိုးရက အမိန့်ထုတ်ထားသည်။ တိုကျိုအနီး ဂျိုဆိုမြို့ရှိ ကီနူဂါဝါမြစ်တွင်လည် ရေစီးအလွန်သန်လာကာ ကမ်းပါးများ တိုက်စားပြိုကျမှုကြောင့် နေအိမ်များ၊ ကားများမှာလည်း ရေထဲသို့ မျောပါသွားကြပြီး လေကြောင်းမှ ကယ်ဆယ်မှုများ ပြုလုပ်နေရကာ ပျောက်ဆုံးမှုများလည်း ရှိနေသည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုများလည်း ရှိနေပြီး ၂၀၁၁ ခုနှစ်
    ငလျင်ကတည်းက ပိတ်ထားရသည့် ဖူကူရှီးမား နျူဓာတ်အားပေးစက်ရုံ၏ ဘေးအန္တရာယ်ကင်းမှုကိုလည်း
    ခြိမ်းခြောက်နေသည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    အိန္ဒိယတွင် ၀က်တုပ်ကွေးကူးစက်မှု လူ နှစ်ထောင်ကျော် သေဆုံး
    ……………………………….
    အိန္ဒိယနိုင်ငံတွင် ၀က်တုတ်ကွေးကြောင့် ဇန်န၀ါရီ ၁ ရက်နေ့မှ၊ သြဂုတ်လ ၃၁ ရက်နေ့အထိ သေဆုံးသူမှာ ၂၂၇၆ ဦး ရှိနေပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မဟာရက်ရှ်ထရာ၊ ဂူဂျာရတ်၊ ရာဂျက်စသန်နှင့် မဒ်ရာပရာဒက်ရှ်ပြည်နယ်များတွင် သေဆုံးသူများမှာ ၁၈၃၀ ဦးရှိပြီး၊ မဟာရက်ရှ်ထရာတွင် ကူးစက်သေဆုံးမှုမှာ အဆိုးဝါးဆုံးဖြစ်သည်။ စက်တင်ဘာ ပထမ ၈ ရက်အတွင်းမှာပင် ထိုပြည်နယ်၌ ကူးစက်သူမှာ ၃၇၈ ဦးရှိပြီး သေဆုံးသူမှာ ၃၈ ဦး ရှိခဲ့သည်။

    ဒုက္ခသည်ပြဿနာကြောင့် ဟန်ဂေရီ အရေးပေါ်အခြေအနေ ကြေညာရန်ရှိနေ
    ………………………………….
    ဒုက္ခသည်များ ၀င်ရောက်မှု များလာသောကြောင့် အရေးပေါ်အခြေအနေ ကြေညာရန်အတွက် ဟန်ဂေရီ ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုတင်ပြခဲ့သည်ဟု ၀န်ကြီချုပ် ဗစ်တာ အော်ဘန်က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပြုတင်ပြချက်ကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် အစိုးရအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုနှစ်အတွင်း အရှေ့အလယ်ပိုင်း၊ အာရှနှင့်
    အာဖရိကနိုင်ငံများမှ ဒုက္ခသည် ၁၆၀၀၀၀ ခန့်မှာ ဟန်ဂေရီနိုင်သို့ ၀င်ရောက်လာခဲ့ပြီး၊ ထို့မှတစ်ဆင့် သြစတြီးယားကို ဖြတ်၍ ဂျာမနီသို့ သွားရောက်ကြသည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၈၊ ၂၀၁၅)

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    ဒုက္ခသည်ပြဿနာ ပိုမိုကြီးထွားမည်ဟု ဥရောပဥက္ကဌ သတိပေး
    …………………………….
    စစ်မက်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များ ရောက်ရှိလာမှုမှာ အိပ်ဇိုဒက် (အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာခြင်း) ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အနာဂတ်တွင် ပိုမိုရင်ဆိုင်ရလိမ့်မည်ဟု ဥရောပသမဂ္ဂဥက္ကဌ ဒေါ်နယ် တက်စ်က သတိပေး ပြောကြားလိုက်သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များမှာ ဘောလ်ကန်ဒေသနှင့် မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ လာရောက်ခိုလှုံနေကြပြီး တက်စ်ကမူ ဥရောပနိုင်ငံများအနေဖြင့် သဘောထားကွဲလွဲမှုများကို
    ဘေးဖယ်ကာ ထိုပြဿနာကို အတူတကွရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်။

