News @ M-Media
Tag: Iran
  • အီရန်ဝိုင်းပယ်ခံရမှု အဆုံးသတ်ရန် ကြိုးစားမည်ဟု သမ္မတ ရူဟာနီပြော
    အီရန်ဝိုင်းပယ်ခံရမှု အဆုံးသတ်ရန် ကြိုးစားမည်ဟု သမ္မတ ရူဟာနီပြော
    သြဂုတ် ၃၊ ၂၀၁၇
    M-Media
    – နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် တစ်သီးတစ်ခြား ဖြစ်နေမှုအား အဆုံးသတ်ရန်အတွက် မိမိအနေဖြင့် ဆက်လက်၍ ကြိုးစားအားထုတ်သွားမည်ဟု သမ္မတဒုတိသက်တမ်းအတွက် ကျမ်းကျိန်ခဲ့သည့် အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။
    “အပယ်ခံရတာကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ နျူကလီးယားသဘောတူညီချက်ဟာ နိုင်ငံတကာစင်မြင့်မှာ အီရန်ရဲ့ စိတ်စေတနာကောင်းမှုကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ပါပဲ” ဟု ယနေ့ တီဟီရန်၌ ကျမ်းကျိန်ပွဲတွင် နိုင်ငံရေးနှင့် စစ်ဖက်တိုင်ရာတာဝန်ရှိသူများပါဝင်သော လူအုပ်ကြီးအား ပြောကြားခဲ့သည်။
    ရူဟာနီ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ပထမသက်တမ်းတွင် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် နျူကိစ္စ သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့ပြီး အီရန်အပေါ် ပြုလုပ်ထားသည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ခဲ့သည်။
    သို့သော်လည်း အနောက်ကမ္ဘာနှင့် ထိုကဲ့သို့ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုအတွက် အီရန်ရှိ အတိုက်အခံ ကွန်ဆာဗေးတစ်များက ရူဟာနီအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
    “ရွေးကောက်ပွဲပြီးတဲ့အတွက် စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှု စတင်ဖို့ အချိန်ကျပြီလို့ ကျွန်တော် ထပ်ပြောပါရစေ။ တိုင်းပြည်ရဲ့ ကြီးကျယ်မှုအတွက် ဆောင်ရွက်ကြတဲ့သူအားလုံးကို ကျွန်တော် လက်ကမ်းကြိုဆိုပါတယ်” ဟု ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့သည်။
    အီရန်၏ ဒုံးကျည်အစီအစဉ်ကို ဆန့်ကျင်သောအားဖြင့် အမေရိကန်မှာ ပြီးခဲ့သည့်တစ်ပတ်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့ပြီး အီရန်ကမူ ထိုလုပ်ရပ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဒုံးကျည်အစီအစဉ်ကို အင်အားပြည့် ဆက်လက်လုပ်ဆောင်မည်ဟု အီရန်ပြော
    ဒုံးကျည်အစီအစဉ်ကို အင်အားပြည့် ဆက်လက်လုပ်ဆောင်မည်ဟု အီရန်ပြော
    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media
    – ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်က နောက်ဆုံး ပြုလုပ်လိုက်သည့် စီးပွားရေးပိတ်ဆို့မှုများကို အီရန်က ရှုတ်ချလိုက်ပြီး မိမိတို့၏ ထိုအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။
    “(ကန်ရဲ့) ဒီလုပ်ရပ်ဟာ နျူသဘောတူညီချက်ကို အားနည်းသွားအောင် ကြိုးစားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်ကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ စစ်တပ်နဲ့ ဒုံးကျည်ကဏ္ဍဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းပေါ်လစီတွေဖြစ်ပြီး ဒီအပေါ်မှာ တစ်ခြားသူက ကြားဝင်ခွင့်၊ မှတ်ချက်ပေးခွင့် မရှိပါဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရန် ဂါဆီမီက ပြောကြားခဲ့သည်။
    ထို့ပြင် အမေရိကန်၏ ထိုပိတ်ဆို့မှာ ရန်လိုသော၊ အပြစ်တင်လိုသော၊ လက်မခံနိုင်ဖွယ်ရာဖြစ်သော လုပ်ရပ်ဖြစ်သည်ဟု မိမိတို့က ယူဆကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    အီရန်မှာ ကြာသာပတေးနေ့က နိုင်ငံအရှေ့ပိုင်း ဆမ်နန်ပြည်နယ်ရှိ အီမာမ် ခိုမေနီ အာကာသစင်တာမှနေ၍ ဂြိုဟ်တုလွှတ်တင်ရာတွင် အသုံးပြုသည့် ပြည်တွင်းဖြစ် ဒုံးပျံတစ်ခုကို ပစ်လွှတ်ခဲ့ပြီး၊ အဆိုပါ ဒုံးပျံမှာ ၂၅၀ ကီလိုဂရမ်ရှိသော ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။
    အီရန်၏ ဒုံးကျည်အစီအစဉ်တွင် ပါဝင်သူများ၊ ၎င်းတို့နှင့် စီးပွားရေးဆောင်ရွက်သူများအား ပိတ်ဆို့သော မူကြမ်းတစ်ခုကို အမေရိကန်က ကြာသာပတေးနေ့တွင် အတည်ပြုခဲ့သည်။ အမေရိကန်မှာ အီရန်၏ တော်လှန်ရေးအစောင့်တပ်အား အကြမ်းဖက်စာရင်းသွင်းရေး၊ လက်နက်ဝယ်ယူမှု ပိတ်ပင်ရေးတို့ကိုလည်း ဆောင်ရွက်ရန် ရှိနေသည်။
    အီရန်၏ အာကာသသုံး ဒုံးပျံပစ်လွှတ်မှုနှင့် ပတ်သက်၍ အမေရိကန်က သောကြာနေ့တွင်လည်း ပိတ်ဆို့မှုအသစ်များကို ထပ်မံပြုလုပ်ခဲ့သည်။
    အီရန်က ပိုင်ဆိုင်ထားသည့် ဒုံးကျည်များနှင့် ရောက်ရှိနိုင်သည့် အကွာအဝေးများ
    ထိုကိစ္စနှင့်ပတ်သက်၍ အီရန်ပါလီမန်မှ အမျိုးသားလုံခြုံရေးကော်မတီ၊ နိုင်ငံခြားရေးရာ ပေါ်လစီကော်မတီတို့မှာ ယမန်နေ့က အရေးပေါ်အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သည်။
    အမေရိကန်က အီရန်၏ ဒုံးကျည်အစီအစဉ်ကို ကန့်ကွက်မှုများပြုလုပ်နေသော်လည်း အီရန်က မိမိတို့၏ ထိုအစီအစဉ်မှာ ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် နျူသဘောတူညီချက်နှင့် ကိုက်ညီမှုရှိသည်ဟု ပြောကြားထားသည်။
    Ref: Aljazeera
  • အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု ၁၂၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အီရန်ကြေငြာ
    အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု ၁၂၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အီရန်ကြေငြာ
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    အီရန်ထောက်လှမ်းရေးအကြီးအကဲ အေလာဗီ
    – ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုပေါင်း ၁၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက ဖော်ထုတ်နိုင်ခဲ့သည်ဟု အီရန် ထောက်လှမ်းရေးဝန်ကြီး မဟ်မူးဒ် အေလာဗီက ယနေ့တွင် ပြောကြားလိုက်သည်။
    ဇွန်လ ၇ ရက်နေ့က မြို့တော် တီဟီရန်ရှိ အီရန်လွှတ်တော် အဆောက်အဦးနှင့် အီရန်ခေါင်းဆောင် အီမာမ်ခိုမေနီတို့၏ ဂူဗိမာန်တွင် သေနတ်သမားများက တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူ ၁၇ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ IS အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုများမှာ ၎င်းတို့၏လက်ချက်ဟု ကြေငြာခဲ့သည်။
    တီဟီရန်တိုက်ခိုက်မှုများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသူများအားလုံးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူများ၏ လှုပ်ရှားမှုများအားလုံးကိုလည်း အီရန်က စောင့်ကြည့်နေသည်ဟု ထောက်လှမ်းရေးအကြီးအကဲက ဆိုသည်။
    အီရန်တော်လှန်ရေးအစောင့်တပ်မှာ ဇွန်လ ၁၈ ရက်နေ့က ဆီရီးယားရှိ IS အကြမ်းဖက်အဖွဲ့၏ စခန်းများကို မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပြီး တပ်မှူးများ၊ အကြီးတန်းတာဝန်ရှိသူများ အပါအ၀င် အကြမ်းဖက်သမား ၁၇၀ သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
    Ref: Press TV
  • နောက်ဆုံးပေါ်နည်းပညာသုံး ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံသစ်တစ်ခု အီရန်ဖွင့်လှစ်
    နောက်ဆုံးပေါ်နည်းပညာသုံး ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံသစ်တစ်ခု အီရန်ဖွင့်လှစ်
    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media
    – ဒုံးကျည်အစီအစဉ်ကြောင့် အမေရိကန်က ပိတ်ဆို့မှုများ တိုးမြှင့်ပြုလုပ်ထားသော်လည်း အီရန်နိုင်ငံမှာ ၎င်းတို့၏ ဒုံးကျည်ထုတ်လုပ်မှု စက်ရုံအသစ်တစ်ခုကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    စက်ရုံဖွင့်လှစ်သည့်နေရာကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ ထိုစက်ရုံမှ အမြင့် ၂၇ ကီလိုမီတာအထိ တက်နိုင်ပြီး ၁၂၀ ကီလိုမီတာအကွာအဝေးအထိ ရောက်နိုင်သည့် Sayyad 3 ဒုံးကျည်များကို ထုတ်လုပ်မည်ဖြစ်သည်။
    ပြည်တွင်းဖြစ် အဆိုပါဒုံးကျည်မှာ ရေဒါရှောင်ကွင်းနိုင်သော တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ ခရုဇ်ဒုံးကျည်များနှင့် ရဟတ်ယာဉ်များကို ပစ်ချနိုင်မည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟိုစိန် ဒီဂ်ဟန်က ပြောကြားခဲ့သည်။
    “Sayyad 3 ဒုံးကျည်ဟာ ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာတွေကို အခြေခံပြီး ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာပါ”
    ထို့ပြင် မကြာသေးမီက အမေရိကန်နှင့် ဆော်ဒီတို့ ကန်ဒေါ်လာ ဘီလီယံ ၁၁၀ ဖိုး လက်နက်ဝယ်ယူရေး သဘောတူညီချက်မှာ အီရန်အပေါ် ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
    အီရန်၏ ဒုံးကျည်အစီအစဉ်အတွက် ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်က အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့ပြီး အီရန်၏ မလိုမုန်းထားဖွယ်ကောင်းသည့် လုပ်ရပ်များမှာ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်၏ အပြုသဘောဆောင်သည့် ရလဒ်များကို ပျက်ဆီးစေသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ကမ္ဘာ့သင်္ချာဉာဏ်ကြီးရှင် အီရန်အမျိုးသမီး မရ်ယမ် မီဇာခါနီ ကင်ဆာဖြင့် ကွယ်လွန်
    ကမ္ဘာ့သင်္ချာဉာဏ်ကြီးရှင် အီရန်အမျိုးသမီး မရ်ယမ် မီဇာခါနီ ကင်ဆာဖြင့် ကွယ်လွန်
    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media
    တီဟီရန်တွင် မွေးဖွားခဲ့သည့် မရ်ယမ်၏ ကနဦးရည်မှန်းချက်မှာ စာရေးဆရာမတစ်ယောက် ဖြစ်လာရန် ဖြစ်သော်လည်း အထက်တန်းတက်သည့်အချိန် သင်္ချာပညာရပ်၌ ပါရမီရင့်သန်မှုကို တွေ့မြင်ခဲ့ရပြီးနောက် သင်္ချာနယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
    – သင်္ချာပညာရပ်၏ နိုဘယ်ဆုဟု တင်စားခြင်းခံရသော Fields Medal ဆုကို ရရှိထားသည့် အီရန်နွယ်ဖွား သင်္ချာဉာဏ်ကြီးရှင် အမျိုးသမီး မရ်ယမ် မီဇာခါနီမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    အမေရိကန်ဆေးရုံတစ်ခုတွင် ဆေးကုသနေသည့် အသက် ၄၀ အရွယ် မရ်ယမ်မှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များကလည်း သေဆုံးကြောင်း အတည်ပြုခဲ့သည်။
    မရ်ယမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Stanford တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ်မှစ၍ ကင်ဆာရောဂါကို ခံစားခဲ့ရသည်။
    ဂျီသြမေတြီ၊ ဒိုင်းနမစ်နယ်ပယ်တို့တွင် ထူးခြားဆန်းပြားသည့် ရှာဖွေဖော်ထုတ်မှုများ ပြုလုပ်နိုင်ခြင်း၊ စက်လုံးကဲ့သို့ မျက်နှာပြင်ကွေးသော အရာဝတ္တုများအကြောင်းကို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်းခြင်းတို့ကြောင့် နိုင်ငံတကာသင်္ချာကွန်ဂရက်က ၂၀၁၄ ခုနှစ်တွင် မရ်ယမ်ကို Fields Medal ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
    ထို့ပြင် Pure Mathematics နယ်ပယ်တွင် ခေတ်ရှေ့ပြေးသော သုတေသနများပြုလုပ်နိုင်မှုအတွက် ၂၀၀၉ ခုနှစ်တွင် Blumenthal Award ဆု၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန် သင်္ချာအသင်းမှ ပေးအပ်သည့် Satter Prize ဆုတို့ကိုလည်း မရ်ယမန်က ဆွတ်ခူးရရှိခဲ့သည်။
    တီဟီရန်တွင် မွေးဖွားခဲ့သည့် မရ်ယမ်၏ ကနဦးရည်မှန်းချက်မှာ စာရေးဆရာမတစ်ယောက် ဖြစ်လာရန် ဖြစ်သော်လည်း အထက်တန်းတက်သည့်အချိန် သင်္ချာပညာရပ်၌ ပါရမီရင့်သန်မှုကို တွေ့မြင်ခဲ့ရပြီးနောက် သင်္ချာနယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
    ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံတကာ သင်္ချာနယ်ပယ်တွင် သတင်းမွှေးပျံ့ခဲ့သည့် မရ်ယမ်မှာ ၁၉၉၄၊ ၁၉၉၅ ခုနှစ် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ပြီး ၁၉၉၅ ခုနှစ် ပြိုင်ပွဲတွင် အမှတ်ပြည့် ရရှိခဲ့သည်။
    ၂၀၀၈ ခုနှစ်တွင် Stanford တက္ကသိုလ်၌ ပါမောက္ခအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မရ်ယမ်၌ ခင်ပွန်းနှင့် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။
    အီရန်သမ္မတ ရူဟာနီက မရ်ယမ်အား ဆုံးရှုံးရမှုအတွက် အလွန်အမင်း ကြေကွဲဝမ်းနည်းရသည်ဟု ပြောကြားခဲ့သည်။
    Ref: Straitstimes