News @ M-Media

Tag: Iran

  • အီရန်က ယူရေနီယံသန့်စင်မှု ပြန်လုပ်နေဟု IAEA အတည်ပြု

    အီရန်က ယူရေနီယံသန့်စင်မှု ပြန်လုပ်နေဟု IAEA အတည်ပြု

    နိုဝင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်း Fordow မြေအောက် နျူကလီးယားစက်ရုံမှာ အီရန်က ယူရေနီယံ သန့်စင်မှုတွေကို စတင်လုပ်ဆောင်နေပြီး နောက်ထပ်လည်း ထပ်တိုးလုပ်ဆောင်သွားဖို့ရှိတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာကာ အီရန်အပေါ်ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ သတ်မှတ်ချက်တွေ လိုက်နာမှုကို တစ်ဆင့်ပြီးတစ်ဆင့် လျော့ချလာခဲ့တာ ဖြစ်ပါတယ်။

    Fordow နျူစက်ရုံမှာ ယူရေနီယံသန့်စင်မှု ပြန်လည်ပြုလုပ်တာဟာ လိုက်နာမှုလျော့ချမှုမှာ သိသာထင်ရှားတဲ့အဆင့် ဖြစ်ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် အီရန်ဟာ Fordow နျူစက်ရုံကို တောင်တစ်ခုအောက်မှာ ဆောက်လုပ်ထားပြီး ၂၀၀၉ ခုနှစ်မှာ IAEA စုံစမ်းစစ်ဆေးမှူးတွေကို ဝင်ခွင့်ပေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်အရ ဒီစက်ရုံမှာ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို ကန့်သတ်ပေမယ့် သုတေနသလုပ်ငန်းအတွက် အချို့ centrifuge တွေကို‌ အသုံးပြုခွင့်ပေးထားပါတယ်။ ‌IAEA က ထုတ်ပြန်တဲ့ ၃ လပတ်အစီရင်ခံစာမှာတော့ အီရန်ဟာ Fordow စက်ရုံမှာ ယူရေနီယံသန့်စင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်ကတော့ အီရန်ရဲ့ နျူကိစ္စ၊ ဒုံးကျည်ကိစ္စနဲ့ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ အခန်းကဏ္ဍတွေအားလုံး လွှမ်းခြုံနိုင်မယ့် သဘောတူညီချက်ရအောင် ဖိအားပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ဥရောပသမဂ္ဂအပါအဝင် ၂၀၁၅ သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ အခြားနိုင်ငံတွေကလည်း အီရန်ရဲ့ လုပ်ရပ်တွေအတွက် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နျူဓာတ်အားပေးစက်ရုံတွင် အီရန်က ဒုတိယမြောက် ဓာတ်ပေါင်းဖိုဆောက်

    နျူဓာတ်အားပေးစက်ရုံတွင် အီရန်က ဒုတိယမြောက် ဓာတ်ပေါင်းဖိုဆောက်

    နိုဝင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်းက Bushehr က နျူဓာတ်အားပေးစက်ရုံမှာ ဒုတိယမြောက် နျူဓာတ်ပေါင်းဖို တစ်ခုကို အီရန်က မနေ့မှာ ဖောင်ဒေးရှင်းချခဲ့ပြီး ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပျက်ပြယ်လုဆဲဆဲ အချိန်မှာ ဒီလုပ်ဆောင်မှု ပေါ်ထွက်လာတာပါ။

    နျူဓာတ်ပေါင်းဖို့ စတင်တည်ဆောက်မှု အခမ်းအနားကို တက်ရောက်လာတဲ့ အီရန်အာဏာပိုင်တွေက ဓာတ်ပေါင်းဖိုပြီးစီးသွားရင် နိုင်ငံရဲ့ ဓာတ်အားလိုင်းထဲကို ဓာတ်အား မီဂါဝပ် ၁၀၀၀ ကျော် ပေါင်းထည့်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားရဲ့အကူအညီနဲ့ ဓာတ်ပေါင်းဖိုကို ဆောက်လုပ်တာ ဖြစ်ပါတယ်။ Bushehr နျူဓာတ်အားပေးစက်ရုံက ပထမဆုံး ဓာတ်ပေါင်းဖိုကိုလည်း ရုရှားက ကူညီတည်ဆောက်ပေးခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ နှောင့်နှေး ကြန့်ကြာခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ စတင် လည်ပတ်နိုင်ခဲ့ပါတယ်။ အီရန်ဟာ ဒီစက်ရုံမှာပဲ တတိယမြောက် ဓာတ်ပေါင်းဖိုတစ်ခုလည်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