    အီရတ် ဒုတိယတရားရေးဝန်ကြီး ပြန်ပေးဆွဲခံရ
    ………………………………
    အီရတ် တရားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးမှာ ဘဂ္ဂဒတ်မြို့မြောက်ပိုင်း၌ ယနေ့တွင် ၀တ်စုံအနက်ဝတ် သေနတ်သမားများ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသည်ဟု အီရတ်လုံခြုံရေး သတင်းရင်းမြစ်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ကားဖြင့်သွားစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးနှင့် အစောင့် ၂ ဦးလည်း ပါဝင်သည်ဟု ဆိုသည်။ ထိုသတင်းအတွက် အီရတ်စစ်တပ်က မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူ ၈ ထောင်နီးပါးရှိ
    ……………………………….
    ပြီးခဲ့သည့်နှစ် ဧပြီလအလယ်ပိုင်းက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း မငြိမ်မသက်မှုအတွင်း သေဆုံးခဲ့ရသူ ဦးရေမှာ အနည်းဆုံး ၇၉၆၂ ဦး ရှိပြီဟု ကုလ လူ့အခွင့်အရေးရုံးက ယနေ့တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများမှာမူ ၁၇၈၁၁ ဦးရှိပြီဖြစ်ကာ လက်ရှိအချိန်တွင် တင်းမာမှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၇၊ ၂၀၁၅)

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    ပြည်တွင်းဖြစ် ဒရုန်းလေယာဉ်ကို ပါကစ္စတန် ပထမဆုံးအကြိမ် ထုတ်သုံး
    ………………………………………
    – မိမိတို့မှာ ပြည်တွင်းဖြစ် ဒရုန်းလေယာဉ်ဖြင့် ပထမဆုံးအကြိမ် နိုင်ငံအနောက်မြောက်ပိုင်းမှ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်သည်။ Burraq ဟု အမည်ရသည့် ဒရုန်းလေယာဉ်ဖြစ်ပြီး လေဆာပဲ့ထိန်းဒုံးကျည်တပ်ဆင် ပစ်လွှတ်နိုင်သည်။ အဆိုပါနည်းပညာကို အမေရိကန်၊ တရုတ်နှင့် အစ္စရေးတို့ အပါအ၀င် လက်တစ်ဆုပ်စာ နိုင်ငံများကသာ ပိုင်ဆိုင်ထားကြသည်။

    ဆီးရီးယားသို့ စစ်လက်နက်ပေးပို့မှုမှာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ဟု ရုရှားပြော
    ……………………………………
    ရုရှားအနေဖြင့် ဆီးရီးယားသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ခြင်းမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်အတွက်သာ ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ RIA Novosti သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ရုရှားမှာ အာဆတ်အစိုးရသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့သည်ဆိုသော သတင်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း
    ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ကလည်း ထိုသတင်းအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    ယူကရိန်းတွင် နေတိုးအဖွဲ့ ရုံးခန်း ဖွင့်တော့မည်
    …………………………………….
    မကြာမီအချိန်အတွင်း ယူကရိန်းသို့ သွားရောက်လည်ပတ်သည့်အခါ နေတိုးအဖွဲ့၏ ရုံးခန်းကို ကိဗ်မြို့တွင် ဖွင့်လှစ်ရန်အတွက် သဘောတူညီချက်တစ်ခုကို နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်စ် စတိုလ်တန်ဘာ့ဂ်က လက်မှတ်ရေးထိုးမည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပါဗဲလ် ကလင်မ်ကင် ပြောကြားမှုကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။ ကလ်မ်ကင်မှာ
    နေတိုးအဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ဘရက်ဆဲလ်တွင် တွေ့ဆုံခဲ့ပြီး ရုံးခန်းဖွင့်ရေးကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: News Agencies