News @ M-Media

Tag: international short news

  • ဆိုးရွာသော ရလဒ်အတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု ရာဖေးလ်ဆို

    ဆိုးရွာသော ရလဒ်အတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု ရာဖေးလ်ဆို

    ဇန်န၀ါရီ ၁၃၊၂၀၁၄
    M-Media

    – မန်ယူအသင်း၏ ဆိုးရွားနေသော လက်ရှိအခြေအနေအတွက် နည်းပြမိုယက်စ်အား အပြစ်မတင်သင့်ဘဲ ကစားသမားများကိုသာ အပြစ်တင်သင့် သည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံလူ ရာဖေးလ်က ပြောကြားခဲ့သည်။

    မန်အသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ ၌ရှိနေပြီး၊ FA ဖလားပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရကာ၊ လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့တွင်လည်း ရှုံးနိမ့်ထားသည်။

    “ကျွန်တော်တို့(ကစားသမားတွေက)သာ တာဝန်ယူရမှာပါ။ လူတိုင်းက ဘာကြောင့် နည်းပြကို အပြစ်ပြောနေကြလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ ကစားကွင်းထဲမှာ စွမ်းဆောင်ရတာက ကစားသမားတွေပါပဲ” ဟု ရာဖေးလ်က ပြောကြားခဲ့ပြီး မိုယက်စ်မှာ ပြင်းထန်သော စိတ်ဓာတ်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုအရာကို အကောင်းဘက်သို့ ရောက်အောင် အသုံးချရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်ကစားသမားဟောင်း ဇီဒိန်းကလည်း ဖာဂူဆန်လက်ထက်က အလယ်တန်းကစာသမား ပေါ့ဂ်ဘာအား အသင်းမှ ထွက်ခွာခွင့် ပေးခဲ့ခြင်း မှာ မှားယွင်းခဲ့ပြီး ပေါ့ဂ်ဘာမှာ ပေါလ်စခိုးလ်၏ နေရာတွင် အကောင်းဆုံး အစားထိုးနိုင်သူဖြစ်သည်ဟု သိရသည်။

    Ref : Daily

  • တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်

    တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    – အစ္စလာမ်ပြက္ခဒိန်၏  တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် တမန်တော်မုဟမ္မဒ်သခင်၏ ဖွားမြင်ရာနေ့ အထိမ်းအမှတ် အဖြစ် တမန်တော်မြတ်၏ ဘ၀သရုပ်ဖော် ပြခန်းတစ်ခုကို ဒူဘိုင်းနိုင်ငံတွင် ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။

    နိုင်ငံတကာကုရ်အာန်ကျမ်းတော်မြတ်ပြခန်း(DIHQA) အဆောက်အဦးတွင် ပြုလုပ်ထားသည့် ထိုပြခန်းအား “ကိုယ်တော်မြတ်အပေါ်သို့ ငြိမ်းချမ်း သာယာမှုအဖြာဖြာ ကျရောက်ပါစေ” (Alssalamu Alaika Ayyuha Annabi) ဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ်ပေါင် ၁၄၃၅ အရင်က မုဟမ္မဒ် သခင် မွေးဖွားစဉ်အချိန်က ရှိနေသည့် မက္ကာဟ်မြို့၏ ပုံစံငယ်အပါအ၀င်၊ မဒီနာမြို့ပုံစံငယ်နှင့် မုဟမ္မဒ်သခင်၏ ဘ၀ဖြတ်သန်းပုံ အဆင့်ဆင့်ကို အသေးစိတ် ပြသထားသည်။

    “မုဟမ္မဒ်သခင်ရဲ့ဘ၀ တစ်ဆင့်ခြင်းကို ဒီမှာတွေ့နိုင်ပါပြီ။ အစ္စလာမ်သာသနာရဲ့ အကြောင်းအရာတွေကိုလည်း သင်ယူနိုင်ပါတယ်” ဟု DIHQA အဆောက်အဦးတွင် တာဝန်ထမ်းဆောင်နေသည့် ဆော်ဒီနိုင်ငံမှ ပညာရှင် ဒေါက်တာ အဟ်မဒ် အလ်-ဂမ်ဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုပြခန်းအား ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင်ရှိသည့် တမန်တော်မြတ်ပြတိုက်၏ ပြတိုက်ခွဲအနေဖြင့် လာရောက်ပြသခြင်းဖြစ်သည်။ မက္ကာရှိ ထိုပြတိုက်အား ဆော်ဒီ အစ္စလာမ့်ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်သူ ဒေါက်တာ နစီရ် အလ်-ဇဟ်ရာနီက တည်ထောင်ထားခြင်းဖြစ်ပြီး၊ ယခုပြခန်းမှာလည်း နစီရ်၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။

