News @ M-Media

Tag: Iran

  • အီရန် နိုင်ငံတော်လေကြောင်းလိုင်း စီအီးအိုအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်

    အီရန် နိုင်ငံတော်လေကြောင်းလိုင်း စီအီးအိုအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    Iran Air ၏ အကြီးအကဲသစ်ဖြစ်လာသည့် ဖာရ်ဇာနဟ် ရှာရက်ဖ်ဘာဖီ

    – ထိပ်တန်း ခရီးသည်တင်လေယာဉ်များကို ၀ယ်ယူကာ လုပ်ငန်းချဲ့ထွင်ရန် ပြင်ဆင်နေသည့် အီရန် အမျိုးသားလေကြောင်းလိုင်း Iran Air ၏ စီအီးအိုအဖြစ် အမျိုးသမီးတစ်ဦး ပထမဆုံး ခန့်အပ်ခံခဲ့ရသည်ဟု သိရသည်။

    ဖာရ်ဇာနဟ် ရှာရက်ဖ်ဘာဖီဆိုသူဖြစ်ပြီး အင်္ဂါနေ့က ခန့်အပ်ခြင်းခံခဲ့ရကာ လက်ရှိအကြီးအကဲ ဖာရ်ဟဒ် ပါရ်ဗာရက်ရှ်၏နေရာတွင် အစားထိုး တာဝန်ယူသွားမည်ဖြစ်သည်။

    အသက် ၄၄ နှစ်အရွယ် ရှာက်ဖ်ဘာဖီမှာ အာကာသလေကြောင်းပညာရပ်ဖြင့် ဒေါက်တာဘွဲ့ရထားသူဖြစ်ပြီး Iran Air ၏ သုတေသနဌာနကို တာဝန်ယူကာ ဘုတ်အဖွဲ့အ၀င်အဖြစ်လည်း ယခင်က တာဝန်ထမ်းဆောင်ခဲ့သည်။

    သူမမှာ အရပ်ဖက်လေကြောင်း စီမံကိန်းများစွာတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ၏ နာမည်ကြီး Amir Kabir နည်းပညာတက္ကသိုလ်၊ Shahid Sattari အာကာသလေကြောင်း အင်ဂျင်နီယာတက္ကသိုလ်တို့တွင် ဘာသာရပ်များစွာကို သင်ကြားပို့ချပေးခဲ့သည်။

    Iran Air ၏ အကြီးအကဲသစ်အဖြစ် ဆောင်ရွက်ရမည့် ရှာက်ဖ်ဘာဖီမှာ လေကြောင်းလိုင်းတွင် ရှိနေသည့် အိုမင်းဟောင်းနွမ်းနေသော လေယာဉ်များကိစ္စကို ဦးစားပေး ဖြေရှင်းရမည် ဖြစ်သည်။

    အီရန်အမျိုးသားလေကြောင်းလိုင်းမှာ ဒီဇင်ဘာလက ကန်ဒေါ်လာ ၁၆.၆ ဘီလီယံတန်ဖိုးရှိ လေယာဉ် အစီး ၈၀ ၀ယ်ယူရန် ဘိုးအင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ ဇန်န၀ါရီလတွင်မူ Airbus မှ ၁၁၂ စီးဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ကာ ကန်ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုး ရှိသည်။

    အီရန်နှင့် အနောက်နိုင်ငံများအကြား နျူကိစ္စ သဘောတူညီချက် နောက်ဆက်တွဲအဖြစ် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားခဲ့ပြီးနောက်ပိုင်း Iran Air မှာ ၎င်းတို့၏ လုပ်ငန်းကို တိုးချဲ့ရန် အရှိန်အဟုန်ဖြင့် ကြိုးစားလာသည်။

    Ref: Press TV

  • လေယာဉ်အမှတ် ၆၅၅ (သို့) အရှေ့အလယ်ပိုင်းမှ အမေရိကန်၏ ရာဇ၀တ်မှုတစ်ခု

    လေယာဉ်အမှတ် ၆၅၅ (သို့) အရှေ့အလယ်ပိုင်းမှ အမေရိကန်၏ ရာဇ၀တ်မှုတစ်ခု

    ဇူလိုင် ၄၊ ၂၀၁၇
    M-Media

    ဖြစ်ရပ်ဆိုးအတွက် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေသည့် မိသားစုဝင်တစ်ဦး

    – မနေ့က ဇူလိုင်လ ၃ ရက်နေ့မှာ အီရန်ပြည်သူတွေဟာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင်ခဲ့ပြီဖြစ်တဲ့ ဖြစ်ရပ်ဆိုးတစ်ခုအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

    ဒါကတော့ အီရန်လေကြောင်းလိုင်းက Airbus A300B2 လေယာဉ်အမျိုးအစား လေယာဉ်အမှတ် ၆၅၅ နဲ့အတူ ခရီးသည် ၂၇၄ ဦး၊ လေယာဉ်အမှူးထမ်း ၁၆ ဦးတို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။

    ၁၉၈၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ အီရန်နိုင်ငံ ဘန်ဒါအဘတ်စ်မြို့ကနေ ဒူဘိုင်းကို ပျံသန်းလာတဲ့ လေယာဉ်အမှတ် ၆၅၅ ဟာ ဟော်မုဇ်ရေလက်ကြားက အီရန်လေပိုင်နက်မှာ ဖြတ်ပျံနေရင်း အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်တပ် စစ်သင်္ဘော USS Vincennes ရဲ့ ပစ်ချခြင်းကို ခံလိုက်ရပါတယ်။

    မြေပြင်ကဝေဟစ်ပစ် SM-2MR ဒုံးကျည် ၂ လုံးနဲ့ ပစ်ချမှုမှာ ဒုံးကျည်တစ်လုံးက လေယာဉ်ကို ထိမှန်ခဲ့တာဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့မှာ အဆိုးဝါးဆုံး လေကြောင်းဖြစ်ရပ်ဆိုး၊ ကမ္ဘာ့ ၁၀ ခုမြောက် အဆိုးဝါးဆုံး လေကြောင်းဖြစ်ရပ်ဆိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    USS Vincennes သင်္ဘောဟာ အီရန်ရေပိုင်နက်ထဲအထိ ၀င်ရောက်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အမေရိကန်က ဒီခရီးသည်တင်လေယာဉ်ကို အီရန်လေတပ်က တိုက်လေယာဉ်နဲ့ မှားခဲ့တာဖြစ်ကြောင်း၊ သင်္ဘောတာဝန်ရှိသူတွေက ဆက်သွယ်ဖို့ ၁၀ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် ပြန်လည်တုန့်ပြန်မှု မရှိခဲ့ကြောင်း အကြောင်းပြခဲ့ပါတယ်။

    အီရန်ဘက်ကတော့ ဒီလေယာဉ်ဟာ ရေဒါကို တုန့်ပြန်အချက်ပြတဲ့ IFF squawks စနစ်မှာ အရပ်ဖက်သုံး လေယာဉ်ဖြစ်တယ်ဆိုတာ သိရှိနိုင်အောင် Mode III ကို ထားခဲ့ကြောင်း၊ ရေဒါစနစ်အပါအ၀င် ခေတ်မီကိရိယာတွေ တပ်ဆင်ထားတဲ့ USS Vincennes သင်္ဘောအနေနဲ့ လေယာဉ်အမှတ် ၆၅၅ ဟာ ခရီးသည်တင် လေ
    ယာဉ်ဆိုတာ အလွယ်တကူသိနိုင်ပေမယ့် တမင်သတ်သတ်ပစ်ချခဲ့တာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက USS Vincennes ရေယာဉ်မှူးရဲ့ ပေါ့ဆမှု၊ အတင့်ရဲမှုတွေကို အပြစ်တင်ခဲ့ပါတယ်။

    ဒီလိုပစ်ချခံရမှုမှာ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် နစ်နာကြေး ကန်ဒေါ်လာ ၆၁ သန်းပေးအပ်ဖို့ အမေရိကန်က ၁၉၉၆ ခုနှစ်မှာ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရခဲ့ပြီး ဒီဖြစ်ရပ်ဟာ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း၊ အသက်တွေဆုံးရှုံးရတဲ့အတွက် ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်က ပြောကြားခဲ့ပေမယ့် ဥပဒေကြောင်းအရ သူတို့မှာတာဝန်ရှိတယ်လို့ မပြောခဲ့သလို တောင်းပန်တာမျိုးလည်း မလုပ်ခဲ့ပါဘူး။

    လေယာဉ်အမှတ် ၆၅၅ ပစ်ချခံရမှုကို သရုပ်ဖော်ထားသည့် ကားချပ်

    အီရန်က ဒါဟာ အမေရိကန်ရဲ့ ရာဇ၀တ်မှုတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဇူလိုင် ၃ ရက်နေ့ရောက်တိုင်း ဒီအဖြစ်အပျက်မှာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

    မနေ့က ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ရာဇ၀တ်မှုဆိုတာ သေချာကြောင်း၊ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတဲ့ လူမဆန်တဲ့လုပ်ရပ်တွေထဲက တစ်ခုဖြစ်ကြောင်း၊ အမေရိကန်သမ္မတအဆက်ဆက်ဟာ သူတို့ရဲ့ ရည်ရွယ်ချက်အတွက် ဘာကိုမှ ဂရုမစိုက်ဘူးဆိုတာကို ဒီလုပ်ရပ်က ပြသနေကြောင်း ဖော်ပြခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်က ဒီအဖြစ်အပျက်ဖြစ်ပွားပြီး ၁ နှစ်အကြာမှာ USS Vincennes ရဲ့ ရေယာဉ်မှူး ၀ီလီယံ စီ ရော်ဂျာ သူရဲကောင်းတံဆိပ်ရခဲ့တာကို ထောက်ပြပြီး ဒါဟာ အပြစ်မဲ့သူတွေကို သတ်ဖြတ်မှုအတွက် ရခဲ့တာကြောင်း မိမိတို့အနေနဲ့ ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အီရန်ပြည်သူတွေဟာ လေယာဉ်အမှတ် ၆၅၅ ပျက်ကျခဲ့တဲ့ ပယ်လယ်ပြင်မှာ နှစ်စဉ်နှစ်တိုင်း ပန်းခြင်းတွေ၊ ဆီမီးတွေကို မျှောပြီး ကွယ်လွန်သူတွေအတွက် ဆုတောင်းပေးကြပါတယ်။

    Press TV, Wiki

  • အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုမှာ အစ္စရေး၏ စီမံကိန်းဖြစ်သည်ဟု အီရန်သမ္မတပြော

    အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုမှာ အစ္စရေး၏ စီမံကိန်းဖြစ်သည်ဟု အီရန်သမ္မတပြော

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုနှင့် အကြမ်းဖက်လုပ်ငန်းများမှာ အစ္စရေး၏ စီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကြောင့် ပါလက်စတိုင်းပြဿနာကို အာရုံမလျော့သင့်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တီဟီရန်သို့ ရောက်ရှိနေသည့် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီနှင့် ယမန်နေ့က တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “အကြမ်းဖက်ဝါဒကို တိုက်ဖျက်မှုက အလ်-ကွဒ်စ်ပြဿနာ၊ ဒေသတွင်း ဇီယွန်အစိုးရရဲ့ ခြိမ်းခြောက်မှုကို ဖုံးပစ်လိုက်လို့ မရပါဘူး” ဟု ရူဟာနီက ပြောကြားလိုက်သည်

    မူဆိုးလ်မြို့ကို IS အကြမ်းဖက်အဖွဲ့၏လက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှုအတွက် အီရတ်အစိုးရနှင့် အီရတ်နိုင်ငံကို ရူဟာနီက ချီးကျူးခဲ့ပြီး၊ ထိုဆောင်ရွက်မှုက အကြမ်းဖက်ဝါဒ အဆုံးသတ်ရေး အမှတ်သညာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံ၏ ပိုက်နက်လုံခြုံမှု အရေးကြီးပုံကိုလည်း အီရန်သမ္မတက ထောက်ပြခဲ့ပြီး စည်းလုံးမှုနှင့် အချုပ်အခြာကို ထိခိုက်စေရန် ရည်ရွယ်သည့် မည်သည့်ဆောင်ရွက်မှုကိုမဆို ရှုတ်ချသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    နှစ်နိုင်ငံခေါင်းဆောင်များမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

    အီရတ်ဝန်ကြီးချုပ် အလ်-အာဘာဒီက တီဟီရန်-ဘဂ္ဂဒတ်ဆက်ဆံရေးကို မြှင့်တင်ရန် တိုက်တွန်းခဲ့ပြီး IS အကြမ်းဖက်အဖွဲ့မှာ နယ်စည်းသတ်မှတ်ချက်မရှိဘဲ ၎င်းတို့အား နိုင်ငံအားလုံးက ပူးပေါင်းတိုက်ဖျက်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Press TV

  • တီဟီရန်တိုက်ခိုက်မှုအတွက် အီရန်က IS ကို ဒုံးကျည်ဖြင့် လက်တုန့်ပြန်

    တီဟီရန်တိုက်ခိုက်မှုအတွက် အီရန်က IS ကို ဒုံးကျည်ဖြင့် လက်တုန့်ပြန်

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – အီရန်မှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS အကြမ်းဖက်သမားများကို ပစ်မှတ်ထား၍ ယမန်နေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့က တီဟီရန်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုအတွက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ အီရန်နိုင်ငံက ပထမဆုံး ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်တွင် အီရန်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်လိုက်ခြင်းလည်းဖြစ်သည်။

    အီရန် အစ္စလမ့်တော်လှန်ရေးအစောင့်တပ်၏ တရားဝင် ၀ဘ်စာမျက်နှာတွင် မြေပြင်မှ မြေပြင်ပစ် တာလတ်ဒုံးကျည်များကို အီရန်နိုင်ငံအနောက်ပိုင်း ကာရ်မန်ရှာ ပြည်နယ်ရှိ စစ်စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီအက်ဇ်ဇိုရ်ဒေသရှိ IS တပ်ဖွဲ့များကို ပစ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။

    ဇွန်လ ၇ ရက်နေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ လွှတ်တော်အဆောက်အဦးနှင့် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ၏ ဂူဗိမာန်တို့တွင် သေနတ်သမား ၆ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဟု ကြေငြာခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ IS က အီရန်တွင် ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အီရန်မှာ ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားနှင့်အတူ သမ္မတ ဘာရှာ အလ်-အာဆတ်အား ထောက်ပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။

    Ref: CNN

     

  • အရှေ့အလယ်ပိုင်းကို အမေရိကန်က မတည်ငြိမ်အောင်လုပ်နေသည်ဟု အီရန်အဓိပတိ ပြော

    အရှေ့အလယ်ပိုင်းကို အမေရိကန်က မတည်ငြိမ်အောင်လုပ်နေသည်ဟု အီရန်အဓိပတိ ပြော

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုအတွက် အီရန်အဓိပတိ အယာတိုလာခါမေနီက အမေရိကန်ကို ပြစ်တင်ပြောဆိုလိုက်ပြီး IS ကို ၀ါရှန်တင်က တိုက်ခိုက်နေသည် ဆိုသည်မှာလည်း အလိမ်အညာသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ခင်ဗျား (အမေရိကန်) နဲ့ ခင်ဗျားရဲ့ အေးဂျင့်တွေဟာ အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုရဲ့ ရင်းမြစ်ပါပဲ။ ဘယ်သူက IS ကို ဖန်တီးလဲ။ အမေရိကန်ပါပဲ။ အမေရိကန်က IS အဖွဲ့ကို တိုက်ခိုက်နေတယ်ဆိုတာ လိမ်ညာနေတာပါ” ဟု ယမန်နေ့က အီရတ်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံစဉ် ခါမေနီက ပြောကြားခဲ့သည်ဟု ၎င်း၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ၁၉၇၉ ခုနှစ် အစ္စလာမ့်တော်လှန်ရေးပြီးနောက် အမေရိကန်မှာ အီရန်နှင့် သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ အမေရိကန်ကို ရန်သူအဖြစ် သတ်မှတ်ထားမှုမှာ ခါမေနီကို ထောက်ခံသည့် သဘောထားတင်းမာသူများအတွက် ကျေနပ်စရာ အကြောင်းတစ်ချက် ဖြစ်သည်။

    ခါမေနီမှာ ယခုနှစ် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအစကတည်းက အမေရိကန်ကို ဆန့်ကျင်ရှုတ်ချသည့် ပြောကြားမှုများစွာကို ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အာဏာရယူပြီးကတည်းက အီရန်အပေါ် ပြင်းထန်သည့်စကားများ ပြောဆိုခဲ့ကာ ယခင် အမေရိကန်အစိုးရများ၏ အီရန်အပေါ် ချဉ်းကပ်မှုကို ပြောင်းပစ်မည်ဟု ပြောကြားခဲ့သည်။

    IS မှာ ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံတွင် ပထမဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ခါမေနီက IS အပါအ၀င် အစွန်းရောက်အုပ်စုများကို အမေရိကန်နှင့် ၎င်း၏မဟာမိတ် ဆော်ဒီတို့က ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။

    အီရန်မှာ ပြီးခဲ့သည့်နှစ်က ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် သဘောတူညီချက် ရခဲ့သော်လည်း ခါမေနီကမူ မိမိတို့အနေဖြင့် အမေရိကန်နှင့် သံတမန်အဆက်အသွယ် ပြုလုပ်ရန် ဆန္ဒမရှိဟု ပြောကြားခဲ့သည်။

    “အမေရိကန်အစိုးဟာ လွတ်လပ်တဲ့ အီရန်နိုင်ငံကို ကြည့်မရပါဘူး။ အီရန်အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံ တည်ရှိနေတာကိုက သူတို့အတွက် ပြဿနာပါ။ ကျွန်တော်တို့ကြားထဲက ပြဿနာအများစုဟာ ဖြေရှင်းလို့ မရပါဘူး။ အမေရိကန်ဟာ အကြမ်းဖက်နိုင်ငံတစ်ခု ဖြစ်ပြီး အကြမ်းဖက်ဝါဒကို ပံ့ပိုးနေတာပါ။ ဒါ့ကြောင့် ဒီလိုနိုင်ငံမျိုးနဲ့ ကျွန်တော်တို့ ပြန်ပြီး ဆက်သွယ်မှာ မဟုတ်ပါဘူး” ဟု ခါမေနီက ပြောကြားခဲ့သည်။

    Ref: Aljazeera