News @ M-Media

Tag: international short news

  • ဒီဇင်ဘာ ၁၇ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ၂၀၁၄ တွင် ဗြိတိန်တပ်များ အာဖဂန်မှ ထွက်ခွာတော့မည်

    – အာဖဂန်တွင် ဘိန်းစိုက်ပျိုးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တာလီဘန်တို့၏ တိုက်ခိုင်းမှုများ၊ ဆက်လက်ဖြစ်ပွားနေသောကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသော်လည်း ဗြိတိသျှတပ်များ၏ တာဝန်များမှာ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး လာမည့်နှစ်တွင် အာဖဂန်မှာ ထွက်ခွာတော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အာဖဂန်တောင်ပိုင်းရှိ ဗြိတိသျှ တပ်ဖွဲ့များထံသို့ ခရစ္စမတ်အကြိုအဖြစ် သွားရောက်လည်ပတ်စဉ်အတွင်း ၁၂ နှစ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် တာဝန်များ ပြီးဆုံးခဲ့ပြီဖြစ်၍ စစ်သားများ အိမ်ပြန်နိုင်မည်လားဟု ကင်မရွန်းအား မေးမြန်းခဲ့ရာ ကင်မရွန်းက ပြန်နိုင်မည်ဟု ထင်မြင်မိကြောင်း ဖြေကြားသွားခဲ့သည်။

    Ref:aljazeera

    2013121715833977734_20

    ——————————————————————

    ဆီးရီးယား ဒုက္ခသည်များသို့ ကုလမှ ဒေါ်လာ ၆.၅ ဘီလီယံတန်ဖိုးရှိ ကူညီမှုများ ပေးအပ်သွားမည်

    – ဆီးရီးယားနိုင်ငံတွင် ၃၃ လကြာဖြစ်ပွားနေသည့် ပြည်တွင်း စစ်ပွဲများအတွင်း အိုးအိမ်မဲ့ဖြစ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် ဆီးရီးယားနိုင်ငံသား ၁၆ သန်းအတွက် ကန်ဒေါ်လာ ၆.၅ ဘီလီယံ တန်ဖိုးရှိ အကူအညီများကို ပေးအပ် သွားရန် ကုလသမဂ္ဂမှ အခြားနိုင်ငံများအား မေတ္တာ ရပ်ခံခဲ့သည်ဟု သိရသည်။

    ထိုပမာဏမှာ ၂၀၁၄ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံရှိ ပြည်သူ ၅၂ သန်းအား ကူညီရန် စီစဉ်ထားသည့် ငွေပမာဏ ၁၂.၉ ဘီလီယံ၏ ထက်ဝက်လည်းဖြစ်ပြီး ကုလ၏ စံချိန်တင် ကူညီမှုလည်း ဖြစ်လာမည်ဟု ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဗလာရီ အေမို့စ်က ဂျနီဗာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အလှူရှင်နိုင်ငံများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    Ref:aljazeera

    ——————————————————————

    ရေကြောင်း လုံခြုံရေးအတွက် အာဆီယံနိုင်ငံများသို့ ဒေါ်လာ ၃၂.၅ သန်း အမေရိကန် ထောက်ပံ့

    – ရေကြောင်းဆိုင်ရာ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများသို့ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၃၂.၅ သန်းတန်ဖိုးရှိမည့် အကူအညီများကို ယမန်နေ့က ပေးအပ်ခဲ့သည်ဟု သိရသည်။

    ထို့အကူအညီ၏ ထက်ဝက်ကျော်မှာ ဗီယက်နမ်နိုင်ငံအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တောင်တရုတ် ပင်လယ်အတွင်း တရုတ်နှင့် အခြားနိုင်ငံများ ပိုင်ဆိုင်မှုဆိုင်ရာ တင်းမာမှုများ တိုးပွားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

    သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့သည့် ဂျွန်ကယ်ရီက ထိုအကူအညီများမှာ တရုတ်နိုင်ငံနှင့် ပက်သက်ခြင်းမရှိဟု ပြောဆိုခဲ့သည်။

    Ref:aljazeera

    ——————————————————————

    – မိမိတို့၏ ဆက်သွယ်ရေးလိုင်းအား သုံးစွဲသူများအချို့အနေဖြင့် SMS ပေးပို့မှု၊ လက်ခံမှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်ဟု စင်ကာပူဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် SingTel က ၎င်း၏ Facebook စာမျက်နှာတွင် သုံးစွဲသူများအား အသိပေး အကြောင်းကြားခဲ့သည်။ ကုမ္ပဏီ၏ SMS ဆားဗစ်မှာ ပြဿနာအနည်းငယ်နှင့် ရင်ဆိုင်နေရပြီး အင်ဂျင်နီယာများက စစ်ဆေးလျက်ရှိကာ ပုံမှန်အတိုင်းဖြစ်အောင် အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ထည့်သွင်းရေးသားထားသည်။

  • ဒီဇင်ဘာ ၁၆ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    000_apw2003041402003.si
    – လူသား၏ DNA အတွင်း ဖုံးကွယ်နေသည့် လျှို့ဝှက်ကုတ်တစ်ခုကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ထိုကုတ်မှာ မျိုးရိုးဗီဇများ မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို ဆဲလ်အား ညွှန်ကြားပေးသော ကုတ်တစ်ခုဖြစ်ပြီး ထိုကဲ့သို့ တွေ့ရှိမှုက ရောဂါများကုသမှုနှင့် ရှာဖွေဖော်ထုတ်မှုများအတွက် တံခါးများကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်ဟု လေ့လာမှုများအရသိရသည်။

    ……………………………….
    – ယမန်နေ့က ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်း၏ ဆင်ခြေဖုံးတွင် ပြုလုပ်ခဲ့သည့် နာဇီဆန့်ကျင်ရေး ချီတက်မှုအတွင်း ပါဝင်သူများကို တိုက်ခိုက်ခဲ့သည့် နာဇီလက်သစ်ဝါဒီ ၂၈ ဦးအား ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။ Karrtorp တွင်ပြုလုပ်ခဲ့သည့် လူ ၂၀၀ ခန့်ပါဝင်သော အဆိုပါ ဆန္ဒပြပွဲသို့ လူ ၄၀ ခန့်ရှိသည့် ထိုအုပ်စုမှာ ပုလင်းများ၊ မီးများမီးရှုမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး၊ ဓားထိုးမှုကြောင့် ဆေးရုံးသို့ ၂ ဦးတင်ပို့ခဲ့ရကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာလည်း နောက်ကျောသို့ အရာဝတ္ထုတစ်ခု ထိမှန်ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့သည်။
    …………………………….
    – ဆီးရီးယားနိုင်ငံရှိ အလယ်အလတ်ကျသော သူပုန်အုပ်စုက ၎င်းတို့အနေဖြင့် တိုင်းပြည်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဂျာနယ်လစ်များအား ကာကွယ်ပေးမည်ဖြစ်ပြိး အဖမ်းခံ ထားရသည့် သူများကိုလည်း ပြန်လည်လွှတ်ပေးရန်အတွက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ သူပုန်အဖွဲ့များမှ ဂျာနယ်လစ်များအား ပစ်မှတ်ထား ပြန်ပေးဆွဲမှုများအတွက် အလျင်အမြန် အရေးယူမှုများပြုလုပ်ရန် ကမ္ဘာ့တစ်ဝှမ်းရှိ သတင်းဌာန ၁၃ ခုက တိုက်တွန်းခဲ့ပြီးနောက် ဆီးရီးယား အမျိုးသားမဟာမိတ်တပ်ဖွဲ့မှ အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် စစ်ကောင်စီချုပ်အဖွဲ့က ထိုကိစ္စအတွက် အနူးအညွတ်တောင်းပန်ကြောင်း၊ ဂျာနယ်လစ်များအား ထိုကဲ့သို့ ပြုလုပ်မှုများကို အဆုံးသတ်ရန်အတွက် မည်သည့်အရာကိုမဆို အစွမ်းကုန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
    …………………………….
    – ဂျော်ဒန်ဘုရင် အဗ္ဗဒူလာမှာ မြို့တော် အမ်မန်တွင် နှင်းတောထဲ၌ နစ်နေသော ပြည်သူတစ်ဦး၏ကားအား အခြားသူများနှင့်အတူ ကူညီတွန်းပေးခဲ့သည်ဟု တယ်လီဖုန်းဖြင့် ရိုက်ထားသော ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ထိုမှတ်တမ်းအား အွန်လိုင်းတွင်လွှင့်တင်ခဲ့ပြီး ကားရွေ့သွားပြီးနောက် ဂျော်ဒန် ဘုရင်မှာ ကျေနပ်စွာပြုံးခဲ့ကြောင်း တွေ့ရှိရသည်။ ယခုရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းနိုင်ငံအချို့၌ Alexa နှင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ခံနေရပြီး ဂျော်ဒန်နိုင်ငံမှာလည်း ထိုနိုင်ငံများထဲတွင်ပါဝင်သည်။

    …………………………….

    – လေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို သဘောတူညီခဲ့ပြီး တစ်ရာအကြာတွင် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် တိုးမြှင့်ဆောင်ရွက်ရန်၊ ဂျပန်နှင့် အာဆီယံနိုင်ငံတို့ ယမန်နေ့က ကတိပြုခဲ့ကြသည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင်ပြုလုပ်နေသည့် ဂျပန်-အာဆီယံ သုံးရက်ကြာ အစည်းအဝေး၏ နောက်ဆုံးနေ့(ယမန်နေ့)တွင် ခေါင်းဆောင်များမှာ သံတမန်ဆိုင်ရာနှင့် ကာကွယ်ရေး ဆိုင်ရာ အရာရှိများ ဖလှယ်မှုကို တိုးမြှင့်ခြင်းနှင့် ကမ်းခြေစောင့် တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်း စသည် တို့ကို ဆွေးနွေးခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    …………………………….
    – ဂါဇာဒေသအတွင်းရှိ ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရန် ကာတာနိုင်ငံမှ လှူဒါန်းသော ဆီတန်ချိန် လီတာ ၄ သိန်း ၅ သောင်းမှာ ဂါဇာဒေသသို့ရောက်ရှိ လာခဲ့သည်ဟု သိရသည်။ ဂါဇာဒေသ၏ ကုန်သွယ်ရေးလမ်းကြောင်းးဖြစ်သည့် မြေအောက်လှိုင်ခေါင်းများအား အီဂျစ်နိုင်ငံမှ ပိတ်ပစ်ခဲ့ပြီးသောကြောင် ဂါဇာရှိ လျှစ်စစ်ဓာတ်အားပေး စက်ရုံမှာ လွန်ခဲ့သည့် ၄၃ ရက်ခန့်က ပိတ်ပစ်ခဲ့ရပြီးကတည်းက ထိုဒေသရှိ လူဦးရေ ၁.၈ သန်းမှာ တစ်နေ့လျှင် ၁၂ နာရီ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းနှင့် ကြုံတွေ့နေရသည်။
    ………………………
    – ယူအေအီးနိုင်ငံ အဘူဒါဘီရှိ ကုန်ဈေးနှုန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၁.၈ ရာခိုင်နှုန်း တက်သွားခဲ့သည်ဟု အီမရိတ် စာရင်းအင်းစင်တာ SCAD မှ ယမန်နေ့ကထုတ်ပြန်ခဲ့သော နိုင်ငံ၏ စားသုံးကုန် အချက်အလက် ရှင်းတမ်းတွင် ဖော်ပြထားသည်။ အစားအသောက်နှင့် အလ်ကိုဟော မပါသည့် စားသောက်ကုန်များဈေးတက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်း တက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အ၀တ်အထည်၊ ဖိနပ်၊ အိမ်သုံးပစ္စည်းများ၏ ဈေးနှုန်းမှာလည်း နှစ်စဉ် ၃.၈ ရာခိုင်နှုန်းခန့် တက်နေသည်။

