News @ M-Media

Tag: Iran

  • အီရန်၏ရန်ကို ကာကွယ်ရန် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်ပို့မည်ဟု အမေရိကန်ပြော

    အီရန်၏ရန်ကို ကာကွယ်ရန် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၀၀၀ ထပ်ပို့မည်ဟု အမေရိကန်ပြော

    ဇွန် ၁၈၊ ၂၀၁၉
    M-Media

    အမေရိကန်တပ်ဖွဲ့ဝင်များ

    -အရှေ့အလယ်ပိုင်းဒေသမှာ တပ်ဖွဲ့ဝင် ၁၀၀၀ လောက်ကို ထပ်မံစေလွှတ်သွားမယ်လို့ အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်က ကြေငြာပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမိုပြုလုပ်ခဲ့သလို၊ အီရန်ရဲ့ တိုက်ခိုက်နိုင်ဖွယ်ရှိမှုကို တုန့်ပြန်ဖို့ဆိုကာ ပင်လယ်ကွေ့ဒေသမှာ မေလအတွင်း လေယာဉ်တင်သင်္ဘောအပါအ၀င် တပ်တွေ
    ထပ်တိုးချခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကာကွယ်ရေးဝန်ကြီး ရှာနာဟန်က အရှေ့အလယ်ပိုင်းဒေသမှာ ရှိနေတဲ့ မြေပြင်၊ ရေပြင်၊ ဝေဟင် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်အတွက် တပ်ဖွဲ့ဝင် ၁ ထောင်လောက် တပ်တိုးချထားဖို့ ခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    “အီရန်တပ်ဖွဲ့တွေ၊ သူတို့ ကျောထောက်နောက်ခံပြုထားတဲ့ အုပ်စုတွေက ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ လုပ်လိမ့်မယ်ဆိုတဲ့ တိကျတဲ့ ထောက်လှမ်းရေးသတင်းတွေကို လတ်တလော အီရန်ရဲ့ တိုက်ခိုက်မှုတွေက ထပ်လောင်းအတည်ပြုပေးနေပါတယ်” လို့ ရှာနာဟန်က ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စီး တိုက်ခိုက်ခံရတာကို ရှာနာဟန်က ရည်ညွှန်းခဲ့တာဖြစ်ပြီး ဒါဟာ အီရန်ရဲ့လက်ချက် ဖြစ်တယ်လို့ အမေရိကန်ဖက်က စွပ်စွဲထားပါတယ်။ မေလအတွင်းကလည်း ယူအေအီးနိုင်ငံ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စီး တိုက်ခိုက်ခံရပြီး ဒီအတွက်လည်း အီရန်ကို အမေရိကန်က အပြစ်တင်ထားပါတယ်။

    အီရန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ကြံမှုဖြစ်ကြောင်း၊ ဒီကိစ္စအတွက် ပင်လယ်ကွေ့နိုင်ငံတွေ ပူးပေါင်းဖြေရှင်းဖို့လိုကြောင်း တုန့်ပြန် ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အင်အားကြီးနိုင်ငံများ အပြုသဘောမဆောင်လျှင် ၂၀၁၅ နျူစာချုပ်ကို မလိုက်နာတော့ဟု အီရန်ပြော

    အင်အားကြီးနိုင်ငံများ အပြုသဘောမဆောင်လျှင် ၂၀၁၅ နျူစာချုပ်ကို မလိုက်နာတော့ဟု အီရန်ပြော

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -၂၀၁၅ နျူသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ အခြားနိုင်ငံတွေက အပြုသဘောဆောင်တဲ့ လက္ခဏာမျိုး မတွေ့ရဘူးဆိုရင် စာချုပ်ပါ စည်းကမ်းတွေ လိုက်နာတာကို ရပ်ဆိုင်းမှု ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    စာချုပ်ကနေ အမေရိကန်နှုတ်ထွက်သွားပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့မေလမှာ အီရန်က ယူရေနီယံသန့်စင်မှု ကန့်သတ်ချက် အပါအ၀င် စာချုပ်ပါ အချို့အချက်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။ ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ၂၀၁၈ ခုနှစ် မေလမှာ စာချုပ်ကနေ နှုတ်ထွက်ကြောင်း ပြောကြားခဲ့ပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တာပါ။

    အီရန်နဲ့ အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေရဲ့ တိုက်ခိုက်လာနိုင်ဖွယ်ရှိမှုကို ပြန်လည်တုန့်ပြန်ဖို့ဆိုကာ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က ပြီးခဲ့တဲ့မေလအတွင်း တပ်တွေ ထပ်တိုးချထားခဲ့ပြီးတဲ့နောက်မှာတော့ အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုဟာ ပိုမို ပြင်းထန်လာခဲ့ပါတယ်။

    “အီရန်ကပဲ တစ်ဖတ်သက် စာချုပ်လိုက်နာရမယ်ဆိုတာမျိုး လုံးဝ အဖြစ်မခံပါဘူး။ စာချုပ် ဆက်လက်အကျုံးဝင်ဖို့ဆိုရင် လက်မှတ်ထိုးထားသူတွေအားလုံးက လိုက်နာဖို့ လိုအပ်ပါတယ်” လို့ ဒီကနေ့ တာဂျီကစ္စတန်နိုင်ငံမှာ ပြုလုပ်တဲ့ Conference on Interaction and Confidence Building Measures ထိပ်သီးအစည်းအဝေးမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားခဲ့ပါတယ်။