    မုဟမ္မဒ်သခင်၏ ဘ၀ဖော်ပြမှုအပြင် မုဟမ္မဒ်သခင် အသုံးပြုခဲ့သည့် ဘီး၊ အိုး၊ အ၀တ်အစား၊ အစားအသောက်၊ ဆေးဝါးစသဖြင့် အသေးစိတ် ရှင်းလင်း ပြသထားပြီး၊ မုဟမ္မဒ်သခင်နေထိုင်ခဲ့သည့် အိမ်အတွင်း အပြင်အဆင်အား 3D ရုပ်ရှင်ဖြင့် ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။ ထို့ပြင် မုဟမ္မဒ်သခင် ၀တ်ဆင်ခဲ့သည့် လက်စွပ်ပုံတူကိုလည်းပြသထားပြီး၊ မုဟမ္မဒ်သခင် လမ်ညွှန်းခဲ့သည့် ဆေးနည်းများကိုလည်း ပြသရန်စီစဉ်လျက်ရှိသည်။

    ပြခန်းတစ်လျှောက် အစ္စလာမ်သာသနာတော်၏ အဆုံးအမများကိုလည်း ရေးသားဖော်ပြထားသည်။

    “အမျိုးသမီးတွေ၊ ကလေးတွေ၊ မွတ်စလင်မဟုတ်သူတွေ၊ တိရိစ္ဆာန်တွေနဲ့ သစ်ပန်းမာလ်တွေအပေါ်မှာ ထားရှိရမယ့် အစ္စလာမ်က ပြောထားတဲ့ အခွင့် အရေးတွေကို နံရံတွေတစ်လျှောက် ရေးသားထားပြီး မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေပါ အစ္စလာမ်ကို ပိုမိုနားလည် သဘောပေါက်အောင် ရည်ရွယ်တာပါ” ဟု အလ်-ဂမ်ဒီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Onislam

  • ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းကို ကာကွယ်ရန်ရည်ရွယ်၍ တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုတစ်ခု ဂျပန်ပြုလုပ်

    ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းကို ကာကွယ်ရန်ရည်ရွယ်၍ တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုတစ်ခု ဂျပန်ပြုလုပ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    အရှေ့တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသောကျွန်းတွင် လေပိုင်နက်တစ်ချို့အား လေကြောင်းကာကွယ်ရေး ဇုံအဖြစ် တရုတ်နိုင်ငံက သတ်မှတ်ခဲ့ခြင်း၊ ထိုကျွန်းအနီးတွင် တရုတ်သင်္ဘောများ ဖြတ်သန်းသွားလာခြင်းတို့ ဖြစ်ပေါ်လာခဲ့ပြီးနောက် မိမိ၏ ပိုင်နက်အား ကာကွယ်ရန် ရည်ရွယ်သော စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဂျပန်နိုင်ငံက ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟုသိရသည်။

    နိုင်ငံအရှေ့ပိုင်း ကျွန်းတစ်ခုတွင်ပြုလုပ်ခဲ့သည့် ထိုစစ်ရေးလေ့ကျင့်မှုအား “ကျွန်းကာကွယ်ရေး” ဟုအမည်ပေးထားပြီး ရန်သူ့လက်ထဲမှ ကျွန်းကို ဂျပန်လေထီးတပ်သားများက သိမ်းပိုက်ပုံကို လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုအား ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်စူနိုရီ အိုနိုဒီရာ ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး၊ မိမိတို့ပိုင်ဆိုင်သည်ဟု ယူဆထားသော ပိုက်နက်အား ကာကွယ်သွား မည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ရေပိုင်နက်ထဲ တရုတ်သင်္ဘောတွေ ၀င်လာတာကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကမ်းခြေစောင့်တပ်တွေနဲ့ ပူးပေါင်းပြီး Senkakuကျွန်း (အငြင်းပွားနေသောကျွန်း)ရဲ့ ရေပိုင်နက်နဲ့ ကျွန်တော်တို့ ပိုင်ဆိုင်မှုကို သေသေချာချာ ကာကွယ်သွားမှာပါ” ဟု အိုနိုဒီရာက ပြောကြားခဲ့သည်။ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ယမန်နှစ်ကလည်း ပြုလုပ်ခဲ့သေးသည်။

