News @ M-Media

Tag: Iran

  • ယူအေအီးသင်္ဘောတစ်စီးကို အီရန်ထိန်းသိမ်း

    ယူအေအီးသင်္ဘောတစ်စီးကို အီရန်ထိန်းသိမ်း

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    -ပိုင်နက်ထဲဝင်လာတဲ့ ယူအေအီး သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်တယ်လို့ ယူအေအီးက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ​တနင်္လာနေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး အဲဒီနေ့မှာပဲ အီရန် ငါးဖမ်းသမားနှစ်ယောက် ယူအေအီး ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ယူအေအီးက သူတို့ပိုင်နက်ထဲဝင်လာတဲ့ အီရန်ငါးဖမ်းသင်္ဘော ၈ စီးကို တားဆီးဟန့်တားခဲ့တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် သေဆုံးဒဏ်ရာရမှု ဖြစ်စဉ်တော့ မပါဝင်ပါဘူး။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နိုင်ငံရေပိုင်နက်ထဲကို တရားမဝင် ဝင်လာတာကြောင့် ယူအေအီးသင်္ဘောကို ဖမ်းဆီးလိုက်ပြီး သင်္ဘောသားတွေကို ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အီရန်ငါးဖမ်းသမားတွေ အသတ်ခံရမှုအတွက် ယူအေအီးက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး နစ်နာကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အီရန်နဲ့ ပင်လယ်ကွေ့က အခြားနိုင်ငံတွေအကြား ငါးဖမ်းသင်္ဘောပြဿနာဟာ အရင်ကတည်းက ရှိခဲ့ပါတယ်။ အီရန်ကတော့ သူတို့ရဲ့ နိုင်ငံသားတွေနဲ့ အကျိုးစီးပွား ကျူးကျော်ထိခိုက်လာတာမှုတွေရှိရင် လိုအပ်တဲ့ နည်းလမ်းအားလုံးနဲ့ တုန့်ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

    Ref: Aljazeera

  • ယူအေအီး ကြီးမားသောအမှား လုပ်ခဲ့မိပြီဟု အီရန်သမ္မတ ပြော

    ယူအေအီး ကြီးမားသောအမှား လုပ်ခဲ့မိပြီဟု အီရန်သမ္မတ ပြော

    ဩဂုတ် ၁၆၊ ၂၀၂၀
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်တာဟာ ယူအေအီးအနေနဲ့ ကြီးမားတဲ့ အမှားတစ်ခု လုပ်လိုက်တာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့ဟာ ပုံမှန် သံတမန်ဆက်ဆံရေးထူထောင်ကြောင်း ကြာသာပတေးနေ့မှာ ကြေငြာခဲ့ပြီး လုံခြုံရေးအပါအဝင် ကဏ္ဍများစွာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့လည်း သဘောတူညီခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီသဘောတူညီချက်ဟာ အစ္စရေးကို ဒေသတွင်းမှာ အခြေခိုင်အောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ မနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ယူအေအီးအနေနဲ့ ပိုပြီးသတိထားရမှာပါ။ ကြီးမားတဲ့ အမှားတစ်ခု၊ သစ္စာဖောက်တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်လိုက်တာပါ။ ဒါကို သတိထားမိပြီး လမ်းမှားကို စွန့်လွှတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    ယူအေအီး-အစ္စရေး သံတမန်ဆက်ဆံမှု ထူထောင်ရေး သဘောတူညီချက်မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို ပိုက်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့အစီအစဉ်ကို ရပ်ဆိုင်းဖို့ ပါဝင်ပါတယ်။

    ယူအေအီးခေါင်းဆောင်ပိုင်းက ဒီလို ဆက်ဆံရေးထူထောင်တာဟာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ထပ်မံသိမ်းပိုက်မှုကို တားဆီးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အနောက်ဖက်ကမ်း ဒေသတွေ အစ္စရေးနိုင်ငံထဲသွတ်သွင်းမယ့် အစီအစဉ်ကို မစွန့်လွှတ်ဘူးလို့ သဘောတူညီချက်ရပြီး နာရီပိုင်းအတွင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

    သဘောတူညီချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နောက်ထပ်သက်တမ်းတစ်ခု အနိုင်ရဖို့ ရည်ရွယ်တာမျိုး ဖြစ်တယ်လို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ထရမ့်မပြုတ်ခင် အီရန်အား တိုက်ခိုက်မှုပိုလုပ်ရန် အစ္စရေး စီစဉ်နေ

    ထရမ့်မပြုတ်ခင် အီရန်အား တိုက်ခိုက်မှုပိုလုပ်ရန် အစ္စရေး စီစဉ်နေ

    ဇူလိုင် ၁၈၊ ၂၀၂၀
    M-Media

    -လာမယ့်နိုဝင်ဘာလ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အီရန်အပေါ် အစ္စရေးက တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်ပြီး စစ်ပွဲဖြစ်တဲ့အထိ ဦးတည်သွားနိုင်တယ်လို့ ဥရောပသမဂ္ဂ ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးက Business Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဒုံးကျည်စက်ရုံနဲ့ နျူစက်ရုံစက်တွေအပါအဝင် အီရန်က စက်ဖက်ဆိုင်ရာ နေရာတစ်ချို့မှာ မီးလောင်တာ၊ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။ အီရန်အာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်အများစုဟာ ပုံမှန် မတော်တဆမှုမျိုး ဖြစ်ပေမယ့်၊ တစ်ချို့တွေက ရန်သူတွေရဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်မျိုး ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အစ္စရေးစစ်ဖက်တာဝန်ရှိသူဟောင်းတစ်ဦးက တစ်ချို့ကိစ္စတွေကို အစ္စရေးထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကနာဇီရဲ့ ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ မိမိတို့ဟာ အီရန်နဲ့ပတ်သက်လာရင် အရေးယူတာမျိုးရှိပြီး ဒါဟာ ဘာမှမပြောတာထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောသမဂ္ဂက အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးတာဝန်ရှိသူ တစ်ဦးကတော့ နိုဝင်ဘာလမှာပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတထရမ့် ပြန်လည်အနိုင်ရနို​င်ချေ မရှိတာကြောင့် ထရမ့် သက်တမ်းမကုန်ခင် အီရန်အပေါ် အစ္စရေးက တိုက်ခိုက်တွေ ပိုလုပ်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အခုနှစ်အစောပိုင်းမှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အီရန်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာက ဂိတ်ဆုံးရောက်နေပြီး အစ္စရေးရဲ့ ထပ်မံတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန်တုန့်ပြန်ကာ စစ်ပွဲတစ်ခုအသွင်အထိ ဦးတည်သွားနိုင်တယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Business Insider

  • ကမ္ဘာ့ပျားရည်တင်ပို့မှုတွင် အီရန်က ထိပ်တန်းစာရင်း၌ ရပ်တည်

    ကမ္ဘာ့ပျားရည်တင်ပို့မှုတွင် အီရန်က ထိပ်တန်းစာရင်း၌ ရပ်တည်

    ဇူလိုင် ၁၇၊ ၂၀၂၀
    M-Media

    -အီရန်ဟာ ကမ္ဘာပေါ်မှာ ပျားရည်ထုတ်လုပ်တင်ပို့မှု၊ ပျားမွေးမြူမှု စတုတ္တအများဆုံး နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အီရန်ရဲ့ ပျားရည်တင်ပို့မှု ပမာဏဟာ မက်ထရစ်တန် ၁၁၂၅၀၀ ရှိခဲ့ပြီး တစ်နှစ်အတွင်း တင်ပို့မှု ၂၄ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

    အီရန်စိုက်ပျိုးရေးဝန်ကြီးဌာနက အကြီးတန်းတာဝန်ရှိသူဖြစ်ပြီး ပျားမွေးမြူရေးစီမံကိန်းရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဖာရ်ဟဒ် ဂက်ဖာရီက နိုင်ငံမှာ ပျားမွေးမြူရေးလုပ်ငန်း အရေအတွက်ကလည်း တိုးတက်လာခဲ့ပြီး စုစုပေါင်း ၉၈၀၀၀ လောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပျားရည်အပြင် ပျားနဲ့ပတ်သက်တဲ့ အခြားထုတ်ကုန်တွေ အီရန်က တင်ပို့နိုင်မှုလည်း မြင့်တက်လာခဲ့ပါတယ်။

    ဂက်ဖာရီက နိုင်ငံအတွင်း ပျားမွေးမြူရေး လုပ်ငန်း၊ ဒီလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်စေဖို့ စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အီရန်ရဲ့ လယ်ယာထုတ်ကုန် တင်ပို့မှုပမာဏလည်း တိုးတက်လာခဲ့ပါတယ်။

    Ref: Press TV

  • ကုန်းတွင်း၊ ကမ်းလွန် ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားသည်ဟု အီရန် ထုတ်ပြော

    ကုန်းတွင်း၊ ကမ်းလွန် ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားသည်ဟု အီရန် ထုတ်ပြော

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    -တောင်ပိုင်း ကမ်းရိုးတမ်းအပါအဝင် ကုန်းတွင်းနဲ့ ကမ်းလွန်တွေမှာ ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားပြီး ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်လိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အဲဒီကွန်ယက်မှာ မြေအောက်ဘန်ကာတွေ၊ ကမ်းလွန်ရွေ့လျားစနစ် ဒုံးကျည်တွေ ပါဝင်တယ်လို့ ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်ဆီရီက ပြောပါတယ်။

    “ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ တစ်လျှောက်လုံးမှာ မြေအောက် ကုန်းတွင်းနဲ့ ကမ်းလွန် ဒုံးကျည်​မြို့တော်တွေ တည်ဆောက်ထားပါတယ်။ ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်မှာပါ”

    နိုင်ငံတောက်ဘက် နယ်စပ်တစ်လျှောက်လုံးမှာ ရေယာဉ်စု ၄၂၈ စုနဲ့ တပ်ဖွဲ့ဝင် ၂၃၀၀၀ လောက်ကို တပ်ဖြန့်ချထားပြီး ရန်သူတွေ မထင်မှတ်ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေ၊ ရေတပ်သင်္ဘောအသစ်တွေလည်း မကြာခင် ထုတ်ပြဖို့ရှိတယ်လို့ အလီရီဇာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အပြည့်အ၀လည်ပတ်နိုင်တဲ့ မြေအောက် ဒုံးကျည်စက်ရုံတွေ၊ မြို့တော်တွေ တည်ရှိနေပြီလို့ အီရန်တော်လှန်ရေးအေစာင့်တပ်ဖွဲ့က မကြာခဏ ထုတ်ပြောလေ့ရှိပေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထုတ်ပြတာမျိုးတော့ မရှိပါဘူး။

    ပြီးခဲ့တဲ့ နွေရာသီကစလို့ ရှန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရတာလို တင်းမာမှုမျိုးတွေ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်က ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုပါတယ်။

    Ref: RT