    အီရန် အနုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီက ‌နျူကလီးယားစွမ်းအင်ဟာ ခိုင်မာတဲ့ ဓာတ်အားရင်းမြစ်တစ်ခုဖြစ်ပြီး၊ စက်ရုံတစ်ခုက တစ်နှစ်ကို ရေနံစည်ပေါင်း ၁၁ ဘီလီယံ၊ ကန်ဒေါ်လာ သန်း ၆၆၀ သက်သာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Bushehr နျူဓာတ်အားပေးစက်ရုံကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က စောင့်ကြည့်နေတာပါ။ စက်ရုံလည်ပတ်ဖို့အတွက် ယူရေနီယံကို အီရန်က ၄.၅ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီး ဒါဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ သတ်မှတ်ချက် ၃.၆၇ ရာခိုင်နှုန်းထက် ကျော်လွန်နေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်မေလ အမေရိကန်က သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ သတ်မှတ်ချက်တွေကို တစ်ဖြည်းဖြည်းနဲ့ လိုက်နာခြင်း မရှိတော့ပါဘူး။

    ဆာလေဟီက သဘောတူညီချက်ကို မိမိတို့က စတင်ချိုးဖောက်တာမဟုတ်ဘူးလို့ မနေ့က အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တိုင်းပြည်ထဲကျူးကျော်လာသည့် ပြည်ပဒရုန်းတစ်စင်းကို အီရန် ပစ်ချ

    တိုင်းပြည်ထဲကျူးကျော်လာသည့် ပြည်ပဒရုန်းတစ်စင်းကို အီရန် ပစ်ချ

    နိုဝင်ဘာ ၉၊ ၂၀၁၉
    M-Media

    -တိုင်းပြည်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြား ဒရုန်းတစ်စင်းကို ပစ်ချလိုက်တယ်လို့ အီရန်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံအနောက်တောင်ပိုင်း ပါရှန်ပင်လယ်ကွေ့က ခူဇက်စတန်ပြည်နယ် မာရှာဟာ ဆိပ်ကမ်းမြို့ကို ဒရုန်းက ဝင်ရောက်လာခဲ့တာပါ။

    အီရန် လေတပ်ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် အလီရီဇာ ဆာဘာဟီက နိုင်ငံခြားတိုင်းပြည်က ဒရုန်းတစ်ခုဟာ သောကြာနေ့မနက်ပိုင်းက နိုင်ငံပိုင်နက်ထဲ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အရေးပါတဲ့နေရာတွေကို မရောက်မီ ပြည်တွင်းဖြစ် ဒုံးခွင်းစနစ်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘယ်နိုင်ငံက ဒရုန်းလဲဆိုတာကို ဗိုလ်မှူးချုပ်က မပြောခဲ့ပေမယ့် နိုင်ငံလေပိုင်နက်အပေါ် ဘယ်လိုကျူးကျော်မှုမျိုးမဆို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်ဆိုတာ အီရန်က အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်အာဏာပိုင်တွေဟာ ‌ဒရုန်းအပျက်အဆီးတွေကို သိမ်းဆည်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန်ကတော့ အီရန်က ပစ်ချလိုက်တယ်ဆိုတဲ့ ဒရုန်းဟာ သူတို့ဆီကမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    ဇွန်လတုန်းကလည်း အီရန်ဟာ နိုင်ငံတောင်ပိုင်း ဟော်ရ်မုဇ်ဂန် ကမ်းရိုးတန်းဒေသမှာ အမေရိကန် ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို ပြည်တွင်းဖြစ် လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ပစ်ချခဲ့ဖူးပါတယ်။