    တရုတ်နိုင်ငံက Diaoyu ဟုခေါ်ဆိုပြီး ဂျပန်နိုင်ငံက Senkaku ဟု ခေါ်ဆိုသည့် အဆိုပါကျွန်းပိုင်ဆိုင်မှုအတွက် တရုတ်၊ ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ တောင်းဆိုထားပြီး ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ထိုကျွန်းနှင့် ပက်သက်၍ တရုတ်နိုင်ငံ၏ တစ်ဖက်သက် ဆောင်ရွက်ချက်များကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့မှာ တင်းမာမှုများ ကြီးထွားလာသည်။

    Ref : RT

  • ဆီးရီယားရှိ ဓာတုလက်နက်ဖျက်သိမ်းရေး ပထမအဆင့် လုပ်ငန်းများအား ယမန်နေ့က စတင်လုပ်ဆောင်

    ဆီးရီယားရှိ ဓာတုလက်နက်ဖျက်သိမ်းရေး ပထမအဆင့် လုပ်ငန်းများအား ယမန်နေ့က စတင်လုပ်ဆောင်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    src.adapt.480.low

    ပြည်တွင်းရှိ တိုက်ပွဲများနှင့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကြန့်ကြာနေခဲ့ရသည့် ဆီးရီးယားရှိ ဓာတုလက်နက်များဖျက်သိမ်းရေး လုပ်ငန်းများကို ယမန်နေ့က စတင်ခဲ့သည်ဟုသိရသည်။

    နိုင်ငံအတွင်းရှိ ဓာတုလက်နက်များ ပြည်ပသို့ပို့ကာ ဖျက်ဆီးရေးလုပ်ငန်းများ ၏ ပထမအဆင့်အဖြစ်၊ ဓာတုလက်နက်များအား Latakia ဆိပ်ကမ်းမှ နေ၍ ဒိန်းမတ်နိုင်ငံပိုင် ကုန်တင်သင်္ဘောပေါ်သို့ ယမန်နေ့က တင်ဆောင်ပေးခဲ့ သည်။

    ပြည်တွင်းစစ်ဖြစ်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ဓာတုလက်နက် ဖျက်သိမ်းရေး သဘောတူညီချက်ကို ရုရှားနိုင်ငံ၏ အဆိုပြုချက်မှတစ်ဆင့် အာဆတ်အစိုးရက လက်ခံခဲ့ပြီး ဓာတုလက်နက်များအား နိုင်ငံအတွင်းမှ ရှင်းလင်းရေးကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁-ရက်နေ့ နောက်ဆုံးထားကာ သတ်မှတ်ခဲ့သော်လည်း အခက်အခဲများကြောင့် ယမန်နေ့တွင်မှ စတင် ပြုလုပ်နိုင်ခဲ့သည်။

    အဆိုပါ ဓာတုလက်နက်ဖျက်သိမ်းရေး လုပ်ငန်းများကို ကုလသမဂ္ဂနှင့် ဓာတုလက်နက် တားဆီးရေးအဖွဲ့ OPCW တို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။

    Ref : Aljazeera

  • တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

    တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    201417235056793734_20

    မြောက်ကိုရီးယား၏ ဒုတိယအာဏာအရှိဆုံးခေါင်းဆောင် ဂျန်ဆွန်ထက်အား ကင်ဂျုံအန်က သုတ်သင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်လာသည့် အချိန်တွင် စစ်ရေးအရ ညီမျှစေရန်ရည်ရွယ်၍ အမေရိကန်မှ တင့်ကားများနှင့် ၎င်းတို့၏ စစ်သားများအား တောင်ကိုရီးယားသို့ ပေးပို့မည်ဟု သိရသည်။

    M1A2 Abrams တိုက်ပွဲဝင်တင့်ကား အစီး ၄၀၊ အမှတ် ၁ US Cavalry Division တပ်မှ စစ်သား ၈၀၀ နှင့် Bradley တိုက်ခိုက်ရေးယာဉ် အစီး ၄၀ တို့အား လာမည့် ဖေဖော်ဝါရီလတွင် ပို့ပေးမည်ဟု ပင်တဂွန်က ယနေ့တွင် ကြေညာခဲ့သည်။ ထိုတင့်ကားများနှင့် စစ်သားများကို North Gyeonggi ပြည်နယ်တွင် တပ်ဖြန့်ချထားမည်ဖြစ်ပြီး၊ ထိုနေရာမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်မဲ့ဇုန် တောင်ဘက်နားတွင် တည်ရှိသည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ခန့် တပ်စွဲထားသည်။

    Ref : Aljazeera