News @ M-Media

Tag: Iran

  • အရှေ့အလယ်ပိုင်းမှ အမေရိကန် ထွက်ခွာချိန်တန်ပြီဟု အီရန်ပြော

    အရှေ့အလယ်ပိုင်းမှ အမေရိကန် ထွက်ခွာချိန်တန်ပြီဟု အီရန်ပြော

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်၊ ရုရှားတို့နဲ့ ပြုလုပ်ခဲ့တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အီရန်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အိုမန်ပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ရေတပ်စစ်ရေးလေ့ကျင်မှုဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ပစ်မှတ်ကို နှိမ်နှင်းမှု၊ အရေးပေါ်အခြေအနေတွေမှာ သင်္ဘောတွေကို ကယ်ဆယ်မှုအပါအဝင် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တော်တော်များများ ပါဝင်ခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က နိုင်ငံတကာရေကြောင်းသွားလာမှုမှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မိမိတို့ဟာ ဘယ်တိုင်းပြည်နဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာ ဒီစစ်ရေးလေ့ကျင့်မှုက ပြသနေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသအတွင်း ရန်လိုတဲ့ ပေါ်လစီတွေကို မကြိုက်တဲ့ အခြား အင်အားကြီးနိုင်ငံတွေ ရှိနေတယ်ဆိုတာ ဖော်ကျူးနေကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပါရှန်ပင်လယ်ကွေ့မှာ ရေနံသင်္ဘောတွေ သံသယဖြစ်ဖွယ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာ ရေကြောင်းသွားလာမှု မဟာမိတ်အဖွဲ့ ဖွဲ့စည်းရေး အမေရိကန်က တိုက်တွန်းဆော်ဩနေစဉ်မှာ အမေရိကန်ရဲ့ ပြိုင်ဘက်တွေ ပူးပေါင်းပြီး အခုလို စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာတာပါ။

    အီရန်ရေတပ်အကြီးအကဲက အမေရိကန်ရဲ့ ကျူးကျော်တဲ့ကာလ ကုန်ဆုံးသွားပြီး အရှေ့အလယ်ပိုင်းကနေ ထွက်ခွာချိန်တန်ပြီလို့ စစ်ရေးလေ့ကျင့်မှုအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • ပြည်တွင်းဖြစ် စာပို့ဒရုန်းနှင့် လူသားစက်ရုပ်ကို အီရန် ထုတ်ပြ

    ပြည်တွင်းဖြစ် စာပို့ဒရုန်းနှင့် လူသားစက်ရုပ်ကို အီရန် ထုတ်ပြ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၉
    M-Media

    -ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ပြီး စာနဲ့ ခြားပစ္စည်းတွေ ပို့ဆောင်ပေးနိုင်မယ့် ဒရုန်းလေယာဉ်တစ်ခုနဲ့ သုတေသနလုပ်နိုင်မယ့် လူသားစက်ရုပ်တစ်ခုကို အီရန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြလိုက်ပါတယ်။

    ကြာသာပတေးနေ့က ထုတ်ပြခဲ့တဲ့ စာပို့ဒရုန်းဟာ ဗဟိုထိန်းချုပ်မှုစနစ်၊ လမ်းကြောင်းရှာစနစ်နဲ့ ပါဆယ်ပို့ဆောင်ရေးစနစ်တွေ ပါဝင်ပါတယ်။ အီရန်ဆက်သွယ်ရေးဝန်ကြီးက ပါဆယ်တွေပို့ဆောင်နိုင်တဲ့ ဒီဒရုန်းကို အရပ်ဖက်မှာ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ကြက်ခြေနီအဖွဲ့ကလည်း အရေးပေါ် သက်ကယ်အကူအညီတွေပို့ဆောင်မှုမှာ ရဟတ်ယာဉ်တွေအစား ပိုမိုအကုန်အကျသက်သာပြီး ခရီးရောက်မယ့် ဒီဒရုန်းကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြည်တွင်းဖြစ် စာပို့ဒရုန်းကို အီရန်က ထုတ်ပြပြီးပြီးချင်းမှာပဲ တူရကီ အစိုးရစာတိုက်လုပ်ငန်းက စိတ်ဝင်စားကြောင်း လာရောက်ပြောဆို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

    လူသားစက်ရုပ်

    အီရန်သုတေသနပညာရှင်တွေဟာ စနေနေ့က မြို့တော်တီဟီရန်မှာ လူသားစက်ရုပ် Surena III ကိုလည်း ထုတ်ပြခဲ့ပါတယ်။

    အရပ် ၆ ပေ ၃ လက်မရှိတဲ့ အဲဒီစက်ရုပ်ဟာ Kinect အခြေခံတဲ့ 3D vision module ကို အသုံးပြုထားပြီး ဆာဗိုမော်တာ ၃၁ လုံး တပ်ဆင်ထားပါတယ်။ စက်ရုပ်မှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲဟာ လူကြိုက်များတဲ့ Robot Operating System (ROS) ဖြစ်ကာ လူသားက စောင့်ကြည့်ထိန်းချုပ်မှု စနစ်လည်း ပါဝင်ပါတယ်။

    Surena စက်ရုပ်တီထွင်ရေး စီမံကိန်းကို ဦးစီးနေတဲ့ စက်မှုအင်ဂျင်နီယာ ပရော်ဖက်ဆာ ဒေါက်တာ အဂ်ဟီလ် ယူဆီဖီ-ကိုမာက စက်ရုပ်ကို သုတေသနလုပ်ငန်းအတွက် ရည်ရွယ် ဖန်တီးတာဖြစ်ပြီး ခြေနှစ်ချောင်းလှုပ်ရှားမှု၊ လူသားနဲ့ စက်ရုပ် ဆက်သွယ်ပြောဆိုမှုတွေအပါအဝင် စက်ရုပ်နည်းပညာက စိန်ခေါ်မှုတွေကို ဖော်ထုတ်ဖြေရှင်းဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မိတ်ဆက်ပြသပွဲမှာ Surena III ဟာ လမ်းလျှောက်တာ လူသားရဲ့ လက်ပုံသဏ္ဍာန်အတိုင်း လှုပ်ရှားတာ လူသားနဲ့ ဆက်သွယ်ပြောဆိုတာတွေ လုပ်ဆောင်ပြခဲ့ပါတယ်။

    Ref: Press TV, Spectrum

  • ရေငုပ်သင်္ဘောသုံး ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်ကို အီရန်က အမြောက်အများ ထုတ်လုပ်တော့မည်

    ရေငုပ်သင်္ဘောသုံး ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်ကို အီရန်က အမြောက်အများ ထုတ်လုပ်တော့မည်

    ဒီဇင်ဘာ ၁၊ ၂၀၁၉
    M-Media

    -ရေငုပ်သင်္ဘောသုံး ပြည်တွင်းဖြစ် Jask ခရုဇ်ဒုံးကျည်ကို အမြောက်အများထုတ်လုပ်တော့မယ်လို့ အီရန်ရေတပ်က ကြေငြာလိုက်ပြီး ပြည်တွင်းဖြစ် ရေတပ်သုံးပစ္စည်းတွေကိုလည်း ထုတ်ပြလိုက်ပါတယ်။

    အီရန်ရေတပ်ဟာ မနေ့က စစ်လက်နက်ပစ္စည်းပြပွဲတစ်ခု ပြုလုပ်ခဲ့တာပါ။ ရေတပ်အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန်ခန်ဇာဒီက Jask ခရုဇ်ဒုံးကျည်ကို အမြောက်အများ ထုတ်လုပ်တော့မှာဖြစ်ပြီး ရေငုပ်သင်္ဘောအားလုံးမှာ တပ်ဆင်အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    တာဝေးပစ်နိုင်မယ့် Jask-2 ခရုဇ်ဒုံးကျည်ကို အီရန်က ထုတ်လုပ်ထားပြီး၊ Jask-3 စီမံကိန်းကိုလည်း လုပ်ဆောင်နေပါတယ်။

    မနေ့က အခမ်းအနားမှာ အီရန်က ပြည်တွင်းဖြစ် Pelikan ဒရုန်း၊ Sadaf-2 ရေမြှုပ်မိုင်း၊ Soren ရှာဖွေရေးစနစ်၊ Balaban ပဲ့ထိန်းဗုံးနဲ့ Loqman လေ့ကျင့်ရေး သင်္ဘောတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။

    Soren စနစ်ဟာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ GPS စနစ်ကို အသုံးမပြုဘဲ သတင်းအချက်အလက်တွေကို ရယူ ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Pelikan ဒရုန်းကတော့ ဒေါင်လိုက်ပျံတက်နိုင်စွမ်းရှိပြီး ရေကြောင်းစောင့်ကြည့်ရေးလုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ခန်ဇာဒီက လာမယ့်လအတွင်း အိန္ဒိယသမုဒ္ဒရာမှာ တရုတ်၊ ရုရှားတို့နဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်သွားမယ်လို့လည်း မနေ့က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • စည်းကျော်လျှင် ချေမှုန်းမည်ဟု အမေရိကန်နှင့် မဟာမိတ်များကို အီရန် သတိပေး

    စည်းကျော်လျှင် ချေမှုန်းမည်ဟု အမေရိကန်နှင့် မဟာမိတ်များကို အီရန် သတိပေး

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ မဟာမိတ်တွေက စည်းကျော်လာရင် ချေမှုန်းမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားလိုက်ပါတယ်။

    မနေ့က မြို့တော်တီဟီရန်မှာပြုလုပ်တဲ့ အစိုးရထောက်ခံပွဲအခမ်းအနားမှာ ဆာလာမီက အခုလို ပြောကြားလိုက်တာဖြစ်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ မကြာသေးခင်က လူထုဆန္ဒပြမှုအတွက်လည်း အမေရိကန်နဲ့ မဟာမိတ်တွေကို အပြစ်တင်ခဲ့ပါတယ်။

    “အမေရိကန်၊ ဇိုင်ယွန်အာဏာရှင် (အစ္စရေး)နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ရန်လိုတဲ့လုပ်ရပ်ကို ကျွန်တော်တို့ ချုပ်တည်းခဲ့တယ်၊ သည်းခံခဲ့တယ်။ ဒါပေမယ့် စည်းကျော်လာမယ်ဆိုရင်တော့ သူတို့ကို ချေမှုန်းသွားမှာပါ”

    အဲဒီအစိုးရထောက်ခံပွဲကို အီရန်ပြည်သူ ထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။

    ဓာတ်ဆီစျေး မြင့်တက်မှုကြောင့် အီရန်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူထုအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လုံခြုံရေတပ်ဖွဲ့ဝင်တွေကလည်း အင်အားသုံးနှိမ်နှင်းခဲ့တဲ့အတွက် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အီရန်ကတော့ ဒီ လူထုအုံကြွမှုတွေဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ကြားဝင် သွေးထိုးမှုကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • ၃၃ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေးညီလာခံကို အီရန်တွင်ကျင်းပ

    ၃၃ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေးညီလာခံကို အီရန်တွင်ကျင်းပ

    နိုဝင်ဘာ ၁၄၊ ၂၀၁၉
    M-Media

    -၃၃ ကြိမ်မြောက် ‘နိုင်ငံတကာ အစ္စလာမ့်ညီညွတ်ရေးညီလာခံ’ ကို ဒီကနေ့ အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ စတင်ကျင်းပခဲ့ပါတယ်။

    မွတ်စလင်တွေအကြား ညီညွတ်ရေးနဲ့ ပြဿနာတွေကို စုပေါင်းအဖြေရှာရေး ရည်ရွယ်တဲ့ ဒီညီလာခံကို နှစ်စဉ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီနှစ် ညီလာခံခေါင်းစဉ်က ‘အလ်-အက္ကဆွာဗလီကို ညီညွတ်စွာကာကွယ်ရေး’ ဖြစ်ပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြုလပ်မယ့် ညီလာခံကို နိုင်ငံပေါင်း ၉၃ နိုင်ငံက ဘာသာရေး၊ နိုင်ငံရေးနဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ အပါအဝင် လူ ၃၅၀ လောက် တက်ရောက်ကြပါတယ်။

    ဒီကနေ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ အီရန်သမ္မတ ဟာဆန် ရူဟာနီက ဒေသတွင်းပြဿနာတွေကို တစ်ခြားဒေသက နိုင်ငံတွေ ဝင်ရောက်ဖြေရှင်းလို့မရဘူးလို့ ပြောကြားခဲ့သလို အမေရိကန်ကိုလည်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    “အမေရိကန်ဟာ အစ္စလာမ်နဲ့ ဒေသတွင်းနိုင်ငံတွေအတွက် မိတ်ဆွေမဟုတ်ပါဘူး။ ပြဿနာတွေရဲ့ ရင်းမြစ်သာဖြစ်ပြီး ဒေသတွင်းကို လူသတ်ပွဲတွေ၊ သွေးချောင်းစီးမှုတွေကိုသာ ယူဆောင်လာတာပါ”

    အရှေ့အလယ်ပိုင်းက ပြဿနာတွေကို ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ပြီး အီရန်ဟာ ဆော်ဒီ၊ ကူဝိတ်၊ ဘာရိန်း၊ ယူအေအီးနဲ့ ဒေသတွင်း အခြားနိုင်ငံတွေရဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်လို့လည်း ရူဟာနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: ipfnews