News @ M-Media

Tag: Iran

  • အီရန်များကို မိမိတို့တစ်နိုင်ငံတည်းကသာ သတ်နိုင်သည်ဟု အစ္စရေးဝန်ကြီး ဂုဏ်ယူပြောဆို

    အီရန်များကို မိမိတို့တစ်နိုင်ငံတည်းကသာ သတ်နိုင်သည်ဟု အစ္စရေးဝန်ကြီး ဂုဏ်ယူပြောဆို

    ဇူလိုင် ၂၂၊ ၂၀၁၉
    M-Media

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု

    -ကမ္ဘ္ဘာပေါ်မှာ အီရန်တွေကို သတ်နိုင်တဲ့ နိုင်ငံဟာ မိမိတို့တစ်နိုင်ငံတည်းသာ ရှိတယ်လို့ အစ္စရေး ၀န်ကြီးတစ်ဦးက ပြောကြားလိုက်ပြီး အီရန်နဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးဟာ ဆီးရီးယားက အီရန်တပ်စခန်းတွေ၊ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

    “အီရန်တွေကို ၂ နှစ်လုံးလုံး သတ်ဖြတ်နိုင်တဲ့ တိုင်းပြည်ဟာ ကမ္ဘ္ဘာပေါ်မှာ အစ္စရေးတစ်နိုင်ငံတည်းသာ ရှိပါတယ်။ ဆီးရီးယားမှာ အီရန်တွေကို အကြိမ်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီး တစ်ချို့တိုက်ခိုက်မှုတွေကို ကျွန်တော်တို့က အတည်ပြုကာ၊ တစ်ချို့တွေကိုတော့ နိုင်ငံခြားမီဒီယာတွေက ဖော်ပြကြပါတယ်” လို့ အစ္စရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Tzachi Hanegbi က အစ္စရေးရေဒီယို Kan Bet နဲ့ မနေ့က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

    အီရန်ဟာ ပဋိပက္ခတွေဖြစ်ပွားအောင် လုပ်ဆောင်နေသလို၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိုလည်း နှောက်ယှက်နေကြောင်း၊ မိမိတို့ရဲ့ အဓိကရန်သူဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန် နိုင်ငံပိုင်သတင်းဌာန Press TV က “အီရန်တွေကို သတ်ဖြတ်တာကို အစ္စရေးတွေက ဒီလို လူသိရှင်ကြား ဂုဏ်ယူပြောဆိုကြပါတယ်။ တကယ့်အခြေအနေမှန်ကို စဉ်းစားသာ ကြည့်ကြတော့” လို့ ရေးသားကာ Hanegbi ရဲ့စကားကို ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    အီရန်နဲ့ ပဋိပက္ခဖြစ်ရင် အမေရိကန်က အစ္စရေးကို မထောက်ပံ့မှာ မစိုးရိမ်ဘူးလားလို့ မေးမြန်းရာမှာ အီရန်က ဒီလိုအနေအထားမျိုးကို ရှောင်ကျဉ်မှာဖြစ်ကြောင်း၊ တိုက်နိုင်စွမ်းမရှိတာကြောင့်မဟုတ်ဘဲ အစ္စရေးဟာ စီးပွားရေးဆိုတာ သိနေလို့ဖြစ်ကြောင်း Hanegbi က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ပြီးခဲ့တဲ့တစ်ပတ် ဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ အီရန်ကို တိုက်နေတဲ့ စစ်တပ်ဟာ ကမ္ဘ္ဘာပေါ်မှာ အစ္စရေးစစ်တပ်တစ်ခုပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေး တိုက်လေယာဉ်တွေဟာ အီရန်အပါအ၀င် အရှေ့အလယ်ပိုင်းက ဘယ်နေရာကိုမဆို ရောက်နိုင်တယ်လို့လည်း ပြီးခဲ့တဲ့လမှာ ၀န်ကြီးချုပ်က ပြောကြားခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    အီရန်နှင့် အိုမန်နိုင်ငံအကြားရှိ ဟော်မုဇ်ရေလက်ကြား

    -ဟော်မုဇ်ရေလက်ကြားမှာ မဟာမိတ်တွေ ‘လွတ်လပ်ပြီး၊ အန္တရာယ်ကင်းတဲ့လမ်းကြောင်း’ ရရှိစေဖို့အတွက် စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေး အစီအမံတစ်ခု လုပ်ဆောင်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပြီး အီရန်က ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။

    Stena Impero ရေနံတင်သင်္ဘောကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က သောကြာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သင်္ဘောဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို လိုက်နာမှု မရှိဘူးလို့ ဆိပ်ကမ်းက တိုင်ကြားတဲ့အတွက် ဖမ်းဆီးရတာဖြစ်ပြီး စစ်ဆေးပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။

    သင်္ဘောကို ရဟတ်ယာဉ်တွေ၊ ရှပ်ပြေးဘုတ်တွေနဲ့ ဝိုင်းပိတ် သိမ်းဆည်းခဲ့ပုံ ဗီဒီယိုကိုလည်း IRGC က ထုတ်ပြန်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသား ၂၃ ဦး လိုက်ပါသွားပြီး ဗြိတိန်နိုင်ငံသား ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ ဂျွန်ရုဒ်က ဟော်မုဇ် ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့မှာ လွတ်လပ်ပြီး အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတစ်ခုပေါ်လာရေး ကင်းလှည့်မယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ Aspen Security ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ နေတိုးအဖွဲ့၊ ပင်လယ်ကွေ့က အခြားနိုင်ငံတွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

    “ဒီအစီအစဉ်ဟာ ပါရှန် ပင်လယ်ကွေ့က အခြေအနေကို ထောက်လှမ်းစောင့်ကြည့်နိုင်ရေး ထပ်တိုး လုပ်ဆောင်သွားမယ့် အစီအစဉ်ပါ။ တည်ငြိမ်ဖို့နဲ့ ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိဖို့အတွက် ရေတပ်နဲ့ လေတပ်အင်အားတွေ ချထားတာလည်း ပါဝင်မှာ ဖြစ်ပါတယ်”

    အမေရိကန်ဟာ အီရန်နဲ့ ပဋိပက္ခမဖြစ်ချင်ပေမယ့် မိမိတို့တပ်ဖွဲ့တွေ၊ ပြည်သူတွေကို ကာကွယ်ရေး အသေအချာလုပ်ဆောင်သွားမယ်ဆိုတာ အီရန်က သိထားရမှာဖြစ်ကြောင်း၊ အီရန်ဟာ ခြေလှမ်းအမှားတွေ လှမ်းလာနိုင်တဲ့အခြေအနေမျိုး မြင့်မားနေပြီး၊ ဗြိတိန်သင်္ဘောကို ဖမ်းဆီးလိုက်တာက ဟော်မုဇ်ရေလက်ကြားမှာ မရည်ရွယ်တဲ့ ပဋိပက္ခ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ရုဒ်က သတိပေးခဲ့ပါတယ်။

    ရှုတ်ချ

    ရေနံတင်သင်္ဘော ဖမ်းဆီးတဲ့လုပ်ရပ်ကို ယူကေနဲ့ ဥရောပနိုင်ငံတွေက ရှုတ်ချလိုက်ပြီး၊ ရေလက်ကြားမှာ တင်းမာမှုတွေ လျော့ကျဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က ဒီကိစ္စကို ထိထိရောက်ရောက် တုန့်ပြန်သွားဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှုတွေ လျော့ချမယ်လို့ အီရန်က ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက်လုပ်နေတာကြောင့် စိတ်ပျက်မိတယ်လို့လည်း ဟန့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပြေလည်မယ့် နည်းလမ်းတစ်ခု ရှာချင်တယ်ဆိုရင် အပြောထက်၊ အလုပ်က အဓိက ကျပါတယ်။ ဗြိတိန် သင်္ဘောလိုင်းတွေကို ကာကွယ်ရမှဖြစ်ပြီး၊ ကာလည်းကာကွယ်သွားမှာပါ”