    အဲဒီအစည်းအဝေးကို တရုတ်၊ ရုရှားတို့အပြင် အခြား အာရှခေါင်းဆောင် တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့က လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။

    ရူဟာနီကတော့ လက်မှတ်ထိုးထားတဲ့ အခြားနိုင်ငံတွေထံကနေ အပြုသဘောဆောင်တဲ့ လက္ခဏာမျိုး မြင်ချင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘယ်လို အခြေအနေမျိုးကို မြင်ချင်တယ်၊ စာချုပ်ပါ ဘယ်အချက်တွေကို မလိုက်နာဘူး ဆိုတာတွေကိုတော့ ရူဟာနီက တိတိကျကျ မပြောခဲ့ပါဘူး။

    ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေက စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ဆက်လက်လိုက်နာမယ်လို့ ပြောကြားထားပေမယ့် အမေရိကန်ရဲ့ ဖိအားကြောင့် ဥရောပမှာ အခြေစိုက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အီရန်နဲ့ အဆက်အသွယ် ဖြတ်တောက်မှုတွေ ရှိနေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ကွေ့ဒေသမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ကြာသာပတေးနေ့က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံရပြီး၊ မေလအစောပိုင်းကလည်း ယူအေအီးနိုင်ငံ ဖူဂျိုင်ရာ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် အီရန်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအသစ်ကို ကမ္ဘ္ဘာကြီးက ရင်မဆိုင်နိုင်တော့ဟု ကုလအတွင်းရေးမှူး သတိပေး

    အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအသစ်ကို ကမ္ဘ္ဘာကြီးက ရင်မဆိုင်နိုင်တော့ဟု ကုလအတွင်းရေးမှူး သတိပေး

    ဇွန် ၁၄၊ ၂၀၁၉
    M-Media

    ဇွန်လ ၁၃ ရက်နေ့က အိုမန်ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံခဲ့ရသည့် ရေနံတင်သင်္ဘော တစ်စင်း

    -ပင်လယ်ကွေ့ဒေသမှာ နောက်ထပ် စစ်ပွဲဖြစ်ပွားမှုကို ရင်ဆိုင်ဖို့ ကမ္ဘ္ဘာကြီးက မတတ်နိုင်တော့ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပြီး အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စင်း မနေ့က တိုက်ခိုက်ခံရမှုကြောင့် တင်းမာမှုတွေ မြင့်တက်လာတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    စင်ကာပူနဲ့ ထိုင်ဝမ်တို့ကို သွားရောက်မယ့် အဲဒီ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားအနီး အိုမန်ပင်လယ်ကွေ့မှာ မနေ့က တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး တစ်စီးက မီးလောင်ခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားဟာ ကမ္ဘ္ဘာ့ ရေနံတင်ပို့မှုမှာ အဓိကကျတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်နိုင်ငံရှိနေတယ်လို့ စွပ်စွဲပြောကြားခဲ့ပြီး အီရန်ကတော့ သံသယဖြစ်ဖွယ် တိုက်ခိုက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကုလအတွင်းရေးမှူး ဂူတာရက်စ်က တိုက်ခိုက်မှုကိုရှုတ်ချကြောင်း မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး၊ သက်သေအထောက်အထားတွေကို အခြေခံကာ လုပ်ဆောင်သူတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    အီရန်ကို အပြစ်တင်

    မနေ့က ဝါရှင်တန် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ထောက်လှမ်းရေးသတင်းအချက်အလက်တွေ၊ အသုံးပြုတဲ့ လက်နက်အမျိုးအစား၊ လုပ်ဆောင်နိုင်တဲ့အဆင့်တွေ၊ ရေနံတင်သင်္ဘောတွေကို မကြာခင်က အီရန်ရဲ့ တိုက်ခိုက်မှု စတာတွေကို ဆက်စပ်လိုက်ရင် ဒီကိစ္စကို အီရန်က လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆထားကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီစွပ်စွဲမှုအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေကိုတော့ ပွမ်ပီယိုက မပေးခဲ့ပါဘူး။

    အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဖာရစ်ဖ်က အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှု ဖြေလျော့ရေး ကြားဝင် စေ့စပ်ပေးဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တိုင်းပြည်ကို ရောက်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတဲ့ ဒီတိုက်ခိုက်မှုဟာ သံသယဖြစ်စရာကောင်းနေတယ်လို့ မနေ့က မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မေလ ၁၂ ရက်နေ့ကလည်း ယူအေအီးနိုင်ငံ ဖူဂျိုင်ရာဒေသ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံခဲ့ရပြီး ဒီကိစ္စအတွက် အမေရိကန်က အီရန်အပေါ် စွပ်စွဲပြောဆိုခဲ့ပါတယ်။ အီရန်ကတော့ ဒီပြောဆိုမှုတွေဟာ အဓိပ္ပါယ်မရှိတဲ့ စကားတွေလို့ တုန့်ပြန်ခဲ့ပြီး ဒေသတွင်း စိုးရိမ်စရာကောင်းတဲ့ လုံခြုံရေးအခြေအနေတွေအတွက် ဆွေးနွေးကြဖို့ ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်အစိုးရက ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်အအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့သလို မေလအတွင်းမှာ ပင်လယ်ကွေ့ဒေသမှာ စစ်တပ်အင်အားကို ထပ်မံ တိုးချဲ့ခဲ့ပါတယ်။

    Ref: Aljazeera

  • ယူရေနီယံ သန့်စင်မှုကို အီရန်က တိုးလုပ်နေဟု IAEA ပြော

    ယူရေနီယံ သန့်စင်မှုကို အီရန်က တိုးလုပ်နေဟု IAEA ပြော

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    -အီရန်ဟာ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေအတွက်လည်း သတိပေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့သလို မေလမှာတော့ ပယ်လယ်ကွေ့ဒေသအတွင်း စစ်အင်အားကိုပါ အမေရိကန်က တိုးချဲ့ခဲ့ပါတယ်။

    အီရန်ကလည်း အမေရိကန်ဟာ စာချုပ်ပါ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပြီး စာချုပ်မှာပါဝင်တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    စာချုပ်ပါ သတ်မှတ်ချက်တွေကို အီရန်က လိုက်နာခြင်း ရှိ၊ မရှိ စောင့်ကြည့်နေတဲ့ IAEA အကြီးအကဲ ယူကီယာ အေမာနိုက အီရန်ဟာ လက်ရှိမှာ အရင်ကထက်ပိုပြီး ယူရေနီယံသန့်စင်မှုကို လုပ်ဆောင်နေကြောင်း၊ ဒါပေမယ့် စာချုပ်မှာ ကန့်သတ်ထားတဲ့ ၃၀၀ ကီလိုဂရမ်ထက် ကျော်ပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မလေ ၂၀ ရက်နေ့အထိ အေမာနိုရဲ့ ထုတ်ပြန်ချက်တွေထဲမှာ အီရန်ဟာ စာချုပ်ကို လိုက်နာနေတုန်းပဲလို့ ဖော်ပြထားပါတယ်။

    အမေရိကန်နဲ့ အီရန်အကြား လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေအတွက် စိုးရိမ်တယ်လို့လည်း အေမာနိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်ရဲ့ ပြီးခဲ့တဲ့လ ထုတ်ပြန်မှုမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကြောင့် ယူရေနီယံသန့်စင်မှု အါအ၀င်စာချုပ်ပါ အချက်တစ်ချို့ကို မလိုက်နာတော့ပေမယ့် အခြားအချက် တော်တော်များများကို ဆက်လက်လိုက်နာသွားမယ်လို့ ဖော်ပြထားပါတယ်။

    Ref : Aljazeera

  • ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အီရန်က ထုတ်ပြ

    ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အီရန်က ထုတ်ပြ

    ဇွန် ၁၀၊ ၂၀၁၉
    M-Media

    -ပစ်မှတ် ၆ ခုကို တစ်ပြိုင်နက် ပစ်ခတ်ဖျက်ဆီးနိုင်တဲ့ ပြည်တွင်းဖြစ် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

    Khordad 15 လို့ အမည်ပေးထားတဲ့ အဲဒီဒုံးခွင်းစနစ်ဟာ ကီလိုမီတာ ၁၅၀ အတွင်း ရှိနေတဲ့ တိုက်လေယာဉ်တွေ၊ တိုက်ပွဲဝင် ဒရုန်းတွေကို သိရှိနိုင်ပြီး ကီလိုမီတာ ၁၂၀ အတွင်းမှာ ပစ်ချနိုင်ပါတယ်။ ၈၅ ကီလိုမီတာအတွင်းမှာတော့ ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ထောက်လှမ်းနိုင်ကာ ၄၅ ကီလိုမီတာအတွင်း ပစ်ချနိုင်ပါတယ်။

    အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အမီရ် ဟာတာမီက Khordad 15 ဒုံးခွင်းစနစ်မှာ Sayyad 3 ဒုံးကျည်ကို အသုံးပြုပြီး တစ်ပြိုင်နက်တည်းမှာ ပစ်မှတ် ၆ ခုကို ပစ်ချနိုင်ကာ ဒုံးခွင်းစနစ် အဆင်သင့်အသုံးပြုနိုင်ဖို့အတွက် အချိန် ၅ မိနစ်သာ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Khordad 15 ကို အီရန်က ပြည်တွင်းမှာတင် ဒီဇိုင်းဆွဲပြီး ဖန်တီးတည်ဆောက်တာ ဖြစ်ပါတယ်။

    ဟာတာမီက အီရန်နိုင်ငံ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်တွေ၊ လေကြောင်းခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့အတွက် ဒီစနစ်ကို တည်ဆောက်ထားတာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အနောက်နိုင်ငံတွေက စီးပွားရေး၊ စစ်ရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမယ့် အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးကဏ္ဍနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ပိုမို ကြိုးစားလာခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

    Ref: Press TV