News @ M-Media

Tag: Iran

  • ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေး‌နွေးခဲ့ကြပါတယ်။

    ခန်းရဲ့ ၂ ရက်တာကြာမြင့်တဲ့ ဒီခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ လျော့ချရေး ရည်ရွယ်တာဖြစ်ပြီး ဘုရင်ဆလ်မန်နဲ့ မတွေ့ဆုံခင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဘုရင် ဆလ်မန်နဲ့ ခန်းတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ်ဟာ တနင်္ဂနွေနေ့က တီဟီရန်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီ၊ အဓိပတိ အယာတိုလာခါမေနီတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဟာဆန်ရူဟာနီနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခန်းက အီရန်နဲ့ ဆော်ဒီတို့အကြား ပဋိပက္ခတွေဖြစ်ပွားရင် ကမ္ဘာကြီးအတွက်ပါ စိုးရိမ်ရကြောင်း၊ မိမိအနေနဲ့ ဒီနှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေလျော့အောင် ကြားဝင်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းက ဆော်ဒီရေနံစက်ရုံတွေကို ယီမင်သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်ပြီးခဲ့နောက် ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့တာပါ။ ဟူသီသူပုန်တွေဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်လို့ အမေရိကန်နဲ့ ဆော်ဒီတို့က စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Gulf News

  • အီရန်-ဆော်ဒီ တင်းမာမှုလျှော့ချရေး ဆောင်ရွက်ပေးမည်ဟု အင်မရန်းခန်းပြော

    အီရန်-ဆော်ဒီ တင်းမာမှုလျှော့ချရေး ဆောင်ရွက်ပေးမည်ဟု အင်မရန်းခန်းပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၉
    M-Media

    -ပင်လယ်ကွေ့ဒေသ တင်းမာမှု လျော့ချရေးအတွက် အီရန်နဲ့ ဆော်ဒီအကြာ အတတ်နိုင်ဆုံးညှိနှိုင်းဆွေးနွေးပေးသွားမယ်လို့ ပါကစ္စတန်ဝန်ကြီး အင်မရန်းခန်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ခန်းဟာ အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို ရောက်ရှိလာပြီး သမ္မတဟာဆန်ရူဟာနီနဲ့ တွေ့ဆုံကာသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီနဲ့လည်း တွေ့ဆုံဖို့ ရှိနေပြီး အင်္ဂါနေ့ကျရင် ဆော်ဒီအာရေဗျကို သွားရောက်မှာ ဖြစ်ပါတယ်။

    အခုခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်တို့အကြား ပဋိပက္ခမဖြစ်ရေး ဆောင်ရွက်မယ့် ခရီးစဉ် ဖြစ်တယ်လို့ ခန်းက ဆိုပါတယ်။

    “ဘာပဲဖြစ်နေဖြစ်နေ ဒီလိုပဋိပက္ခမျိုးကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး။ ဒါမျိုးဖြစ်လာမှ အမြတ်ထွက်မယ့်အုပ်စုတွေ ရှိနေတယ်ဆိုတာကိုလည်း ခင်ဗျားရော၊ ကျွန်တော်ရော သိနေပါတယ်” လို့ ရူဟာနီနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အီရန်နဲ့ ဆော်ဒီတို့အကြားက ပြဿနာဟာ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရမယ့် ပြဿနာဖြစ်ပြီး မဖြေရှင်းနိုင်ရင် ကမ္ဘာကြီး ဆင်းရဲမွဲတေတဲ့အထိ ဖြစ်သွားမယ်လို့လည်း ခန်းက သတိပေးခဲ့ပါတယ်။

    ပါကစ္စတန်ဟာ ဆော်ဒီအာရေဗျနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိသလို၊ နယ်စပ်ချင်း ထိစပ်နေတဲ့ အီရန်နဲ့ ဆက်ဆံရေးကောင်းတစ်ခုကိုလည်း တည်ထောင်ထားနိုင်ပါတယ်။ အမေရိကန်မှာ အီရန်ရဲ့ သံတမန်ပိုင်းဆိုင်ရာ ကိစ္စတွေကို အီရန်က ကိုယ်စားပြု ဆောင်ရွက်ပေးနေပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆွေးနွေးမှုလုပ်ရေး ပါကစ္စတန်ကို အကူအညီတောင်းခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Economic Times

  • ဆော်ဒီ-အီရန် တစ်ဆင့်ခံဆွေးနွေးမှု စတင်ရင် ပြင်ဆင်နေ

    ဆော်ဒီ-အီရန် တစ်ဆင့်ခံဆွေးနွေးမှု စတင်ရင် ပြင်ဆင်နေ

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    -အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျှော့ချရေးအတွက် ဆော်ဒီနဲ့ အီရန်တို့ဟာ တစ်ဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖ်ာပြခဲ့ပါတယ်။

    စက်တင်ဘာ ၁၄ ရက်နေ့ ရေနံလုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ အီရတ်၊ ပါကစ္စတန် ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့တာပါ။

    ယီမင် ဟူသီသူပုန်အဖွဲ့က ရေနံစက်ရုံ တိုက်ခိုက်မှုတွေကို သူတို့ပြုလုပ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်နဲ့ ဆော်ဒီကတော့ ဒီကိစ္စမှာ အီရန် ပါဝင်ပတ်သက်မှု ရှိတယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

    ဒီတိုက်ခိုက်မှုကို စစ်ရေးအရ တုန့်ပြန်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းခဲ့တာကြောင့်၊ ဆော်ဒီလုံခြုံရေးကို အမေရိကန်က အမှန်တကယ် ကာကွယ်ပေးလိုစိတ် ရှိလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    ဒါ့ကြောင့် ဆော်ဒီဟာ သူတို့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာလာတာလို့ New York Times သတင်းစာက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    အီရန်နဲ့ ဆွေးနွေးမှုတွေလုပ်ပေးဖို့ အီရတ်နဲ့ ပါကစ္စတန်တို့က ကမ်းလှမ်းခဲ့တယ်လို့ ဆော်ဒီအစိုးရက New York Times ကို ပြောကြားခဲ့ပေမယ့် ဘင် ဆလ်မန်ရဲ့ တောင်းဆိုမှုရှိတယ်ဆိုတဲ့ သတင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    အီရန်ကတော့ သူတို့အနေနဲ့ ဆော်ဒီနဲ့ဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ ပြောကြားထားပါတယ်။

    ပြီးခဲ့တဲ့လ ဂျစ်ဒါမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း၊ အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီတို့နဲ့ တွေ့ဆုံစဉ် အိမ်ရှေ့မင်းသား ဘင် ဆလ်မန်က သူ့အနေနဲ့ စစ်ပွဲကို ရှောင်ရှားလိုကြောင်း၊ ဒီအတွက် ကြားဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့တယ်လို့ အီရတ်နဲ့ ပါကစ္စတန် အစိုးရ သတင်းရင်းမြစ်တွေက New York Times ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    အီရန်နဲ့ ဆော်ဒီတို့ဟာ ယီမင်နဲ့ ဆီးရီးယားတို့အပါအ၀င် အရှေ့အလယ်ပိုင်းက ပြဿနာတွေမှာ ဆန့်ကျင်ဖက်အုပ်စုတွေကနေ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။ ဆော်ဒီနဲ့ အီရန်တို့ရဲ့ ဆွေးနွေးမှု အမှန်တကယ် ဖြစ်လာမယ်ဆိုရင် နောက်ဆက်တွဲ ကောင်းကျိုးတွေ အများကြီး ဖြစ်လာနိုင်သလို၊ သမ္မတထရမ့်ရဲ့ အီရန်ကို ဖယ်ကျဉ်ရေးအစီအစဉ်ကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    Ref: Aljazeera

  • ထိပ်တန်းဗိုလ်ချုပ်ကို လုပ်ကြံရန် အာရပ်နှင့် အစ္စရေးတို့ ပူးပေါင်းစီစဉ်ခဲ့ဟု အီရန်ထုတ်ပြန်

    ထိပ်တန်းဗိုလ်ချုပ်ကို လုပ်ကြံရန် အာရပ်နှင့် အစ္စရေးတို့ ပူးပေါင်းစီစဉ်ခဲ့ဟု အီရန်ထုတ်ပြန်

    အောက်တိုဘာ ၄၊ ၂၀၁၉
    M-Media

    ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ

    -အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်ဖို့ အာရပ်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့တယ်လို့ အီရန်ထောက်လှမ်းရေးအဖွဲ့က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဆိုလိုင်မာနီဟာ တော်လှန်ရေးတပ်အစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းတပ်မဟာ Quds Force ကိုဦးဆောင်နေသူဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားတို့မှာ IS အကြမ်းဖက်အဖွဲ့ကို ချေမှုန်းသုတ်သင်ရာမှာ ပြောင်မြောက်တဲ့ မဟာဗျူဟာတွေကို ချမှတ်သူအဖြစ် အီရန်ခေါင်းဆောင်ပိုင်းက သူ့ကို သတ်မှတ်ထားပါတယ်။

    IRGC ရဲ့ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဟိုစိန် တာအဘ်က ဂျူး-အာရပ် ထောက်လှမ်းရေးအဖွဲ့တွေဟာ အကြမ်းဖက်သမားတွေကို လူစုကာ အီရန်နိုင်ငံထဲ ၀င်ရောက်စေပြီး ဆိုလိုင်မာနီကို ဗုံးခွဲသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ် ဆိုလိုင်မာနီရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ ဘာသာရေးအဆောက်အဦးဘေးမှာ အဆောက်အဦးတစ်ခုကို ၀ယ်ယူကာ စက်တင်ဘာ ၈-၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အာရှူရာနေ့ စီတန်းလှည့်လည်မှုမှာ ဖောက်ခွဲဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။

    လူ ၃ ဦးပါဝင်တဲ့ အဲဒီအဖွဲ့ကို အဆင့်မြင့်သင်တန်းတွေ ပေးကတည်းက မိမိတို့ ထောက်လှမ်းရေးအဖွဲ့က စောင့်ကြည့်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဒီလုပ်ကြံမှုအတွက် ဂျူး-အာရပ်အဖွဲ့ဟာ နှစ်နဲ့ချီ အချိန်ယူ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဟိုစိန် တာအဘ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Quds Force အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီဟာ အီရတ်နဲ့ ဆီးရီးယားအစိုးရတို့ကိုအကြံပေးနေတဲ့ အီရန် စစ်ဖက်အကြံပေးအဖွဲ့ကိုလည်း ကိုင်တွယ်စီမံနေပါတယ်။

    Foreign Policy မဂ္ဂဇင်းရဲ့ ၂၀၁၉ ခုနှစ် ကာကွယ်ရေးနှင့် လုံခြုံရေး ကမ္ဘာ့ ထိပ်တန်း မဟာဗျူဟာရှင် စာရင်းရဲ့ ထိပ်ပိုင်းမှာလည်း ဗိုလ်ချုပ်ဆိုလိုင်မာနီ ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လက ရီယာ့ဒ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဆိုလိုင်မာနီအပါအ၀င် အီရန် ထိပ်တန်း တာဝန်ရှိသူတွေကို လုပ်ကြံဖို့ အကြံအစည်တစ်ခု ရှိခဲ့ဖူးတယ်လို့ New York Times သတင်းဌာနက ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ဖော်ပြခဲ့ဖူးပါတယ်။

    အခုတစ်ကြိမ် လုပ်ကြံဖို့အစီအစဉ်မှာ အစ္စရေးနဲ့ ဘယ်အာရပ်နိုင်ငံတွေ ပူးပေါင်းခဲ့သလဲဆိုတာကို ဟိုစိန်တာအဘ်က မပြောခဲ့ဘဲ၊ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကလည်း အီရန်ရဲ့ အခုထုတ်ပြန်ချက်ကို တုန့်ပြန်ပြောကြားမှု မရှိသေးပါဘူး။

    Ref: Press TV