    ဟော်မုဇ်ရေလက်ကြားဟာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘ္ဘာ့
    ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံဟာ ဒီလမ်းကြောင်းက သွားနေတာ ဖြစ်ပါတယ်။

    ဟန့်ကတော့ ရေနံတင်သင်္ဘောကို အီရန်က သိမ်းဆည်းလိုက်တာဟာ အန္တရာယ်ရှိတဲ့၊ မတည်ငြိမ်မယ့် လမ်းကြောင်းကို ရွေးနေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန်က ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ တရားနည်းလမ်းကျပြီး ဥရောပရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ဆီးရီးယားကို ရေနံတင်ပို့တဲ့အတွက် ဖြစ်တယ်လို့လည်း သူက ကာကွယ်ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ ဗြိတိန်ရဲ့ ဒီလုပ်ရပ်ဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    မနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ရဲ့ Twitter မှတ်ချက်မှာ၊ အီရန်က ဗြိတိန်ရေနံတင်သင်္ဘောကို သိမ်းပိုက်တာဟာ ဗြိတိန်လို ပင်လယ်ဓားပြလုပ်ရပ်ကို လုပ်ဆောင်တာမဟုတ်ဘဲ ရေကြောင်းသွားလာရေး စည်းကမ်းတွေကို လိုက်နာအောင် ဆောင်ရွက်တာဖြစ်ကြောင်း၊
    ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို အီရန်က အပြည့်အ၀ အာမခံကြောင်း ဖော်ပြထားပါတယ်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရေနံတင်သင်္ဘောနဲ့အတူ ဗြိတိန် စစ်သင်္ဘောတစ်စင်း လိုက်ပါလာပြီး မိမိတို့ရဲ့ ဖမ်းဆီးမှုကို နှောက်ယှက်ခဲ့ကြောင်း၊ တရားနည်းလမ်းကျတဲ့ လုပ်ငန်းတွေပြီးရင် သင်္ဘောကို လွှတ်ပေးမှာဖြစ်ကြောင်း အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဒရုန်းပစ်ချခံရသည့်သတင်း မဟုတ်ကြောင်း သက်သေပြမည်ဟု အီရန်ပြော

    ဒရုန်းပစ်ချခံရသည့်သတင်း မဟုတ်ကြောင်း သက်သေပြမည်ဟု အီရန်ပြော

    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media


    အမေရိကန်၏ USS Boxer သင်္ဘော

    -ဟော်မုဇ်ရေလက်ကြားမှာ အီရန် မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်မှုဟာ မမှန်ကန်ဘဲ အဲဒီဒရုန်းက ရိုက်လာတဲ့ ပုံရိပ်ကို ထုတ်ပြသွားမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ကြေငြာလိုက်ပါတယ်။

    တိုက်သင်္ဘော USS Boxer နားကို ကပ်လာတဲ့ အီရန်ဒရုန်းလေယာဉ်ဟာ အကြိမ်ကြိမ် သတိပေးမှုကို နားမထောင်တာကြောင့် ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်ရဲ့ ရန်စတဲ့လုပ်ရပ်တွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အေရက်ချီက ဟော်မုဇ်ရေလက်ကြားမှာရော၊ တစ်ခြား ဘယ်ဒေသမှာမှ မိမိတို့ ဒရုန်းလေယာဉ် ဆုံးရှုံးမှုမကြောင်း၊ USS Boxer ဟာ အမေရိကန်ဒရုန်းကိုပဲ မှားယွင်းပစ်ချတာ ဖြစ်နိုင်ကြောင်း ဒီကနေ့မနက် Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ကုလအစည်းအဝေးတက်ဖို့ နယူးယောက်ကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကလည်း မိမိတို့စစ်တပ်က ဒရုန်းဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းမျိုး မကြားရဘူးလို့ ပြောကြားခဲ့ပါတယ်။

    USS Boxer တိုက်သင်္ဘောဟာ အာရေဗျပင်လယ်မှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်ရေတပ်အုပ်စုက တစ်စီးဖြစ်ပြီး၊ လေယာဉ်တင်သင်္ဘော USS Abraham Lincoln လည်း အဲဒီဒေသမှာ လှုပ်ရှားနေပါတယ်။

    ဗီဒီယို ထုတ်ပြန်မည်

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကလည်း အမေရိကန်ရဲ့ ထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပြီး ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ဒရုန်းလေယာဉ်တွေအားလုံး တပ်စခန်းကို အန္တရယ်ကင်းကင်း ပြန်ရောက်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် အမေရိကန်က ပစ်ချလိုက်တယ်လို့ပြောတဲ့ ဒရုန်းလေယာဉ်က ရိုက်ကူးရယူခဲ့တဲ့ USS Boxer တိုက်သင်္ဘော ပုံရိပ်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

    “USS Boxer ကို ဒရုန်းက ရိုက်ယူလာတဲ့ ပုံရိပ်ကို မကြာခင် ထုတ်ပြသွားမှာပါ။ ဟော်မုဇ်ရေလက်ကြားမှာ အဲဒီသင်္ဘောက အီရန်ဒရုန်းကို ပစ်ချလိုက်တယ်ဆိုတဲ့ ထရမ့်ရဲ့ပြောကြားမှုဟာ အခြေအမြစ်မရှိတဲ့ လိမ်လည်မှုဆိုတာ ကမ္ဘ္ဘာ့ပြည်သူလူထု သိရှိစေဖို့အတွက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အမေရိကန်စစ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို မ၀င်ခင်ကတည်းက IRGC ရဲ့ ဒရုန်း ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတွေကို ဒီဗီဒီယိုမှာ တွေ့ရမှာပါ” လို့ IRGC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်က ပစ်ချလိုက်တယ်လို့ မထုတ်ပြန်ခင်နဲ့ ထုတ်ပြန်ပြီးအချိန်တွေမှာ ရိုက်ကူးထားတဲ့ ပုံရိပ်တွေလည်း ပါဝင်မယ်လို့ IRGC က ဆိုပါတယ်။

    နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ပြီး ကျူးကျော်ရန်စတဲ့ ဘယ်လို နိုင်ငံခြားတပ်ဖွဲ့မျိုးကိုမဆို သင့်တော်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ဖို့ သန္ဓိဌာန်ချထားကြောင်းလည်း IRGC ရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    အီရန်ဟာ ဇွန်လအတွင်းက အမေရိကန် ထောက်လှမ်းရေး ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး မိမိတို့လေပိုင်နက်ထဲ ၀င်လာတဲ့အတွက်
    ပစ်ချခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတထရမ့်က ဒီအတွက် အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပေမယ့် နောက်ဆုံးမိနစ်ရောက်မှ
    ဒီအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

    Ref: Ajazeera, Press TV

  • “လက်နက်ရောင်းပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က ဖြိုခွဲနေတယ်” –  အီရန်နိုင်ငံခြားရေးဝန်ကြီး

    “လက်နက်ရောင်းပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က ဖြိုခွဲနေတယ်” – အီရန်နိုင်ငံခြားရေးဝန်ကြီး

    ဇူလိုင် ၁၇၊ ၂၀၁၉
    M-Media

    -နျူအရေး ထပ်မံဆွေးနွေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ်းလှမ်းမှုကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ရှုတ်ချခဲ့ပြီး အမေရိကန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေကို လက်နက်ရောင်းကာ အရှေ့အလယ်ပိုင်းကို ပြိုကွဲအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    အခုတစ်ပတ် ကုလသမဂ္ဂ အစည်းအဝေးကို တက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေစဉ် အမေရိကန်ရုပ်သံ NBC နဲ့ အင်တာဗျူးမှာ ဇာရစ်ဖ်ကအမေရိကန်နဲ့ အီရန်တို့အကြား ကိစ္စရပ်တွေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံအကြား ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ်မေလမှာ ကြေငြာခဲ့ပြီး၊ နောက်ပိုင်းမှာတော့ နျူအရေး ပြန်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် ဆွေးနွေးမှုမှာ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကိုပါ ထည့်သွင်းဖို့ လိုလားနေတာပါ။

    ဇာရစ်ဖ်ကတော့ ၂၀၁၅ စာချုပ်က နှုတ်ထွက်ပြီးနောက်ပိုင်း အီရန်အပေါ် ပြန်လည်လုပ်ဆောင်ခဲ့တဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားမှသာလျှင် အမေရိကန်နဲ့ ညှိနှိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးတို့ကိုလည်း ဇာရစ်ဖ်က ဝေဖန်ခဲ့ပါတယ်။

    “ကျွန်တော်တို့ ဒုံးကျည်စီမံကိန်းအကြောင်း ပြောချင်ရင်၊ အမေရိကန်က ကျွန်တော်တို့ဒေသမှာ ရောင်းချတဲ့ လက်နက်တွေရဲ့ ပမာဏကိုလည်း ထည့်ပြောဖို့ လိုလိမ့်မယ်။ လူဦးရေ သန်း ၈၀ ရှိတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က စစ်တပ်အတွက် ကန်ဒေါ်လာ ၁၆ ဘီလီယံ သုံးခဲ့တယ်။ လူတစ်သန်းလောက်သာရှိတဲ့ ယူအေအီးက ၂၂ ဘီလီယံသုံးတယ်။ ကျွန်တော့်ရဲ့ တစ်ဝက်လောက်ပဲ
    လူရှိတဲ့ ဆော်ဒီက ၆၇ ဘီလီယံသုံးတယ်။ အများစုက အမေရိကန်ထံကနေ လက်နက်တွေဝယ်တာ”

    အမေရိကန်ရဲ့ လက်နက်တွေကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ ပေါက်ကွဲလုနီးနီး ဖြစ်နေပြီလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အဲဒီတော့ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်တွေအကြောင်း ပြောချင်ရင် ပထမဆုံး ဒုံးကျည်တွေအပါအ၀င် ကျွန်တော်တို့ဒေသမှာ လက်နက်ရောင်းတာတွေအားလုံးကို ပထမဆုံး ရပ်ဖို့ လိုပါလိမ့်မယ်”

    အင်္ဂါနေ့ အိမ်ဖြူတော်က အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက အီရန်ဟာ ဒုံးကျည်ကိစ္စအတွက် ဆွေးနွေးမှုလုပ်ဖို့ အဆင်သင့်ရှိနေပြီလို့ ပြောကြားခဲ့သလို၊ သမ္မတ ထရမ့်ကလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန်ရဲ့ ဒီပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    တံခါးဖွင့်ထားတယ်

    NBC သတင်းထောက်က အရှေ့အလယ်ပိုင်းဒေသအတွင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ကို အီရန်က ထောက်ပံ့နေမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဇာရစ်ဖ်က အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဆော်ဒီရဲ့ လုပ်ရပ်တွေကို ထောက်ပြခဲ့ပါတယ်။

    “ကျွန်တော် မေးကြည့်အုံးမယ်။ ယီမင်ကို ဘယ်သူဗုံးကြဲနေတာလဲ။ ဘာရိန်းကို ဘယ်သူ ကျူးကျော်တာလဲ။ တစ်ခြားတိုင်းပြည်ရဲ့ ၀န်ကြီးချုပ်တစ်ယောက်ကို အကျဉ်းချထားတာရော ဘယ်သူလဲ။ မြောက်အာဖရိကပြဿနာမှာ အီရန်ပါလား။ လစ်ဗျားက ပြဿနာရော ဘယ်သူလုပ်တာလဲ။ အီရန်က လစ်ဗျားကိစ္စမှာ ပါလို့လည်း။ ဆူဒန်မှာရော … အလ်ဂျီးရီးယားမှာရော … မတည်ငြိမ်မှုတွေ ဘာ့ကြောင့်ဖြစ်နေတာလဲ။ ကျွန်တော်တို့ဒေသမှာ မလိုမုန်းထားလုပ်ရပ်တွေကို ဘယ်သူလုပ်နေတာလဲဆိုတာ မှန်မှန်ကန်ကန်ကြည့်ဖို့ လိုပါတယ်။ အမေရိကန်အနေနဲ့ အီရန်ကို ပြစ်တင်နေမယ့်အစား ကိုယ့်ရဲ့မဟာမိတ်တွေကို ဆန်းစစ်ဖို့ လိုပါတယ်”

    အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ဇာရစ်ဖ်က ထည့်သွင်းပြောဆိုခဲ့ပြီး၊ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားကာ ဆွေးနွေးပွဲလုပ်ဖို့ ထရမ့်ကို တိုက်တွန်းခဲ့ပါတယ်။

    “ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ရင် ညှိနှိုင်းဖို့အတွက် တံခါးလည်း ကျယ်ကျယ်ပွင့်သွားမှာပါ။ စားပွဲဝိုင်းကနေထွက်သွားတာက အမေရိကန်ပါ။ ပြန်လာဖို့ အမြဲတမ်း ကြိုဆိုနေပါတယ်”

    ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်

    အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်း တစ်စင်းကို အီရန် ဇွန်လအတွင်းမှာ ပစ်ချခဲ့ပြီးတဲ့နောက် သမ္မတထရမ့်က လက်တုန့်ပြန်တဲ့ အနေနဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ဖို့ နာရီပိုင်းအလိုမှာ အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

    ဒီလို ရုပ်သိမ်းမှုဟာ သံတမန်နည်းလမ်းနဲ့ သွားမယ်ဆိုတဲ့ သတင်းစကားတစ်ခု ဖြစ်မလားလို့ NBC သတင်းဌာနက မေးမြန်းရာမှာ ဇာရစ်ဖ်က သူ့အနေနဲ့ ဒီလိုမယူဆဘဲ မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ တိုင်းပြည်တစ်ခုအပေါ် ရန်စကျူးကျော်မှု မလုပ်ဖို့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အီရန်ဟာ ကိုယ်ပိုင်ရင်းမြစ်တွေ၊ လုပ်နိုင်စွမ်းတွေနဲ့ ကိုယ်ပိုင်ပါရမီတွေကို အားကိုးပြီး တစ်ဖက်လှည့် ဖိအားတွေ၊ ကျူးကျော်မှုတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာသွားမှာပါ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးတဲ့နောက် အမေရိကန်ဟာ အီရန်အပေါ် အရင်ကထက် ပိုမိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် အီရန်စီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့သလို၊ အရေးပါတဲ့ ဆေးဝါး ပြတ်လတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

    ဇာရစ်ဖ်ကတော့ ဒီဆောင်ရွက်မှုဟာ အီရန်ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဖိအားတွေ ပေးလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာပါ။ သာမန် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဒါဟာ စစ်တိုက်တာထက် ဆိုးပါတယ်”

    လေသံပျော့

    ထရမ့်က အမေရိကန်အနေနဲ့ အီရန်အစိုးရ ပြုတ်ကျအောင် ဆောင်ရွက်နေတာ မဟုတ်ဘဲ နျူလက်နက်မရအောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်နဲ့ အမေရိကန်တို့ရဲ့ လတ်တလောတင်းမာမှုမှာ ထရမ့်ရဲ့လေသံ ပျော့သွားတာလည်း ဖြစ်ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ ၂၀၁၅ သဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်တွေကို လိုက်နာမှု မရှိတာကြောင့်၊ မိမိတို့လည်း စာချုပ်ပါ ကန့်သတ်ချက်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဥရောပနိုင်ငံတွေဟာ သဘောတူညီချက် ၁၁ ချက်မှာ တစ်ခုမှ လိုက်နာခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လိုမဟုတ်ဘဲ ကတိက၀တ်တွေကို လိုက်နာပါတယ်။ အခုတော့ အဲဒီ ကတိက၀တ်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ပြောတော့ သူတို့က လက်မခံဘူး။ လေးစားမှုမရှိတဲ့သူတွေ။ သူတို့ကြတော့ ကတိမတည်ကြဘူး”

    နျူလက်နက် ထုတ်လုပ်နေတယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်တွေကို အီရန်က တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ သတ်မှတ်ချက်တွေ လိုက်နာမှုကို တစ်ဖြည်းဖြည်း လျော့ချသွားပေမယ့် အမေရိကန် စာချုပ်ထဲ ပြန်ပါလာရင် မိမိတို့လည်း စာချုပ်အတိုင်း ဆက်သွားမယ်လို့လည်း အီရန်က ပြောကြားထားပါတယ်။

    Ref: Aljazeera

  • မိမိတို့ရေနံတင်သင်္ဘောကို အီရန်က တားဆီးရန်ကြိုးစားဟု ယူကေ ထုတ်ပြန်

    မိမိတို့ရေနံတင်သင်္ဘောကို အီရန်က တားဆီးရန်ကြိုးစားဟု ယူကေ ထုတ်ပြန်

    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media

    ဂျီဘရော်တာ ရေလက်ကြားတွင် ဖမ်းဆီးခံထားရသည့် အီရန် ရေနံတင်သင်္ဘော

    -ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ မိမိတို့ရဲ့ ရေနံတင်သင်္ဘောကို အီရန် စစ်ရေယာဉ်တွေက တားဆီးဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ ယူကေအစိုးရက ဒီကနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

    အဲဒီအဖြစ်အပျက်ဟာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ သင်္ဘော ၃ စီးဟာ British Heritage သင်္ဘောနားကို ချဉ်းကပ်လာခဲ့ပေမယ့် သင်္ဘောကို စောင့်ရှောက်ဖို့ လိုက်ပါလာတဲ့ ယူကေရေတပ်သင်္ဘောက နှုတ်နဲ့ သတိပေးခဲ့ပြီးတဲ့နောက် ပြန်လှည့်သွားကြတယ်လို့ ဆိုပါတယ်။

    ဒီလုပ်ရပ်အတွက် မိမိတို့ စိုးရိမ်မိပြီး ဒေသတွင်းကအခြေအနေတွေကို တင်းမာအောင် မလုပ်ဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ယူကေက ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ယူကေရဲ့ ပြောကြားမှုတွေကို ငြင်းဆိုခဲ့ပြီး၊ တင်းမာမှုတွေ ဖန်တီးချင်တဲ့အတွက် အခြေအမြစ်မရှိတဲ့ ဒီလိုစကားတွေကို ပြောကြားတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း ဒီကိစ္စမှာ သူတို့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

    အမေရိကန်အစိုးရ တာဝန်ရှိသူ ၂ ဦးက တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလို့ ယုံကြည်ရတဲ့ သင်္ဘော ၅ စီး ဒီကိစ္စမှာ ပါဝင်တယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်စစ်တပ်ကလည်း ဒီကိစ္စအတွက် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့တစ်ပတ်က စပိန်နိုင်ငံအနီး ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောတစ်စင်းကို ယူကေက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီအဖြစ်အပျက် ပေါ်ထွက်လာတာပါ။ ဗြိတိသျှအစိုးရက အဲဒီ သင်္ဘောဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားက အာဆတ်အစိုးရထံ ရေနံတွေ တင်ပို့တာကြောင့် ဖမ်းဆီးရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ သူတို့သင်္ဘောဟာ ဆီးရီးယားကို သွားမယ့်သင်္ဘောမဟုတ်ဘဲ ဖမ်းဆီးမှုဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera