News @ M-Media
Tag: Iran
  • တင်းမာမှုဖြစ်အောင် အမေရိကန်၏ဆောင်ရွက်မှု လက်မခံနိုင်စရာဟု အီရန်ပြော
    တင်းမာမှုဖြစ်အောင် အမေရိကန်၏ဆောင်ရွက်မှု လက်မခံနိုင်စရာဟု အီရန်ပြော
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်
    မေ ၁၇၊ ၂၀၁၉
    M-Media
    -အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုမြင့်တက်အောင် အမေရိကန်ရဲ့ ဆောင်ရွက်မှုဟာ လက်မခံနိုင်စရာဖြစ်ပြီး အမေရိကန်နဲ့ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။
    ၂၀၁၈ ခုနှစ် မေလက ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက် အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အရှေ့အလယ်ပိုင်းဒေသကို စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ကာ အီရန်အပေါ် ဖိအားပေးမှုတွေကို ပိုမို ပြုလုပ်လာခဲ့တာပါ။
    မနေ့က တိုကျိုမှာ ဂျပန်အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ် ဂျာဗဒ်ဇာရစ်ဖ်က မိမိတို့အနေနဲ့ အမေရိကန်ရဲ့ ဒီဆောင်ရွက်ျက်တွေအတွက် ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်တဲ့မူကို ကျင့်သုံးတယ်လို့ ပြောကြားခဲ့ပါတယ်။
    “အမေရိကန်က တင်းမာမှုတွေ မြင့်တက်အောင် လုပ်ဆောင်နေတာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး ဒီအတွက်လည်း ကန့်ကွက် ရှုတ်ချပါတယ်”
    အီရန်နဲ့ နယ်နမိတ်ချင်းထိပ်နေတဲ့ အီရတ်နိုင်ငံက မရှိမဖြစ် ၀န်ထမ်းတွေမှအပ အခြား အမေရိကန်ဝန်ထမ်းအားလုံးကို ပြန်လည်ခေါ်ယူသွားမယ်လို့ အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး၊ ခြိမ်းခြောက်မှုတွေ ရှိနေတာကြာင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    ဒီသတင်းကြောင့် အရင်က ရန်ဘက်ဖြစ်ခဲ့တဲ့ အီရတ်နဲ့ အီရန်တို့အကြား တစ်ကျော့ပြန် စစ်မီး တောက်လောင်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ နှစ်နိုင်ငံစလုံးကတော့ စစ်မဖြစ်လိုဘူးလို့ ပြောကြားထားပါတယ်။
    Ref : Aljazeera
  • ယူအေအီးကမ်းလွန်တွင် ဆော်ဒီအာရေဗျ၏ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံရ
    ယူအေအီးကမ်းလွန်တွင် ဆော်ဒီအာရေဗျ၏ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံရ
    မေ ၁၃၊ ၂၀၁၉
    M-Media
    -ယူအေအီးကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော ၄ စီးထဲမှာ ၂ စီးက မိမိတို့ သင်္ဘောတွေဖြစ်ပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှု ရှိခဲ့တယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။
    ဖူဂျိုင်ရာဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန်မှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့သတင်းကို အီရန်နဲ့ လက်ဘနွန် သတင်းဌာနတွေက ဖော်ပြခဲ့ကြပေမယ့် ယူအေအီးအာဏာပိုင်တွေကတော့ တိုက်ခိုက်မှု အသေးစိတ်နဲ့ ဘယ်သူတွေကလုပ်လဲဆိုတာတွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။
    ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်က တိုက်ခိုက်ခံရတဲ့အထဲမှာ ဆော်ဒီသင်္ဘောနှစ်စီး ပါဝင်ပြီး တစ်စီးက အမေရိကန်ကိုပို့မယ့် ရေနံတွေကို သွားသယ်တဲ့အချိန် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အရှေ့အလယ်ပိုင်းဒေသတွင်းက ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားလာတဲ့ ရေလမ်းကြောင်းတွေကို အီရန် ဒါမှမဟုတ် အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ အုပ်စုတွေက နှောက်ယှက်လိမ့်မယ်လို့ အမေရိကန်က သတိပေးပြီးတဲ့နောက် အခုလိုတိုက်ခိုက်မှုသတင်း ပေါ်ထွက်လာခဲ့တာပါ။
    ဆော်ဒီရဲ့ ကြေငြာချက် ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ဒီကိစ္စကို အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့အတွက် အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆော်သြတိုက်တွန်းခဲ့ပါတယ်။
    ထရမ့်အစိုးရဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလ မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေဟာ ပိုမို မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ အမေရိကန်ဟာ ပင်လယ်ကွေ့ဒေသမှာ ဗုံးကြဲလေယာဉ်တွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေ ထပ်မံ ချထားခဲ့ပြီး အီရန်ရဲ့ တိုက်ခိုက်ဖွယ်ရှိမှုကို တုန့်ပြန်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အခြေအနေဆိုးကို ကျော်လွှားရေး ညီညွတ်ကြရန် တိုင်းပြည်ကို အီရန်သမ္မတ တိုက်တွန်း
    အခြေအနေဆိုးကို ကျော်လွှားရေး ညီညွတ်ကြရန် တိုင်းပြည်ကို အီရန်သမ္မတ တိုက်တွန်း
    မေ ၁၂၊ ၂၀၁၉
    M-Media
    တိုင်းပြည် လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေဟာ ၁၉၈၀ ပြည့်နှစ်တွေက အီရတ်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲထက် ပိုမိုဆိုးရွားလာနိုင်တယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်ပြီး၊ နိုင်ငံအတွင်းက နိုင်ငံရေးအင်အားစုတွေအားလုံး ညီညွတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    အီရန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အမေရိကန်ရဲ့ စီးပွားရေးနဲ့ စစ်ရေးဖိအားပေးမှုတွေကို ပိုမိုကြုံတွေ့လာနေရတာပါ။ အီရန်ရဲ့ ရေနံတင်ပို့မှုအားလုံးကို အခုလအတွင်း အမေရိကန်က ပိတ်ဆို့လိုက်သလို၊ ပင်လယ်ကွေ့ဒေသမှာလည်း စစ်အင်အားဖြည့်တင်းမှုတွေကို သိသိသာသာ လုပ်ဆောင်လာပါတယ်။
    နယ်ပယ်ပေါင်းစုံက တက်ကြွလှုပ်ရှားသူတွေနဲ့ မနေ့က တွေ့ဆုံမှုအတွင်း ရူဟာနီက အခြေအနေဟာ အီရတ်နဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲထက် ပိုမိုဆိုးရွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
    “လက်ရှိအနေအခြေအနေဟာ (၁၉၈၀-၈၈) စစ်ပွဲကာလထက်ပိုပြီး မဆိုးဘူးလို့ ပြောလို့ မရပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ ဘဏ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ သွင်းကုန်ထုတ်ကုပ်လုပ်ငန်းတွေမှာ ဘာပြဿနာမှ မရှိပါဘူး။ လက်နက်ဝယ်ယူမှုအပေါ် ပိတ်ဆို့တာလောက်ပဲ ရှိခဲ့ပါတယ်”
    လက်ရှိ ရန်သူတွေရဲ့ လုပ်ဆောင်မှုတွေဟာ တိုင်းပြည်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပေမယ့် အနာဂတ်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေတယ်လို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ ပြီးခဲ့တဲ့နှစ် မေလမှာ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း ထရမ့်အစိုးရဟာ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ လေယာဉ်တင်သဘောင်္ာ USS Abraham Lincoln ကို ပင်လယ်ကွေ့ဒေသ စေလွှတ်ခဲ့သလို၊ ဗုံးကြဲလေယာဉ်အုပ်စု၊ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေကိုလည်း
    အရှေ့အလယ်ပိုင်းကို ပို့ဆောင်ထားပါတယ်။
    ထရမ့်က အီရန်ခေါင်းဆောင်တွေ သူနဲ့တွေ့ဆုံဖို့ ကြာသာပတေးနေ့က တိုက်တွန်းခဲ့ပြီး စစ်ရေးအရ တိုက်ခိုက်မှုအထိ ဖြစ်လာနိုင်တယ်လို့လည်း ၀န်ခံပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အီရန်ကိုတုန့်ပြန်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ဒုံးခွင်းစနစ်နှင့် စစ်အင်အား တိုးမြှင့်မည်
    အီရန်ကိုတုန့်ပြန်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ဒုံးခွင်းစနစ်နှင့် စစ်အင်အား တိုးမြှင့်မည်
    မေ ၁၁၊ ၂၀၁၉
    M-Media
    -အရှေ့အလယ်ပိုင်းကို ပက်ထရီယော့ ဒုံးခွင်းစနစ်နဲ့ နောက်ထပ် စစ်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ အမေရိကန်အစိုးရက မနေ့မှာ အတည်ပြုလိုက်ပြီး အီရန်ရဲ့ စစ်ရေးအသင့်ဖြစ်နေမှုကို တုန့်ပြန်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန်ဟာ လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို အခုတစ်ပတ် အစောပိုင်းက အရှေ့အလယ်ပိုင်းကို စေလွှတ်ခဲ့ပြီး မနေ့က အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းကနေ ဖြတ်ကျော်ကာ ပင်လယ်နက်ထဲအထိ ဆက်လက် ခုတ်မောင်းနေပါတယ်။
    ပက်ထရီယော့ ဒုံးခွင်းစနစ်နဲ့အတူ အရှေ့အလယ်ပိုင်းကို နောက်ထပ်စေလွှတ်မယ့် စစ်သင်္ဘောက USS Arlington ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ကုန်းတစ်ပိုင်းရေတစ်ပိုင်း ယာဉ်တွေ၊ ရဟတ်ယာဉ်အငယ်စားတွေကို တင်ဆောင်ထားပြီး မရိန်းတပ်ဖွဲ့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
    အမေရိကန်အစိုးရက ဒီလို စစ်အင်အား ချထားရခြင်းဟာ အီရန်ရဲ့ ထိုးစစ်ဆင်ရေး ပြင်ဆင်ထားမှုကို တုန့်ပြန့်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုတစ်ပတ် အစောပိုင်းမှာလည်း B-52 အပါအ၀င် ဗုံးကြဲလေယာဉ်အုပ်စုကို အမေရိကန်က ကာတာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။
    ပက်ထရီယော့ ဒုံးခွင်းစနစ်ဟာ လေယာဉ်တွေ၊ ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပစ်ချနိုင်မှာဖြစ်ပြီး လက်ရှိ ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာနဲ့ ယူအေအီးတို့မှာ ချထားပါတယ်။
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်သွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မေလကတည်းက အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အီရန်ကတော့ အမေရိကန်ရဲ့ အခုလုပ်ရပ်ဟာ ကြောက်လန့်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန် ရေကြောင်း စီမံခန့်ခွဲရေးဌာန MARAD က အီရန်နဲ့ သူလက်သပ်မွေးထားတဲ့ အဖွဲ့တွေဟာ အရှေ့အလယ်ပိုင်းက အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ဟာ မေလအစောပိုင်းကတည်းက မြင့်တက်လာခဲ့တယ်လို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်မည်ဟု အီရန် ပြော
    ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်မည်ဟု အီရန် ပြော
    အီရန်သမ္မတ ဟာဆန် ရူဟာနီ
    မေ ၉၊ ၂၀၁၉
    M-Media
    -၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ပါ ကတိက၀တ်တွေကို ကမ္ဘာ့နိုင်ငံတွေက မလိုက်နာတော့ဘူးဆိုရင် မိမိတို့အနေနဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    အီရန်အနေနဲ့ ယူရေနီယံသန့်စင်ရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းဖို့နဲ့ အပြန်အလှန်အားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ဟာ အီရန်နဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
    နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က အီရန်ဟာ သဘောတူညီချက်အတိုင်း လိုက်နာလုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အမေရိကန်က ပြီးခဲ့တဲ့နှစ် မေလမှာ စာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
    မနေ့က ရုပ်သံကတစ်ဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ အီရန်သမ္မတ ရူဟာ နီက အီရန် ရေနံနဲ့ ဘဏ်လုပ်ငန်းအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိက၀တ်တွေကို စာချုပ်မှာ ကျန်ရှိနေတဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှားတို့က အကောင်အထည်ဖော်ဖို့ ရက်ပေါင်း ၆၀ အချိန်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြည့်ဝယူရေနီယံ ရရှိအောင် သန့်စင်မှုမလုပ်ဘူးဆိုတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ပါ ကတိက၀တ်ကို အီရန်က လိုက်နာတော့မှာ မဟုတ်ဘူးလို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “စာချုပ်ပါ နိုင်ငံတွေအနေနဲ့ နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ကတိက၀တ်တွေကို ဆက်လက်လိုက်နာပြီး အီရန်ရဲ့ အကျိုးစီးပွား အန္တရာယ်ကင်းအောင် မဆောင်ရွက်ပေးဘူးဆိုရင် အီရန်က နောက်ထပ် လုပ်ဆောင်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ။ နှစ်ဖက်စလုံး အမြတ်ထွက်နိုင်မယ့် အခြေအနေမျိုးကို အီရန်က လက်ခံသွားမှာ ဖြစ်ပါတယ်”
    Ref : Aljazeera