  • ဒီဇင်ဘာ ၁၅ နိုင်ငံတကာသတင်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    မင်ဒဲလား ရုပ်ကလပ် ဇာတိမြေသို့ရောက်

    – အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံအား ဒီမိုကရေစီ စနစ်သို့ ဆောင်ကျဉ်းပေးခဲ့သည့် သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၏ ရုပ်ကလပ်မှာ မင်ဒဲလား မွေးဖွားရာ တောင်အာဖရိအရှေ့ဘက်ရှိ ကူနူရွာသို့ ယမန်နေ့က ရောက်ရှိလာခဲ့သည်။

    တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်သူ မင်ဒဲလား၏ ရုပ်ကလပ် ထည့်သွင်းထားသည့် အခေါင်းအား တောင်အာဖရိက အလံလွှမ်းခြုံလျက် ဂျိုဟန်နစ္စဘတ်မြို့ Mthatha လေဆိပ်မှ စစ်လေယာဉ်ဖြင့်သယ်ဆောင်ကာ၊ အစောင့်အရှောက် အပြည့်အစုံနှင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ပြည်သူများကလည်း လမ်းဘေးဝဲယာတစ်လျှောက်တွင် ၎င်းတို့နိုင်ငံ၏ သူရဲကောင်းအား ဂုဏ်ပြုခဲ့ကြသည်။

    ဒီဇင်ဘာ ၁၅ ရက်နေ့ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့သည့် မင်ဒဲလားအား ဒီကနေ့တွင် သူ၏ မွေးရက်မြေ၌ နိုင်ငံတော်အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်သည်။
    Ref:aljazeera

    Mandela's body arrives in home village
    ………………………………..
    ဘရာဇီးတွင် ဘောလုံးကွင်းဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးပြန်

    – ဘရာဇီးနိုင်ငံ အနောက်မြောက်ဘက် Amazonas ပြည်နယ်ရှိ Manaus မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ဆောက်လုပ်နေသည့်  Arena Amazonia ဘောလုံးကွင်းတစ်ခု၏ အမိုးပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျကာ ယမန်နေ့က သေဆုံးခဲ့သည်ဟု သိရသည်။ အသက် ၂၂ အရွယ်ရှိ အဆိုပါအလုပ်သမားမှာ ၃၅ မီတာ(၁၁၅ ပေ) အမြင့်မှ ကေဘယ်ကြိုးပြတ်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ သေဆုံးမှုမှာ ဘရာဇီးရှိ ဘောလုံးကွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြီးခဲ့သည့်လမှ စတင်ကာ ၃ ဦးမြောက် သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။

    ……………………………….

    – ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့များတင်ဖို့ရန်အတွက် အီရန်နိုင်ငံအနေဖြင့် ပိုက်လိုင်း တစ်ခုကို ဆောက်လုပ်ရန်စီစဉ်နေသည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တာနာ ယီလ်ဒစ်ဇ်က ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး တွင်ပြောကြားခဲ့သည်။ သို့သော်လည်း ပိုက်လိုင်းဆောက်လုပ်မည့် အစီအစဉ်အသေးစိတ်ကိုမူ ထည့်သွင်းပြောဆိုသွားခဲ့ခြင်းမရှိပေ။ အီရန်နိုင်ငံမှာ တူရကီနိုင်ငံ စွမ်းအင် ထုတ်လုပ်မှု၊ သုံးစွဲမှု၏ ၆၅ ရာခိုင်နှုန်းအား တာဝန်ယူထားသည့်နိုင်ငံဖြစ်သည်။ ထို့ပြင် စွမ်းအင်ကဏ္ဍနှင့် ပက်သက်၍ တူရကီနိုင်ငံအနေဖြင့် အီရတ်နိုင်ငံနှင့်လည်း ဆွေးနွေးခဲ့သည်ဟု ယီလ်ဒစ်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။
    …………………………………..
    – မူးယစ်ဆေးဝါးများနှင့် တရားမ၀င်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများအား နှိမ်နှင်းသည့် စစ်ဆင်ရေးများကို ပြီးခဲ့သည့် ၆ အတွင်း တရုတ်စိုးရကပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးများတွင် မူးယစ်ဆေးဝါးနှင့် ပက်သက်သူ လူပေါင်း ၁၃၀၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည်ဟု သိရသည်။ ဖမ်းဆီးထားသူများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ အွန်လိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊  အန္တရာယ်ရှိသည့် ဆေးဝါးများအားရောင်းဝယ်မှု စသည့်တို့ကို လုပ်ကိုင်ဆောင်ရွက်သူများ ပါဝင်သည်ဟု ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် မူးယစ်ဆေးဝါး ထုပ်လုပ်သည့် ကန်ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိ ကုန်ကြမ်းပစ္စည်း ၉ တန်ကျော်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။
    ……………………………….

    – ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြီးအကဲဖြစ်သူ ဗလဲရီ အေမို့စ်မှာ ပြည်တွင်း စစ်များဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံသို့ ယမန်နေ့က သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။ လက်ဘနွန်နိုင်ငံမှ တစ်ဆင့်  ဆီးရီးယားသို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ပြောင်းရွှေနေထိုင်ရသည့် ဒုက္ခသည်များအနေဖြင့် ဆိုးရွားသောဆောင်း ရာသီအခြေနေတွင် ပိုမိုကောင်းမွန်စွာ နေထိုင်ရေးနှင့် ပက်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
    …………………………….
    – ဆိုနီ ကုမ္ပဏီမှ နောက်ဆုံးထွက် PS4 ဂိမ်းစက်အား ကြာသာပတေးနေ့ည သန်းခေါင်းယံက ယူအေအီးနိုင်ငံတွင် စတင်ရောင်းချခဲ့ရာ တစ်ရက်မပြည့်သေးခင်တွင် နိုင်ငံတစ်ဝှမ်းရှိ အရောင်း စင်တာများမှ စက်အားလုံး ရောင်းချခဲ့ရသည်ဟု သိရသည်။ Nintendo ၏ Wii U နှင့် မိုက်ခရိုဆော့ဖ်၏ Xbox One တို့နှင့် အပြိုင်ထုတ်လုပ်ထားသည့် PS4 ဂိမ်းစက်မှာ ယူအေအီးတွင် သတ်မှတ်ခွဲတမ်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အလျင်အမြန် ပစ္စည်းပြတ်လပ်သွားမှုအပေါ် ၀ယ်သူတစ်ချို့က စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
    ……………………………..

    – လာအိုနိုင်ငံတွင် အခြေခံအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၁၀၁ သန်းကျော်တန်ဖိုးရှိ အကူအညီများကို ပေးအပ်သွားမည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်နေသည့် ဂျပန်-အာဆီယံ အစည်းအဝေးတွင် တက်ရောက်လာသည့် လာအိုဝန်ကြီးချုပ် Thongsing Thammavong နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွ့ဆုံခဲ့ပြီးနောက်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာဘေးက ဂျပန်နိုင်ငံမှ ထိုကဲ့သို့ ကူညီမှုမှာ လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြေကြားခဲ့သည်။

  • ဒီဇင်ဘာ ၁၄ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    VD-North-Korean-leader-and-uncle-408x264

    မြောက်ကိုရီးယား အာဏာရှင်အသိုင်းအ၀ိုင်း မတည်ငြိမ်မှု နိုင်ငံတကာစိုးရိမ်

    – မြောက်ကိုရီယား၏ ဒုတိယသြဇာအရှိဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ ကင်ဂျုံအွန်၏ ဦးလေးလည်းဖြစ်သူ ဂျန်ဆွန်ထက်အား ကွပ်မျက်လိုက်ပြီးနောက် မြောက်ကိုရီးယား၏ နိုင်ငံရေး မတည်ငြိမ်မှုအတွက် တောင်ကိုရီးယာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ စိုးရိမ် မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

    ဂျန်ဆွန်ထက်အား မကွပ်မျက်မီ စစ်ခုံရုံးတွင် အထူးကြားနာမှုတစ်ခုပြုလုပ်ခဲ့ပြီး အစိုးရအား ဖြတ်ချရန်ကြုံစည်မှုနှင့် နိုင်ငံတော်အား ပုန်ကန်မှုတို့ဖြင့် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ စီရင်လိုက်ခြင်းမှာ ကင်ဂျုံအွန်အနေဖြင့် မိမိအာဏာတည်မြဲရေးအတွက် မည်သည့်ကိစ္စကိုမဆို ပြုလုပ်နိုင်ကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။

    ……………………………..
    ကော်လိုရာဒိုတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

    – အမေရိကန် ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်ရှိ အထန်တန်းကျောင်းတစ်ခုတွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံမှာ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားသည်ဟုသိရသည်။ ကန်တန်နီယဲလ်မြို့ Arapahoe အထက်တန်းကျောင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ကိုင်ထားသော လူတစ်ဦးမှာ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦး၏ နာမည်အား ဟစ်ခေါ်ကာ ထိုကျောင်းအတွင်းသို့ ၀င်လာခဲ့ပြီး ကျောင်းသားတစ်ဦးမှ ထိုသူအား ရင်ဆိုင်ခုခံခဲ့သောကြောင့် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကာ စိုးရိမ်ဖွယ်အနေအထားတွင်ရှိနေသည်။ သို့သော်လည်း အခြားကျောင်းသားတစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး ဆေးကုသမှုကို ခံယူနေသည်။
    ……………………………..
    စနိုးဒင်မှ လျို့ဝှက်ချက်များ ဖွင့်ချမှု ရပ်တန့်လျင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့်ဟု NSA မှပြော

    – အေးဂျင့်ဟောင်း စနိုးဒင်အနေဖြင့် လျို့ဝှက် ဖိုင်များဖွင့်ချမှုကို ရပ်တန့်ပါက လျှို့ဝှက်ချက်ဖော်ထုတ်မှုဖြင့် တရားစွဲဆိုထားမှုအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည်ဟု အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ၏ အကြီးတန်းအရာရှိများက ပြောကြားလိုက်သည်။ စနိုးဒင်မှာ အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုများအား ဟောင်ကောင်တွင် ဖွင့်ချခဲ့ပြီးနောက် ရုရှားတွင် နိုင်ငံရေုးခိုလှုံခွင့်တောင်းကာ ယခုအချိန်တွင် ၀ဘ်ဆိုဒ်ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသည်ဟု သိရသည်။
    …………………………….
    မာလီနိုင်ငံတွင် ကားဗုံးပေါက်

    – မာလီနိုင်ငံမြောက်ဘက်ရှိ ကီဒယ်မြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ဆီနီဂေါမှ တစ်ဖွဲ့ဝင်နှစ်ဦးအပါအ၀င် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ငြိမ်ချမ်းရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည့် ဘဏ်တစ်ခုရှေ့တွင် ရပ်ထားသောကားမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဘဏ်အဆောက်အုံလည်း ထိခိုက်မှုများရှိခဲ့ကာ၊ အနီးအနားရှိ စာသင်ကျောင်းမှာလည်း မီးခိုးများဖုံးလွှမ်းသွားခဲ့သည်ဟု ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားတွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
    …………………………………..
    ရုရှတွင် Mig-31 တိုက်လေယာဉ်တစ်စင်း ပျက်ကျ

    – ရုရှားနိုင်ငံ အရှေ့ဘက်ရှိ Primorsky Kray ပြည်နယ်တွင် Mig-31 တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု ယနေ့တွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ Vozdvizhenka မြို့အနီးရှိ လေတပ်စခန်းမှ လေ့ကျင့်ခန်းများပြုလုပ်ရန် ပျံတက်ပြီးနောက် သိပ်မကြာခင်ပျက်ကျခဲ့ပြီး၊ လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ပိုက်လော့နှစ်ဦးစလုံးမှာ အချိန်မှီခုန်ထွက်နိုင်ခဲ့သောကြောင့် အသက်ရှင်ခဲ့ကြောင်း၊ လေယာဉ်ပျက်ကျခြင်းမှာ အင်ဂျင် ချို့ယွင်းမှုကြောင့်ဟု ယူဆရကြောင်း ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။
    ……………………………….
    မွန်ဘိုင်းတွင် မီးလောင် လူ ၇ ဦးသေဆုံး

    – အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ အထက်မြင့်အဆောက်အဦးတစ်ခုတွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ မွန်ဘိုင်းမြို့တောင်ဘက်ရှိ ၂၆ ထပ်အဆောက်အဦး၏ ၁၂ ထပ်တွင် ဒေသစံတော်ချိန် ည ၇နရီခွဲ၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်ကား ၂ ဒါဇင်ခန့် လာရောက်ကာ ၃ နာရီကြာ ညှိမ်းသက်ခဲ့ရသည်။ ထို့ပြင် မီးသတ်အရာရှိ ၂ ဦးနှင့် ရဲဘော် ၄ ဦးတို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။
    ………………………………………
    ဗြိတိန် MI 6 အတွက် သူလျိုလုပ်ပေးသူ အီရန် ဖမ်းမိ

    – ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ MI6 အတွက် တာဝန်ထမ်းဆောင်နေသည့် သူလျှိုတစ်ဦးအား အီရန်အရှေ့တောင်ပိုင်း ကာရ်မန်မြို့တွင် ဖမ်းဆီးလိုက်သည်ဟု ဒေသတွင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ သူလျှိုမှာ လပေါင်းများစွာကြာ ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေခဲ့သူဖြစ်ပြီး အီရန်နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ ဗြိတိန် ထောက်လှမ်းရေးအေးဂျင့်များအား ၁၁ ကြိမ်တိုင်တိုင် ဆက်သွယ်ကာ အချက်အလက်များကိုပေးပို့ခဲ့သည်ဟု ကာရ်မန် တရားရုံးမှ ဒါခိုဒါ ဆာလာရီက ပြောကြားခဲ့သည်။

  • ဒီဇင်ဘာ ၁၃ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    ဂွတာနာမို အကျဉ်းစခန်း ပိတ်ပစ်ရန် အိုဘားမား ကြေညာထားမှုအား ထောင်မှူးမှ ထောက်ခံ

    – ဂွတာနာမိုအကျဉ်းစခန်းကို တာဝန်ယူကြီးကြပ်နေသည့် တပ်မှူး အဒမ် ရစ်ချတ် ဘက်တလာက အမေရိကန်သမ္မတ အိုဘားမား၏ အကျဉ်းစခန်း ပိတ်ပစ်ရန် လူသိရှင်ကြား ကြေညာထားမှုအား ထောက်ခံသည်ဟု ပြောကြား ခဲ့သည်။

    အိုဘာမားက ပြီးခဲ့သည့် ဧပြီလက ပြောကြားခဲ့သည့် မိန့်ခွန်းတွင် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် ဂွာတာနာမို အကျဉ်းစခန်းအား ပိတ်ပစ်မည်ဟု ပြည်သူများအား ကတိပေးခဲ့သည်။

    Ref: america.aljazeera

    guantanamo_1765914c1

    —————————————

    တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုန် အသစ် အမေရိကန် အသိအမှတ်မပြု၊ ဂျပန်အား ကာကွယ်သွားမည်

    – အမေရိကန်ပြည်ထောင်စု အနေဖြင့် တရုတ်နိုင်ငံ၏ လေကြောင်း ကာကွယ်ရေးဇုန် အသစ်အား အသိအမှတ်ပြုမည် မဟုတ်သည်မှာ သေချာကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ဂျပန်နိုင်ငံအား ဗုဒ္ဓဟူးနေ့က အသိပေးပြောကြာခဲ့သည်။

    တရုတ်၊ ဂျန်နှင့် တောင်ကိုရီးယားသို့ အလည်အပတ်ခရီးစဉ်မှ ပြန်ရောက်ပြီး တစ်ပါတ်ကြာမြင့်ပြီးနောက် ဂျိုးဘိုင်ဒန်က ဂျပန်သမ္မတ ရှင်ဇိုအာဘေးအား တယ်လီဖုန်းဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးဆိုင်ရာ စာချုပ်အရ ဂျပန်နိုင်ငံအား ထောက်ခံသွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကာ၊ တင်းမာမှုများကို လျော့ကျစေရန် ခြေလှမ်းသစ်များ အတွက်လည်း တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: CNA

    —————————————

    – ၂၀၁၂ ခုနှစ်တွင် ကင်ဆာရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူဦးရေမှာ ၈.၂ သန်းအထိရှိလာခဲ့ပြီး ရင်သားကင်ဆာကြောင့် သေဆုံးမှုများမှာ အများဆုံးဖြစ်သည်ဟု လေ့လာမှုများအရသိရသည်။ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၇.၆ သန်းသာရှိခဲ့သည်။ ထို့ပြင် ရင်သားကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီးမှာ ၅၂၂၀၀ ဦးရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ နိုင်ငံတကာ ကင်ဆာရောဂါ သုတေသနအေဂျင်ဆီ (IARC)က သတင်းထုတ်ပြန်ခဲ့သည်။
    ……………………………………..
    – တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ထိုင်းအစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖိုရမ်သို့ အစိုးရဆန့်ကျင်ရေးအင်အားစု ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) မှ ကိုယ်စားလှယ်သုံးဦး တက်ရောက်မည်ဟု ထိုသုံးဦးတွင် ပါဝင်သည့် ဆူရီယာဆိုင်း ကတာစီလာက ယနေ့တွင်ပြောကြားခဲ့သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပါဖိုရမ်ကို ထိုင်းအိမ်စောင့်အစိုးရ အကြီးအကဲ ယခင်ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာက ဦးဆောင်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှ ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
    ……………………………….
    – စွမ်းအင်ကဏ္ဍ၊ စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ရန်အတွက် ဂျပန်နှင့် ဘရူနိုင်း နှစ်နိုင်ငံခေါင်းဆောင်များမှာ သဘောတူညီခဲ့ကြသည်ဟုသိရသည်။ ဂျပန်-အာဆီယံ အစည်းအဝေးမကျင်းပမီအလျင် ပြုလုပ်ခဲ့သော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဘရူးနိုင်ဘုရင် ဆူလ်တန် ဟာဆန်နယ် ဘိုလ်ကိုင်းယားတို့ ယနေ့တွေ့ဆုံမှုအတွင်း သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
    ……………………………….
    – မော်လ်တာနိုင်ငံမှ အစ္စရေးနိုင်ငံ တယ်လ်အဗီးသို့ ပျံသန်းနေသည့် လေယာဉ်အမှတ် KM7828 မှာ တယ်လ်အဗီးလေယာဉ်ကွင်းအနီးတွင် မိုးကြိုးထိမှန်ခဲ့သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ လေယာဉ်မှာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု Air Malta ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။
    …………………………………..