    Ref: Press TV



  • အီရန်ရှိ နျူစက်ရုံတစ်ခုတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်

    အီရန်ရှိ နျူစက်ရုံတစ်ခုတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်

    နိုဝင်ဘာ ၇၊ ၂၀၁၉
    M-Media

    -မြေအောက် နျူကလီးယားစက်ရုံ Fordow မှာ နျူလုပ်ငန်းတွေကို ပြန်လည် လည်ပတ်နေပြီလို့ အီရန်နိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ လုံး၀ နှုတ်ထွက်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ချပြလိုက်တာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    နိုင်ငံတကာအနုမြူစွမ်းအင်‌ အေဂျင်စီ (IAEA) က တာဝန်ရှိသူတွေရဲ့ရှေ့မှာပဲ အီရန်ဟာ ဓာတ်ပေါင်းဖိုက Centrifuge တွေထဲကို ယူရေနီယံဓာတ်ငွေ့ စတင်ထိုးသွင်းခဲ့ပါတယ်။ အီရန် အနုမြူအေဂျင်စီကလည်း ဒီလုပ်ဆောင်မှုကို အတည်ပြုခဲ့ပါတယ်။

    Fordow နျူစက်ရုံမှာ Centriuge ၁၀၄၄ ခုကို တပ်ဆင်လိုက်ပြီလို့ အီရန်က အစောပိုင်းမှာ ကြေငြာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ယူရေနီယံအရည်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလည်း ထပ်တိုး ပြုလုပ်ခဲ့ပါတယ်။

    အီရန်က သူတို့ရဲ့ အခုလုပ်ရပ်ဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်တာမဟုတ်ဘဲ ‘အပိုဒ် ၂၆’ နဲ့ ‘အပိုဒ် ၃၆’ တို့က သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂက နျူကလီးယား စောင့်ကြည့်ရေး တာဝန်ရှိသူကို ဗုဒ္ဓဟူးနေ့မှာ အီရန်က တားဆီးကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    အီရန်ကတော့ Natanz နျူစက်ရုံထဲကို အဲဒီတာဝန်ရှိသူ ဝင်ရောက်တဲ့အခါ သတိပေးသံ ပေါ်ထွက်လာခဲ့တာကြောင့် ဝင်ရောက်ခွင့်မပေးဘဲ ရှာဖွေစစ်ဆေးရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်နှင့် မဆွေးနွေးဟု အီရန်အဓိပတိပြော

    အမေရိကန်နှင့် မဆွေးနွေးဟု အီရန်အဓိပတိပြော

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်မယ်ဆိုတဲ့ သတင်းတွေကို အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက ပယ်ချလိုက်ပါတယ်။

    “အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တာဟာ ပြဿနာအားလုံးရဲ့ အဖြေပဲလို့ မြင်နေတာတွေဟာ လုံး၀ မှားယွင်းပါတယ်။ အမေရိကန်ဟာ လုံး၀ အလျော့ပေးမှာ မဟုတ်တာကြောင့် သူတို့နဲ့ ဆွေးနွေးရင်လည်း ဘာအဖြေမှ ထွက်မှာ မဟုတ်ပါဘူး” လို့ တီဟီရန်မြို့က အမေရိကန်သံရုံးကို စီးနင်းမှု နှစ် ၄၀ မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြု ရှားဘုရင်ကို ပြုတ်ကျပြီးတဲ့နောက် ၉ လပျော့ပျော့ ၁၉၇၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံးကို ကျောင်းသားတွေ စီးနင်းမှုဟာ ရက်ပေါင်း ၄၄၄ ရက် ကြာမြင့်ခဲ့ပါတယ်။

    ကျောင်းသားတွေဟာ အမေရိကန်မှာ ဆေးကုနေတဲ့ ရှားဘုရင်ကို အီရန်ထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ နောက်ဆုံးမှာ စီးနင်းမှုအတွင်း ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသား ၅၂ ဦး လွတ်မြောက်လာခဲ့ပေမယ့် ၁၉၈၀ ခုနှစ်မှာတော့ အမေရိကန်ဟာ အီရန်နဲ့ သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်က ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိနကန်တို့အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေကိုလည်း တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera