News @ M-Media

Tag: Iran

  • အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်မည်

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်မည်

     

    ဧပြီ ၆၊ ၂၀၁၉
    M-Media

    IRGC တပ်ဖွဲ့ဝင်များ

    – အီရန်နိုင်ငံရဲ့ ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် IRGC ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး Wall Street Journal က ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ထရမ့်အစိုးရဟာ အစောဆုံးအနေနဲ့ တနင်္လာနေ့မှာ ဒီဆုံးဖြတ်ချက်ကို ကြေငြာဖို့ ရှိနေပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ စစ်တပ်ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာဟာ ပထမဆုံး ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရတို့ကို မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆိုတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။ ကုလဆိုင်ရာ အီရန်သံအမတ်ကလည်း ဒီကိစ္စကို မှတ်ချက်မပေးလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

    IRGC ကို အကြမ်းဖက်အဖွဲ့ဖြစ် သတ်မှတ်မယ်ဆိုတဲ့သတင်းဟာ နှစ်တော်တော်ကြာကတည်းက ထွက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တပ်ဖွဲ့က ဒါဇင်နဲ့ချီတဲ့ တာဝန်ရှိသူတွေ၊ တပ်ဖွဲ့နဲ့ ဆက်နွယ်သူ တော်တော်များများကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းထားတာပါ။ နောက်ဆုံးအမည်ပျက်စာရင်းသွင်းဟာ ပြီးခဲ့တဲ့လမှာဖြစ်ပြီး IRGC ကို ဘဏ္ဍာငွေ ဒေါ်လာ ဘီလီယံချီ ထောက်ပံ့ပေးတယ်လို့ စွပ်စွဲခံရတဲ့ လူတွေ၊ ကုမ္ပဏီတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

    IRGC လက်အောက်မှာရှိပြီး နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေကို တာဝန်ယူထားတဲ့ Quds Force ကို အကြမ်းဖက်ဝါဒ အားပေးတဲ့အဖွဲ့အဖြစ် အမေရိကန်က ၂၀၀၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းမယ်ဆိုရင် ဆိုးရွားတဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အီရန်အာဏာပိုင်တွေက သတိပေးဖူးပါတယ်။

    IRGC ရဲ့တပ်မှူး မိုဟာမက် အလီ ဂျာဖာရီက သူတို့တပ်ဖွဲ့ကို ဒီလိုသတ်မှတ်မယ်ဆိုရင် အမေရိကန်စစ်တပ်ကိုလည်း IS အကြမ်းဖက်အဖွဲ့လို အဖွဲ့အမျိုးအဖြစ် သတ်မှတ်သွားမယ်လို့ ၂၀၁၇ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

    ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေးပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ IRGC ဟာ အီရန်နိုင်ငံက အင်အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်ပြီး စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေအထိ လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ နိုင်ငံရဲ့ ဒုံးလက်နက်နဲ့ နျူစီမံကိန်းတွေကို IRGC က ကိုင်တွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရေနံတင်ပို့မှုကို အစ္စရေးက နှောက်ယှက်လျှင် ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဟု အီရန်ပြော

    ရေနံတင်ပို့မှုကို အစ္စရေးက နှောက်ယှက်လျှင် ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဟု အီရန်ပြော

    မတ် ၁၃၊ ၂၀၁၉
    M-Media

    အီရန်၏ ရေနံတင်သင်္ဘောတစ်စီး

    – အစ္စရေးက မိမိတို့ရဲ့ ရေနံတင်သင်္ဘောတွေကို နှောက်ယှက်လာမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

    အီရန်ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရှောင်ကွင်းကာ ရေနံ မှောင်ခိုတင်ပို့မှုတွေ လုပ်ဆောင်နေပြီး အဲဒီအတွက် အရေးယူမှု လုပ်ဆောင်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့တစ်ပတ် ရေတပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးက ၀င်ရှုပ်လာရင် ရင်ဆိုင်နိုင်တဲ့ စစ်ရေးစွမ်းရည် အီရန်မှာ အပြည့်ရှိပြီး နိုင်ငံတကာအသိုင်းကလည်း ဒီလိုကိစ္စတွေကို လက်မခံသင့်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန IRNA က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဟာတာမီက အစ္စရေးအနေနဲ့ ဒီလိုလုပ်ရပ်မျိုး လုပ်ဆောင်မယ်ဆိုရင် ပင်လယ်ဓားပြလုပ်ငန်းအဖြစ် သတ်မှတ်မှာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရေနံတင်ပို့မှုမှာ ဖြစ်လာနိုင်တဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ကာကွယ်ဖို့ စွမ်းဆောင်ရည်တွေ အီရန်စစ်တပ်မှာ အပြည့်အ၀ ရှိနေပါတယ်”

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ပါ အချက်အလက်တွေကို အီရန်က လိုက်နာမှု မရှိဘူးလို့ စွပ်စွဲကာ အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ စာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ အီရန်ဟာ ဒီပိတ်ဆို့မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရှောင်လွှဲပြီး ရေကြောင်းကနေ ရေနံတင်ပို့မှုတွေ လုပ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ အီရန်ရေတပ်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ အေဒင်ပင်လယ်ကွေ့အထိ အင်အားဖြန့်ကျက်ကာ သူတို့ရဲ့ ရေနံတင်သင်္ဘောတွေကို ပင်လယ်ဓားပြရန်ကနေ ကာကွယ်နိုင်အောင် လုပ်ဆောင်ထားပါတယ်။ အီရန်ဟာ ကမ္ဘာ့အကြီးဆုံး ရေနံတင်သင်္ဘောတွေရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နှုတ်ထွက်

    အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နှုတ်ထွက်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်

    – အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တယ်လို့ မနေ့က ကြေငြာလိုက်ပြီး နျူသဘောတူညီချက်နဲ့ပတ်သက်လို့ နိုင်ငံအတွင်းက သဘောထားတင်းမာသူတွေ ဝေဖန်မှု မြင့်တက်လာတဲ့အချိန် ဒီလိုနှုတ်ထွက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    “ပြီးခဲ့တဲ့နှစ်တွေမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ချို့ယွင်းချက်ရှိခဲ့တာတွေ အားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အီရန်နိုင်ငံနဲ့ အီရန်တာဝန်ရှိသူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ Instagram စာမျက်နှာမှာ ဇာရစ်ဖ်က ရေးသားခဲ့ပါတယ်။

    ဘာ့ကြောင့် ရာထူးကနေ နှုတ်ထွက်ရလဲဆိုတာ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘဲ ဒီလိုနှုတ်ထွက်မှုကို သမ္မတ ဟာဆန် ရူဟာနီက လက်ခံမှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

    ဇာရစ်ဖ်ဟာ ၂၀၁၃ ခုနှ် သြဂုတ်လမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရလဒ်အားဖြင့် အီရန်အပေါ် ပိတ်ဆို့မှုတွေကို အနောက်နိုင်ငံတွေက ဖယ်ရှားပေးခဲ့ပါတယ်။

    ဒါပေမယ့် အမေရိကန်က ပြီးခဲ့တဲ့နှစ်မေလမှာ စာချုပ်ကနေ နှုတ်ထွက်ကာ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အီရန်နိုင်ငံရေးနယ်ပယ်က သဘောထား တင်းမာသူတွေဟာ သမ္မတ ဟာဆန်ရူဟာနီနဲ့ ဇာရစ်ဖ်တို့အပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။

    တစ်ကျော့ပြန်ပိတ်ဆို့မှုတွေကြောင့် အီရန်နိုင်ငံရဲ့စီးပွားရေး ဆိုးရွားလာတာကလည်း ရူဟာနီအစိုးရကို အထိနာစေခဲ့ပြီး ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုမှုတွေအထိ ဖြစ်လာခဲ့ပါတယ်။

    ဇာရစ်ဖ် ဒီလိုနှုတ်ထွက်သွားဟာ ပြုပြင်ပြောင်းလဲရေးသမား ရူဟာနီအတွက် ထိုးနှက်မှု ဖြစ်လာမှာဖြစ်ပြီး အီရန်ရဲ့ သံခင်းတမန်ခင်း နယ်ပယ်ကိုပါ ထိခိုက်စေလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    Ref: Aljazeera

  • မိမိတို့၏ ဒုံးကျည်စီမံကိန်းကို ရန်သူများက ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု အီရန်ပြော

    မိမိတို့၏ ဒုံးကျည်စီမံကိန်းကို ရန်သူများက ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု အီရန်ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    အီရန်၏ ဒုံးကျည်လွှတ်တင်မှု မြင်ကွင်း

    – အီရန်က စမ်းသပ်တဲ့ ဒုံးကျည်တွေနဲ့ လွှတ်တင်တဲ့ ဒုံးပျံတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ရန်သူတွေက ကြိုးစားခဲ့ပေမယ့် မိမိတို့က ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ လေတပ်ဆိုင်ရာ တပ်မှူး အမိရ် အလီ ဟာဂျီဇာဒါဟ်က ရန်သူတွေဟာ အီရန်ဒုံးကျည်တွေကို ပစ်မှတ်မရောက်ဘဲ လေပေါ်မှာတင် ပေါက်ကွဲသွားဖို့အတွက် နိုင်ငံခြားကတင်သွင်းတဲ့ ပစ္စည်းတွေကနေတစ်ဆင့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    “အစကတည်းက ဒီပစ်ချက်ကို ရှာဖွေတွေ့ရှိကာ ပြင်ဆင်ခဲ့တာကြောင့် သူတို့ ဒီလို ဖျက်လိုဖျက်ဆီး မလုပ်နိုင်ခဲ့ပါဘူး”

