News @ M-Media

Tag: international short news

  • ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ် ရင်ဆိုင်ရမည့် အလားလာရှိနေဟု ကုလပြော

    ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ် ရင်ဆိုင်ရမည့် အလားလာရှိနေဟု ကုလပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – ဗဟိုအာဖရိကနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအား နိုင်ငံတကာမှ ထိရောက်သော အရေးယူမှုများ ပြုလုပ်ခြင်းမရှိပါက လူမျိုးတုန်း သတ်ဖြတ် သည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်ဟု ကုလသမဂ္ဂမှ ပြောဆိုလိုက်သည်။

    ယခုကဲ့သို့ အခြေအနေဆိုးရွားလာခြင်းမှာ နိုင်ငံတကာမှ လစ်လျူရှုမှုများကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA မှ ဒါရိုက်တာ ဂျွန်ဂင်က ပြောကြားခဲ့သည်။

    “ရ၀မ်ဒါနဲ့ ဘော့စနီးစယားမှာ တွေ့ခဲ့ရတဲ့ အချက်အလက်တွေအားလုံး (ဗဟိုအာဖရိကနိုင်ငံမှာ) ရှိနေပါပြီ။ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မျိုးစေ့ တွေရှိနေပြီး အဲဒီအတွက် မေးခွန်းမရှိပါဘူး” ဟု ဂျွန်ဂင်က ဆိုသည်။

    ယခင် ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် ထိုနိုင်ငံတွင် ဆီလီကာအဖွဲ့နှင့် မီလီရှာအဖွဲ့တို့ အာဏာပြိုင်ရာမှ စတင်ကာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထောင်ချီသေဆုံးခဲ့ကာ သန်းနှင့်ချီသော ပြည်သူများမှာလည်း ပတ်ဝန်ကျင်းနိုင်ငံများသို့ ထွက်ပြေးနေရသည်။ ထို့ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များနှင့် ပြင်သစ်၊ ရ၀မ်ဒါ နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များမှာလည်း ဗဟိုအာဖရိနိုင်ငံသို့ ရောက်ရှိနေပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေ သည်။

    Ref : Aljazeera

  • ဆန္ဒပြသူများအကြား ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ထိုင်းအစိုးရ အတိုက်အခံများက ဆန္ဒပြမှုအား တိုးမြှင့်ပြုလုပ်

    ဆန္ဒပြသူများအကြား ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ထိုင်းအစိုးရ အတိုက်အခံများက ဆန္ဒပြမှုအား တိုးမြှင့်ပြုလုပ်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – ဘန်ကောက်မြို့တွင် ပြုလုပ်နေသည့် အစိုးရဆန္ဒပြမှုအတွင်း သေနတ်ဖြင့် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှုများမှာ ပိုမို ပြင်းထန် လာသည်ဟု သိရသည်။

    ဘန်ကောက်မြို့လယ်ကောင်ရှိ ဆန္ဒပြသူများသိမ်းပိုက်ထားသော လမ်းတစ်ခုတွင် ယနေ့နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်စ်ပြီး ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦးမှာ ခြေထောက်နှင့် အမျိုးသမီးတစ်ဦးမှာ လက်တို့တွင် ဒဏ်ရာရရှိခဲ့ကြသည်ဟု အရေးပေါ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နေ့ညကလည်း ၀န်ကြီးချုပ်ဟောင်း အဘီစစ်၏ အိမ်တွင် အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပြတင်းပေါက်များ ပျက်စီးခဲ့ကာ အိမ်ခေါင်မိုးမှာလည်း အနည်းငယ်ပျက်စီးသွားခဲ့သည်။ ထိုအချိန်တွင် အဘီစစ်မှာ အိမ်တွင်ရှိမနေဘဲ ထိခိုက်ဒဏ်ရာရသူလည်းမရှိဟု အဘီစစ်၏ ဒီမိုကရက်တစ်ပါတီက ပြောကြားခဲ့သည်။ အဘီစစ်မှာ ဆန္ဒပြသူများနှင့် ပူးပေါင်းရန် ပြီးခဲ့သည့်လက ပါလီမန်မှ နှုတ်ထွက်သွားသူဖြစ်သည်။

    ဆူသပ် သောင်ဆူဘန် ဦးဆောင်သည့် အတိုက်အခံများမှာ ၀န်ကြီးချုပ်ယင်းလပ်ဦးဆောင်သည့် အိမ်စောင့်အစိုးရ နှုတ်ထွက်ရန်အတွက် ဆန္ဒပြ နေကြပြီး ယင်းလပ်နှင့် ကတ်ဘိတ်ဝန်ကြီးများ၏ အိမ်များကိုလည်း ပိတ်ဆို့ရန် အစီအစဉ်ရှိနေသည်။

    Ref : Aljazeera

  • တမန်တော် မုဟမ္မဒ်သခင်ဖွားမြင်ရာ အထိမ်းအမှတ်အခမ်းအနားများ ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပ

    တမန်တော် မုဟမ္မဒ်သခင်ဖွားမြင်ရာ အထိမ်းအမှတ်အခမ်းအနားများ ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပ

    ဇန်န၀ါရီလ ၁၅၊ ၂၀၁၄
    M-Media

    14

    – လကိုအခြေခံတွက်ချက်သည့် အစ္စလာမ့်ပြက္ခဒိန်၏ တတိယမြောက် လဖြစ်သော ရဗီအွလ်အောင်ဝလ် ၁၂ ရက်နေ့တွင် ကျရောက်သည့် တမန်တော် မုဟမ္မဒ်သခင်ဖွားမြင်ရာနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ မုဟမ္မဒ်သခင် ဖွားမြင်ရာ အထိမ်းအမှတ်လှုပ်ရှားမှုများတွင် ဆင်းရဲသားများ၊ အိမ်ရာမဲ့အား ထောက်ပံ့သည့် အစီအစဉ်များ ပါဝင်ခဲ့ပြီး၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် လည်း အစ္စလာမ်အသင်းအဖွဲ့များမှ ဦးစီးကာ စွပ်ပြုတ်များဝေငှခြင်း၊ အိမ်တိုင် ရာရောက် အစားအသောက်များ ဝေငှခြင်း စသည့် မုဟမ္မဒ်သခင် သက်ရှိ ထင်ရှားရှိစဉ်က ကျင့်သုံးခဲ့သည့် ပတ်ဝန်းကျင်အား ကြည့်ရှု စောင့်ရှောက် သည့် ဓလေ့ထုံးတမ်းများကို အကောင်အထည် ဖော်ခဲ့ကြသည်။

    အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် လက်စတာမြို့များတွင် “မဟာဂရုဏာရှင် တမန်တော်၊ လူသားအားလုံးအတွက် သတင်းပေးပို့သူ” ခေါင်းစဉ်ဖြင့် အခမ်းအနား တစ်ခု ကျင်းပခဲ့ကြပြီး အစ္စလာမ်ဘာသာဝင် ရာချီ တက်ရောက် ခဲ့ကြသည်။ ထိုပွဲမှာ အစ္စလာမ် ညီညွတ်ရေး သီတင်းပတ်နှင့်လည်း တိုက်ဆိုင် နေပြီး ထိုပွဲသို့ နာမည်ကျော် အစ္စလာမ် ဓမ္မပညာရှင်များဖြစ်ကြ သည့် တာရစ်ရမဒန်၊ ကင်လစ်ဗင်စတုန်းတို့ တက်ရောက်ပြီး တရားဓမ္မကို ဟောကြားခဲ့ကြသည်။

    အာဖရိကနိုင်ငံများဖြစ်သည့် နိုက်ဂျီးရီးယား၊ မာလာဝီ၊ အီဂျစ်စသည့် နိုင်ငံများရှိ မွတ်စလင်လင်များကလည်း အခြားနိုင်ငံများနည်းတူ မုဟမ္မဒ် သခင် ဖွားမြင်ရာနေ့ အထိမ်းအမှတ် တရားပွဲများပြုလုပ်ခြင်း၊ မုဟမ္မဒ်သခင်၏ ဘ၀ထေရုပတ္တိနှင့် သွန်သင်မှုများအား ပြန်လည်ဟောပြောတင်ပြခြင်းများကို ပြုလုပ်ခဲ့ပြီး၊ မုဟမ္မသခင် ရှင်သန်ခဲ့သည့် ဘ၀ရှင်သန်မှုအတိုင်း ရှင်သန် နေထိုင်ရန် အစ္စလာမ်ဘာသာဝင်များအား လှုံ့ဆော်ခဲ့ကြသည်။

    အာရှနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ အစ္စလာမ်ဘာသာဝင်များ ကလည်း မုဟမ္မဒ်သခင် ဖွားမြင်ရာနေ့အခမ်းအနားများကို ခြိမ့်ခြိမ့်သဲ ကျင်းပကြပြီး ချီတက်လမ်းလျှောက်ခြင်းများ၊ ဓမ္မတေးသီဆိုခြင်းများ၊ မုဟမ္မဒ်သခင်အား ဆုတောင်းမေတ္တာ ပို့ခြင်းများ၊ မြို့ရွာရပ်ကွက်များအား မီးအလှထွန်းခြင်းများ၊ တရားဓမ္မဟောာကြားခြင်းများအားပြုလုပ်ခဲ့ကြသည်။

    တမန်တော်မုဟမ္မဒ်သခင်မှာ အေဒီ ၅၇၀ တွင် မက္ကာမြို့တွင် ဖွားမြင်ခဲ့ပြီး၊ ထိုခေတ်အခါက အာရဗ်လူမျိုးများ၏ ဓလေ့စရိုက်များနှင့် တစ်မူထူးခြား သောကြောင့် လူငယ်ဘ၀ကပင် လူအများ၏ လေးစားမှုကိုခံခဲ့ရပြီး အမည်အရင်းပျောက်ကာ ‘သစ္စာရှင်’ ဟု အမည်တွင်ခဲ့သည်။

    မုဟမ္မဒ်သခင် သက်တော် ၄၀ အရွယ်တွင် အစ္စလာမ်သာသနာအား စတင်ဟောကြားခဲ့သည်။ မုဟမ္မဒ်သခင်၏ ဖြူစင်မှု၊ သစ္စာရှိမှု၊ ရိုသားမှု၊ အနွံတာ ခံမှု၊ သည်းခံစိတ်ရှည်မှု၊ လူအများအားကူညီမှု စသည့် အရည်အချင်းကောင်းများကြောင့် အစ္စလာမ်သာသနာမှာ ၂၃ နှစ်တာ ကာလအတွင်း အာရေဗျ ကျွန်းဆွယ် တစ်ခုလုံးသို့ ပျံ့နှံ့ခဲ့ပြီး၊ ယခင်က မျိုးနွယ်စု ပြဿနာများတွင် နစ်ဝင်နေခဲ့သည့် အာရဗ်လူမျိုးများမှာလည်း ကုရ်အာန်ကျမ်းတော်မြတ်၏ လမ်းညွှန်မှုအောက်တွင် စည်းလုံးညီညွတ်ခဲ့ကြ သည်။

    ထို့ပြင် သမိုင်းတွင်မည့် အောင်မြင်မှုများကိုလည်းရရှိခဲ့ကာ ၀ိဇ္ဇာ၊ သိပ္ပံ ကဏ္ဍများတွင်လည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ မုဟမ္မဒ်သခင်မှာ သက်တော် ၆၃ နှစ်တွင် မဒီနာမြို့၌ ကွယ်လွန်ခဲ့ပြီး၊ မုဟမ္မဒ်သခင်ကွယ်လွန်ပြီး နောက်ပိုင်းတွင်လည်း အစ္စလာမ်သာသနာမှာ ဆက်လက်ပြန့်ပွားခဲ့ကာ အာဖရိက၊ အရှနိုင်ငံများနှင့် ဥရောပ၊ အမေရိကတိုက်အထိပါ ပျံ့နှံ့ခဲ့ပြီး ယနေ့ထက်တိုင် ပြန့်ပွားလျက်ရှိနေသည်။

    Ref : Onislam

  • ပါလက်စတိုင်းနယ်မြေတွင် တရားမ၀င်အိမ်ရာ ဆောက်လုပ်မှု နယ်သာလန် ကုမ္ပဏီများ အစ္စရေးနှင့် ပူးပေါင်းမှု ရပ်ဆိုင်း

    ပါလက်စတိုင်းနယ်မြေတွင် တရားမ၀င်အိမ်ရာ ဆောက်လုပ်မှု နယ်သာလန် ကုမ္ပဏီများ အစ္စရေးနှင့် ပူးပေါင်းမှု ရပ်ဆိုင်း

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းနယ်မြေများအတွင်း အိမ်ရာများ တရားမ၀င်ဆောက်လုပ်နေသည့် အစ္စရေးအား ဆန့်ကျင်သောအနေဖြင့် နယ်သာလန်နိုင်ငံမှ ပင်စင် ကိစ္စဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက အစ္စရေးရှိ ၎င်းတို့လုပ်ငန်းများအား ရပ်တန့်လိုက်ပြီးနောက် အခြားသော နယ်သာလန် ကုမ္ပဏီများကလည်း အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရပ်တန့်ရန်ရှိနေသည်ဟု သိရသည်။

    ပင်စင်ကိစ္စများကို ဆောင်ရွက်သည့် PGGM အမည်ရသည့် အဆိုပါကုမ္ပဏီမှာ ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးရှိ ထိပ်တန်းဘဏ် ၅ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့ပြီး၊ ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် နိုင်ငံတကာ ဥပဒေက ခွင့်မပြုသည့် တရားမ၀င်အိမ်ရာများအား အစ္စရေးက ဆောက်လုပ်နေခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲသည့်လကလည်း အစ္စရေး၏ ထိုလုပ်ရပ်ကြောင့် နယ်သာလန်ရှိ သောက်ရေသန့် ကုမ္ပဏီ Vitens မှ အစ္စရေး ကုမ္ပဏီ Mekorot နှင့် ပူးပေါင်း ဆောင်ရွက် ခြင်းအား ရပ်တန့်ခဲ့ပြီး၊ စက်တင်ဘာလကလည်း နယ်သာလန်၏ အဓိက အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုမှ ကုလသမဂ္ဂက သတ်မှတ် ပေးထား သည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အစ္စရေးက ဆောက်လုပ်နေသည့် တရားမ၀င်အိမ်ရာများအတွက် ရေနှုတ်မြောက်ဖောက်လုပ်ပေးမှု အား ရပ်ဆိုင်းခဲ့သည်။

    ထို့ပြင် ဥပဒေချိုးဖောက်သော ထိုလုပ်ရပ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၏ သပိတ်မှောက်မှုကို အစ္စရေးက ကြုံတွေ့နေရပြီး၊ ဘဏ္ဍာရေးနှင့် ပက်သက်သော အခြားကုမ္ပဏီများက ထိုကဲ့သို့ သပိတ်မှောက်မှုများ ထပ်မံ၍ ပြုလုပ်မည်ကို အစ္စရေးက စိုးရိမ်နေသည်ဟု IPS သတင်း အေဂျင်စီကပြုလုပ်ခဲ့သည် စစ်တမ်းများအရ သိရသည်။

    ၁၉၆၇-ခုနှစ် စစ်ပွဲပြီးကတည်းက ကုလမှ သတ်မှတ်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တွင် အစ္စရေးက အိမ်ရာများဆောက်လုပ်ခဲ့ပြီး အစ္စရေးနိုင်ငံသား သန်းဝက်ခန့် နေထိုင်နေကြသည်။

    Ref : PressTV

  • နိုင်ငံတကာမှ ကွန်ပျူတာများအား ရေဒီယိုနည်းပညာသုံး၍ NSA က ထောက်လှမ်းခဲ့ဟု နယူးယောက်တိုင်းမ် ဖွင့်ချ

    နိုင်ငံတကာမှ ကွန်ပျူတာများအား ရေဒီယိုနည်းပညာသုံး၍ NSA က ထောက်လှမ်းခဲ့ဟု နယူးယောက်တိုင်းမ် ဖွင့်ချ

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – တရုတ်စစ်တပ်၊ ဥရောပ ကုန်သွယ်မှုအဖွဲ့များနှင့် မဟာမိတ်နိုင်ငံတစ်ချို့၏ အသင်းအဖွဲ့များတွင် အသုံးပြုသည့် ကွန်ပျူတာ ၁ သိန်းနီးပါးတွင် အမေရိကန်က အချက်အလက်များ ခိုးယူနိုင်သည့် ချိစ်ပြားငယ်တစ်ခု ထည့်သွင်းကာ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ယမန်နေ့တွင်ရေးသားဖော်ပြခဲ့သည်။

    အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ၏ မှတ်တမ်းများကို ကိုးကား၍ဖော်ပြခဲ့ခြင်းဖြစ်ပြီး လုံးခြုံရေးအရ အင်တာနက် ချိတ်ဆက်အသုံးပြုခြင်းမရှိသည့် ကွန်ပျူတာများမှ ရုပ်ဖျက်ထားသော အချက်အလက်များကို ရရှိနိုင်ရန်အတွက် NSA က ရေဒီယိုလှိုင်းနည်းပညာကို အသုံးပြုသည့် ဆော့ဖ်ဝဲတစ်ခုကို သုံးစွဲခဲ့သည်ဟု ထိုမှတ်တမ်းများတွင် အမေရိကန် အစိုးရ အရာရှိများနှင့် ကွန်ပျူတာ ကျွမ်းကျင်သူများက မှတ်တမ်းတင်ထားသည်။

    ထိုကဲ့သို့ နည်းပညာအသုံးပြုထားသော ဆားကစ်ဘုတ် အငယ်စားတစ်ခုကို ကွန်ပျူတာတွင် တပ်ဆင်ထားခြင်း သို့မဟုတ် USB ဖြင့် ချိတ်ဆက် ထားခြင်းဖြင့် အင်တာနက်ချိတ်ဆက်မထားသော ကွန်ပျူတာများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ ရုပ်ဖျက်ထားသော အချက်အလက်များအား ရယူနိုင်ခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းသည့် ဆော့ဖ်ဝဲများကို ကျော်ဖြတ်နိုင်ခြင်း စသည်တို့ကိုလုပ်ဆောင်နိုင်သည်ဟု သိရသည်။

    ၂၀၀၈-ခုနှစ်က စတင်ခဲ့သည့် ထိုထောက်လှမ်းရေး အစီအစဉ်အား NSA မှ “active defence” ဟု အမည်ပေးထားပြီး ရုရှားနှင့် တရုတ်စစ်တပ်များ၊ ဥရောပယူနီယံရှိ ကုန်သွယ်ရေး အဖွဲ့အစည်းများနှင့် ဆော်ဒီအာရေဗျ၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများအပါအ၀င် အမေရိကန်၏ မဟာမိတ် နိုင်ငံများအား ထောက်လှမ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုစနစ်အား အမေရိကန်နိုင်ငံအတွင်း အသုံးမပြုဟု NSA ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ကွန်ပျူတာ ကျွမ်းကျင်သူများကလည်း အမေရိကန် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ ကွန်ပျူတာများတွင် ထိုစနစ်အား ထည့်သွင်းကာ ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ဖူးပြီး အမေရိကန်က ထိုလုပ်ရပ်များအား ရှုတ်ချခဲ့ဖူးသည်။

    Ref : Aljazeera