    ဘယ်နိုင်ငံက ဆောင်ရွက်လဲဆိုတာကိုတော့ ဟာဂျီဇာဒါဟ်က အတိအကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အီရန်ဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကြောင့် သူတို့ရဲ့ နျူလုပ်ငန်းတွေကို ရပ်တန့်ထားပေမယ့် ဒုံးကျည်စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေပါတယ်။

    အခုလအစောပိုင်း နယူးယောက်တိုင်းမ်းစ် သတင်းစာရဲ့ သတင်းတစ်ပုဒ်မှာ အမေရိကန်ဟာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို ဖျက်ဆီးဖို့အတွက် နှစ်ပေါင်းများစွာ လျှို့ဝှက် ကြံစည်ခဲ့ပြီး ထရမ့်လက်ထက်မှာ ဒီလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အမေရိသမ္မတ ဂျော့ဂ်ျ ဒဘလူဘုရှ်လက်ထက်မှာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းထဲကို ချို့ယွင်းချက်တွေရှိနေတဲ့ အစိတ်အပိုင်းတွေ ရောက်သွားအောင် လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    အခုနှစ် ဇန်န၀ါရီ ၁၅ ရက်နဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွေက ဒုံးကျည်စမ်းသပ်မှုတွေမှာ အီရန်ဟာ မအောင်မြင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    အမေရိကန်က အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို တားဆီးဖို့ လူသိရှင်ကြား ကြိုးစားနေပြီး ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ ကုလရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အီရန်ဒုံးကျည်စမ်းသပ်မှုတွေကို ပိတ်ပင်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ဒီ ဒုံးကျည်စီမံကိန်းကို အကြောင်းပြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ နျူသဘောတူညီချက်နေ နှုတ်ထွက်ကာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်ကြာမည့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    တစ်ပတ်ကြာမည့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    အီရန် တိုက်သင်္ဘောတစ်စီးမှ ဒုံးကျည်ပစ်လွှတ်မှု

    – အီရန်ရေတပ်ဟာ အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို မနေ့က စတင်လိုက်ပြီး အဆင့်မြင့်လက်နက်တွေ ပစ်ခတ် စမ်းသပ်မှုလည်း ပါဝင်မှာဖြစ်တယ်လို့ ရေတပ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ဟော်မုဇ်ရေလက်ကြား တောင်ပိုင်းနဲ့ အိုမန်ပင်လယ်တို့မှာ ပြုလုပ်မယ့် လေ့ကျင့်မှုဟာ တစ်ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုလည်း ပထမဆုံးအကြိမ် ပါဝင်လာမှာ ဖြစ်ပါတယ်။

    အီရန်ဟာ အခုလအစောပိုင်းမှာ နောက်ဆုံးပေါ်နည်းပညာသုံး ပြည်းတွင်းဖြစ် ရေငုပ်သင်္ဘော Fateh ကို ထုတ်ပြခဲ့ပါတယ်။ ဒီသင်္ဘောဟာ တော်ပီဒိုတွေ၊ တိကျတဲ့ ပစ်ခတ်မှုစနစ်တွေ တပ်ဆင်ထားပြီး ရေအောက်မှာ ငါးပတ်အထိ ငုပ်နိုင်ကာ ခရုဇ်ဒုံးကျည်တွေပါ ပစ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။

    အီရန်ရေတပ်ဗိုလ်ချုပ် ဟိုစိန် ခန်ဇာဒီက လေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေကနေ ဒုံးကျည်အမျိုးအစားအစုံ ပစ်လွှတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပထမဆုံးအကြိမ်အဖြစ် ဒီလိုလက်နက်တွေကို သေသေချာချာ စမ်းသပ်သွားမှာပါ။ ရန်သူတွေ ရေထဲမှာ မလုံခြုံတော့အောင် တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ”

    Velayat 97 လို့ အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပြင်ပက ခြိမ်ခြောက်မှုတွေကို တုန့်ပြန်မှု၊ ရေတပ်ပစ္စည်းတွေကို စမ်းသပ်သုံးစွဲမှု၊ တိုက်ပွဲပုံလေ့ကျင့်မှု၊ ကမ်းတပ်တိုက်ပွဲလေ့ကျင့်မှု စတာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    အီရန်ဟာ ဇန်န၀ါရီလက ကက်စပီယံပင်လယ်မှာ ရုရှားနဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သလို၊ ကြည်းတပ်နဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုကိုလည်း သီးခြား ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera